မပြောမရှိနှင့် ဒီလို PR စနစ်ကျင့်သုံးရင် မြန်မာပြည်တခုလုံး ၀အပ်လိုက်ရလိမ့်မယ်နော်..... ခေတ်သစ်ကိုလိုနီဆိုတာ စစ်တိုက်မှ ရတာမဟုတ်တော့ဘူး အနုနည်းနှင့် ယဉ်ယဉ်ကျေးကျေးဘဲ တဖြေးဖြေးနည်းနှင့် သိမ်းယူသွားတာကိုက လူတွေတောင် မသိဘဲရှိပါမလား!
အခုကြည့်လိုက်စမ်းပါ.....
ရှေးဟောင်းမြို့တော်ကြီးမန္တလေးကြီး ဘာဖြစ်သွာပြီလဲ? အရင်က ဧည့်သည်တွေ လာရင် ပျူပျူငှာငှာ ယဉ်ကျေးစွာပြောဆိုကြိုဆိုတတ်တဲ့အပြုအမှုလေးတွေနှင့် မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းထားတတ်တဲ့ ဈေးချို လိုနေရာလေးတွေပျောက်ကုန်ပြီလေ.... နေရာတကာ ကိုယ်နားမလည်တဲ့ တိုင်းတပါး ဘာသာစကားလေးတွေနှင့်စာတဖြေးဖြေးလွှမ်းမိုးလာမှန်းမသိ လွှမ်းမိုးလာကကိုက ကြည့်လိုက်ရင် တာဝန် အရှိဆုံးက ဘယ်သူတွေလဲ? မျိုးချစ်စိတ်ဓာတ်ရှိတဲ့ စိတ်ဓာတ်လေးတွေ အမျိုးချစ်တဲ့ လူမျိုးရေး၊ ဘာသာရေး အသိစိတ်တွေပျောက်ကုန်ပြီလားဗျ....
ဒီလိုဖြစ်အောင်လုပ်လိုက်တာ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ? တာဝန်ရှိသူတွေ လပ်စား၊ခြစားနေ ကျတာကို မထိန်းသိမ်းဘဲ လွှတ်ထားတာကိုကသိတာလွန်းပါတယ်လေ.....
အဆိုးဆုံးက နိုင်ငံတော် စီမံကိန်းကြီးတွေမှာတောင် သူတို့နေရာဝင်ယူနေတာကို တွေ့လိုက်ရတာကိုက အတော်ကိုအံ့သြဖို့ မကောင်းနေဘူးလားဗျ....အခုတောင် ရန်ကုန်အနီးနားတ၀ိုက်တွေမှာတောင် သူတို့တွေချည်းဘဲဖြစ်နေပြီ မဟုတ်လား! တာဝန်ရှိသူတွေ ဒီလိုဖြစ်နေတာကို သေချာစီစစ်ပြီး၊အမှန်တကယ် အရေးယူ၍ ဆက်လက်ထိန်းထိန်း သိမ်းသိမ်းမလုပ်ရင်တော့ နောက်လာနောင်သားတွေ အတွက် ရင်လေးစရာတွေဖြစ်ကုန်လိမ့်မယ်နော်...
စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ပတ်သက်နေကြသည်သာ များသည်။ ထိုသူများကို ခရိုနီဟု သမုတ်ကြသည်။ စစ်အစိုးရ လက်ထက်ကျမှ ‘ခရိုနီ’ ဆိုသည့် ဝေါဟာရသည် ခေတ်စားလာခဲ့ရသည်။
စစ်အစိုးရနှင့် အလွန်းသင့်သော ခရိုနီကြီးများအဖြစ် သတ်မှတ်ခြင်း ခံရသူများမှာ တေဇ၊ ထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော၊ အောင်ကိုဝင်း၊ ဆတ်ပန်း၊ မောင်ဝိတ်၊ ဌေးမြင့်၊ ခင်ရွှေ၊ ဇော်ဇော်၊ အိုက်ထွန်းနှင့် ချစ်ခိုင်တို့ ဖြစ်ကြသည်။ ယင်းခရိုနီကြီး များထဲတွင် တေဇသည် ထူးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး အလွန်သြဇာ ကြီးမားသူ တစ်ယောက်လည်း ဖြစ်သည်။ သူ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမီးဖြစ်သူ၏ ခမ်းနားထည်ဝါလှသော မင်္ဂလာပွဲကြီးကို ငွေကြေး စပွန်ဆာပေးသူ တစ်ယောက်ဟု ကောလာဟလများလည်း ပေါ်ထွက်နေသည်။ ထိုသို့ စပွန်ဆာကောင်းမှုကြောင့် နေ့ပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်း အများအပြားကို လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ မြန်မာစစ်တပ်မှ ထွက်ပြေးလာသော ပြည်ပြေးတစ်ဦး၏ ပြောကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို တေဇ၏ အကြံပေးချက်အတိုင်း လိုက်နာ လုပ်ဆောင်လေ့ ရှိသည်ဟု ဆိုသည်။
တေဇသည် Myanmar Avia Export ဆိုသည့် ကုမ္ပဏီကိုလည်း ထူထောင်ခဲ့သည်။ သူသည် ရုရှား လေကြောင်း ကုမ္ပဏီ Rostvertol ၏မြန်မာပြည် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။ သူက စစ်အစိုးရကို MiG-29 ဂျက်တိုက်လေယာဉ် ဆယ်စီးကို ဒေါ်လာသန်း ၁၃၀ ဖြင့် ရောင်းချရာတွင် ကြားပွဲစား တစ်ဦးအနေနှင့် ဆက်သွယ် ဆောင်ရွက် ပေးခဲ့သူလည်း ဖြစ်သည်။ သူ့ပိုင်ဆိုင်မှုများမှာ စင်ကာပူနှင့် ရန်ကုန်တို့တွင် အမြောက်အမြား ရှိသည်။ ထို့ပြင် ဘောလုံးအသင်း တစ်သင်းနှင့် တန်ဖိုးကြီး ကားပေါင်း မြောက်မြားစွာကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုကားများထဲတွင် နာမည်ကျော် လမ်ဘိုဂီနီ၊ ကာဒီလက်၊ ဖာရာရီကား တစ်စီးစီနှင့် ဟမ်းဗီးကားနှစ်စီး၊ ဘင့်လေ ကားတစ်စီးတို့ကို ပိုင်ဆိုင်ထားပြီး တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပြောင်းလဲစီးတတ်သည်။
သူ့သားသမီးများသည် ပညာတတ်များ ဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ အလွန်ဈေးကြီးသည့် UWCSEA (United World College of South East Asia) ကျောင်းဆင်းများ ဖြစ်ကြသည်။ ထိုကျောင်းသို့ မြန်မာနိုင်ငံမှ ချမ်းသာကြွယ်ဝပြီး သြဇာကြီးမားသူများ၏ သားသမီးများကို ပို့လေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် အလွန်ညံ့ဖျင်း လှသောကြောင့် ငွေကြေးနှင့် အာဏာ ရှိသူတို့သည် ဤကျောင်းတွင် လာထားလေ့ ရှိကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒီပဲယင်း အရေးအခင်း ပြီးသည့် နောက်ပိုင်းတွင် ပင်လယ်ကမ်းခြေ တစ်ခုသို့ လာရောက် အပန်းဖြေစဉ် တေဇနှင့် ပထမဆုံး တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ သူပင်လယ် ကမ်းခြေသို့ လာရောက် ရခြင်းအကြောင်းမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအစ္စမေးကို ရှောင်ရှား လိုသောကြောင့်လည်း ဖြစ်သည်။ တေဇသည် ဟိုတယ်လုပ်ငန်းကို လုပ်ကိုင်နေသည့်အပြင် နိုင်ငံခြားသို့လည်း သစ်များကို ပို့နေသည့် သူဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အလွန် အထင်ကြီးခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး စင်ကာပူ နိုင်ငံသို့သွားပြီး ဆေးဝါးကုသရန်လည်း သူက အကူအညီများစွာ ပေးခဲ့သည်။ ထိုအချိန်မှ စတင်ပြီး သူတို့နှစ်ယောက်၏ ဆက်ဆံရေး စတင်ခဲ့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ဗိုလ်ချုပ်မှူးကြီး ရှိသည့် နေပြည်တော်သို့ စင်ကာပူမှ ဆရာဝန်များ ဆေးဝါး လာရောက် ကုသပေးရန်လည်း တေဇကသာ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။
တေဇသည် စစ်တက္ကသိုလ် ကျောင်းသားတစ်ယောက် အနေနှင့် တက်ရောက် သင်ကြားခွင့် ရခဲ့ဖူးသည်။ သို့သော် သင်တန်းတက်နေစဉ် ကျောင်းမှထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သူသည် ချမ်းသာသည့် မိဘမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး မဟုတ်ပေ။ သို့သော် သစ်လုပ်ငန်းဖြင့် ချမ်းသာ ကြွယ်ဝလာသည့် ဒေါ်ထူးဆိုသူ၏ သမီးနှင့် လက်ထပ်ပြီး သူဌေးသမက် တစ်ဦးဘဝကို စတင်ရလာခဲ့သူ ဖြစ်သည်။
Mark Canning ၏ အဆိုအရ တေဇသည် လုပ်ငန်းကြီး ပေါင်းများစွာတွင် ရင်းနှီးမြှုပ်နှံခွင့် ရထားသူ ဖြစ်သည်။ ယင်းတို့အထဲတွင် ပုဂံလေကြောင်းနှင့် Orient ဟိုတယ် လုပ်ငန်းများလည်း ပါဝင်သည်။ ထိုလုပ်ငန်းများသည် လက်နက်၊ သစ်လုပ်ငန်း၊ ကျောက်စိမ်း လုပ်ငန်းများ လုပ်ပိုင်ခွင့် ရရှိထားခြင်းမှ ဝင်လာသော ဝင်ငွေများဖြင့် ထူထောင်ထားသော လုပ်ငန်းကြီးများ ဖြစ်ပြီး စစ်အစိုးရအတွက် ဂုဏ်တက်စေခဲ့သည့် လုပ်ငန်းများလည်း ဖြစ်စေခဲ့သည်။ နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်ငန်းကြီးများကို သူလုပ်ပိုင်ခွင့် ရခဲ့ခြင်းမှာ ဗိုလ်ချုပ်မှူးကြီး၏ စောင်မကြည့်ရှုမှုကြောင့်သာ ဖြစ်သည်။ သူတို့နှစ်ဦး ထားခဲ့သည့် ကတိများတွင်
“ငါ့ကိုသာ နေပြည်တော်ကြီး ဆောက်ပေး၊ မင်းသုံးဖို့ သစ်တွေ ကျောက်စိမ်းတွေ ပေးမယ်” ဆိုသည့်စကားများ ပါကောင်း ပါနိုင်သည်ဟု Canning က ဆိုသည်။ သူတို့ နှစ်ယောက် ဆက်ဆံရေးသည် အင်ဒိုနီးရှားနိုင်ငံမှ အာဏာရှင် ဆူဟာတိုနှင့် မလေးရှား ဝန်ကြီးချုပ် မဟာသီယာတို့၏ ခရိုနီများနှင့် ဆက်ဆံသည့် ပုံစံအတိုင်း ဖြစ်သည်။ ခြားနားချက်မှာ ရလဒ်ဖြစ်သည်။ နေပြည်တော်ကြီး တစ်ခုလုံး တည်ဆောက်သွားမှုသည် မည်မျှတုန်လှုပ်စရာ ကောင်းလှသည်ကို အာလုံးအသိပင် ဖြစ်သည်။
တေဇသည် ဝှက်ဖဲကိုကိုင်ပြီး ကောင်းစွာ ကစားနိုင်သူ တစ်ဦးဖြစ်သည်။ သူသည် ဗိုလ်ချုပ်မှူကြီး သန်းရွှေနှင့် အနီးကပ် ဆက်ဆံနေသကဲ့သို့ ဦးရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်းနှင့်လည်း ရင်းနှီးအောင် ပေါင်းထားသူ ဖြစ်သည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး ခေတ်ကုန်ဆုံးချိန် ရောက်သွားသည့် အခါတွင် သူ့သြဇာ ဆက်ကျန်နေသေးသည်ဟု ဆိုရမည်။ အောင်သက်မန်း၏ ကုမ္ပဏီ တစ်ခုဖြစ်သည့် ဧရာရွှေဝါသည် တေဇ၏ ထူးကုမ္ပဏီနှင့် ပတ်သက်မှုများ ရှိနေပြီး အောင်သက်မန်းသည် ထိုပူးပေါင်းထားခြင်းမှ အကျိုးအမြတ်များ ရရှိနေခဲ့သည်။ အောင်သက်မန်းက ကားလိုချင်သည်ဟု ပြောလိုက်လျှင် တေဇက ချက်ချင်း နောက်ဆုံးပေါ် ကားတစ်စီးကို ဆက်သပေးတတ်သည်။ တေဇသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သားဖြစ်သူ ကြိုင်စန်းရွှေကိုလည်း အလားတူ ဟမ်မား ကားတစ်စီး ဝယ်ပေးခဲ့သည်။
တေဇသည် လက်နက် အရောင်းအဝယ် လုပ်ခြင်းကို ငြင်းဆိုထားသူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နောက်ထပ် လက်နက်ပွဲစားတစ်ဦးမှာ မြန်မာနိုင်ငံ၏ ချမ်းသာသော မိသားစုက ပေါက်ဖွားလာသူ တစ်ဦးဖြစ်သည့် ဒေါက်တာ သာရင်မြတ် ဖြစ်သည်။ သာရင်မြတ်သည် လေတပ် ဗိုလ်ချုပ်တစ်ဦး၏ သားတစ်ဦးလည်း ဖြစ်ပြီး လေတပ် ဆေးဒေါက်တာ တစ်ဦးအဖြစ် သူ့ဖခင် အဆက်အသွယ်ဖြင့် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သူသည် တရုတ်နိုင်ငံမှ လေယာဉ်ပျံများ ဝယ်ရန်နှင့် အခြားနိုင်ငံများမှ လက်နက်များဝယ်ရန် အကူအညီများ ပေးခဲ့သည်။ ထို့ကြောင့် သာရင်မြတ်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ကသုံး တောင်ဝှေး ဖြစ်ခဲ့ရသည်။ တေဇနှင့် သာရင်မြတ်တို့ နှစ်ဦးသည် ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင် စင်ကာပူသို့ ဈေးဝယ်ထွက်လျှင် ခရီးစဉ် တစ်လျှောက် အစစအရာရာ အားလုံးကို တာဝန်ယူ ပေးရသည်။ ထို့ပြင် ဒေါ်ကြိုင်ကြိုင်၏ စင်ကာပူ ဘဏ်ငွေစာရင်းထဲသို့ လည်းကောင်း၊ ဒူဘိုင်းဘဏ် ငွေစာရင်း ဖွင့်ရာတွင်လည်း အလိုလိုက် အကြိုက်ဆောင် ပေးနေသူများလည်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ သူဌေးကြီးများသည် ဗိုလ်ချုပ်ကြီးများနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်နွှယ်ပတ်သက်မှုများ ရှိနေကြသည်။ အထူးသဖြင့် နိုင်ငံရေး အရလည်းကောင်း၊ ငွေရေးကြေးရေး အရလည်းကောင်း တစ်ခုမဟုတ်တစ်ခုနှင့် ပတ်သက်နေကြသူများလည်း ဖြစ်သည်။ ဦးခင်ရွှေ၏ သမီးသည် ဦးရွှေမန်း၏သားနှင့် လက်ထပ်ထားသည်။ မောင်ဝိတ်ကလည်း ဗိုလ်ချုပ်မြင့်ဆွေ၏ တူမနှင့် လက်ထပ်ထားသည်။ ဦးခင်ရွှေ အိမ်၊ ခြံ၊ မြေပေါင်းများစွာ ပိုင်ဆိုင်ထားသည့် သူဌေးကြီး တစ်ဦးဖြစ်ပြီး ဇေကမ္ဘာကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့ပြင် သူသည် လက်ရှိ နိုင်ငံရေးတွင်လည်း ဝင်ရောက် လှုပ်ရှားခွင့်ရထားသူ ဖြစ်သည်။
ဆတ်ပန်းသည် SPA Myanmar ဆိုသည့် ကုမ္ပဏီကို လုပ်ဆောင်နေသူ ဖြစ်သည်။ သူလည်း စီးပွားရေး လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ထားသည်။ လုပ်ငန်းပေါင်း ၄၀ ခန့်ရှိပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေ လုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ၊ နည်းပညာ လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မော်တော်ကား လုပ်ငန်းနှင့် ကျန်းမာရေး လုပ်ငန်းများလည်း ပါဝင်သည်။ ဆတ်ပန်းနှင့် သူ့ညီ မာတင်တို့သည် SPA ဖောင်ဒေးရှင်း ထူထောင်ပြီး အလှူဒါနပြုကြ သူငါအခန်းတွင် များစွာပါဝင်ကာ နေရာဝင်ယူထားကြသည်။ ထိုအလှူများထဲတွင် ဘွဲ့မရသေးသူများနှင့် ဘွဲ့ရပြီးသူများကို ပညာရေးအတွက် ထောက်ပံ့ခြင်းအပြင် AIDS ဆန့်ကျင်ရေး လုပ်ငန်းများကိုပါ ဝင်ရောက် ဆောင်ရွက်ပေးနေကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံ၌ တွင်ကျယ်နေကြသည့် ဗိုလ်ချုပ်များနှင့် ခရိုနီများပြီးလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားသမီးများသည် အဓိကအခန်းမှ ပါဝင်နေကြောင်း တွေ့ရသည်။ ခင်ပြုံးရွှေသည် ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ အခြားသမီးနှစ်ယောက် ဖြစ်သည့် ကြည်ကြည်သစ်ရွှေနှင့် အေးအေးသစ်ရွှေ တို့သည်လည်း စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် ရသည့် ရာထူးဖြင့် ဝင်လုပ်နေသလိုလို သတင်းများ ထွက်နေသည်။ ကြည်ကြည်ရွှေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်တော် မြေးတော်လေး နေရွှေသွေးအောင်၏ မိခင်လည်း ဖြစ်သည်။
သန္တာရွှေသည် ၂၀၀၆ ခုနှစ်တွင် စိန်စီသော မင်္ဂလာ အခမ်းအနားကြောင့် နာမည် ကျော်ကြားခဲ့သည့် သမီးတစ်ဦး ဖြစ်သည်။ သူသည် ယခင်က တရုတ်နိုင်ငံ မြန်မာသံရုံးတွင် အလုပ်လုပ်ခဲ့ပြီး ထိုနိုင်ငံတွင်ပင် ပညာသင်ကြားခဲ့သည်။ သူလည်း စစ်ဗိုလ်တစ်ဦးဖြစ်သူ ဇော်ဖြိုးဝင်းနှင့် လက်ထပ်ထားသူ ဖြစ်သည်။
အခြားစစ်ဗိုလ်ချုပ်ကြီးများစွာ၏ သားသမီးများသည် လည်းကောင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၏ သားသမီး များသည်လည်းကောင်း သူ့နယ်ပယ် သူ့လုပ်ငန်းများဖြင့် တွင်ကျယ်ကာ ကြီးပွားချမ်းသာ နေကြသည်မှာ မြန်မာနိုင်ငံ၏ ထူးကဲသော စစ်လမ်းစဉ်ကြောင့်သာ ဖြစ်သည်။
မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များသည် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးပေါင်း များစွာနှင့် ပူးပေါင်းပြီး ဟိုတယ်ကြီးများ၊ ရုံးခန်း အဆောက်အအုံကြီးများကို ရန်ကုန်မြို့ အပါအဝင် အခြားမြို့ကြီးများတွင်ပါ ဆောက်လုပ်နေကြသည်။ ရန်ကုန်မြို့ရှိ အစိုးရ ဝန်ကြီးဌာနပိုင် အဆောက်အအုံများ အားလုံးနီးပါးမှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘဏ်လုပ်ငန်းများ၊ ဟိုတယ်များ အသွင်ပြောင်း လိုက်ကြခြင်းမှာ အာဏာပိုင် အဖွဲ့အစည်းများနှင့် အဆက်အသွယ်မရှိဘဲ မဖြစ်နိုင်ကြောင်းကို အားလုံး သိကြပေလိမ့်မည်။ ခရိုနီကြီးများ၏ တရားလက်လွတ် ပြုမူနိုင်ခွင့်များ ရနေခြင်းကလည်း အစိုးရနှင့် မည်မျှ အလွန်းသင့်ကြောင်း ထင်ရှားလှသည်။ သူတို့ ဥပဒေဘောင်ကျော်ပြီး လုပ်ဆောင်ခြင်း များအားလည်း အစိုးရက မသိချင်ယောင် ဆောင်ပေးထားကြောင်း တွေ့ရသည်။
အသက် ၄၀ ကျော်သာ ရှိသေးသည့် ဇော်ဇော်သည်လည်း မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင်တစ်ဦး ဖြစ်ခဲ့သည်။ သူလည်း အစိုးရထံမှာ လုပ်ငန်း ကန်ထရိုက်ပေါင်း များစွာကို သူ့နည်းသူ့ဟန်ဖြင့် ရရှိခဲ့ပြီး ချမ်းသာလာသည်။ နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများတွင် စစ်အစိုးရကို အကျိုးပြုခဲ့သလို၊ သူ့အတွက်လည်း အကျိုးအမြတ်ပေါင်း များစွာ ပြန်ရခဲ့သည်။ နိုင်ငံတော်ပိုင် ပစ္စည်းပေါင်းများစွာကို စစ်အာဏာပိုင်များနှင့် ပေါင်းကာ ထုခွဲရောင်းချရာတွင် ကျွမ်းကျင် သဖြင့်လည်း အထူးယုံကြည် ကိုးစားခံရသူ တစ်ဦးဖြစ်လာခဲ့ရသည်။ သို့ဖြစ်ရာ ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်များ၊ ဘိလပ်မြေစက်ရုံ လည်ပတ် ထုတ်လုပ်ခွင့်နှင့် တင်သွင်း ရောင်းချခွင့်များ အကြီးအကျယ် ရခဲ့သည်။ မြန်မာနိုင်ငံ လမ်းဘေးဝဲယာအနှံ့ရှိ လောင်စာဆီဆိုင်များ ဖွင့်ခွင့်၊ ကားတင်သွင်းခွင့်၊ ကျောက်စိမ်း မိုင်းလုပ်ခွင့်၊ ရော်ဘာ စိုက်ပျိုးထုတ်လုပ်ခွင့်၊ အနားယူ အပန်းဖြေစခန်းများ တည်ဆောက်ခွင့်များ အားလုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်ကာ ထိပ်တန်းသို့ ရောက်လာရခြင်းများကို သုံးသပ်ရလျှင် မြန်တိုင်းဌာနီ မြန်မာပြည်သည် မည်သူ့လက်အောက်သို့ ကျရောက် နေရကြောင်း ပီပြင်ထင်ရှားစွာ မြင်တွေ့ရပါလိမ့်မည်။
Ref : Japan Times; The Washington Post; Than Shwe Unmasking Burma's Tyrant, Benedict Rogers.
Ref:thevoicemyanmar
No comments:
Post a Comment