Popular Posts!

Friday, March 4, 2011

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အထူးစီးပွားရေးဇုန်ဥပဒေပြဋ္ဌာန်း

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁-မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အထူးစီးပွားရေးဇုန် အတွက် ဥပဒေတွေကို ပြဋ္ဌာန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပကရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက် တစိတ်တပိုင်းနဲ့ အထူးစီးပွားရေး ဇုန်နယ်မြေ အတွက် ဥပဒေတွေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး အခြေအနေတွေ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ ဒီလို ဥပဒေထုတ်ပြန် လိုက်ရုံနဲ့ ရင်းနှီးမြုပ်နှံသူတွေ အလုအယက် ၀င်ရောက်လုပ်ကိုင်လာကြမှာလား ဆိုတာကတော့ မသေချာလှသလို၊ စိမ်ခေါ်မှုတွေကလည်း ရှိနေဆဲဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေက မြင်ကြပါတယ်။ အပြည့်အစုံကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။
စီးပွားရေး အရှိန်အဟုန်ကောင်းလာစေဖို့နဲ့ တချိန်တည်းမှာပဲ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကိုလည်း ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး အထူးစီးပွားရေးဇုန် ဥပဒေကို ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အခန်း ၁၂ ခုခွဲပြီး ဥပဒေပါ အချက်အလက်တွေကို အသေးစိတ် ဖော်ပြထားတဲ့ အထဲမှာတော့ ဥပဒေကို ကြီးကြပ်သွားမယ့် အဖွဲ့တခုဖွဲ့စည်းသွားဖို့ကစလို့ ရင်းနှီးမြုပ်နှံသူတွေအတွက် အထူးအခွင့်အရေးတွေ ပေးအပ်ဖို့အဆုံး ပြဋ္ဌာန်းထားတာပါ။ ဒီလို မက်လုံးပေး ဆွဲဆောင်ဖို့ ရည်ရွယ်ထားပေမဲ့လည်း မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတဲ့အတွက် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတာ ဖြစ်တာမို့ အာရှနိုင်ငံတွေလောက်ကသာ ရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့ မျှော်လင့်နိုင်လိမ့်မယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က မြင်ပါတယ်။
“ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လို့ကတော့ EU ရယ် အမေရိကားရယ် တချို့ အနောက်နိုင်ငံတွေက sanction ကတော့ ရှိနေတုန်းပဲပေါ့လေ။ ရှိနေတုန်းပဲဆိုတော့ အဲဒီကတော့ ရင်းနှီးမြုပ်နှံမှုက ကျနော်တို့ ဒီအာရှတိုက်ထဲကနေပြီးတော့ တရုတ်တို့ ကိုရီးယားတို့ အိန္ဒိယတို့ နောက် ဗီယက်နမ်တို့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း ဒါတွေပဲ များပါလိမ့်မယ်။”


Source: EIU
မြန်မာစစ်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၀ ခုနှစ် အောက်တိုဘာလအထိ ပြည်ပရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာသန်းပေါင်း ၃၂,၀၀၀ လောက်အထိ ရှိတယ်လို့ ဖော်ပြပါတယ်။

အထူးစီးပွားရေးဇုန်တွေအဖြစ် နည်းပညာအဆင့်မြင့် စက်မှုဇုန်တွေ၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဇုန်တွေ၊ ပြည်ပပို့ကုန် ထုတ်လုပ်မှုဇုန်တွေ၊ ဆိပ်ကမ်းတွေသာမက၊ သိပ္ပံနဲ့နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးရေး၊ ၀န်ဆောင်မှုလုပ်ငန်းအတွက် ဇုန်နယ်မြေတွေပါ ပါဝင်မယ်လို့လည်း ဥပဒေသစ်က ဖော်ပြပါတယ်။ ပြည်ပက ရင်းနှီးမြုပ်နှံဝင်ရောက် လုပ်ကိုင်နိုင်ကြဖို့ မျှော်လင့်ပြီး စီးပွားရေး လုပ်ငန်းပုံစံမျိုးစုံအတွက် ဒီလိုစီစဉ်ထားပေမဲ့လည်း ဆယ်စုနှစ်ပေါင်းများစွာ စစ်အစိုးရတွေရဲ့ စီမံအုပ်ချုပ်မှုတွေအောက် စီးပွားရေး အခြေအနေတွေ နိမ့်ကျနေခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုလို ဥပဒေအဖြစ် တိတိကျကျ ထုတ်ပြန်လိုက်တဲ့ တိုင်အောင် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ရဖို့ ခက်ခဲဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။
မြန်မာစီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ညို ကတော့ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေကို လက်တွေ့ ကျင့်သုံးနိုင်မှ၊ မျှမျှတတ ဖြစ်မှသာ ရင်းနှီးမြုပ်နှံသူတွေလို စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုကို ရနိုင်လိမ့်မယ်လို့ ပြောပါတယ်။
“ကျနော်နားလည်တာကတော့ ဟိုတုန်းကကတည်းက အထူးသဖြင့် တရုတ်နဲ့က စီးပွားရေးဇုန်လုပ်ဖို့ ဘာညာတွေ ပြောတယ်။ အစိုးရပိုင်းက အာမခံတယ်၊ လူကြီးတွေက အာမခံတယ်ပေါ့လေ။ ဒါပေမဲ့ ကျနော်နားလည်သလောက်ဆိုရင် သူတို့က ဥပဒေနဲ့ လိုချင်တယ်။ ဥပဒေနဲ့ လိုချင်တဲ့အတွက် အဲဒါကြောင့်မို့ အခုဥပဒေထုတ်ပေးလိုက်တယ်လို့ ယူဆရတယ်။ အဲဒီတော့ ရင်းနှီးမြုပ်နှံမယ့် သူတွေရဲ့ ယုံကြည်မှုရဖို့၊ အထူးသဖြင့်ကတော့ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေရဖို့ ဆိုရင်ကတော့ ဒီဥပဒေက ပေးထားတဲ့ ကတိတွေကို လိုက်နာအကောင်အထည် ဖော်ရမယ်လို့ ကျနော်တော့ နားလည်ပါတယ်။ Rule of Law လို့ပဲမြင်တယ်။ ဒီဥပဒေအတိုင်း တိတိကျကျ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေကို ပေးရမယ်၊ ကိုယ်က တားသင့်တားထိုက်တာ ဥပမာ ပတ်ဝန်းကျင် မညစ်ညမ်းအောင်တို့ ဘာတို့ ဆိုတာတွေကို တားရမယ်။ အဲဒါကလည်း တပြေးညီပေါ့နော်၊ သူ့တမျိုး ကိုယ့်တမျိုး၊ နောက်တယောက်တမျိုး မဟုတ်ပဲနဲ့ တပြေးညီကျင့်သုံးမယ် ဆိုရင်တော့ ဒီအစိုးရရဲ့ credibility (ယုံကြည်စိတ်ချမှု) တက်လာမယ်လို့ ယုံကြည်ပါတယ်။”

လတ်တလောမှာတော့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အဓိကလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလအထိ တနှစ်အတွင်း ပြည်ပက ရင်းနှီးမြုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာသန်းပေါင်း ၃၂,၀၀၀ လောက်အထိ ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီအထဲမှာတော့ အများဆုံးအဖြစ်နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ သန်းပေါင်း ၁၃,၀၀၀ ကျော်၊ သတ္ထုတွင်းတူးဖော်ရေး လုပ်ငန်းမှာ သန်းပေါင်း ၂,၄၀၀ နီးပါး၊ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းမှာ သန်း ၁,၀၀၀ ကျော်နဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာတော့ သန်း ၁,၀၀၀ နီးပါး ရှိခဲ့တာပါ။ ဇန်န၀ါရီလကုန်ပိုင်းက စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အထူးစီးပွားရေးဇုန် ဥပဒေကတော့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို နောက်ထပ် ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်သလို၊ မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ၀န်ဆောင်မှုတွေမှာ အရည်အသွေး တိုးတက်စေဖို့ ရည်ရွယ်တယ်လို့လည်း ဖော်ပြခဲ့တာပါ။ ဒီလိုပဲ တိုင်းပြည် လူထုအနေနဲ့ နည်းပညာသစ်တွေကို လေ့ကျင့်သင်ယူနိုင်ဖို့ အလုပ်အကိုင် အခွင့်အလန်းတွေ ပိုပြီးရစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း မှန်းထားတဲ့အတိုင်း (FDI) လို့ အတိုကောက်ရည်ညွှန်း သုံးနှုန်းတဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ အလုပ်အကိုင် အခွင့်အလန်းတွေ တကယ်တမ်း ဖန်တီးပေးနိုင်ပါ့မလား ဆိုတာကတော့ သိပ်တော့ မသေချာဘူးလို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း က ယူဆပါတယ်။
“လူအများအနေနဲ့ FDI ရောက်လာရင် ကောင်းတယ်၊ ကောင်းတယ်ပေါ့လေ။ ဒီဥစ္စာက ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်က ဒွန်တွဲနေတာပါပဲ။ တကယ့်တကယ်ကတော့ ပေါ်ပေါက်လာတဲ့ အကျိုးကျေးဇူးကို ခွဲဝေတဲ့ အခါကျရင်တော့ အရင်းအနှီးမြုပ်နှံတဲ့လူက ယူသွားမှာပဲပေါ့လေ။ အလုပ်အကိုင်ရမယ်၊ နည်းပညာလည်း ရမယ်ဆိုတာကလည်း ပြည်သူလူထုနဲ့ နီးစပ်တဲ့ လုပ်ကိုင်လှုပ်ရှားတဲ့ လုပ်ငန်းကဏ္ဍမျိုးမှာဆိုရင်တော့ technology transfer (နည်းပညာလက်လွှဲလက်ပြောင်း) ရမယ်ပေါ့လေ။ အလုပ်အကိုင် ခန့်အပ်မှုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီရဲ့ ပေါ်လစီပေါ်မှာ မူတည်ပြီးတော့မှပဲ ဒီပြည်တွင်းက အလုပ်အကိုင် ဖန်တီးတာအတွက် အကျိုးခံစားခွင့် ရမှာပါ။ ကြော်ငြာထားတာတွေ ဘာတွေထဲမှာတော့ ဥပမာ၊ ထားဝယ်ဖက်မှာ ရေနက်ဆိပ်ကမ်း လုပ်တယ်၊ ပြည်တွင်းလုပ်သား ၆,၀၀၀ လောက်ကို အရင်ခန့်မယ်၊ ဘာမယ် အဲဒီလိုမျိုး လုပ်သားတွေကို ခန့်မယ်ဆိုရင်တော့ အလုပ်အကိုင်တွေကို ဖန်တီးရရှိမှာပေါ့လေ။ သို့သော်လည်း ကျွမ်းကျင်တဲ့ အလုပ်ပိုင်းအနေနဲ့ကတော့ ကျနော်တို့ ပြည်တွင်းမှာလည်း အမှန်စင်စစ်ကတော့ လိုအပ်တဲ့ ကျွမ်းကျင်မှု ရှိတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ရှိတယ်ဆိုတဲ့အခါမှာ ကန့်သတ်ထားတယ်ဆိုရင် မျှော်မှန်းသလောက် အကျိုးကျေးဇူးရမှာ မဟုတ်ဘူးပေါ့လေ။”


Source: Heritage Foundation
မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လွတ်လပ်ခွင့်တွေ နိမ့်ကျနေဆဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတာပါ။

ထင်ရှားတဲ့ စီးပွားရေး စာစောင် တခုဖြစ်တဲ့ The Wall Street ဂျာနယ် နဲ့ ၀ါရှင်တန် အခြေစိုက် Heritage Foundation တို့က ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လွတ်လပ်ခွင့်တွေ နိမ့်ကျနေဆဲဖြစ်တယ်လို့ဖော်ပြခဲ့တာပါ။ အကျင့်ပျက်ခြစားမှုတွေ၊ အာဏာပိုင်တွေနဲ့ နီးစပ်သူ လက်ဝေခံတွေကသာ အခွင့်အလန်းတွေ ရနေတာတွေ၊ နိုင်ငံရေးအရ စွက်ဖက်မှုတွေရှိနေတာတွေ၊ အပြောင်းအလဲများပြီး
 ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေတာ၊ တရားဥပဒေစိုးမိုးမှုနဲ့ အခြေခံအဆောက်အအုံတွေ အားနည်းတာတွေက ဒီလိုအခြေအနေတွေကို ဖန်တီးခဲ့တာလို့လည်း ဖော်ပြပါတယ်။ ဒီအတွက် ကမ္ဘာတ၀န်း စီးပွားရေးလွတ်လပ်ခွင့် အနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်းက နိုင်ငံပေါင်း ၁၇၉ နိုင်ငံ အနက် အဆင့် ၁၇၄ နေရာ၊ အာရှ-ပစိဖိတ်ဒေသ အနေနဲ့ ဆိုရင်တော့ စီးပွားရေး လွတ်လပ်ခွင့် မရှိတဲ့ နေရာမှာ မြန်မာနိုင်ငံဟာ နောက်ဆုံးကနေ ဒုတိယနေရာမှာသာ ရှိနေတယ်လို့ သတ်မှတ်ထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။   Copy by voanews

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်

By မသိင်္ဂီထိုက် ဗုဒ္ဓဟူး, 02 မတ် 2011
တူနီးရှားနဲ့ အီရန်ကစပြီး လက်ရှိ လစ်ဗျားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ကမ္ဘာ့ကုန်ဈေးနှုန်းတွေ တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း လအနည်းငယ်ကြာ အေးစက်စက် ဖြစ်နေခဲ့တဲ့ အမေရိကန် ဒေါ်လာငွေဈေးနဲ့ ရွှေဈေးတွေဟာ ဖေဖော်ဝါရီ လလယ်ပိုင်းလောက်စပြီး တဖြည်းဖြည်းနဲ့ ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ရွှေဈေး၊ အမေရိကန် ဒေါ်လာဈေးနဲ့ လောင်စာဆီဈေးတွေဟာ တခုနဲ့တခု ချိတ်ဆက်နေတာဖြစ်ပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ၀င်ငွေနည်း မြန်မာပြည်သူလူထု အကျပ်အတည်းတွေ တစထက်တစ ပိုပြီး ကြုံလာရတဲ့အကြောင်း မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။
    ဒီရက်ပိုင်းအတွင်းမှာပဲ ဆန်ကြမ်းတပြည်ကို ၇၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ ဆန်ချောဈေးတွေလည်း အမြင့်ဘက်ကို ရောက်လာပါတယ်။ ဆန်ချောတအိတ်ကို အရင်ဈေးထက် ၅,၀၀၀ ကျပ်လောက် မြင့်တက်လာတာပါ။ ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးကတော့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတဲ့အတွက် ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးစွဲရတာ မလွယ်ဘူးလို့ ပြောပါတယ်။
    “ဆန်ဈေးတွေကလည်း တက်လာတယ်၊ ဆီဈေးတွေကလည်း တက်လာတယ်။ ကုန်ဈေးနှုန်းတွေက တက်လာတဲ့ အခါကျတော့ အိမ်ရှင်မတွေ အတွက်တော့ ကသီတာပေါ့။ ဘာကြောင့် တက်နေမှန်းလဲ မသိဘူး၊ ကုန်ဈေးနှုန်းတွေ။”
    မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက တစထက်တစ အတက်ဘက်ကို အမြဲတမ်း ဦးတည်နေတာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ အကြမ်းဖျင်း တဒေါ်လာကို ၁,၀၀၀ ကျပ်နှုန်း ပေါက်နေတဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်းတွေ ကျပ် ၈၀၀ လောက်အထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းမှာ မူလက ဈေးကျနေတဲ့ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်း တဖြည်းဖြည်းနဲ့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဈေး ပြန်မြင့်တက်လာတာနဲ့အမျှ ပြည်တွင်း ရွှေပေါက်ဈေးလည်း မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။
    “အခု ရွှေဈေးတွေက တက်နေတယ်။ စီးပွားရေးဆိုတာက ဈေးကွက်အားလုံးနဲ့ ဆက်စပ်နေတော့ ဥပမာ ရွှေဈေးဆိုရင် ဒေါ်လာဈေး အတက်အကျနဲ့ သက်ဆိုင်နေတယ်။ ဆီဈေးဆိုလည်း ရေနံဈေး အတက်အကျနဲ့ ဆက်စပ်နေတာပေါ့။”
     တဒေါ်လာ ကျပ် ၈၀၀ ခန့်ကနေ ၉၅၀ ကျပ်အထိ ငွေလဲနှုန်း ပြန်လည်မြင့်တက်လာတာနဲ့ တပြိုင်နက် ရွှေဈေးကလည်း အခေါက်ရွှေ တကျပ်သား ၅၉၀,၀၀၀ ကျပ်ကနေ ၆၅၀,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က ရွှေဆိုင် လုပ်ငန်းရှင်ကတော့ ရွှေဈေး မြင့်လာပေမဲ့ အရောင်းအ၀ယ် ကောင်းလာတယ်လို့ ပြောပါတယ်။
       “ရွှေအရောင်းအ၀ယ်တွေက ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဲပေါ်ချိန်ဖြစ်နေတော့ ရွှေလုပ်တဲ့လူတွေက များများလာတယ်။ အရင်လကတော့ ရွှေဈေး ကျနေတာတောင်မှ အရောင်းအ၀ယ် သိပ်မကောင်းဘူး။ အခု ရွှေဈေး တက်နေတာတောင် အရောင်းအ၀ယ်တွေက ပြန်ကောင်းလာတယ်။”
       ကမ္ဘာ့ရေနံ အဓိက တင်ပို့ရောင်းချရာ အာရပ်နိုင်ငံတွေမှာ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းလည်း စံချိန်တင် မြင့်တက်လာတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာလည်း လောင်စာဆီ ဈေးနှုန်းတွေ လိုက်ပါ မြင့်တက်လာပါတယ်။ မူလက ဒီဇယ်ဆီ တဂါလံ ၃,၁၀၀ ကျပ် ပေါက်ဈေးကနေ အခု မတ်လဆန်းမှာ တဂါလံကို ကျပ် ၄,၀၀၀ လောက်အထိ မြင့်တက်လာခဲ့တာပါ။
       ဈေးမြင့်တဲ့ အရောင်းအ၀ယ် ဖြစ်နေတဲ့ လက်ရှိ အိမ်ခြံမြေ ဈေးကွက်က လတ်တလော အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးနှုန်း ပြန်လည် မြင့်တက်လာတဲ့ အတွက်ကြောင့် ဈေးနှုန်း အတက်ဘက်ကို ထပ်ပြီး ဦးတည်လာဦးမယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက မှန်းဆထားပါတယ်။ အိမ်ခြံမြေဈေးကွက် အလားအလာကို အကျိုးဆောင်တဦးက အခုလို ပြောပြပါတယ်။
     “အခြေခံ အဆောက်အအုံ တိုက်ခန်းတို့၊ ကွန်ဒိုတို့၊ စက်ရုံတို့ ဒါတွေက မရှိမဖြစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ Foreigner တော်တော်များများကျတော့ ၀ယ်လို့မှ မရတာ။ ၀ယ်လို့မရတဲ့အတွက် သူတို့က ငှားရမ်းပြီးမှပဲ လုပ်ရမှာပဲ။ အဲဒီတော့ ဘာပဲပြောပြော လုံးချင်းအိမ်တွေ၊ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ ဒီ့ထက်တောင် ပိုပြီး လိုသွားနိုင်တယ်။”
       လက်ရှိ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး ပြန်လည်မြင့်တက်လာတဲ့ တချိန်တည်းမှာပဲ တခြား အထွေထွေ ကုန်စည်တွေ အားလုံး လိုက်ပါ ဈေးတက်လာပါတယ်။ အခုတော့ မြင့်တက်လာတဲ့ ပြည်တွင်း ဆန်ဈေးနှုန်းနဲ့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ ပြန်လည် တည်ငြိမ်လာရေးအတွက် စစ်အစိုးရက ပြည်ပ ဆန်တင်ပို့မှုကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။
      ပြည်တွင်း ကုန်ဈေးနှုန်းတွေ ကမ္ဘာ့ဈေးနှုန်းနဲ့အညီ လိုက်ပါ မြင့်တက်လာတိုင်း စစ်အစိုးရက ပြည်တွင်းက စီးပွားရေးသမားတွေကို ဖမ်းဆီးတာ၊ ပြည်ပတင်ပို့မှု ပိတ်ပင်တာတွေကို အဆင်အမြဲ လုပ်ကိုင်လာတာပါ။ ဒါပေမဲ့ စီးပွားရေးသမားတွေကတော့ ကုန်ဈေးနှုန်းတွေဟာ တခုနဲ့တခု ဈေးနှုန်းအတက်အကျ ချိတ်ဆက်နေတာ ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ ဆန်ဈေးနှုန်း မြင့်တက်လာတာမှာလည်း လောင်စာဆီဈေးနှုန်း မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အာဆီယံ စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်တန်ချိန်ပဲ သယ်ယူခွင့် ပြုလိုက်တာတွေကလည်း အကြောင်းရင်းတခု ဖြစ်တယ်လို့ ပြောကြားပါတယ်။

Copy by voanews

Thursday, March 3, 2011

ပုဂ္ဂလိကကုမ္ပဏီများဝန်ထမ်းလစာတိုးရန် စီစဉ်

အစိုးရ၀န်ထမ်းလစာ တိုးမြင့်သည်နှင့်အညီ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၏ ၀န်ထမ်းလစာများကိုလည်း တိုးရန် စီစဉ်နေသည်ဟု သိရသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ထူထောင်ထားသော အေးရှားဝေါလ်၊ မက်စ်မြန်မာ ၊ ထူးကုမ္ပဏီ ၊ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ၊ Alpine ကုမ္ပဏီ စသည့် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အဓိက တာဝန်ယူ တည်ဆောက်နေသည့် ကုမ္ပဏီကြီးများ ၊ အာဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ ထူထောင် ထားသည့် ကုမ္ပဏီကြီးများရှိ ၀န်ထမ်း လစာများ တိုးမည်ဖြစ်သည်ဟု ပုဂ္ဂလိက ကုမ္ပဏီ အသိုင်းအ၀ိုင်းက ပြောသည်။
“အေးရှားဝေါလ် ဆိုရင် ဌာနတွေ အများကြီးရှိသလို စီမံကိန်းအလိုက် မြို့တွေမှာ ၀န်ထမ်းအင်အားတွေက အများကြီးလေ။ ပြီး ခဲ့တဲ့ တပတ်လောက်ကစပြီး လူစာရင်းနဲ့ လုပ်သက်နှစ်တွေ ဘယ်လောက်ရှိလဲကို စာရင်းကောက် နေတယ်”ဟု အေးရှားဝေါလ် ရေအားလျှပ်စစ် စီမံကိန်း အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက ဆက်၍“လစာတိုးပေးဖို့ အတွက် စာရင်းကောက်တာလို့ ပြောတယ်။ အခြေခံဝန်ထမ်းက အစ ၀န်ထမ်း အကုန်လုံး လစာ တိုးမယ်ကြားတယ်။ ဒါပေမယ့် လုပ်သက်နှစ်ပေါ်မူတည်ပြီး တိုးတဲ့ပမာဏ ကွာခြားတာတော့ ရှိမယ်”ဟု ပြောသည်။
မည်သည့်လမှ စတင်၍ လစာတိုးမည်ကိုမူ တိတိကျကျမသိရသေးဟုလည်း အဆိုပါ အင်ဂျင်နီယာက ဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်တွင် ပြုလုပ်သွားသည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် အာဏာပိုင်များက တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ဆောက်လုပ်ရေးကုမ္ပဏီ ၆၃ ခုကို ၀င်ရောက် လာ မည့် နိုင်ငံခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် ၀န်ထမ်းလစာနှုန်းများတိုးမြှင့်ပေးရန် ပြောဆိုခဲ့သည်ဟု နေပြည်တော် ဆောက် လုပ်ရေး စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“အဲဒီတုန်းက နေပြည်တော်အဆောက်အအုံတွေကို မြန်မြန်ပြီးစီးအောင်လုပ်ဖို့အပြင် ထူးခြားတာတခုကို ထည့်ပြောသွားတယ်၊ နောက်ပိုင်းမှာ ပြည်ပရင်းနှီးမြှပ်နှံမှုတွေကို လက်ခံလို့ ၀င်လာရင် အဲဒီကုမ္ပဏီမှာ လစာ အခြေခံ ကျပ် ၁ သိန်း ပေးနေပြီး ပြည် တွင်း ကုမ္ပဏီက ၄-၅ သောင်းဖြစ်နေလို့ မရဘူး ဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့်လည်း ပြည်တွင်းကုမ္ပဏီတွေ အင်အားကြီး အောင် တခုခုဆို ပုဂ္ဂလိကကိုပဲ လုပ်ပိုင်ခွင့်တွေ ချပေးနေတာဆိုပြီး ပြောသွားဖူးတယ်။ ဒီအတိုင်း အကောင်အထည်ဖော်ပြီး လူကြီးတွေ ကျေနပ်အောင်လုပ်ပေးတော့ သူတို့အတွက်လည်း လုပ်ငန်း အလားအလာ ကောင်းမယ်။ အာဏာပိုင်တွေ ဘက်က လည်း အစိုးရ လစာ တခုတည်းတိုးတာ မဟုတ်တော့ဘူး ဆိုပြီး ပြန်ပြောလို့ ရသွားတာပေါ့”ဟု တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
လက်ရှိ အခြေအနေတွင် လစာနှုန်း တိုးမြှင့်ပေးသည်ထက် ရှားပါးစရိတ် ၊ ကျန်းမာရေး စရိတ် ၊ ခရီးစရိတ် ကဏ္ဍများတွင် တိုးပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆိုသည်။
“သူတို့ပြောသလို လိုက်တိုးဖို့ဆိုတာလုပ်ငန်း ၄ ၊ ၅ ခုလောက်ပိုင်နေပြီး ၀င်ငွေ နည်းပေါင်းစုံနဲ့ရနေတဲ့ ကုမ္ပဏီတွေပဲ တိုးနိုင်မှာ၊ အစိုးရ ၀န်ထမ်းတွေ၊ ကုမ္ပဏီကြီးတွေ လိုက်တိုးနိုင်ရင်တောင် ကုမ္ပဏီ အသေးစားလေးတွေက ၀န်ထမ်းတွေ ကြားထဲက ဒုက္ခ ရောက်မှာပေါ့”ဟု မက်စ်မြန်မာ ကုမ္ပဏီ စာရင်းဌာနမှ အရာရှိတဦးက ပြောသည်။
အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်သတ်မှတ်ထားသော စည်းကမ်းချက်များတွင် ကုမ္ပဏီ ၀န်ထမ်း လစာသည် အစိုးရ လစာ ထက် မကျော်ရဟု ပါရှိကြောင်း ၎င်းက ဆိုသည်။

မက်စ်မြန်မာ အရာရှိကဆက်၍“လောလောဆယ် ဘတ်ဂျက်ကို ချိန်နေရတာပေါ့၊ ကုမ္ပဏီကြီးတွေတိုင်းမှာတော့ တနှစ်စာ တွက်ချက် ထားတာတွေ ရှိတယ်။ တယောက်တည်း တိုးတာ မဟုတ်ဘူး။ တလတည်းတိုးတာ မဟုတ်တော့ ချိန်ရတာတွေနဲ့ ကုမ္ပဏီ ၀င်ငွေအင်အားတောင့်မှဖြစ်မှာလေ။ ဒီတော့ ဘယ်လောက် ရာခိုင်နှုန်းစီ တိုးမယ် ဆိုတာတော့ တိတိကျကျ မသတ်မှတ် ရ သေးဘူး။ အခြေခံ ကတော့ ၀န်ထမ်းရဲ့ လုပ်သက်ပေါ်မူတည်ပြီး ရတဲ့ အချိုးတွေက ပြောင်းလဲမယ်”ဟု ပြောသည်။
“လစာအနေနဲ့ ကျော်ပေးလို့ မရတော့ ခေါင်းစဉ် အမျိုးမျိုးတပ်ပေးရတာပေါ့။ အစိုးရ ၀န်ထမ်းလစာ တက်ရင် ကုမ္ပဏီတွေက လည်း ရှားပါးစရိတ်ဆိုပြီး အမည်ခံ တက်ပေးကြတယ်။ အရင်က တက်တုန်းကလည်း ဒီလိုပဲ ပေးတာဆိုတော့ အတွေ့အကြုံ တော့ ရှိတယ်။ မတိုးပေးလို့ကလည်း မရဘူးလေ။ အပြင်မှာ ဈေးတွေက အကုန်တက်နေတော့ လိုက်မညှိပေးနိုင်ရင် ပြဿနာ ရှိတယ်။ အခု လတော့ မသေချာဘူး။ ဧပြီလ လောက်မှ စတိုးလောက်မယ်”ဟု Alpine ကုမ္ပဏီ ၀န်ထမ်းရေးရာ ဌာနမှ ၀န်ထမ်း တဦး က ပြောသည်။
မကြာမီဖြစ်ပေါ်လာမည့် အစိုးရအသစ်က ၀န်ထမ်းများကို အာဆီယံနှုန်းထားနှင့်အညီ လစာများပေးမည်ဖြစ်ပြီး အစိုးရဝန်ထမ်း လစာများကို ဧပြီလကုန်မှ စတင်၍ နဂိုရှိရင်းစွဲလစာထက် ၃.၈ ဆခန့် တိုးမြှင့်ပေးတော့မည်ဟု သတင်းများထွက် ပေါ်နေသည်။
အဆိုပါ သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း ဆန်၊ ဆီမှစ၍ အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သွားသည်။
Copy by Irrawaddynews

တန်ချိန် ပိုတင်သည့် ကုန်ကားများကို အစိုးရပိုင်အဖြစ်သိမ်းမည်

ဧရာဝတီ Wednesday, 02 March 2011 12:56
[မူဆယ်နယ်စပ် ၁၀၅ မိုင်ဂိတ်ကိုဖြတ်၍ တရုတ်ကုန်ပစ္စည်းများ မြန်မာပြည်ဘက်သို့ တင်သွင်းလာသည်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ခေတ်ပြိုင်)"]
မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမကြီးများပေါ်တွင် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင် သွားလာသည့် ကုန်ကားများကို အစိုးရပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန (ကညန) ဥပဒေအရ မတ်လ ၁ ရက်နေ့က တရားဝင်အမိန့် ထုတ်ပြန်လိုက်သည်။

မူဆယ်နယ်စပ် ၁၀၅ မိုင်ဂိတ်ကိုဖြတ်၍ တရုတ်ကုန်ပစ္စည်းများ မြန်မာပြည်ဘက်သို့ တင်သွင်းလာသည်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ခေတ်ပြိုင်)
အဝေးပြေး လမ်းများပေါ်တွင် ဖြတ်သန်းသွားလာသော ကုန်ကားများသည် အာဆီယံစံချိန်စံညွှန်းနှင့်အညီ ယာဉ်တွင်ပါရှိသည့် ၀င်ရိုးအရေအတွက်အလိုက် ခွင့်ပြုသည့် ပမာဏအတိုင်းသာ ကုန်စည်များ တင်ဆောင်ကြရန် ယမန်နှစ်ကတည်းက တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။
သတ်မှတ်ကုန် တန်ချိန်ထက် ပိုမိုကုန်တင်ဆောင်သော ကုန်ကားများကို ယခင်က ကုန်များ လျှော့ချရန်သာ ပြောဆိုခဲ့ကြောင်း၊ ယခု အခါတွင်မူ ကုန်စည်များ လျှော့ချခိုင်းရုံ မဟုတ်တော့ဘဲ ကုန်စည်များနှင့် ကားကို အစိုးရပိုင်အဖြစ် သိမ်းယူသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်သယ်ယူ ပို့ဆောင်ရေးအသင်းမှ ကုန်ကားပိုင်ရှင်တဦးက ပြောသည်။
အဆိုပါအမိန့်ကြောင့် ဆန်၊ ဆီ အပါအ၀င် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ပြောဆို နေကြသည်။
“အခုဟာက အရမ်း တင်းကျပ်လာတယ်။ ကုန်ကား ပိုင်ရှင်တွေကလည်း ဈေးနှုန်းတွေ မြှင့်မှာပဲ။ တချက်မှားတာနဲ့ ကုန်ကားပါ အသိမ်းခံရမှာဆိုတော့ ကုန်စည် သယ်ယူပို့ဆောင်တဲ့ စရိတ်တွေလည်း ထပ်မြင့်သွားမယ်” ဟု ကျောက်ပန်းတောင်းမှ ရန်ကုန်သို့ ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသာ အဝေးပြေး ကုန်ကားပိုင်ရှင်တဦးက ရှင်းပြသည်။
အာဆီယံစံချိန်စံညွန်း နှင့်အညီ ကုန်တန်ချိန် သတ်မှတ်တင်ဆောင်သည့် စနစ် စတင် ကျင့်သုံးစဉ် ၂၀၁၀ ပြည့်နှစ် အတွင်းကလည်း ကုန်သယ်ဆောင် စရိတ်များမြင့်တက်ခဲ့ပြီး ကုန်စည်ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။
“ဒီစနစ် စစချင်းမှာ ကုန်စည် သယ်ယူ စရိတ် နှစ်ဆလောက် တက်သွားတယ်။ အရင် ကုန်တတန် သယ်မယ်ဆိုရင် ကျပ် ၃ သောင်းလောက် ကျတဲ့နေရာမှာ ၆ သောင်းလောက် ဖြစ်သွားတယ်။ အဓိက ဆန်တွေဈေးတက်တယ်။ ကားနဲ့ သယ်ရတဲ့ တခြား ကုန်စည်တွေလည်း တက်သွားတယ်” ဟု ဘုရင့်နောင်ဈေးကွက်မှ ကုန်ကားပိုင်ရှင်က ပြောသည်။
ယခုအခြေအနေတွင် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လျက် ရှိခြင်းကြောင့် ကုန်ကားများ တွက်ခြေမကိုက် ဖြစ်နေပြီး လုပ်ငန်း ခေတ္တ ရပ်နားမှုများပင် ရှိကြောင်း သိရသည်။
“ဒီဇယ်က ရန်ကုန်မှာ တဂါလန် ကျပ် ၄၀၀၀၊ နယ်တွေမှာ ၅၀၀၀ လောက်ဖြစ်နေတယ်။ နယ်တွေက တက်လာမယ့် ကုန်ကားတွေက ဒီဇယ်ဈေး တအားမြင့်နေတော့ မကိုက်ဘူး၊ လုပ်ငန်းရပ်ထားတယ်။ ဒီရက်ပိုင်းအတွင်း ကုန်စည် သယ်ယူ ပို့ဆောင်တဲ့စရိတ်တွေ ထပ်တက်ဖို့ရှိတယ်” ဟု ဘုရင့်နောင်ဈေးကွက်မှ ကုန်ကားပိုင်ရှင်က ဆက်ပြောသည်။
ကုန်စည်သယ်ယူစရိတ်များ မြင့်လာသည့် အပြင် လာမည့် ဧပြီလမှ စတင်ပြီး အစိုးရ၀န်ထမ်း လစာများကို ၄ ဆနီးပါး တိုးမြှင့်မည်ဆိုသော သတင်းများလည်း တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဆန်၊ ဆီ စသည့် အခြေခံ စားသောက်ကုန်များ အပါအဝင် လူသုံးကုန် ပစ္စည်းဈေးများ တရိပ်ရိပ် တက်လျက်ရှိသည်။

Friday, December 24, 2010

"ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ (၅)”

-ကိုလူချစ်(ကိုရီးယား)။--12,Oct 2010


ကိုရီးယားနိုင်ငံကို အလုပ်သမားအသုံးပြုခွင့်စနစ် (EPS)နဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ ညီအစ်ကို မောင်နှမတွေ နဲ့ ကိုရီးယားနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေသူတွေ၊ ကိုရီးယားကို စိတ်ဝင်စားသူတွေ အတွက် ကျနော် ကြားထား သိထား မြင်ထား လေ့လာထားတာ လေးတွေကို ပြန်ပြီး ပြောပြချင်လို့ ဒီဆောင်းပါးလေးကို ဆက်ပြီး ရေးဖြစ်ပါတယ်။

အရင်ဆုံး ကိုရီးယား မှာ နိုင်ငံခြားသား ဘယ်လောက်ရှိတယ် မြန်မာနိုင်ငံသားတွေ ဘယ်လောက်ရှိတယ်ဆိုတာလည်း အခြေခံအကျဆုံး သိထားသင့်တယ် ထင်လို့ ကိုရီးယား လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်တဲ့ စာတွေကို ကိုးကားပြီး ပြောပြချင်ပါတယ်။

၂ဝ၁ဝခုနှစ် သြဂုတ်လ လကုန်စာရင်းအရ ကိုရီးယားနိုင်ငံမှာ နည်းမျိုးစုံနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားပေါင်း ၁,၂၁ဝ,၇၅၆ဦး ရှိပြီး ထိုအနက်မှ အမျိုးသား ၆၈၄,၄၅၁ဦး နဲ့ အမျိုးသမီး ၅၂၆,၃ဝ၅ဦး နေထိုင် အလုပ်လုပ်ကိုင်နေကြပါတယ်။
မြန်မာနိုင်ငံသားကတော့ အမျိုးသား ၄,၂၆၂ဦး နဲ့ အမျိုးသမီး ၃၉၄ဦး စုစုပေါင်း ၄,၆၅၆ဦး နည်းလမ်းပေါင်းစုံနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြပါတယ်။

အဲဒီအထဲမှာ တရားဝင် နေထိုင်ခွင့် ဗီဇာဖြင့် နေထိုင်နေသူ ၃,၃၃၅ဦး နဲ့ ရက်လွန် နေထိုင်သူ (over stay) ၁,၃၂၁ဦး ရှိပါတယ်။

တရားဝင် နေထိုင်ခွင့် ဗီဇာနဲ့ နေထိုင် အလုပ်လုပ်ကိုင် ကြတဲ့ သူတွေထဲမှာ လူဦးရေ အများဆုံးကတော့ အလုပ်သမားအသုံးပြုခွင့်စနစ် (EPS)နဲ့ လာကြတဲ့ သူတွေပါ။
၂,၈၁၄ဦး ရှိပါတယ်။
အဲဒီ အထဲကမှ အကြောင်းအမျိုးမျိုးနဲ့ ရက်လွန်နေထိုင်သူ (over stay) က ၅၉၃ဦး ရှိပါတယ်။ ကျန်တဲ့ ၂,၂၂၁ဦးကတော့ လက်ရှိ အလုပ်သမားအသုံးပြုခွင့်စနစ် (EPS)နဲ့ အလုပ်လုပ်ကိုင်နေဆဲပါ။

E9 ဗီဇာနဲ့ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ဦးရေကို အသေးစိတ် ကြည့်မယ်ဆိုရင် အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ အများဆုံးပါ။
ထိုသူတွေကို E-9-1 ဗီဇာပေးပါတယ်။ E-9 ၊ E-9-1 နဲ့ ပတ်သက်ပြီး မြန်မာတွေ အကြားမှာ အငြင်းပွား ပြောဆိုနေမှုလေးတွေလည်း ရှိနေကြပါတယ်။

ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနက တရားဝင် ထုတ်ပြန်ထားတာကတော့ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းမှာ လုပ်ကိုင်နေသူ နိုင်ငံခြားသားတွေကို E-9-1ဗီဇာ ပေးတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

E-9-1 နဲ့ အလုပ်လုပ်နေသူ ဦးရေကတော့ အမျိုးသား ၂,၂၃၂ဦးနဲ့ အမျိုးသမီး ၁ဦး ရှိပါတယ်။

E-9-2 နဲ့က အမျိုးသား ၆ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်နေတဲ့သူတွေကို ပေးတဲ့ ဗီဇာ အမျိုးအစားပါ။
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့သူတွေကို ပေးတဲ့ E-9-3 ဗီဇာနဲ့က အမျိုးသား ၉ဦး၊
ရေလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကို ပေးတဲ့ E-9-4 ဗီဇာနဲ့က အမျိုးသား ၂၇ဦး၊
အအေးခန်း လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေကို ပေးတဲ့ E-9-5နဲ့က အမျိုးသား ၂ဦး၊
E-9-95 ဗီဇာနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၂၁၄ဦး၊
E-9-96 ဗီဇာနဲ့ နေထိုင်အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၂၄၃ဦး၊
E-9-97 ဗီဇာနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၇၆ဦးနဲ့ အမျိုးသမီး ၄ဦး ရှိပါတယ်။

ကိုရီးယား နိုင်ငံပိုင် သဘောင်္များမှာ အလုပ်လုပ်ကိုင်နေတဲ့ သင်္ဘောသားလည်း ၄၆၅ဦး ရှိပါတယ်။

ကိုရီးယားနိုင်ငံကို ပညာသင်ဖို့ ရောက်လာကြသူတွေလည်း တဖြည်းဖြည်းချင်း တိုးပွားလာပါတယ်။
သက်ဆိုင်ရာ ဘာသာတွေအလိုက် ဘွဲ့လွန် ပညာတွေ သင်ယူနေကြသူ အမျိုးသား ၆၁ဦး၊အမျိုးသမီး ၉၇ဦး ရှိပါတယ်။
ထိုသူတွေကို D-2-1,D-2-2,D-2-3,D-2-4 စတဲ့ နေထိုင်ခွင့် ဗီဇာတွေ ပေးပါတယ်။

ကိုရီးယား ဘာသာစကား သင်ဖို့ ကျောင်းတက်နေတဲ့ အမျိုးသား ၂၄ဦး ၊ အမျိုးသမီး ၂၈ဦး ရှိပါတယ်။
သူတို့ကိုတော့ D-4-1 ဗီဇာပေးပါတယ်။

ဘာသာရေးအရဆိုရင်လည်း အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၁ဦး ပါ။
များသောအားဖြင့်တော့ ကိုရီးယားနိုင်ငံမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေ များပါတယ်။

မြန်မာနိုင်ငံသားထဲမှာ ထူးထူးခြားခြား နေထိုင်ခွင့်နဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်သူတွေကတော့ လက်ရှိ အမေရိကန် စစ်တပ်မှာ အမှုထမ်းနေတဲ့ အမျိုးသား ၁ဦးနဲ့ အမျိုး ၁ဦးပါ။

တက္ကသိုလ် တစ်ခုမှာ သင်ကြားပို့ချပေးနေတဲ့ ပါမောက္ခ ၁ဦးလည်း ရှိပါတယ်။
ကိုရီးယားနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု ဗီဇာနဲ့ အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ၁ဦးလည်း နေထိုင်အလုပ်လုပ်ကိုင်နေကြပါတယ်။

ကိုရီးယားနိုင်ငံမှာ ဒုက္ခသည်လျှောက်ထားကြပြီး အသိအမှတ်ပြုခံထားရသူ အမျိုးသား ၅၉ဦးနဲ့ အမျိုးသမီး၂၄ဦး၊ လျှောက်ထားဆဲက အမျိုးသား ၃၅ဦး ၊ အမျိုးသမီး ၁၄ဦး ရှိပါတယ်။


ကိုရီးယား လှပျိုဖြူ တစ်ဦး


ကိုရီးယားနိုင်ငံသူ/သား တွေနဲ့ အိမ်ထောင်ပြုပြီး နေထိုင်သူနဲ့ သူတို့ မိသားစုဝင် အဖြစ်နေထိုင်သူ အမျိုးသား ၂ဝဦး၊အမျိုးသမီး ၅၈ဦး ရှိပါတယ်။
ဒီနေရာမှာ ကိုရီးယားကို လာချင်လို့ ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုမယ်ဆိုတဲ့ မြန်မာနိုင်ငံက ညီအစ်မတွေကို အကြံပေးပါရစေ။

လေးလေးနက်နက် စဉ်းစားကြဖို့ပါ။
အဲဒီ အကြောင်းတွေနဲ့ ပတ်သက်ပြီး ကျနော် ကိုရီးယားနဲ့ ပတ်သက်တဲ့ ဆောင်းပါးတိုင်းလိုလိုမှာ ရေးပြဖူးပါတယ်။
ကိုရီးယားပဲ ဆိုပြီး အထင်ကြီးရင်တော့ ငါးပါးတင် မကဘူး ရှိတာ အကုန်မှောက် လိမ့်မယ်လို့ အကြံပြုပါရစေ။

အခုဆိုရင် ကိုရီးယားနိုင်ငံမှာ ကိုရီးနိုင်ငံသားအချင်းချင်း ဘယ်လိုနည်းနဲ့မှ ရောင်းထုတ်လို့ မကုန်တဲ့ ကိုရီးယား တွေကို ဈေးပေါပေါနဲ့ ရောင်းနေပါတယ်။
အထူးသဖြင့် အရှေ့တောင်အာရှက နိုင်ငံသူတွေနဲ့ ပေးစားတဲ့ မြားနတ်မောင် ကုမ္ပဏီတွေ ဒုနဲ့ဒေးပါ ။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း မြို့တော် ဆိုလ်းနဲ့ နယ်မြို့တစ်မြို့မှာ ကုမ္ပဏီတွေ ဖွင့်ပြီး လုပ်နေကြပါတယ်။

ကျနော်လည်း စပ်စုချင်တာနဲ့ ဆက်သွယ်ပြီး မေးမြန်းဖူးပါတယ်။
လူကုန်ကူးမှု တစ်ခုလို့ပဲ သုံးသပ်လိုက်ပါတယ်။ ဓါတ်ပုံပြပြီး ပေးစားတဲ့ အလုပ်ပါ။
ကိုရီးယားနိုင်ငံမှာ အိမ်ထောင်ပြုကြတဲ့ စုံတွဲ ၁ဝတွဲမှာ ၁တွဲက နိုင်ငံခြားသား/သူနဲ့ ပါ။

အဲဒီလောက်ထိ ဖြစ်နေပါပြီ။ များသောအားဖြင့်တော့ ကိုရီးယားနိုင်ငံသားတွေက တခြားနိုင်ငံသူတွေကို ဝယ်တဲ့ သဘောပါပဲ။
မေတ္တာမပါပဲ အိမ်ထောင်ပြုကြတော့ ကိုရီးယားကို ရောက်လာပြီး မကြာခင်မှာပဲ အိမ်ထောင်ကွဲတာက စပြီး လူသတ်မှုအထိ ဖြစ်ကုန်ကြရော။
အဲဒီအထဲမှာ မြန်မာအမျိုးသမီးတွေ မပါစေချင်တဲ့ စေတနာပါ။
ကိုယ့်ဖာသာကိုယ် ချစ်လို့ကြိုက်လို့ မေတ္တာရှိလို့ကတော့ ဘာမှ ပူပင်စရာမလိုပါဘူး။

ကိုရီးယားနိုင်ငံကို အလုပ်သမားအသုံးပြုခွင့်စနစ်(EPS) နဲ့ လာဖို့ ပြင်ဆင်နေကြတဲ့ မြန်မာနိုင်ငံက တချို့သော ညီအစ်ကိုတွေ ကျနော့ဆီကို စာရေးပြီး မေးမြန်းကြတာလေးတွေ ရှိကြပါတယ်။

အဲဒီအကြောင်းလည်း ကျနော် သိသလောက်၊ ကြားသလောက်၊ လေ့လာမိသလောက်လေး ပြန်ပြောပြချင်ပါတယ်။
(EPS)နဲ့ လာဖို့ ပြင်ဆင်နေကြတဲ့ ညီအစ်ကို တွေကတော့ ဘယ်တော့လောက် စာမေးပွဲ ဖြေရမလဲ၊ ဘယ်တော့လောက် လူခေါ်မလဲ ၊
(EPS-KLT) အောင်ထားတဲ့ လူတွေရော ဘယ်လိုဖြစ်မလဲဆိုတာတွေ အဓိကဖြစ်မယ်လို့ ထင်ပါတယ်။

ပထမဆုံး (EPS-KLT) နဲ့ ပတ်သက်ပြီး ကျနော်သိသလောက် အကျဉ်းချုံး ရှင်းပြချင်ပါတယ်။
ကိုရီးယားနိုင်ငံမှာ အလုပ်သမားအသုံးပြုခွင့်စနစ် (EPS) စတင် ကျင့်သုံးပြီး (EPS-KLT) စာမေးပွဲကို အစပိုင်း KOREAN LANGUAGE PROFICIENCY TEST ဌာနက ၂ဝဝ၅ခုနှစ်ကနေ ၂ဝဝ၇ခုနှစ် အထိ ကျင်းပပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနကပဲ ကိုင်တွယ်ကျင်းပပေးခဲ့တာ ယနေ့အထိပါပဲ။

KOREAN LANGUAGE PROFICIENCY TEST ဌာနက ကျင်းပချိန်တုန်းက (EPS)နဲ့ အလုပ်သမားခေါ်ယူဖို့ သဘောတူထားတဲ့ နိုင်ငံတော်တော်များများမှာ အတတ်နိုင်ဆုံး တပြိုင်နက်တည်း ကျင်းပပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အနေအထားပေါ် မူတည်ပြီး စာမေးပွဲ ကျင်းပခဲ့ပါတယ်။

လောလောဆယ် မြန်မာပြည်မှာ ဘယ်တော့လောက် (EPS-KLT) စာမေးပွဲ ဖြေရမလဲဆိုတဲ့ အဖြေကတော့ မသိပါဘူးလို့ ဖြေရမှာပါပဲ။
ကျနော်လည်း သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနကို မေးမြန်းကြည့်ပြီး သိခဲ့ရတဲ့ အဖြေပါ။

ကျနော့်ကို ဖြေတဲ့ ဝန်ထမ်းက တကယ်ပဲ မသိတာလား ၊ မဖြေချင်လို့လား ၊ဖြေခွင့်မရှိလို့လားတော့ အတိအကျ မသိရပါ။
ဘယ်တော့လောက် လူခေါ်မလဲ ဆိုတာရဲ့ အဖြေကလည်း အတူတူပါပဲ။
ကိုရီးယားနိုင်ငံမှာ နှစ်တိုင်းလိုလို နိုင်ငံခြားသား အလုပ်သမား ခေါ်ယူဖို့ကို သြဂုတ်လမှာ အစည်းအဝေးထိုင်ပြီး သတ်မှတ်ပါတယ်။



၂ဝ၁ဝခုနှစ် အတွက် နိုင်ငံခြားသား အလုပ်သမားခေါ်ယူဖို့ အရေအတွက်က ၂၄,ဝဝဝဦးပါ။
အဲဒီအနက်ကမှ ထက်ဝက်ဖြစ်တဲ့ ၁၂,ဝဝဝဦးက ကိုရီးယားနွယ်ဖွားတွေပါ။
ကျန်တဲ့နိုင်ငံသားတွေက ၁၂,ဝဝဝဦးပေါ့။

အဲဒီ အထဲကမှ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းကို နိုင်ငံခြားသား အလုပ်သမား ၃,ဝဝဝ ခေါ်ယူမယ်လို့ ခွဲတမ်းချထားတယ်လို့ ကိုရီးယား သတင်းတွေမှာ တွေ့လိုက်ရတယ်ဗျ။
ကိုရီးယားနိုင်ငံကို (EPS)နဲ့ အလုပ်သမားလွှတ်ဖို့ သဘောတူထားတဲ့ နိုင်ငံပေါင်း မြန်မာနိုင်ငံ အပါအဝင် လက်ရှိ ၁၂နိုင်ငံရှိပါတယ်။
ညီတူမျှတူ ခွဲတမ်းအရဆိုရင်တော့ လူ ၁,ဝဝဝလောက်တော့ မြန်မာတွေ ခေါ်နိုင်တာပေါ့(ကျနော် ဖြစ်ချင်တာကို ပြောတာပါ။)
ဒါပေမယ့် မြန်မာပြည်က လုပ်ပိုင်ခွင့်ရ ကိုယ်စားလှယ်တော်ကြီးများ အရှုပ်တော်ပုံကြောင့် ကိုရီးယားက လူခေါ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ပဲ သတင်းတွေ ရထားပါတယ်။
(ခိုင်လုံမှုတော့ မရှိသေးဘူးပေါ့။စုံစမ်းဆဲပါ)

ကိုရီးယားနိုင်ငံရောက် မြန်မာတွေ စစ်တမ်းရေးရင်း စာနည်းနည်း ရှည်သွားပြီ ထင်တယ်။
ကျန်တဲ့ အကြောင်းလေးတွေကို နောက်တစ်ပိုင်း အဖြစ် ပြောပြပေးချင်ပါတယ်။

မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမ အပေါင်း ရောက်လေရာ အရပ်တိုင်းမှာ အဆင်ပြေမှု အပေါင်းနဲ့ ပြည်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုလူချစ်(ကိုရီးယား)---
http://mabaydar88.blogspot.com/search/label/--

ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်း

 Saturday,16 October 2010, 19:09
ကိုယ်ခန္ဓာ တစ်ခုလုံး၏ လှုပ်ရှားမှုကို ထိန်းချုပ် ထားသော ဦးနှောက်သည် ဆန်းကြယ် ရှုပ်ထွေးသော အစိတ် အပိုင်းများဖြင့် တည်ဆောက် ထားပြီး အသိဉာဏ် မှတ်ဉာဏ် အပြုအမူများအား ထိန်းချုပ်သည့် နေရာ၊ လက်လှုပ်၊ ခြေလှုပ်စသည့် လှုပ်ရှားမှုများအား ထိန်းချုပ်သည့်နေရာ၊ စကားပြော အမြင်အာရုံအား ထိန်းချုပ်သည့်နေရာ လည်းဖြစ်သည်။ ထိုကဲ့သို့ လှုပ်ရှားမှုအား ထန်းချုပ်ထားသည့် ဦးနှောက်တွင် ပြဿနာ တစ်ခုခုဖြစ်ပါက ထိုလှုပ်ရှားမှု စနစ်များ ပျက်ယွင်းသွားလေ့ရှိသည်။

ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနသို့ ရောက်လာသည့် လူနာများ၏ ၆၀ ရာခိုင်နှုန်းမှာ ပုံမှန်အားဖြင့် ဦးနှောက်တွင် မတော်တဆ ထိခိုက်မှု တစ်ခုခုကြောင့် ရောက်လာသည့် လူနာများဖြစ်ပြီး ဒုတိယအများဆုံးမှာ ဦးနှောက်တွင် အကျိတ်ဖြစ်သည့် လူနာများ ဖြစ်ကြောင်း ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနမှ ခွဲစိတ်အထူးကု ဆရာဝန် ပါမောက္ခ ဦးဝင်းမြိုင် ကပြောသည်။ "ဒီဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန နှစ်ထပ်လုံးမှာ ဦးနှောက် အကျိတ်ရောဂါရှင် တစ်လကို အယောက် ၂၀ကနေ ၃၀ကြားခွဲစိတ် နေရတယ်" ဟု အဆိုပါ ဆရာဝန်က ပြောသည်။

ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်းသည် ကလေးလူကြီး မရွေးဖြစ်ပွားနိုင်ပြီး နေထိုင်မှုပုံစံ၊ အစားအသောက် မျိုးရိုးများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။ "ဦးနှောက်အကျိတ် ဖြစ်တာက အဲဒါတွေနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာတော့ အခုအချိန်ထိ မသိနိုင်သေးပါဘူး" ဟု ပါမောက္ခ ဦးဝင်းမြိုင်ကပြောသည်။ ဦးနှောက်တွင် အကျိတ်ဖြစ်သည့် အခါ ကလေးများတွင် များသောအားဖြင့် ကင်ဆာ အမျိုးအစား ထဲတွင် ပါဝင်လေ့ရှိသည်။ လူကြီးများတွင် ရိုးရိုးအကျိတ်နှင့် ကင်ဆာအကျိတ်များ ဖြစ်ပွားလေ့ ရှိကြောင်းသိရသည်။

ကလေးများ၏ ဦးနှောက်တွင် အကျိတ်ဖြစ်ပေါ် သည့်အခါ စကားမပြောနိုင်သည့် အရွယ်တွင် ကလေးမှာ ငိုနေခြင်း၊ ဂျီကျခြင်း၊ မှိန်းခြင်း၊ အန်ခြင်း၊ လမ်းလျှောက်တတ် သည့်အရွယ်တွင် လမ်းမလျှောက် နိုင်၍ လဲကျခြင်းတို့မှာ ဦးနှောက် အကျိတ်ရောင်ခြင်း၏ လက္ခဏာ များဖြစ်သည်။ လူကြီးများတွင်လည်း ခေါင်းကိုက်ခြင်း၊ အရှိန်ဖြင့်အန်ခြင်း၊ မျက်စိများေ၀၀ါးခြင်း၊ ပုံရိပ်များ ထပ်ခြင်း၊ လေဖြတ်သကဲ့သို့ ခန္ဓာကိုယ်တစ်ခြမ်း လေးလံခြင်း၊ တက်ခြင်းတို့မှာ ဦးနှောက်အကျိတ် ရောင်ခြင်း၏ ရောဂါလက္ခဏာ များဖြစ်ကြောင်း ဒေါက်တာဦးဝင်းမြိုင် ကပြောသည်။

"လူကြီးတွေမှာ အကျိတ်ကြောင့် ခေါင်းကိုက်တဲ့ ပုံစံက သိသာတယ်။ မနက်အိပ်ရာထ တဲ့အချိန်တိုင်း နေ့တိုင်းဖြစ်ပြီး ကျန်တဲ့အချိန်မှာတော့ ခေါင်းကိုက်တာ မျိုးမရှိဘူး။ ပြီးတော့ အကျိတ်ဖြစ် ပေါ်တဲ့နေရာ ပေါ်မူတည်ပြီး ရောဂါလက္ခဏာ တွေပြသတယ်" ဟု အဆိုပါ ဆရာဝန်က ပြောသည်။ အချိန်မီ ဆေးကုသမှု မရှိသည့်အခါ လူနာသည် တဖြည်းဖြည့် မှိန်းလာပြီး နောက်ဆုံး အဆင့်တွင် အသက်ဆုံးရှုံး သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ "အရင်ကတည်းက ဒီရောဂါ ဖြစ်ပွားနေတာ။

ဒါပေမယ့် အရင်တုန်းက မသိကြတဲ့ အတွက် နယ်မှာဆိုရင်လည်း ကိုယ်တစ်ခြမ်း လေးလာရင် လေဖြတ်တယ်ဆိုပြီး မြန်မာဆေး ဆရာတွေ၊ အနှိပ်သည်တွေနဲ့ ပြသရင်း နောက်ဆုံးအသက်သေ သွားကြတာတွေ ရှိတယ်" ဟု ဒေါက်တာဦးဝင်းမြိုင်က ပြောသည်။ ဦးနှောက်တွင် အကျိတ်ဖြစ်ပါက ဦးနှောက် ဓာတ်မှန်ရိုက်၍ သိနိုင်ပြီး၊ ဦးနှောက် အကျိတ်တွင် အစိုင်အခဲအကျိတ်နှင့် အရည်အိတ် အကျိတ် နှစ်မျိုး ရှိကြောင်း သိရသည်။

အကျိတ်အတိုင်း ခွဲစိတ်ကုသမှသာ သက်သာနိုင် သော်လည်း ၂စင်တီမီတာ ထက်သေးငယ်သော အကျိတ်များအား ဆေးနှင့်ပင် ကုသ၍ အရည်အိတ်၊ အကျိတ်မျိုးမှာ ခေါင်းတွင် အပေါက်ဖောက်၍ ကုသရပြီး၊ အစိုင်အခဲ အကျိတ်မှာ ဦးခေါင်းဖွင့်၍ အကြီးစားခွဲစိတ်မှုများ ဆောင်ရွက်ရကြောင်း သိရသည်။ "ကင်ဆာကြောင့် ဖြစ်တာဆိုလည်း ခွဲစိတ်ပြီး နောက်ပိုင်း ဆေးနဲ့ကုသတာတွေ၊ ဓာတ်ကင်တဲ့နည်း တွေနဲ့လည်း ဆက်လက်ကုသ ရပါတယ်"ဟု အဆိုပါ ဆရာဝန်ကပြောသည်။

ယခုနောက်ပိုင်း ဦးနှောက် ရောဂါရှာဖွေသည့် စက်များကောင်းမွန်ခြင်း၊ လူအများတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပြားလာခြင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန များတိုးချဲ့ ဖွင့်လှစ်လာခြင်း တို့ကြောင့် ဦးနှောက်အတွင်း အကျိတ်ဖြစ်သည့် လူနာများ ပိုမိုတွေ့ရှိလာရကြောင်း သိရသည်။ "ကျွန်တော့ညီမလေး ဦးနှောက်မှာ အကျိတ်ဖြစ်လို့ ဆေးရုံမှာ တက်နေရတဲ့ အချိန်မှာ ဘေးနားမှာလည်း အဲဒိလိုလူနာတွေ အများကြီး တွေ့ရတယ်"ဟု မန္တလေးမြို့နေ အသက် ၅၀ခန့် အမျိုးသား တစ်ဦးကပြောသည်။

ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်းသည် စတင်ဖြစ်ပွားသည့် အချိန်၌ ရောဂါလက္ခဏာ မပြသည့်အတွက် ဆေးရုံရောက် သည့်အချိန်တွင် အကျိတ်ကြီး ပြီးနောက်ကျမှ ရောက်လာမှုများ လေ့ရှိကာ အကျိတ်ကြောင့် မျက်စိေ၀၀ါးလာသည့် အခါ မျက်စိမှုန်၍ မျက်စိဆရာဝန်နှင့် သွားရောက်ပြသ သည့်အခါမှ မျက်စိဆရာဝန်မှ တစ်ဆင့် ရောက်လာသူ များကြောင်းသိရသည်။ ဦးနှောက် အကျိတ်ခွဲစိတ်မှုအား ထိုင်းနိုင်ငံတွင် သွားရောက် ခွဲစိတ်ကုသပါက ကျပ်သိန်း ၂၅၀ခန့် ကုန်ကျနိုင်ပြီး ပြည်တွင်းတွင် ခွဲစိတ်ပါက ကျပ်၅သိန်း ခန့်ကုန်ကျနိုင်ကြောင်း သိရသည်။

စာရေးသူ - ၀တ်ရည်အောင်
Subscribe

ဝီကီလိစ် - အိုင်တီနည်းပညာနှင့် နိုင်ငံရေး စစ်မျက်နှာသစ်


ဝီကီလိစ် - အိုင်တီနည်းပညာနှင့် နိုင်ငံရေး စစ်မျက်နှာသစ် ခက်ထန် Thursday, 09 December 2010 17:27 ဆောင်းပါး . “စာနယ်ဇင်း ပညာသည် တိုက်ခိုက်မှု မဟုတ်၊ ဝီကီလိစ် (WikiLeaks) သည် စစ်ပွဲမဟုတ်” ဟု ဟပ်ဖင်တန်ပို့စ်တွင် ဆောင်းပါးရှင် ဂျော့ရှ် မူးလ်က ရေးသည်။

သို့သော် မီဒီယာသစ် (New Media) ဟု သတ်မှတ်ထားသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်၏ ဖွင့်ချမှုများကို အမေရိကန် အစိုးရက အမျိုးသားလုံခြုံရေးကို ထိပါးစေသော “တိုက်ခိုက်မှု” ဟု မြင်လာပြီး ဝီကီလိစ်ကို ထောက်ခံသူ ဆန့်ကျင်သူများ အပြန်လှန် နည်းပညာတိုက်ခိုက်မှုများ၊ ဥပဒေကြောင်းအရ စွဲချက်တင်နိုင်ရန်၊ ခုခံနိုင်ရန် ကြိုးပမ်းမှုများအပါအဝင် “စစ်ပွဲတခု” အသွင် ဆောင်လျက်ရှိပေသည်။

လော့စ် အိန်ဂျယ်လိစ် သတင်းစာကလည်း “ဝီကီလိစ် အငြင်းပွားမှုသည် ဆိုက်ဘာစစ်ပွဲကို မီးမွှေးလိုက်ပြီ” ဟု ရေးသည်။

၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည့် “အစိုးရများကို ဖွင့်ချမည်” ဟု ကြွေးကြော်ထားသော ဝီကီလိစ်၏ စာရွက်စာတမ်းများ ပေါက်ကြားစေမှု ပြဿနာသည် ၂၀၁၀ ပြည့်နှစ် အကုန်တွင် အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အဓမ္မမှုဖြင့် စွပ်စွဲခံထားရသူ၊ ဝီကီလိစ်၏ ဒါရိုက်တာနှင့် ပြောရေးဆိုခွင့်ရှိသူ သြစတြေးလျ နိုင်ငံသား ဂျူလီယန် အက်စ်ဆန်းက ဒီဇင်ဘာ ၇ ရက်နေ့တွင် လန်ဒန်မြို့၌ ဖမ်းဆီးခံလိုက်သည်။

အက်စ်ဆန်း အဖမ်းခံရပြီး ဝီကီလိစ် ဝက်ဘ်ဆိုဒ် အဆက်မပြတ် တိုက်ခိုက်ခံနေရသည့်တိုင် ကမ္ဘာတဝန်းရှိ အမေရိကန် သံတမန်ကွန်ရက်မှ လျှို့ဝှက် ပေးစာများ ဆက်လက် ဖွင့်ချနေဆဲဖြစ်သည်။

ဝီကီလိစ် အငြင်းပွားမှုများကြောင့် ဟက်ကာ တက်ကြွလှုပ်ရှားသူ (ဟက်တီးဗစ် - Hacktivist) များသည် ဝီကီလိစ်ကို ထောက်ခံသူနှင့် ဆန့်ကျင်သူဟူ၍ အုပ်စုကွဲသွားပြီး အင်တာနက် နည်းပညာများဖြင့် အပြင်းအထန် တိုက်ခိုက်သည့် အဆင့်သို့ ရောက်ရှိလာသည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်တီးဗစ်များက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အများပြည်သူ သိခွင့်ရှိသည့် အခွင့်အရေးနှင့် ၎င်းတို့အပေါ် ဖိနှိပ်မှုကို တုံ့ပြန်သည့်ဘက်မှ ရပ်တည်၍ ဝီကီလိစ်ကို ဆန့်ကျင်သည့် ဟက်တီးဗစ်များက နိုင်ငံတော် လုံခြုံရေးနှင့် စီးပွားရေးလုပ်ငန်းများ ထိုးဖောက်ခြင်းကို ကာကွယ်သည့်ဘက်မှ ရပ်တည်နေကြသည်။

ဝီကီလိစ်ကို ဆန့်ကျင်သူများက ဝီကီလိစ် ဝက်ဘ်ဆိုဒ်ကို အဆက်မပြတ် တိုက်ခိုက်သဖြင့် ကိုယ်ပွားဆိုဒ် (Mirror Site) များ ပွားထားရရာ ရာဂဏန်းမှ ရက်ပိုင်းအတွင်း ထောင်ဂဏန်းအထိ တိုးပွားလာခဲ့သည်။ ကိုယ်ပွားဆိုက်များကို တင်ထားသည့် DNS (Domain name System) များသည် လုံခြုံရေး ခြိမ်းခြောက်မှုများကြောင့် တခုပြီးတခု ပိတ်ပစ်နေရသည်။ ယခုအခါ ဝီကီလိစ် ဆိုဒ်ပွားပေါင်း ၁၃၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ဝီကီလိစ်သည် ဝက်ဘ်ဆိုဒ်ရပ်တည်ရေးအတွက် အလှူခံစနစ်ကို ပေပယ်၊ ဗီဇာနှင့် မာစတာကတ် စသည့် အွန်လိုင်းငွေချေစနစ်များ၊ ဆွစ်ဇာလန်မှ ဘဏ်တခုတို့နှင့် ချိတ်ဆက်ထားခဲ့သော်လည်း လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှု ဂယက်ကြောင့် ဥပဒေနှင့် ငြိစွန်းနိုင်သည်ဟုဆိုကာ ဝီကီလိစ်နှင့် တခုပြီးတခု အဆက်အသွယ် ဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများက ဗီဇာနှင့် မာစတာကတ် ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်ခဲ့ကြပြီး ပေပယ်နှင့် ဆွစ်ဇာလန်ရှိ ဘဏ်ကိုလည်း ပစ်မှတ်ထားနေကြသည်။ ယင်းသို့ တိုက်ခိုက်မှုမျိုးသည် မျိုးဆက်သစ်များအား အင်တာနက်ကို အလွဲသုံးသည့် အန္တရာယ်ကို နည်းပေးလမ်းပြသလို ဖြစ်နေသည်ဟု အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူများက ဝေဖန်ကြသည်။

ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို ထောက်ခံသူများက “လက်တုံ့ပြန်မှု စစ်ဆင်ရေး” (Operation Payback) အဖြစ် ဆန့်ကျင်ဘက်များကို နည်းပညာဖြင့် တိုက်ခိုက်လျက်ရှိကြသည်။

နောက်ဆုံးသတင်းများအရOperation Payback ၏ တစိတ်တပိုင်းအဖြစ် အလက်စကာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် ၂၀၀၈ တွင် သမ္မလောင်းအဖြစ် အရွေးခံခဲ့သူ ဆာရာ ပေါ်လင်၏ ဝက်ဘ်ဆိုဒ်နှင့် ခရက်ဒစ်ကတ် အကောင့်ကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် အစောပိုင်းကလည်း ဆာရာ ပေါ်လင်၏ ယာဟူးမေးလ်ထဲရှိ အကြောင်းအရာများကို ဝီကီလိစ်က ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာနှင့် ဆန့်ကျင်သည့် ဟက်ကာများ အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ၁၉ ရာစုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း (Wild West) တွင် ပြိုင်ဘက် သေနတ်သမားများ အပြန်အလှန်ပစ်ခတ်ကြသကဲ့သို့ ရှိပြီး နှစ်ဘက်လုံး အထိနာကြသည်ဟု ယူအက်စ် တူဒေး သတင်းစာက ခိုင်းနှိုင်းထားသည်။

ထိုင်းအခြေစိုက် မြန်မာ အိုင်တီပညာရှင် ကိုထက်ခိုင်ကမူ ဝီကီလိစ်၏ လုပ်ရပ်ကို အပြုသဘောင်ဆောင်သည်ဟု မြင်ကြောင်း ထင်မြင်ချက်ပေးသည်။

“ဝီကီလိစ်က ဒီလို ဖွင့်ချပေး၊ တင်ပေးတာဟာ အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ အချက်အလက်တွေကို ကိုင်ထားပြီး တိတ်တိတ် ရောင်းစားနေတာထက် ဒီလို အများသိအောင် ဖွင့်ချပေးလိုက်တာဟာ အပြစ်မြောက်တယ်လို့ မယူဆပါဘူး၊ အရင်လည်း အစိုးရ ကျောထောက်နောက်ပေးတဲ့ အဖွဲ့တွေက ဟက်နေကြတာပဲလေ။ ပြဿနာက ဘယ်သူက ဟက်သလဲ၊ ဘာကြောင့် ဟက်သလဲ ဆိုတာအရေးကြီးတာပါပဲ” ဟု ကိုထက်ခိုင်က ပြောသည်။

ဝီကီလိစ်သည် အာဖရိက အဆိပ်အတောက် စွန့်ပစ်မှု၊ စက်တင်ဘာ ၉/၁၁ အကြမ်းဖက်မှုတွင် ပင်တဂွန်စစ်ဌာနချုပ်နှင့် နယူးယောက် မြို့တော်ရဲဌာနတို့ အပြန်အလှန် သတင်းပေးပို့မှုကို အမျိုးသား လုံခြုံရေး အေဂျင်စီက ကြားဖြတ်ခိုးယူ ဖတ်ရှုမှုများ၊ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲမှတ်တမ်းများမှသည် ကမ္ဘာတဝန်းရှိ အမေရိကန် သံရုံးများ၏ ပေးစာများအထိ ဖွင့်ချခဲ့သည်။

ယင်းသို့ ဖွင့်ချမှုကြောင့် အမေရိကန် သံတမန် ဆက်ဆံရေးအပါအဝင် ထိခိုက်မှုများ ရှိခဲ့သည်။ အမေရိကန် သံတမန်များ၏ သက်ဆိုင်ရာ နိုင်ငံများအပေါ် အလွတ်သဘော ပြောဆိုသည့် လျှို့ဝှက် မှတ်ချက်များက အရှက်ရစရာ၊ မျက်နှာပူစရာ၊ ဒေါသထွက်စရာများ ဖြစ်နေခဲ့သည်။

ကုလသမဂ္ဂတွင် သူလျှိုလုပ်ပေးရန် ညွှန်ကြားမှု ပေါက်ကြားသွား၍ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဝေဖန်ခံရသည်။သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) က သံတမန်ရေးရာ စာရွက်စာတမ်းများ ပေါက်ကြားမှုအတွက် ဂျူလီယန် အက်စ်ဆန်းအစား အမေရိကန် အစိုးရကို ပြစ်တင်ဝေဖန်သည်။

အမေရိကန်ရှိ ဘဏ်ကြီးတခု၏ လျှို့ဝှက်စာတမ်းများ ဖွင့်ချမည်ဟု ဆိုသဖြင့် အမေရိကဘဏ်၏ စတော့ရှယ်ယာ ဈေးနှုန်းများ ချက်ချင်း ထိုးကျသွားသည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့သည် အာဆီယံတွင် တရုတ်အတွက် သတင်းပေးလုပ်နေသည်ဟု စင်ကာပူ၏ ပြောကြားချက်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်းတထောင်ဖြင့် ဝယ်ယူရန် စဉ်းစားခဲ့ဖူးသည်ဟူသော ပေါက်ကြားချက်များလည်း ပါဝင်ခဲ့သည်။

ယင်းသို့ အန္တရာယ်များသည့် ပေါက်ကြားနေမှုများ၊ ဆက်လက်ပေါက်ကြားရန် ရှိနေချက်များကြောင့် ဝီကီလိစ်ကို ရပ်တန့်သွားအောင် ကြိုးစားနေခြင်းနှင့် ပတ်သက်၍ ကိုထက်ခိုင်က “ဝီကိလိစ်ဝက်ဘ်ဆိုဒ် ဘယ်တော့ရပ်မလဲ၊ ဒေါင်းသွားမလဲဆိုတာ နည်းပညာအရ တိုက်ခိုက်တဲ့သူရော ခုခံကာကွယ်တဲ့သူရော ဘယ်သူမှ အားသာတာ မရှိဘူး။ ဝီကီလိစ်ဆာဗာက ဆွစ်ဇာလန်မှာ ထိုင်ထားးတယ်။ တကယ်က ဘယ်သူတွေ ဒီဆာဗာ ရပ်သွား၊ ပိတ်သွားအောင် ဖိအားပေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ်” ဟု ဆိုသည်။

မြန်မာပြည်နှင့် သက်ဆိုင်သည့် အချက်အလက်တချို့ ရှိနေကြောင်း သတင်းများ ထွက်လာပြီးနောက် ပြည်တွင်းမှ အင်တာနက်သုံးစွဲသူများကလည်း ကိုယ်ပွားဆိုဒ်များမှတဆင့်ဝင်၍ ဝီကီလိစ်ကို မွှေနှောက် ကြည့်ရှုကြကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဝီကီလိစ် မူရင်းဆိုဒ်ကို ပိတ်ဆို့ထားသော်လည်း ကိုယ်ပွားဆိုဒ်များမှတဆင့် ဝင်ရောက်ကြည့်ရှု၍ ရနေသေးသည်။

မည်သို့ပင်ဖြစ်စေ ဝီကီလိစ်သည် လက်ဝယ်ရှိနေသော လျှို့ဝှက် စာရွက်စာတမ်းများကို ဆက်လက် ဖွင့်ချသွားမည်ဟု တွစ်တာမှတဆင့် ယခုတပတ်အတွင်း ကြေညာထားပြီးဖြစ်သည်။

ဘီဘီစီကမူ ဝီကီလိစ် ပြဿနာသည် အစိုးရများ၏ အမျိုးသား လုံခြုံရေးဆိုင်ရာနှင့် ပြည်သူလူထု၏ သိပိုင်ခွင့်ရှိသည့် ပွင့်လင်းမြင်သာမှု နှစ်ခုတို့၏ ချိန်ခွင်လျှာကို စိန်ခေါ်ချက်ဖြစ်ကြောင်း သုံးသပ်ထားသည်။

ကိုထက်ခိုင်က နည်းပညာနှင့် နိုင်ငံရေး ရှုပ်ထွေးလာမှုကို “ဟက်ကာတွေ၊ အိုင်တီ အက်တီဗစ်တွေက ဟက်ကြတယ်၊ ဝီကီလိစ်ကတဆင့် ဖောက်ချတယ်၊ ဒီအထိက နည်းပညာအပိုင်း။ ပြဿနာမရှိသေးဘူး။ ဒါပေမယ့် သူတို့ဖွင့်ချလိုက်တာမှာ နိုင်ငံရေးနဲ့ နွှယ်နေတယ်။ ဒါဟာ ပြဿနာအသစ်ပဲ။ နည်းပညာနဲ့ နိုင်ငံရေး ရောထွေးသွားပြီ။ ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ လောလောဆယ် နည်းလမ်းမမြင်သေးဘူး” ဟု သုံးသပ်ချက်ပေးသည်။

Sunday, December 19, 2010

ဂေါ်ဖီထုပ်


ဂေါ်ဖီထုပ်Posted by ပုထုစဉ် on November 14, 2010 at 6:09pm
View ပုထုစဉ်'s blog



ဂေါ်ဖီထုပ်ဟာ မြန်မာလူမျိုးများရဲ့ နေ့စဉ်စားသုံးတဲ့ ဟင်းလျာတွေထဲမှာ ရင်းနှီးပြီးဖြစ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုသလိုပဲ ဂေါ်ဖီဟာလည်း ကျန်းမာရေးအတွက် အလွန်အရေးပါလှတဲ့  ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တာ မဆန်းလှပါဘူး။ ဂေါ်ဖီကို အစားအစာတစ်ခုအနေနဲ့သာမက ဆေးဝါးအဖြစ်ပါ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မှီဝဲစားသုံးခဲ့ကြပါတယ်။ ဂေါ်ဖီထုပ်မှာဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင် ဘီအုပ်စုတွေနဲ့ အခြားသော သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကျန်းမာရေး အထောက်အကူပြု အာဟာရဓါတ်တွေ ပါဝင်နေတဲ့ ဂေါ်ဖီထုပ်ကို တကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ဂေါ်ဖီအများဆံုံုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ နဲ့ ရုရှားနိုင်ငံတို့ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ဂေါ်ဖီအလေးချိန်မှာ မက်ထရစ်တန်ချိန်ပေါင်း ၃၆၃၃၅၀၀၀ ထိ ရှိခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှာဆိုရင် Sulforaphaneဆိုတဲ့ ဓါတ်တမျိုးပါဝင်ပါတယ်။ အဆိပ်တောက်ပစ္စည်းတွေကို ဖယ်ရှားပေးတဲ့ အင်ဇိုင်းတွေနဲ့ ဓါတ်တိုးဆန့်ကျင် အင်ဇိုင်းတွေဟာ လူခန္ဓာကိုယ်အတွက် အင်မတန် အရေးပါလှပါတယ်။ အဲဒီ Sulforaphane ဟာ အထက်ပါ အင်ဇိုင်းတွေ ထွက်ရှိစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့် ဂေါ်ဖီစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ရှိ မလိုလားအပ်တဲ့  အဆိပ်တောက်တွေကို ဖယ်ရှားစေနိုင်ပါတယ်။ ဂေါ်ဖီဟာ ဗီတာမင် စီ ကြွယ်ဝတဲ့အစာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါပိုးများအလွယ်တကူဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အနာကျက်မြန်စေတဲ့  အစွမ်းသတ္တိလည်းရှိပါတယ်။ ဂေါ်ဖီဟာ အစာအိမ်အနာရှိသူတွေအတွက်လည်း အလွန် သင့်လျော်တဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့  နှစ်ပေါင်းများစွာ ကတည်းက ဂေါ်ဖီကြိတ်ရည်ကို အစာအိမ်အနာအတွက် အသုံပြုခဲ့ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် အစာအိမ်အနာ ခံစားနေရတဲ့ အကျဉ်းထောင်အချုပ်သားများကို ဂေါ်ဖီဖျော်ရည်နဲ့ ဖန်တီးထားတဲ့ capsule ဆေးဝါးများ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ရာမှာ ရောဂါရှိသူရဲ့ ၉၃ ရာခိုင်နှုန်းဟာ ရက်သတ္တပတ် သုံးပတ်အတွင်း အစာအိမ်အနာ သက်သာပျောက်ကင်းပြီး အနာကျက်မြန်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဂေါ်ဖီဖျော်ရည်ကို တစ်ရက်လျှင် လေးကြိမ်သောက်သုံးပေးခြင်းဟာ အစာအိမ်အနာကို ဆယ်ရက်အတွင်း ပျောက်ကင်း စေနိုင်တယ်လို့ အမေရိကန် တိုင်းရင်းဆေးပညာအဖွဲ့အစည်းရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ Kathi Keville က ဆိုထားပါသေးတယ်။ ဂေါ်ဖီများကို သိမ်းဆည်းမယ်ဆိုရင် လှီးဖြတ်ပြီးသားအနေနဲ့ မသိမ်းဆည်းသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဂေါ်ဖီမှာရှိတဲ့ ဗီတာမင်စီရဲ့ အာနိသင် ပျောက်ပျက်သွားနိုင်စေလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဂေါ်ဖီကို အထုပ်လိုက်အနေနဲ့ သိမ်းဆည်းထားပြီး မိမိတို့ စားသုံးခါနီးမှသာ လှီးဖြတ်ခြင်း ပြုပါ။ ဒါမှသာ ဗီတာမင် စီ အာနိသင်ကို အပြည့်အ၀ ရရှိပြီး အနာကျက်နှုန်းကို မြန်စေနိုင်မှာ ဖြစ်ပါတယ်။ ဗီတာမင်တွေအပြင် ဂေါ်ဖီမှာ ပါဝင်တဲ့ ကလိုရင်းနဲ့ ဆာလဖာဟာ အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ ဆာလဖာဟာဆိုရင်လည်း မှိုရောဂါနဲ့ တခြားသော ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိပါသေးတယ်။ ဒါ့အပြင် ဂေါ်ဖီဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့  အစားအစာတစ်ခုဖြစ်တဲ့ အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးဆိုင်ရာ ရောဂါတွေကို မဖြစ်ပေါ်စေဖို့ အထောက်အကူပြုပါတယ်။ ဂေါ်ဖီဟာ ကင်ဆာဆန့်ကျင်အစားအစာ တမျိုးဖြစ်ပါတယ်။ကင်ဆာကို တိုက်ဖျက်ရာမှာ ဂေါ်ဖီဟာ အလွန်ထိရောက်မှုရှိပါတယ်။ ဗြိတိန်နိုင်ငံ ကင်ဆာသုတေသနရဲ့ အဆိုပြုချက်အရ ဂေါ်ဖီမှာ indole-3- carbinol(I3C) ဆိုတဲ့  ဓါတ်ပေါင်းပစ္စည်းတစ်ခု ပါဝင်ပါတယ်။ အဲဒီ I3Cဓါတ်ပေါင်းဟာ ကင်ဆာဆေးဝါးများနှင့် တွဲဖက်စားသုံးလိုက်မယ်ဆိုရင် ကင်ဆာဆဲလ်များကို သေစေဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။ အမျိုးသမီးများတွင်လည်း I3C ဟာ အီစတိုဂျင်ဟော်မုန်း ဇီဝဖြစ်စဉ်တွင် သက်ရောက်မှုရှိတဲ့အတွက် ရင်သားကင်ဆာဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီ၊ ပန်းမုန်လာ အစရှိတာတွေကို စားပေးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်ပေါ်မှုကို ၄၉ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ စင်ကာပူနိုင်ငံတွင်လည်း လေ့လာချက်စစ်တမ်းအရ ဆေးလိပ်မသောက်သုံးသူတွေမှာ ဂေါ်ဖီကိုပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပေါ်မှုကို ၃၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေမှာတော့ ၆၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဂေါ်ဖီဟာ ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ကျစေနိုင်တဲ့အတွက်လည်း နှလုံးသွေးကြောကျဉ်းရောဂါ အစရှိတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ဖီဟာ ကျန်းမာရေးအတွက် လွန်စွာမှပင် အထောက်အကူပြုပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး သိထားရမှာတစ်ခုကတော့ ဂေါ်ဖီအလွန်အကျွံစားသုံးခြင်းဟာ လည်ပင်းကြီးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီ အများအပြား စားတဲ့အခါမှာ ခန္ဓာကိုယ်ရှိ သိုင်းရွိုက်ဂလင်းမှာ အိုင်အိုဒင်းစုပ်ယူမှုကို နည်းစေတတ်ပါတယ်။ isothiocyanates ဆိုတဲ့  ဓါတ်တမျိုးဟာလည်း သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းတာဝန်ကို လျော့ကျစေနိုင်တဲ့ အတွက် ဂေါ်ဖီဟာ လည်ပင်းကြီး ရောဂါကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂေါ်ဖီစားပြီး လည်ပင်းကြိးရောဂါဖြစ်ပေါ်မှုအတွက် တိကျတဲ့  လေ့လာမှု စစ်တမ်းများတော့ မတွေ့ရှိရသေးပါဘူး။ မည်သို့ပင်ဆိုဆို ဂေါ်ဖီဟာ ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။ ဂေါ်ဖီအလွှာရဲ့ အပြင်ဘက် အစိမ်းရင့် မျက်နှာပြင်ဟာ အတွင်းပိုင်း ဖျောတော့တဲ့  မျက်နှာပြင်ထက် ဗီတာမင် အေ၊ ဗီတာမင် အီး၊ ကယ်လ်စီယမ်နှင့် သံဓါတ် ပိုမိုပါဝင်ပါတယ်။ ဂေါ်ဖီမှာရှိတဲ့ အာဟာရဓါတ်တွေကိုပြည့်စွာ ရရှိစေဖို့အတွက် စနစ်တကျ ချက်ပြုတ်စားသုံးသင့်ပါတယ်။ ဂေါ်ဖီကို ချက်ပြုတ်တဲ့အခါ မီးအားအနည်းငယ်ဖြင့်သာ ချက်သင့်ပါတယ်။ ဗီတာမင် ဘီနှင့် ဗီတာမင်စီ များ ပျက်စီးသွားစေနိုင်တဲ့အတွက် ဂေါ်ဖီကို မီးအားပြင်းပြင်းနဲ့  မချက်ပြုတ်သင့်ပါဘူး။ ဒါ့အပြင် မိမိတို့မစားခင် အချိန်အတော်ကြာကတည်းက ဂေါ်ဖီကို ကြိုတင် ဆေးကြောလှီးဖြတ်မထားသင့်ပါဘူး။ စားသောက်ဖို့  အဆင်သင့်ဖြစ်မှသာ ဆေးကြောလှီးဖြတ်ပြီး လတ်လတ် ဆတ်ဆတ် စားသုံးသင့်ပါတယ်။ ပိုးကိုက်ထားသော ဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ရှိ အကြောမျှင်များ အရောင်ပြောင်းလဲနေပါက မစားသင့်ပါဘူး။ ဂေါ်ဖီထုပ်ကို သိမ်းဆည်းထားတဲ့အခါမှာလည်း ပလပ်စတစ်ဖြင့် သေချာ ဖုံးအုပ်ပြီး ပလပ်စတစ်အိတ်တွင် အပ်ဖြင့် လေအိတ်လေးများဖောက်ကာ စနစ်တကျ သိမ်းဆည်းထားသင့်ပါတယ်။ ဂေါ်ဖီထုပ်ကို အေးမြ ခြောက်သွေ့သော နေရာတွင်ထားပါက ဗီတာမင် စီရဲ့ သက်တမ်းကို ပိုမို ထိန်းသိမ်းထားနိုင်ပါတယ်။ ဂေါ်ဖီဟာ အသားငါးတွေလို ဈေးနှုန်းမကြီးမြင့်ပါဘူး။ ဒါပေမယ့် ၎င်းမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေကတော့ အများကြီးဖြစ်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့  အတိုင်း ဈေးနှုန်း သက်သာပြီး ကျန်းမာရေးအတွက် သင့်လျော် ကောင်းမွန်တဲ့ ဂေါ်ဖီကို အာဟာရရှိစွာ စားသုံးနိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။ အောင်အောင်

ဂေါ်ဖီထုပ်ဟာ မြန်မာလူမျိုးများရဲ့ နေ့စဉ်စားသုံးတဲ့ ဟင်းလျာတွေထဲမှာ ရင်းနှီးပြီးဖြစ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုသလိုပဲ ဂေါ်ဖီဟာလည်း ကျန်းမာရေးအတွက် အလွန်အရေးပါလှတဲ့  ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တာ မဆန်းလှပါဘူး။ ဂေါ်ဖီကို အစားအစာတစ်ခုအနေနဲ့သာမက ဆေးဝါးအဖြစ်ပါ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မှီဝဲစားသုံးခဲ့ကြပါတယ်။ ဂေါ်ဖီထုပ်မှာဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင် ဘီအုပ်စုတွေနဲ့ အခြားသော သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကျန်းမာရေး အထောက်အကူပြု အာဟာရဓါတ်တွေ ပါဝင်နေတဲ့ ဂေါ်ဖီထုပ်ကို တကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ဂေါ်ဖီအများဆံုံုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ နဲ့ ရုရှားနိုင်ငံတို့ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ဂေါ်ဖီအလေးချိန်မှာ မက်ထရစ်တန်ချိန်ပေါင်း ၃၆၃၃၅၀၀၀ ထိ ရှိခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှာဆိုရင် Sulforaphaneဆိုတဲ့ ဓါတ်တမျိုးပါဝင်ပါတယ်။ အဆိပ်တောက်ပစ္စည်းတွေကို ဖယ်ရှားပေးတဲ့ အင်ဇိုင်းတွေနဲ့ ဓါတ်တိုးဆန့်ကျင် အင်ဇိုင်းတွေဟာ လူခန္ဓာကိုယ်အတွက် အင်မတန် အရေးပါလှပါတယ်။ အဲဒီ Sulforaphane ဟာ အထက်ပါ အင်ဇိုင်းတွေ ထွက်ရှိစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့် ဂေါ်ဖီစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ရှိ မလိုလားအပ်တဲ့  အဆိပ်တောက်တွေကို ဖယ်ရှားစေနိုင်ပါတယ်။ ဂေါ်ဖီဟာ ဗီတာမင် စီ ကြွယ်ဝတဲ့အစာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါပိုးများအလွယ်တကူဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အနာကျက်မြန်စေတဲ့  အစွမ်းသတ္တိလည်းရှိပါတယ်။ ဂေါ်ဖီဟာ အစာအိမ်အနာရှိသူတွေအတွက်လည်း အလွန် သင့်လျော်တဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့  နှစ်ပေါင်းများစွာ ကတည်းက ဂေါ်ဖီကြိတ်ရည်ကို အစာအိမ်အနာအတွက် အသုံပြုခဲ့ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် အစာအိမ်အနာ ခံစားနေရတဲ့ အကျဉ်းထောင်အချုပ်သားများကို ဂေါ်ဖီဖျော်ရည်နဲ့ ဖန်တီးထားတဲ့ capsule ဆေးဝါးများ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ရာမှာ ရောဂါရှိသူရဲ့ ၉၃ ရာခိုင်နှုန်းဟာ ရက်သတ္တပတ် သုံးပတ်အတွင်း အစာအိမ်အနာ သက်သာပျောက်ကင်းပြီး အနာကျက်မြန်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဂေါ်ဖီဖျော်ရည်ကို တစ်ရက်လျှင် လေးကြိမ်သောက်သုံးပေးခြင်းဟာ အစာအိမ်အနာကို ဆယ်ရက်အတွင်း ပျောက်ကင်း စေနိုင်တယ်လို့ အမေရိကန် တိုင်းရင်းဆေးပညာအဖွဲ့အစည်းရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ Kathi Keville က ဆိုထားပါသေးတယ်။ ဂေါ်ဖီများကို သိမ်းဆည်းမယ်ဆိုရင် လှီးဖြတ်ပြီးသားအနေနဲ့ မသိမ်းဆည်းသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဂေါ်ဖီမှာရှိတဲ့ ဗီတာမင်စီရဲ့ အာနိသင် ပျောက်ပျက်သွားနိုင်စေလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဂေါ်ဖီကို အထုပ်လိုက်အနေနဲ့ သိမ်းဆည်းထားပြီး မိမိတို့ စားသုံးခါနီးမှသာ လှီးဖြတ်ခြင်း ပြုပါ။ ဒါမှသာ ဗီတာမင် စီ အာနိသင်ကို အပြည့်အ၀ ရရှိပြီး အနာကျက်နှုန်းကို မြန်စေနိုင်မှာ ဖြစ်ပါတယ်။ ဗီတာမင်တွေအပြင် ဂေါ်ဖီမှာ ပါဝင်တဲ့ ကလိုရင်းနဲ့ ဆာလဖာဟာ အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ ဆာလဖာဟာဆိုရင်လည်း မှိုရောဂါနဲ့ တခြားသော ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိပါသေးတယ်။ ဒါ့အပြင် ဂေါ်ဖီဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့  အစားအစာတစ်ခုဖြစ်တဲ့ အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးဆိုင်ရာ ရောဂါတွေကို မဖြစ်ပေါ်စေဖို့ အထောက်အကူပြုပါတယ်။ ဂေါ်ဖီဟာ ကင်ဆာဆန့်ကျင်အစားအစာ တမျိုးဖြစ်ပါတယ်။ကင်ဆာကို တိုက်ဖျက်ရာမှာ ဂေါ်ဖီဟာ အလွန်ထိရောက်မှုရှိပါတယ်။ ဗြိတိန်နိုင်ငံ ကင်ဆာသုတေသနရဲ့ အဆိုပြုချက်အရ ဂေါ်ဖီမှာ indole-3- carbinol(I3C) ဆိုတဲ့  ဓါတ်ပေါင်းပစ္စည်းတစ်ခု ပါဝင်ပါတယ်။ အဲဒီ I3Cဓါတ်ပေါင်းဟာ ကင်ဆာဆေးဝါးများနှင့် တွဲဖက်စားသုံးလိုက်မယ်ဆိုရင် ကင်ဆာဆဲလ်များကို သေစေဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။ အမျိုးသမီးများတွင်လည်း I3C ဟာ အီစတိုဂျင်ဟော်မုန်း ဇီဝဖြစ်စဉ်တွင် သက်ရောက်မှုရှိတဲ့အတွက် ရင်သားကင်ဆာဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီ၊ ပန်းမုန်လာ အစရှိတာတွေကို စားပေးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်ပေါ်မှုကို ၄၉ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ စင်ကာပူနိုင်ငံတွင်လည်း လေ့လာချက်စစ်တမ်းအရ ဆေးလိပ်မသောက်သုံးသူတွေမှာ ဂေါ်ဖီကိုပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပေါ်မှုကို ၃၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေမှာတော့ ၆၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဂေါ်ဖီဟာ ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ကျစေနိုင်တဲ့အတွက်လည်း နှလုံးသွေးကြောကျဉ်းရောဂါ အစရှိတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ဖီဟာ ကျန်းမာရေးအတွက် လွန်စွာမှပင် အထောက်အကူပြုပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး သိထားရမှာတစ်ခုကတော့ ဂေါ်ဖီအလွန်အကျွံစားသုံးခြင်းဟာ လည်ပင်းကြီးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီ အများအပြား စားတဲ့အခါမှာ ခန္ဓာကိုယ်ရှိ သိုင်းရွိုက်ဂလင်းမှာ အိုင်အိုဒင်းစုပ်ယူမှုကို နည်းစေတတ်ပါတယ်။ isothiocyanates ဆိုတဲ့  ဓါတ်တမျိုးဟာလည်း သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းတာဝန်ကို လျော့ကျစေနိုင်တဲ့ အတွက် ဂေါ်ဖီဟာ လည်ပင်းကြီး ရောဂါကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂေါ်ဖီစားပြီး လည်ပင်းကြိးရောဂါဖြစ်ပေါ်မှုအတွက် တိကျတဲ့  လေ့လာမှု စစ်တမ်းများတော့ မတွေ့ရှိရသေးပါဘူး။ မည်သို့ပင်ဆိုဆို ဂေါ်ဖီဟာ ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။ ဂေါ်ဖီအလွှာရဲ့ အပြင်ဘက် အစိမ်းရင့် မျက်နှာပြင်ဟာ အတွင်းပိုင်း ဖျောတော့တဲ့  မျက်နှာပြင်ထက် ဗီတာမင် အေ၊ ဗီတာမင် အီး၊ ကယ်လ်စီယမ်နှင့် သံဓါတ် ပိုမိုပါဝင်ပါတယ်။ ဂေါ်ဖီမှာရှိတဲ့ အာဟာရဓါတ်တွေကိုပြည့်စွာ ရရှိစေဖို့အတွက် စနစ်တကျ ချက်ပြုတ်စားသုံးသင့်ပါတယ်။ ဂေါ်ဖီကို ချက်ပြုတ်တဲ့အခါ မီးအားအနည်းငယ်ဖြင့်သာ ချက်သင့်ပါတယ်။ ဗီတာမင် ဘီနှင့် ဗီတာမင်စီ များ ပျက်စီးသွားစေနိုင်တဲ့အတွက် ဂေါ်ဖီကို မီးအားပြင်းပြင်းနဲ့  မချက်ပြုတ်သင့်ပါဘူး။ ဒါ့အပြင် မိမိတို့မစားခင် အချိန်အတော်ကြာကတည်းက ဂေါ်ဖီကို ကြိုတင် ဆေးကြောလှီးဖြတ်မထားသင့်ပါဘူး။ စားသောက်ဖို့  အဆင်သင့်ဖြစ်မှသာ ဆေးကြောလှီးဖြတ်ပြီး လတ်လတ် ဆတ်ဆတ် စားသုံးသင့်ပါတယ်။ ပိုးကိုက်ထားသော ဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ရှိ အကြောမျှင်များ အရောင်ပြောင်းလဲနေပါက မစားသင့်ပါဘူး။ ဂေါ်ဖီထုပ်ကို သိမ်းဆည်းထားတဲ့အခါမှာလည်း ပလပ်စတစ်ဖြင့် သေချာ ဖုံးအုပ်ပြီး ပလပ်စတစ်အိတ်တွင် အပ်ဖြင့် လေအိတ်လေးများဖောက်ကာ စနစ်တကျ သိမ်းဆည်းထားသင့်ပါတယ်။ ဂေါ်ဖီထုပ်ကို အေးမြ ခြောက်သွေ့သော နေရာတွင်ထားပါက ဗီတာမင် စီရဲ့ သက်တမ်းကို ပိုမို ထိန်းသိမ်းထားနိုင်ပါတယ်။ ဂေါ်ဖီဟာ အသားငါးတွေလို ဈေးနှုန်းမကြီးမြင့်ပါဘူး။ ဒါပေမယ့် ၎င်းမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေကတော့ အများကြီးဖြစ်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့  အတိုင်း ဈေးနှုန်း သက်သာပြီး ကျန်းမာရေးအတွက် သင့်လျော် ကောင်းမွန်တဲ့ ဂေါ်ဖီကို အာဟာရရှိစွာ စားသုံးနိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။ အောင်အောင်

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!