Popular Posts!

Tuesday, December 9, 2014

ရန်ကုန်မြေဈေးတက်နှုန်း

မြေဈေးတက်နှုန်း
 စည်သူအောင်
 
မြေဈေးတက်နှုန်း - Property News in Myanmar from iMyanmarHouse.com

ရန်ကုန်မြေဈေးသည် ကမ္ဘာ့မြို့ကြီးများ နှင့် ရင်ပေါင်တန်းနေပြီဟု ဆိုကြသည်။ ထိုအချက်သည် ဂုဏ်ယူစရာ ဟုတ်မဟုတ် မသိချေ။

သို့သော် ထိုသို့ မြေဈေးများတက် နေသည်ကတော့ အမှန်ပင်။ ယခင်က အပြိုင်ဖြစ်ခဲ့သော စီးပွားရေး လုပ်ငန်းကြီးများဖြစ်သည့် ဒေါ်လာလုပ်ငန်း၊ ကားလုပ်ငန်း၊ ရွှေလုပ်ငန်းတို့ ရုတ်တရက် ပြိုဆင်းသွား၍ ဤမြေလုပ်ငန်းတစ်ခုသာ ခိုင်ခိုင်မာမာ ကျန်နေ၍လားမသိ။

ပြည်တွင်း စီးပွားရေးသမားများ၏ ငွေကစားမှု ရွှေ့ကွက် တစ်ခုလား မသိ။ တိုင်းပြည်တိုးတက်ဖို့ရန် မကြာသော အချိန်ကာလတစ်ခုတွင် ဖြစ် ပေါ်လာမည့် စီမံကိန်းများကို မျှော်ကိုးကာ နေရာ ဦးထားသည့် သဘောများလားလည်း မသိ။ အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဟု ယူဆကြ၍လားလည်း မသိ။ ထိုအကြောင်း အရာ အားလုံးကြောင့်ပဲလားလည်း မသိ။

မသိသောသူများသာ မသိကြ၊ သိကြသူများ ကြောင့် ကိုရွှေမြေဈေးကတော့ မိုးပေါ်တက် ထိုင်နေလေ၏။

ရန်ကုန်မြို့၏ မြို့လယ်ကောင် မြေဈေး သည် စုံစမ်းရန်ပင် ခက်လှသည်။ ရောင်း မည့်သူ နည်းပါးပြီး ဝယ်လိုသူသာများသည်။ မြေနေရာလွတ်ဟူ၍ ရှားပါးနေပြီ ဖြစ်သည်။

ထို့ကြောင့် မြို့လယ်မှ မနီးမဝေးရှိ မြို့နယ်များ တွင် ဖြစ်ခဲ့သော မြေဈေးများကို လေ့လာ ကြည့်ပါမည်။ မြေဈေးတို့ သဘာဝအတိုင်း ကပ်လျက် ရှိသော အကျယ်အဝန်းတူ မြေကွက်များ သည်ပင် ဈေးမတူပေ။

အနေအထား၊ အနိမ့် အမြင့်၊ အကွက်အကွင်းအပြင် အခြားသော အခြေအနေအမျိုးမျိုးပေါ် မူတည်၍ ဈေး ကွာခြားတတ်သည်။ လမ်းတစ်ခုပေါ်ရှိ မြေကွက်များတွင် အများအားဖြင့် ထောင့် ကွက်သည် ဈေးအများဆုံးဖြစ်သည်။

ရပ် ကွက်လမ်းမပေါ် ထောင့်ဆိုလျှင် ပိုမြင့်သည်။ အဓိက လမ်းမကြီးပေါ် မေးတင်လျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့။ ထို့ကြောင့် မြို့နယ် အလိုက် ဈေးဟူ၍ သတ်မှတ်ရန် ပျမ်းမျှ တွက်ယူရသည်။

အနီးစပ်ဆုံးဖြစ်အောင် သတိကြီးစွာ ထားခဲ့ရပါသည်။

ပုံ (၁) မြို့နယ်အလိုက် အဓိက လမ်းမ ကြီးများပေါ် မေးတင်ထားသော ပေ ၄ဝ ထ ၆ဝ မြေကွက်များ၏ ပျမ်းမျှဈေးများကို ဖော်ပြ အပ်ပါသည်။

မြို့လယ်ကောင်နှင့် ပို၍ နီးသည့် မြို့နယ်များဖြစ်ကြသည့် ရန်ကင်း၊ တောင် ဥက္ကလာ တစ်ဝိုက်ရှိ မြေဈေးသည် မြို့လယ် ကောင်နှင့် ပို၍ဝေးသည့် ဒဂုံမြို့သစ်မြို့နယ် များမှ ဈေးထက် ပို၍ မြင့်သည်ကို တွေ့ရ သည်။

အကြမ်းဖျင်းအားဖြင့် ၂ဝဝဝ ပြည့်နှစ် ၏ နောက်ပိုင်းမှ စပြီး တစ်စတုရန်းပေ ဈေးနှုန်းသည် ၂၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်း ဝန်းကျင် တိုး၍တိုး၍ တက်လာရာ ယခုနှစ် တွင် ၂ဝဝဝ ပြည့်နှစ် ဈေးထက် နှစ်ဆကျော် ရှိသွားပြီဖြစ်သည်။

လမ်းမကြီးပေါ်ရှိ မြေကွက် များသည် လူနေရန်အပြင် ဆိုင်၊ ကုမ္ပဏီ ရုံးခန်း၊ အလုပ်ရုံများဖွင့်ရန် ပို၍ အဆင်ပြေ သောကြောင့် အမြဲတမ်းလိုလို ဝယ်ယူလို သူရှိနေပြီး ဆက်လက် တက်နေဦးမည်သာ ဖြစ်သည်။

ပုံ (၂) ရပ်ကွက်အတွင်းရှိ ပင်မ လမ်းမ ငယ်များပေါ်မှ ပေ ၄ဝ ထ ၆ဝ မြေကွက်များ ၏ ပျမ်းမျှဈေးများကို မြို့နယ်အလိုက် ဖော်ပြ အပ်ပါသည်။

မြို့လယ်ကောင်နှင့် ပိုနီးသော မြို့နယ်များမှ မြေကွက်များသည် အခြား မြို့နယ်များထက်ပို၍ ဈေးမြင့်သည်။

သို့သော် အခြားမြို့နယ်များရှိ ဤအမျိုးအစား မြေ ကွက်များသည်လည်း သူ့အတိုင်းအတာနှင့် သူ တစ်နှစ်ထက်တစ်နှစ် ပို၍ဈေးတက်လာ ကြပါသည်။

ဒဂုံမြို့သစ်များမှ တက်နှုန်းသည် နှစ်စဉ်ပုံမှန်နှုန်းထားဖြင့် တက်သည့်ပုံစံ ဝင်ခဲ့ သော်လည်း ရန်ကင်း၊ တောင်ဥက္ကလာ တစ်ဝိုက်မှ ဤအမျိုးအစား မြေကွက်များ တက်နှုန်းသည် ၂ဝ၁၂ ခုနှစ် နောက်ပိုင်း၌ ပို၍ မြင့်လာကြောင်းတွေ့နိုင်သည်။

ဗဟန်းမြို့ နယ်မှ မြေကွက်များ တက်နှုန်းမှာမူ ၂ဝ၁၂ ခုနှစ် နောက်ပိုင်း၌ တစ်ရှိန်ထိုးတက်ခဲ့သည် ဟူ၍ပင် ဆိုရမည်ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ဤအမျိုးအစား မြေကွက်များသည် လည်း တစ်နိုင်စီးပွားရေးများ၊ ဆိုင်ငယ်များ ဖွင့်လှစ်၍ စီးပွားရှာရန် လွယ်ကူသော အနေ အထားရှိခြင်းကြောင့် ဝယ်လက် မရှားသော အနေအထားတွင် ရှိသည်။

ပုံ (၃) မြို့နယ်အလိုက် ရပ်ကွက်များ အတွင်းပိုင်းရှိ မြေကွက်များ၏ ဈေးနှုန်းကို ဖော်ပြအပ်ပါသည်။

ဤအမျိုးအစား မြေကွက် များ၏ ဈေးတက်နှုန်းသည် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ် အထိ ပုံမှန်အချိုးဖြင့် တက်ခဲ့သော ပုံစံရှိနေသည်။

ရုတ်တရက် တက်နှုန်း မြင့်သွားခြင်း၊ နိမ့်သွားခြင်းမျိုးလည်း မတွေ့ ပါ။

သို့သော် မြို့လယ်ကောင်နှင့် ဝေးသော မြို့နယ်များရှိ နှုန်းမှာ ၂ဝဝဝ ပြည့်နှစ်ဈေးနှင့် ဆိုလျှင် နှစ်ဆနီးပါးခန့် ဖြစ်သွားသည်ကို တွေ့ရှိရသည်။

ဤသို့ဖြစ်ခြင်းမှာ ဗဟန်း မြို့နယ်အတွင်းရှိ မြေကွက်များမှာ အရောင်း အဝယ်ဖြစ်မှု နည်းပါးပြီး တောင်ဥက္ကလာပ ရန်ကင်းနှင့် ဒဂုံမြို့သစ်မြို့နယ်များမှ ဤ အမျိုးအစား မြေကွက်များမှာ အရောင်း အဝယ် ပို၍ အဖြစ်များသောကြောင့်ပင် ဖြစ် သည်။

ဤဇယားများအရ မြို့လယ်နှင့် နီးလေ ဈေးမြင့်လေဖြစ်ကြောင်း မြင်သာပြီး ၂ဝ၁၂ ခုနှစ် နောက်ပိုင်း၌ မြို့လယ်နှင့် မနီးလွန်း၊ မဝေးလွန်းဟု ဆိုရမည့် မြို့နယ်များတွင် လည်း ဈေးတက်မှု အရှိန်ကောင်းနေကြောင်း နှင့် လက်ရှိဈေးကွက် အနေအထားအရ မြို့လယ်မြေဈေးများ တန့်နေနိုင်ပြီး မြို့လယ် နှင့် မနီးမဝေး မြေဈေးများဆက်လက်တက် နိုင်ခြေရှိကြောင်း သုံးသပ်ရပေသည်။

Credit: thetradetimes

မြေဈေးတက်နှုန်း - Property News in Myanmar from iMyanmarHouse.com
မြေဈေးတက်နှုန်း - Property News in Myanmar from iMyanmarHouse.com


မြေအမျိုးအစားများ

မြေအမျိုးအစားတွေက လယ်မြေ(R,M,S)ယာမြေ(Y), ကိုင်းမြေ(K)၊ ဥယျာဉ်မြေ(G)၊ဓနိမြေ(D)၊အခြားမြေ(OA)ဆိုပြီးရှိပါတယ်၊

3B ဆိုတာ လယ်ယာမြေမှာအကျုံးမ၀င်တဲ့မြေမျိုးပါ၊လူနေထိုင်နေတဲ့မြေမျိုးဖြစ်ပါတယ်၊ဂရန်လျှောက်လို့ရပါတယ်၊လန(၃၀) လျှောက်လို့ရပါတယ်။

ရွာမြေ(သို့)မြို့မြေလားသိချင်ရင် ပုံစံ-၁၀၅ မြေမျိုးအတန်းမှာကြည့်ပါ။ ရွာမြေ(သို့) မြို့မြေလို့ဖော်ပြထားရင် ဂရန်လျှောက်လို့ရပါတယ်၊အရင်က ရွာ ကိုခြုံငုံပြီးမြို့မြေသတ်မှတ်ထားတာလည်းဖြစ်နိုင်ပါတယ်၊ ကောင်းတာကတော့ စည်ပင် မြို့ပြမြေယာမှာသေချာစုံစမ်းတာကောင်းပါတယ်။

မြေစာရင်းမှာရွာမြေဟုတ်/မဟုတ်မေးလိုက်တာနဲ့သိနိုင်ပါတယ်၊ ကိုယ့်ဘာသာလဲစိစစ်ကြည့်နိုင်ပါတယ် အဲ့ဒီမြေဟာ လူနေထိုင်လာတာရွာအ၀န်းအ၀ိုင်းထဲမှာ လား၊ဘယ်လောက်ကြာပြီလဲ၊ ၁၉၅၃ ခုနှစ်ကျော်လောက်ကတည်းက ရွာအဖြစ်၊လူနေအိမ်အဖြစ်တည်ရှိနေပြီလား၊ ၁၉၅၃ခုနှစ်မတိုင်မီကတည်းက အစုအဖွှဲနဲ့ နေထိုင်လာတယ်ဆိုရင် ရွာမြေသေချာပါတယ်၊ ရွာမြေကို ဘာဖြစ်လို့ဂရန်လျှောက်မှာလဲ၊များသောအားဖြင့်တော့ ဂရန်ပေးလေ့မရှိပါဘူး၊ စီးပွားရေးအတွက် ဘဏ်တို့ဘာတို့မှာ ပေါင်ချင်လိုပတစ်ချို့တော့လျှောက်တာရှိဘူးတယ်၊ အဲ့ဒီအခါမျိုးမှာ တောဂရန်ဆိုပြီးပေးခဲ့ဘူးတယ်၊ များသောအားဖြင့်တော့ ရွာမြေကို အရပ်အရောင်းအ၀ယ်နဲ့ဘဲ အဆင့်ဆင့်ပိုင်ဆိုင်ကြတာများပါတယ်၊ ရွာမြေကိုရွာလူကြီးတွေကဘဲအုပ်ချုပ်စီမံကြတာပါဘဲ၊

မှတ်စု-

လ/န = ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ။
ပုဒ် (၃၉)= ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ

ပုဒ်မ (၃၉)။

လယ်ယာမြေ အားလုံးကို စိုက်ပျိုးမှုသာ အသုံးချခွင့်ရှိပြီး အခြားနည်းဖြစ်သော ( လူနေအိမ်ဆောက်လုပ်ခြင်း၊ ငါးကန် တည်ခြင်း၊ မွေးမြူရေးခြံများ တည်ဆောက်ခြင်း၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ အုတ်ကွင်းများ လုပ်ခြင်း ...စသည့် စိုက်ပျိုးမှုမဟုတ်သည့် လုပ်ကိုင်ခြင်း မှန်သမျှအတွက် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားရပါသည်။ ထိုသို့ လျှောက်ထားရာတွင် အသုံးပြုခွင့်ပေးသည့်အခွင့်အာဏာကို လယ်/နိုင် ဥပဒေ ပုဒ်မ (၃၉)တွင် သတ်မှတ် ပြဌာန်းထား
သည်ဖြစ်ရာ ဤသည့်အချက်ကို စွဲ၍ လ/န(၃၉) ဟု အတိုကောက်အလွယ် ခေါ်ကြလေသည်။

ယခု အခါ လ/န ဥပဒေနှင့်အပါအ၀င် ဆက်စပ်သော ဥပဒေများကို၂၀၁၁-၁၂ခုနှစ်တွင် လယ်ယာမြေ ဥပဒေသစ်ဖြင့် ပါယ်ဖျက်ပြီး ဖြစ်သောကြောင့် အဆိုပါ အခြားနည်း သုံးခြင်းနှင့် ပတ်သက်သောအချက်ကို ပုဒ်မ (၃၀-ခ) တွင် ပြဌာန်းထားသည်။

ခွင့်ပြုချက်ပေးနိုင်သော အာဏာပိုင်မှာ -
လယ်မြေမျိုးအတွက် - ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့။
အခြား မြေမျိုးအတွက်- တိုင်း/ပြည်နယ် အစိုးရအဖွဲ့။

''ဂရန်ဆိုတာ မြေငှားစာချုပ်ဖြစ်ပြီး ဘိုးဘပိုင်မြေဆိုင်တာ မြေပိုင်ဆိုင်မှုတစ်မျိုးလို့''
အခု အဲဒီအဖြေကို ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင် လေ့လာသိမြင်မိသလောက် ပြန်ပြီး မျှဝေပါတယ်
-----------------------------------
မြို့မြေအမျိုးအစားတွေကတော့
၁။ အငှားဂရန်
၂။ အခွန်လွတ်ဂရန်
၃။ လိုင်စင်
၎။ ပါမစ်ရမြေ
၅။ ဘိုးဘပိုင်မြေ ( ဟုတ်ကဲ့ ဘိုးဘွားပိုင်မဟုတ်ပါ၊ ဘိုးဘပိုင်မြေပါ)
၆။ လက်ဝယ်ထားရှိပိုင်ခွင့်မြေ

၁။ အငှားဂရန်
ကော်လ္လိတော်အရာရှိမှ အစိုးရမြေပေါ်တွင် နေထိုင်မှု(သို့) စက်မှုလက်မှုလုပ်ငန်းအကျိုးငှာအသုံးပြုနိုင်ရန်အတွက် အငှားချထားပေးတဲ့ မြေငှားစာချုပ်ဖြစ်ပါတယ်။
အငှားသက်တမ်းမှာ တစ်ကြိမ်လျှင် နှစ်(၃၀)မှ နှစ်(၉၀)အထိ၊ တည်မြဲမှုမရှိသေးသည့်အဆောက်အဦးအတွက် (၁၀)နှစ်မှ (၁၅)နှစ်အထိ ခွင့်ပြုပေးပါတယ်။
(သက်တမ်းကုန်ဆုံးလျှင် သက်တမ်းတိုးဆောင်ရွက်ရပါတယ်။)

၂။ အခွန်လွတ်ဂရန်
လူမှုရေး၊ ဘာသာရေးနှင့် အထူးကိစ္စရပ်များအတွက်သာ ပြည်ထဲရေးဝန်ကြီးဌာနမှဥပဒေနှင့်အညီ ခွင့်ပြုပါတယ်။( အခွန်လွတ်သာသနာမြေလျှောက်တာတို့ ဘာတို့ ကြားဖူး၊ သိဖူးကြမယ်ထင်ပါတယ်။)

၃။ လိုင်စင်
အငှားဂရန်ချထားပေးရန် သင့်လျော်မှုမရှိသေးသော အခြေအနေတွင် လူနေထိုင်ရန်အတွက်ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းအတွက်ဖြစ်စေ၊ ယာယီအဆောက်အဦအတွက်ဖြစ်စေ လိုင်စင်ဖြင့် ထုတ်ပေးသည့်နေ့မှ (၃)နှစ် အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပါတယ်။
(သက်တမ်းကုန်ဆုံးလျှင် သက်တမ်းတိုးဆောင်ရွက်ရပါတယ်။)

၎။ ပါမစ်ရမြေ
မြို့ကွက်သစ်များဖော်ထုတ်ဆောင်ရွက်ရာတွင် မြေကွက်သစ်ဖော်ထုတ်ပြီးနောက် လူနေထိုင် အသုံးပြုနိုင်ရန် ပါမစ်ခွင့်ပြုချက်ဖြင့် အာဏာပိုင်များ(သို့)မြို့မြေယာချထားရေးကော်မတီမှ မြေနေရာ
အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပါတယ်။ (မြေငှာလိုင်စင်(သို့) အငှားဂရန် ထုတ်ယူနိုင်ခြင်းမရှိသေးသည့်
မြေဖြစ်ပါတယ်။)

၅။ ဘိုးဘပိုင်မြေ
အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ဇူလိုင်လ(၁၃)ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်
မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့်အ၀ရှိပေမယ့် (၂)ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင်မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

၆။ လက်ဝယ်ထားရှိပိုင်ခွင့်မြေ
အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက်ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်ဝယ်ထားရှိရတဲ့မြေဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ
(၂)ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင်မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

 Ref: imyanmarhouse

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!