Popular Posts!

Wednesday, September 25, 2013

“NLD က ဒုတိယကနေ တတိယဖြစ်သွားနိုင်တယ် အနည်းဆုံး နေရာတော့ရွေ့သွားနိုင်တယ်"



“NLD က ဒုတိယကနေ တတိယဖြစ်သွားနိုင်တယ် အနည်းဆုံး နေရာတော့ရွေ့သွားနိုင်တယ်"

September 4, 2013 at 11:54am

စက်တင်ဘာလ ၂ရက်နေ့ ထုတ် The Street View ဂျာနယ် ပါ တွေ့ဆုံမေးမြန်းချက်

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နှင့်တွေ့ဆုံခြင်း


မင်းသူ


လတ်တလော ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းများ၊ ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ကြုံတွေ့နေရသော ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဧ။် သုံးသပ်မှုအမြင်များအား တွေ့ဆုံမေးမြန်းထားသည်ကို ဖေါ်ပြလိုက်ပါသည်။


မေး။     ။အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း နဲ့ပတ်သက်ပြီး ဘဘ အနေနဲ့ သုံးသပ်ကြည့်ပေးစေချင်ပါတယ်။ နောက် လွှတ်တော်နဲ့ အစိုးရကြားမှာ အားပြိုင်မှုတွေ ဘယ်လိုများ မြင်မိလဲ ဆိုတာလေး ပြောပြပေးပါစေချင်ပါတယ်။


 ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကွဲလွဲမှု စိုးရိမ်ရန်မလို

ဖြေ။     ။  အခု လွှတ်တော်နဲ့အစိုးရ အငြင်းပွားကြတယ် မတူညီမှုတွေရှိကြတယ်လို့ ပြောကြတယ်။
ပြောရရင် လွှတ်တော်နဲ့ အစိုးရဆိုတာ ကြောင်းတူ သံကွဲပေါ့ အကြောင်းအရာတွေ တူကြတယ် အသံတွေကွဲကြတယ်
ဒါဟာ သဘောတရားပဲ ဒါ ဒီမိုကရေစီထုံးစံပဲ   ဒီမိုကရေစီနိုင်ငံရဲ့ ကျင့်စဉ်ပဲ ဘာလို့လည်းဆိုတော့ တစ်ပါတီတည်း
ဖြစ်တဲ့ အစိုးရဖြစ်တယ်ထားဦးတော့ တစ်သံတည်းတော့မညီနိုင်ဘူး ဒီမိုကရေစီဆိုပြီးတော့လုပ်မယ်ဆိုရင်
အာဏာရပါတီရှိမယ် အဏာရ ပါတီဆိုတာ အစိုးရနဲ့  အာဏာရတဲ့ လွှတ်တော်ရှိမယ်
နောက်ပြီးတော့ တတ်နိုင်သမျှ တွဲလုပ်မယ်ပေါ့ သို့သော် တစ်ချိန်ထဲမှာပဲ လွှတ်တော်ထဲမှာ အာဏာမရတဲ့ ပါတီတွေလည်း ရှိနိုင်တယ် အာဏာမရတဲ့ ပါတီဆိုတာ တစ်ခုတည်းမဟုတ်ဘူး အများကြီးရှိနိုင်တယ် အဲ့ဒီအထဲမှာ လွှတ်တော်လို ပြည်သူလူထုက ရွေးခြယ်တင်မြှောက်တဲ့လူတွေ နောက်တစ်ခုက သူတို့ယ်တိုင်လည်း
ကိုယ်ပိုင်ယူဆချက်တွေ ကိုယ်ပိုင်လေ့လာချက်တွေ ကိုယ်ပိုင်ပေါ်လစီရှိတဲ့ သူတွေ နဲ့ ဒါတွေဟာ အနည်းဆုံး အတွေးအခေါ်အယူအဆများရဲ့ တွန်းတိုက်မှုတွေ ထိပ်တိုက်တွေ့မှုတွေက ရှိလာနိုင်တာပဲ

                        လွှတ်တော်က ပြည်သူနဲ့ ပိုထိတွေ့

အခု ဒီနေ့ဒီနေ့ဖြစ်ပေါ်နေတဲ့ လွှတ်တော်တွင်းအနေနဲ့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့ လွှတ်တော်
ဒီလွှတ်တော်ရဲ့ အင်အားစုတွေနဲ့ (လွှတ်တော်ထဲမှာ ရှိတဲ့ အင်အားစုဆိုတာကလည်း
အများစုကတော့ တပ်မတော်ရယ် ကြံခိုင်ရေးရယ်ပေါ့ နောက် တတိယအကြီးဆုံးပဲခေါ်ခေါ် ဒုတိယအကြီးဆုံးပဲ ခေါ်ခေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရှိတယ်( ဒါပေမယ့်လည်း မဖြစ်စလောက်ပဲရှိတာပါ။) အဲ့တော့ ဒီလိုအင်အားတွေကြားထဲမှာ ထုံစံအတိုင်းပဲ မတူညီမှုတွေ နဲ့ ကွဲပြားကြတယ်
ပြောကြ ဆိုကြရှိတယ်ဆိုတာ သဘာဝကျပါတယ်။ အထူးသဖြင့် ပေါ်လစီပိုင်းနဲ့ ပတ်သက်လို့ ဘယ်လိုရပ်တည်တယ်ဆိုတဲ့နေရာမှာလည်း တစ်ဖက်ကပြောရင် လွှတ်တော်ဆိုတဲ့ အင်အားစုက
ပြည်သူနဲ့ ပိုနီးစပ်တယ် ပြည်သူကို ပိုပြီး ကိုယ်စားပြုတယ် ပြည်သူနဲ့ ထိတွေ့နေရတယ် အစိုးရဆိုတာကတော့
တစ်နိုင်ငံလုံးကို တာဝန်ယူနေရပေမယ့် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့မှု အားနည်းတယ် အောက်ခြေအဆင့်ဆင့် သူ့လူတွေနဲ့ ပြောဆိုတာတွေပဲရှိတယ် တိုက်ရိုက်ထိတွေ့မှုက နည်းတယ်။ဆိုတဲ့အခါကြတော့ လွှတ်တော်ထဲမှာ အာဏာရပါတီဖြစ်တဲ့ ကြံခိုင်ရေးနဲ့ ဦးသိန်းစိန် အစိုးရကြားထဲမှာ မညီမျှမှုတွေ သံတူကြောင်းကွဲတွေ ပေါ်တယ်ဆိုတာ သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်။ ဒါအတွက် ကျန်တော်သိပ်ပြီး မဆိုးရိမ်ပါဘူး ဒါဖြင့် မစိုးရိမ်ရဘူးဆိုတော့။ ဒီလိုမျိုး ကွဲပြားမှုတွေ တကယ်ရှိလာရင်ရော စိုးရိမ်စရာရှိလားဆိုတော့ မရှိပါဘူး နိုင်ငံရေးပါတီတွေဆိုတာက လုပ်ရင် အတူတွဲလုပ်မယ် မလုပ်ရင် ကွဲကြမယ် ဒါ ကျွန်တော်တို့ တိုင်းပြည်မှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။
ကျွန်တော်က သိပ်မဆန်းဘူးလို့ မြင်တယ်။ မတူညီလို့ ကွဲတယ်ဆိုလည်း ကွဲနေတဲ့  အယူအဆတွေ
ထိပ်တိုက်တွေ့လည်းဆိုလည်း သဘာဝကျပါတယ်။ ကျွန်တော်တို့ ၀င်ပြီးတော့ အားပေးအားမြှောက်ပြူချင်တယ် ၀င်ပြီးတော့ သွေးခွဲချင်တယ်မျိုးလည်း ဘာမှ မရှိပါဘူး။ အဓိတော့  သူတို့ပင်ကိုယ် မူဝါဒ ရပ်တည်ချက်
ဦးတည်ချက်တွေ အပေါ်မှာ မူတည်ပါတယ်။ နောက်တစ်ခုက တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ လည်း
မူတည်တယ် ပကတိအခြေအနေကောင်းရင် သူတို့ ဘာမှ သဘောထား ကွဲစရာအကြောင်းမရှိဘူးပေါ့ တိုင်းပြည် အခြေအနေမကောင်းရင် သူတို့ဘယ်လောက်ပဲ ညီညီညွတ်ညွတ်သွားသွား ကွဲတာပဲ အခြေအနေက မပေးတော့ဘူး။
အဲ့တော့ ကွဲတာ မတူညီတာတွေ တကယ်ရှိနေရင်လည်း ကျွန်တော်တော့ မစိုးရိမ်ဘူး။
မေး ။      ။ကွဲပြားမှုတွေ ဒါမှမဟုတ်အားပြိုင်မှုတွေ ကရော ဘယ်လိုမျိုးရှိနေနိုင်မလဲ ခင်မျ

                     ဟန်ဆောင်အားပြိုင်မှုလား တကယ်အားပြိုင်မှုလား

ဖြေ။    ။ နောက်တစ်မျိုး ပြောလို့ရတာက တကယ်ရှိနေတာမဟုတ်ဘဲ ဟန်ဆောင်ကွဲပြတာမျိုးကလည်း
နိုင်ငံရေးမှာရှိတယ်။ အခုဒါနဲ့ပတ်သက်လို့ သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ အကဲဖြတ်ဖို့ အခြေအနေတွေရှိတယ်။
အခုဖြစ်နေတဲ့ တစ်ပါတီတည်းက လူတွေပဲပြောပြော  လွှတ်တော်အနဲ့ အစိုးရဖွဲ့ ဒါမှမဟုတ်
အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင် ကြားထဲမှာ တစ်ပါတီတည်းက အင်းအားစုတွေ မညီမှုတွေရှိနေတယ်
သို့မဟုတ် ယှဉ်ပြိုင်မှုတွေ အားပြိုင်မှုတွေ ရှိနေတယ်လို့ ပြောတာနဲ့ ပတ်သက်ပြီးတော့ နှစ်မျိုးစဉ်းစားလို့ရတယ်
တကယ်ရှိတာလား ဟန်ဆောင်ရှိတာလား တကယ်ရှိတာနဲ့ပတ်သက်ပြီး ခုနပြောခဲ့ပြီ သဘာဝကျတယ်။
တစ်ဖက်ကနေ စိုးရိမ်စရာကောင်းတာက ဒါအတုအရောင်လုပ်ပြနေတာလား ဟန်ရေးပြနေတာလား
ဘာဖြစ်လို့လည်း ဆိုတော့ လွှတ်တော်ထဲမှာ အင်အားစုတွေ ရှိနေတယ်။တပ်မတော်လည်းရှိနေတယ။
သို့သော် NLD လည်းရှိနေတယ် NLDက သေးငယ်တယ် အင်အားစုပေါ့ NLD ၆ ရာခိုင်နူန်းပဲ ရှိတယ် သို့သော် ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂိုလ်ရေးသြဇာလည်းရှိတယ် ဒေါ်အောင်စုကြည်ကို ထောက်ခံနေတဲ့ လူထုအင်အားလည်းရှိတယ်။ တိုင်းပြည်မှာ ကြားဖြတ်ရွေးကောက်ပွဲလို လစ်လပ်တဲ့နေရာလေး လေးဆယ်မှာ ရွေးကောက်ပွဲဝင်ရလို့သာ ဒေါ်အောင်ဆန်းစုကြည်က နည်းသွားတာ။
ဆိုတော့ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားက လွှတ်တော်ထဲမှာ နည်းတယ်ဆိုပေမယ့်
သူ့ရဲ့ ပုဂိုလ်ရေး သြဇာ နောက် လွှတ်တော်ထဲမှာ သူရဲ့ လုပ်ငန်းကိုင်ငန်းတွေ ဦးဆောင်နိုင်မှုပေါ့
ကော်မတီဥက္ကဌ တာဝန်တွေ လုပ်ပြနိုင်တာတွေ ရှိတော့ ဒေါ်အောင်ဆန်းစုကြည်က အင်အားကြီးတစ်ခုဖြစ်နေတယ်။ အင်အားကြီးတစ်ခုဖြစ်နေတဲ့အခါ၊ ဒီအထဲမှာပဲ ထပ်ပြီးတော့ ကျွန်မ သမ္မတလုပ်ချင်တယ် ပြောတယ်။
ဒီလိုပဲ ဦရွှေမန်းကလည်း သမ္မတလုပ်မယ်ပြောတယ် ဦးသိန်းစိန်ကလည်း သူလည်း ဆက်လုပ်မယ်ပြောတယ်
အဲ့တော့ အင်အားက သုံးခုဖြစ်သွားတယ်။
ဦးရွှေမန်းနဲ့ ဦးသိန်းစိန်ကတော့ ကြံခိုင်ရေးပေါ့ ။ကြံခိုင်ရေးအနေနဲ့တော့ တကယ်လုပ်တာလားဆိုတာ မသိဘူး တကယ်လုပ်ရင်လည်း သူတို့ပါတီက ဖြေရှင်းလိမ့်မယ်   ကြည့်လိုက်ရင် သမ္မတလုပ်ချင်တဲ့ အင်အားက သုံးခု မှာ အားပြိုင်မှုတွေဖြစ်လာတယ်။ အားပြိုင်တဲ့နေရာမှာလည်း နိုင်ငံရေးသဘောအရ တစ်ခါတစ်လေကြ
အားနည်းတာ အားသာတာ ရှိတာတွေကို အားလုံး ထုတ်မပြရဘူး ။
အဲ့လိုဆိုရင် လွှတ်တော်ထဲမှာ ကွဲပြားမှုတွေရှိတယ်ဆိုတဲ့ ပုံစံပေါ်တာဟာ တကယ်လား
အတုရောင်လား လုပ်ပြနေတာလားဆိုတာ စဉ်းစားစရာရှိတယ်။


                   စိုးရိမ်စရာ အခြေအနေ

အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နားလည်ဖို့က နိုင်ငံရေးလောကမှာ ဒီလိုကွဲပြားမှုရှိလာပြီဆိုရင်
အင်အားစုကြီးတစ်ခုထဲက ကွဲပြားမှုနဲ့ ဒုတိယလိုက်နေတဲ့ လူရဲ့ အနေအထားဟာ တော်တော်ကို
စိုးရိမ်စရာကောင်းတဲ့ အနေအထား သတိထားကြည့်စရာကောင်းတဲ့ အနေအထားဆိုတာ
ကမ္ဘာ့နိုင်ငံရေး ကမ္ဘာ့စီးပွားရေးမှာ ရှိတယ်။
ဆိုပါတော့ ဥပမာ ကိုကာကိုလာနဲ့ ပက်စီကိုလာ ကမ္ဘာကျော် ကုမ္မဏီ နှစ်ခု မှာ
ကိုကာကိုလာက ထိပ်က နံပါတ်ဝမ်း ပက်စီကိုလာက နံပါတ်တူး လိုက်လာတယ်။ ၁၉၆၀ ကျော်လာက်မှာ
ကိုကာကိုလာက ဘာလုပ်လာလည်းဆိုတော့ တမင်သူ့ကို ခွဲပြလိုက်တယ်
"ကိုကာကိုလာ"ဆိုတာ တစ်ခု နောက် "Coke" ဆိုပြီး တစ်မျိုး ၂ခု ခွဲပြလိုက်တယ် ခွဲပြလိုက်တဲ့အခါကြတော့
လူတွေကြားထဲမှာ "Coke "က ပိုကောင်းတယ် Coke က မော်ဒန်ပေါ့ ။
ကိုကာကိုလာက ရှေ့ရိုးအတိုင်းလုပ်တာ မကောင်းဘူး ဆိုပြီးဖြစ်လာတယ်။ အဲ့လို နှစ်ခုပြိုင်တဲ့အချိန်မှာ
ပက်စီကိုလာက ဒုတိယလိုက်နေတုန်းပဲ ဒါပေမယ့် နှစ်ခုလုံး ခြေကုပ်ရပြီဆိုတာ သိလည်းသိရော
ကိုကာကိုလာ သူ့ရဲ ထုတ်ကုန်တစ်ခုကို အနိုင်ပေးလိုက်တယ် ။ အဲ့တော့ "Coke" က ပထမဖြစ်ပြီး
ကိုကာကိုလာက ဒုတိယဖြစ်သွားတယ် နေရင်းထိုင်ရင်း ပက်စီက တတိယဖြစ်သွားတယ်။
ဒါက နည်းဗျူဟာတွေပေါ့။ အလားတူပဲ အန္ဒိယမှာလည်း နိုင်ငံရေးအရ အားပြိုင်မှုတွေဖြစ်ခဲ့တုန်းက
လုပ်ဖူးတာတွေရှိတယ် ဗမာပြည်မှာလည်းဖြစ်ခဲ့ဖူးတဲ့ သမိုင်းတွေရှိတယ် စစ်တပ်ကို ဦးနုက အာဏာလွှဲပြောင်းပေးတယ် ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပေးပါ ဆိုပြီးတော့ပေါ့
ဒါပေမယ့် မလုပ်နိုင်ဘူး နောက်ခြောက်လ ထပ်စောင့်ရတယ်။ ၁၉၅၈ မှာ အာဏာသိမ်းပြီးတော့
၁၉၆၀ လောက်မှာ ရွေးကောက်ပွဲ လုပ်ရတယ် ရွေးကောက်ပွဲလည်း လုပ်ရော အင်အားစုက ဖဆပလထဲမှာ ကွဲသွားတဲ့ နိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်သွားတယ် သန့်ရှင်းနဲ့တည်မြဲပေါ့ အရင်တုန်းက
ဖဆပလ အောက်မှာ ပမညတ ဆိုတဲ့ လက်ဝဲသမားတွေ သခင်ချစ်မောင်တို့ ဦးဆောင်တဲ့ ပါတီတစ်ခုရှိတယ်
ဒုတိယပါတီပေါ့ ဗမာပြည်နိုင်ငံရေးမှာ ဖဆပလနဲ့ ပမညတ ဆိုတာ ရှိတယ်။
အဲ့ဒီမှာ ဖဆပလက နှစ်ခြမ်းကွဲပြီးတော့ အိမ်စောင့်အစိုးရကို အာဏာလွှဲပြောင်းပေးပြီး ရွေးကောက်ပွဲတကယ်လုပ်မယ့်အချိန်လည်းကြရော
ပမညတက နေရင်းထိုင်ရင်း တတိယပါတီဖြစ်သွားတယ်။ ၁၉၆၀ ရွေးကောက်ပွဲလည်း လုပ်တဲ့အခါမှာ
ဦးနုပါတီ သန့်ရှင်းက အများစုနိုင်တယ် ဦးကျော်ငြိမ်းတို့ ဦးဘဆွေတို့ တည်မြဲက သုံးလေးဆယ်လောက်ရတယ်။
အရင်က ဒုတိယ အားကောင်နေတဲ့ ပါတီက တစ်ယောက်မှ မရတော့ဘူး။


NLD နဲ့ နိုင်ငံရေးအခြေအနေ

 ကျွန်တော်တို့ စိုးရိမ်တာက ဘာလဲ ဆိုတော့ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးထဲမှာပဲ အစိုးရနဲ့ ကွဲ နေတာခေါ်ခေါ်
အားပြိုင်တာခေါ်ခါ် အဲ့ဒါရှိနေတာက အကယ်၍ ဟန်ဆောင် လုပ်နေတာလည်းရှိမယ်
သူတို့မှာ အစီစဉ်လည်းရှိနေမယ်ဆိုရင် စိုးရိမ်စရာရှိတယ်။ အခု ဦးသိန်းစိန်က သမ္မတဖြစ်တော့
ပါတီဥက္ကဌလုပ်လို့မရဘူး အဲ့တော့ ဦးရွှေမန်းက ဥက္ကဌဖြစ်သွားတယ် ဦးရွှေမန်း ဥက္ကဌဖြစ်သွားပေမယ့်
ပါတီထဲမှာ  အားလုံး ညီနေတယ်လို့ မမြင်မိဘူး။ ဦးရွှေမန်းက ပါတီဥက္ကဌဖြစ်လာတယ်ဆိုပေမယ့် အားကုန်လုံးကို ခြေကုပ်ယူထားနိုင်တယ်လို့ မမြင်မိဘူး ဦးသိန်းစိန်က ဖွဲ့စည်းပုံအရ ပါတီထဲမှာ မလုပ်ပါဘူး
ပြောသော်လည်း သူရဲ့ သြဇာက ပါတီထဲမှာ ကျန်နေတုန်းပဲ အဲ့ဒီမှာ သမ္မတကို ဘယ်သူ့ကိုရွေးမလဲဆိုတာ ဆုံးဖြတ်တာတွေ နောက်ပါတီရဲ့ မူဝါဒတွေမှာ ဥပမာ NLD နဲ့ ပတ်သက်ရင် ဘယ်လို သဘောထားမလဲဆိုတာမျိုးပေါ့ ဦးရွှေမန်းကဆိုရင် NLD နဲ့ တွဲပြီး ညွှန့်ပေါင်းအစိုးရ တွဲလုပ်မယ်ပြောတယ်။
ဒါပေမယ့် ဦးသိန်းစိန်ကတော့မပြောသေးဘူး။ ဦးသိန်းစိန်က ဘာလုပ်လည်းဆိုရင် အထွေထွေပစ်ခတ်ရပ်စဲတွေအတွက် အောက်တိုဘာမှာ လက်မှတ်ထိုးပွဲကြီးတွေ ဘာတွေ လုပ်ဖို့ ကြိုးစားတယ် အဲ့ဒါတွေနဲ့ နိုဗယ်ဆုတို့ဘာတို့ ရဖို့အတွက် နော်မစ်တေးရှင်း လုပ်တဲ့ ပုံစံတွေလည်းရှိတယ်။
အဲ့လို အများကြီး ကစားနေနိုင်တယ်။ ကစားတဲ့နေရာမှာလည်း သူတို့ အင်အားတွေ အများကြီး သုံးနိုင်တယ်
ကာနိုင်တယ် ရန်နိုင်တယ်ဆိုရင် NLD ဟာ အခု လွှတ်တော်ထဲမှာဒုတိယ နေရာကနေ (အင်အားအရမဟုတ်ပေမယ့် လူထုရဲ့ ထောက်ခံမှု ကမ္ဘာရဲ့ထောက်ခံမှု တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေအရ NLD က ဒုတိယပဲ )
အဲ့လိုအခြေအနေမှာ သူတို့နှစ်ယောက်က ကွဲပြရင် NLD က ဒုတိယကနေ တတိယဖြစ်သွားနိုင်တယ် အနည်းဆုံး နေရာတော့ရွေ့သွားနိုင်တယ်။ သူတို့ နှစ်ဦး ကွဲသွားလို့ တတိယဖြစ်သွားတာမဟုတ်ဘဲနဲ့
အနေအထားကိုက တတိယပဲ ဖြစ်သွားတာမျိုးပေါ့။
သိန်းဖေမြင့်ရဲ့ ၀တ္တုခေါင်းစဉ်လိုပေါ့ တတိယတန်းမှာ တစ်နေရာဆိုတာ၊
NLD ဟာ တတိယတန်းမှာ တစ်နေရာ ဖြစ်သွားနိုင်တာပေါ့။
အဲ့ဒီမှာ ကျွန်တော်ကောက်ချက်ချပြီး ပြောနိုင်တာက ဒီလို အားပြိုင်မှုတွေဟာ ဓမ္မတာပဲ။

မေး။    ။ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာက အချိန်က သိပ်မကျန်တော့ဘူး ဒီကြားထဲမှာ တစ်ခြား ပြဿနာတွေလည်း ဖြေရှင်းနေရတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက ဘယ်လိုဖြစ်လာနိုင်ချေရှိလဲပေါ့ NLD ကိုယ်စားလှယ်တွေ လုပ်ဆောင်မှုအပိုင်းရော တစ်ခြားတစ်ဖက်က လုပ်ဆောင်မှု အပိုင်းတွေကိုရော ဘယ်လိုမြင်မိလဲခင်မျ

ဖြေ။   ။အဲ့ဒါတွေပြောရင်တော့ အရှည်ကြီးပေါ့ ဒီအခြေခံဥပဒေကို အစကတည်းက လက်မခံခဲ့ဘူး ။ စစ်မှန်တဲ့ အခြေခံဥပဒေရေးဆွဲရေးဆိုတာကို ၉၈ ဖေဖါဝါရီလ မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၉ မှာ ပြောထားပြီးသား
အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီအခြေခံဥပဒေနဲ့ပတ်သက်ပြီး လက်မခံဘူး ဒီမိုကရေစီအခြေခံဥပဒေလို့လည်း မယူဆဘူး  ပြည်သူပြည်သားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ
အားလုံးပါဝင်လာနိုင်တဲ့ လမ်းမရှိဘူးလို့ သတ်မှတ်ပြီးသား။


                    ပြင်ဝင်မှ ၀င်ပြင်
၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော်ပါတီက အနိုင်ရပေမယ့် အဏာလွှဲပြောင်းမပေးဘူး ။
လွှဲမပေးဘဲ အမျိုးသားညီလာခံ ထဲကို ဆွဲခေါ်တယ် အဲ့ဒီမှာ ကျွန်တော်တို့က အနည်းစု
သူတို့က အများစုဖြစ်ပြီး သူတို့လုပ်ချင်တာတွေကို လုပ်တယ် အဲ့တော့ ၁၉၉၅ လောက်မှာ
ကျွန်တော်တို့ အမျိုးသားညီလာခံကနေ ထွက်လိုက်တယ် အဲ့ဒီချိန်ကနေ စပြီးတော့
ကျွန်တော်တို့က နိုင်ငံရေး ပင်မရေစီးထဲမှာ မရှိတော့ဘူး သို့သော် ကျွန်တော်တို့ ရပ်တည်တာက
တိုင်းပြည်မှာ ဒီမိုကရေစီကို အခြေခံဥပဒေတစ်ခု လိုတယ်ဆိုတဲ့အရာကနေ ရပ်တည်ခဲ့တယ်။
အဲ့ဒီကနေ လာခဲ့တာ သူတို့က ဒီအခြေခံဥပဒေကို အတည်ပြုလိုက်တယ် ကျွန်တော်တို့က လက်မခံဘူး။

ကျွန်တော်တို့ဟာ တစ်ချိန်လုံး ဒီမိုကရေစီ အခြေခံဥပဒေအတွက် ရပ်တည်ခဲ့တယ်။
၂၀၀၉ ၂၀၁၀ တုန်းက ကျွန်တော်တို့ ရပ်တည်ခဲ့တာက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ရင်ဝင်မယ်ဆိုပြီး ရပ်တည်ခဲ့တယ်။ ပြင် ၀င် ပေါ့။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး
ဦးအောင်ကြည်တို့ နဲ့တွေ့တယ် ဦးသိန်းစိန်နဲ့တွေ့ပြီး ဆွေးနွေးတယ် သူတို့ဘက်က လျှော့ပေးတာတွေလည်း
အများကြီးရှိတယ်။ အဲ့ဒီအခါကြတော့ ဒေါ်အောင်ဆန်းစု ဆုံးဖြတ်တာက ဘာပဲပြောပြော
ရွေးကောက်ပွဲဝင်မယ် ပါတီကို မှတ်ပုံတင်မယ်။ အရင်တုန်းက ကျွန်တော်တို့ပါတီကို မှတ်ပုံမတင်ခဲ့ဘူး
ရှင်းရှင်းပြောရရင် တရားမ၀င်ခဲ့ဘူး မတရားအသင်းအဖြစ် ရပ်တည်ခဲ့ရတာ အဲ့ဒီအချိန်မှာ ပါတီဗဟိုကော်မတီအစည်းအဝေးကနေ ရွေးကောက်ပွဲဝင်မယ် ပါတီမှတ်ပုံတင်မယ်။ အဲ့တော့ ၂၀၁၀ မတ်လ ဆုံးဖြတ်ခဲ့တဲ့ ပြင်ဝင်အစား ၂၀၁၁ ခုနှစ်နိုဝင်ဘာလ ၁၈ ရက်နေ့မှာလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးအရ ၀င်ပြင်ဖြစ်သွားတယ် ရွေးကောက်ပွဲဝင်မယ် ပြီးတော့မှ လွှတ်တော်အတွင်းမှာ ပြင်မယ် ။


            ဖွဲ့စည်းပုံ NLD သီသန့်ပြင်ဖို့ထက် ပြင်နိုင်သူတွေကို တွန်းအားပေး

ကျွန်တော်တို့ လွှတ်တော်ထဲကို ၀င်တဲ့နေရာမှာ နိုင်ငံရေး လုပ်ငန်းစဉ်သုံးခုရှိတယ်
တရားဥပဒစိုမိုးရေး ပြည်တွင်းငြိမ်းချမ်းရေး ဖွဲ့စည်းပုံပြင်ရေး ဒါဟာ ကျွန်တော် အကောင်အထည်ဖေါ်လို့မရသေးဘူး
ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုစဉ်းစားလည်းဆိုတော့ ကျွန်တော်တို့က လွှတ်တော်ထဲမှာ
အင်အားအရမ်းနည်းတယ် အဲ့တော့ ပြင်ရေးကို အားပေးမယ် ပြင်ရေးကို တွန်းမယ်
ပြင်တဲ့လူတွေကို ထောက်ခံမယ်ဆိုတဲ့ပုံစံနဲ့ တွန်းတယ်။ ငါတို့ကိုယ်တိုင်ပြင်မယ်ကွာဆိုတဲ့ စိတ်နဲ့
လက်သီးလက်မောင်းတန်းပြီး လုပ်လို့မရဘူး လွှတ်တော်ထဲမှာ ကျွန်တော်တို့က ခြောက်ရာ ခိုင်နူန်းပဲရှိတယ်။
အဲ့လို တွန်းနေတဲ့အချိန်မှာပဲ တိုင်းရင်းသားတွေကြားထဲမှာလည်း ဖက်ဒရယ် အခြေခံဥပဒေပြင်ရေးဆိုတာ
တက်လာတယ် လူထုထဲမှာလည်း ပြင်ရေးဆိုတာ တက်လာတယ် ကမ္ဘာကလည်း ပြင်ဖို့ထောက်ခံလာတယ်ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အားတွေလည်း
ပါလာတဲ့အခါကြတော့ ဒီအစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးဆိုတာဖြစ်လာတယ်။
အခုလွှတ်တော်ခေါ်လာတာ လပေါင်းသုံးဆယ် ကျော်လာတဲ့အခါ ဖွဲ့စည်းပုံပြင်ရေးဆိုတာတွေ တက်လာတယ်။
ဒါကို မလုပ်ရင် သူတို့ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့မယ် နိုင်ငံရေးအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့မယ် အဲ့ဒီအခါကြတော့ ပြင်ဖို့အတွက် လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့လိုက်တယ်။


    လေ့လာသုံးသပ်ရေးကော်မတီ အင်အားဖြင့်ဖွဲ့

အခြေခံဥပဒေပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့တာကို ကြည့်ရင် သူတို့က အင်အားနဲ့ဖွဲ့တာကိုတွေ့ရတယ်။ ဖွဲ့စည်းပုံကို ပြင်ဖို့ ဥပဒေကျွမ်းကျင်သူတွေ ဒါကိုရေးဆွဲတုန်းက ပါတဲ့လူတွေ နိုင်ငံရေးအင်အားစုတွေ နဲ့ ဖွဲ့တာမဟုတ်ဘဲ တပ်မတော်က ဘယ်နှစ်ယောက် ကြံခိုင်ရေးက ဘယ်နှစ်ယောက် NLD က ဘယ်နှစ်ယောက် ဆိုပြီး အင်အားနဲ့ဖွဲ့တာကိုတွေ့ရတယ်။၁၀၉ ဦးမှာ ကြံခိုင်ရေးနဲ့ တပ်မတော်က ၇၂ ကျန်တဲ့ လူက သုံးဆယ်ကျော်လေးပေါ့
အဲ့တော့ စဉ်းစားကြည့် သုံးပုံ တစ်ပုံ အားဖြစ်နေတယ်။ အဲ့လိုဆိုရင် ဒီကော်မတီရဲ့ လုပ်ငန်းတွေ
ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်တဲ့အခါမှာ အားနဲ့ လုပ်လို့ရသလိုဖြစ်နေတယ်။
ကျွန်တော်တို့ကတော့ အနှစ်သာရနဲ့စဉ်းစားတယ် ဒီအခြေခံဥပဒေက တိုင်းပြည်အတွက် အကျိုးမဖြစ်နိုင်ဘူး ဒီမိုကရေစီစံနူန်းနဲ့မညီဘူး ။ အဲ့တော့ အခြေခံဥပဒေပြင်ရေးမှာ တိုင်းရင်းသားတွေရော
ပြည်သူတွေရောလိုချင်တဲ့ အသံက ဖက်ဒရယ်။ ဖက်ဒရယ်ဆိုရင် ဒီအခြေခံဥပဒေကို ပြင်ကိုပြင်ရတော့မယ်။
ဒါပေမယ့် ထားလိုက်ဦး ဖက်ဒရယ်ကို လျှော့ချပြီးတော့ တိုင်းရင်းသားတွေရော ပြည်သူလူထုရော
လိုချင်တဲ့ ဒီမိုကရေစီစံနူန်းတွေနဲ့ ညီတဲ့ အဆင့်ကိုလည်း ဒီအခြေခံဥပဒေက မဖြစ်နိုင်ဘူး ။
အဲ့တော့ ဒါကို ပြင်ဖို့ တိုက်တွန်းရမယ်။
ပြင်တယ်ဆိုတဲ့နေရာမှာလည်း လွှတ်တော်အတွင်းကလား လွှတ်တော်ပြင်ပကလားဆိုတာ ရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် လွှတ်တော်အတွင်းက လုပ်နေတယ်။ ကျွန်တော်တို့က လွှတ်တော်ပြင်ပကနေလုပ်ချင်တယ်။ UNFC လို့အဖွဲ့အစည်းမျိုးဆိုရင်လည်း လွှတ်တော်ပြင်ပကနေ သွားချင်တယ်။ နိုင်ငံရေးအင်အားစုတွေကလည်း လွှတ်တော်အတွင်းက သွားချင်တာတွေရှိတယ်။
ကျွန်တော်အနေနဲ့ ပြောရင်တော့ သုံးသပ်ဖို့တောင်မလိုဘူး ဒီအခြေခံဥပဒေက ပြင်ကိုပြင်ရမှာ။
ဒါပေမယ့် ပါတီရဲ့ လိုင်းအတိုင်း ကျွန်တော်က လိုက်နေတယ်။
ကျွန်တော်အမြင်ဆိုရင် အပြင်ကနေပြင်ချင်တယ်။ လူထုအခြေပြုပြီးတော့ သွားချင်တယ်။

မေး။    ။နောက်တစ်ဖက်ကို ဆက်သွားချင်ပါသေးတယ် ဘဘ လက်ရှိဖြစ်နေတဲ့
ပဋိပက္ခတွေပေါ့ အဲ့ဒီအပေါ်မှာရော ဘဘအနေနဲ့ ဘယ်လိုမြင်မိလဲ အစိုးရရဲ့ ကိုင်တွယ်မှုအပေါ်မှာ
ဘဘ ဘယ်လိုမျိုး သုံးသပ်ချင်လဲ

အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းပြောရရင် ကျွန်တော် ဘာသာရေးတွေနဲ့ မပတ်သက်ချင်ဘူး
ကျွန်တော်နားမလည်တာလည်း ပါတာပေါ့  ကျွန်တော်တို့ တိုင်းရေးပြည်ရေး
လူမှုရေးတွေမှာလည်း ဘာသာရေးက အခရာကျတယ်လို့ မထင်မိဘူး ။ကျွန်တော်တို့တိုင်းပြည်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ဘာသာထူထောင်ချင်တယ်ဆိုတဲ့ လူတွေ ဘယ်လိုပဲပြောပြော
ဘာသာရေးက လူတစ်ဦးခြင်းရဲ့ သူရဲ့ မိသားစုတစ်စုခြင်းရဲ့ လူ့အဖွဲ့အစည်း သူ့ရဲယုံကြည်ရာ ကိုးကွယ်ရာ ပဲ။
အဲ့တော့ ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲထည့်တာ လက်မခံနိုင်ဘူး


          ပြဿနာကိုအခြေခံစဉ်းစား
ခုနပြောသလို ဘာသာရေးက နိုင်ငံရေးကို ၀င်မစွက်သင့်ဘူး နိုင်ငံရေးကလည်း ဘာသာရေးကို
အသုံးမချသင့်ဘူးဆိုတာ ကျွန်တော်ပုဂ္ဂိုလ်ရေး တစ်ဦးတည်းရဲ့ ခံစားချက် ယုံကြည်ချက်ပါ။
ဒါပေမယ့် အခုပဋိပက္ခတွေဖြစ်လာတဲ့အခါ ကျွန်တော် မီဒီယာတွေမှာ အမြဲပြောတာ ရှိတယ်
ပဋိပက္ခကို ပဋိပက္ခ လိုပဲ စဉ်းစားပါ တစ်ခုခု ရိုက်ချင်တယ် နှက်ချင်တယ် ဆိုရင် ဘာသာရေးကို
အကြောင်းမပြပါနဲ့ ဗုဒ္ဒဘာသာလုပ်တာ မွတ်ဆလင်လုပ်တာ ဆိုပြီး မစဉ်းစားပါနဲ
့ ပြဿနာကို အခြေခံပြီးစဉ်းစားပါ ဖြေရှင်းပါ ရန်ဖြစ်တယ် ဘာကြောင့်လဲ မကျေနပ်ချက် ကိုစဉ်းစားပြီးဖြေရှင်းပါ
ဘာသာရေးကို ဆွဲမထည့်ပါနဲ့။ ဘာသာရေးဆိုတာ နူးညံ့တဲ့ကိစ္စ ယဉ်ကျေးတဲ့ကိစ္စ နွေးထွေးတဲ့ကိစ္စ
အဲ့ဒါကြောင့်မို့လို့ ကျွန်တော်က ဘာသာရေးကို နိုင်ငံရေးနဲ့ တွဲတာကို မကြိုက်ဘူးလို့ပြောတာ။
ဗမာပြည်အနှံ့မှာလည်း ဘာသာမတူညီတဲ့ လူတွေရှိခဲ့တာပဲ။ ဒီလိုပဲ လူ့အဖွဲ့အစည်းမှာ ပေါင်းစည်းပြီးတော့
နေထိုင်ကြရတာပါပဲ။ အရင်တုန်းက ဒီပြဿနာတွေကို ကျွန်တော်တို့ရှိမှာ လူထုက သူ့ဘာသာ ထိန်းနိုင်ခဲ့တယ်


       အစွန်းတရားနဲ့ နိုင်ငံရေးကစားမှု

အခုခေတ်ကျတော့ ခေတ်တွေပြောင်းလာပြီ မွတ်ဆလင်မှာဆိုရင်လည်း အယ်ကိုင်ဒါတွေပေါ်လာတယ်
နောက် ဘင်လာဒင်လို ဘာသာရေးအစွန်းရောက်တွေက သြဇာကြီးမားပြီးတော့ ဘာသာရေးအင်အားစုအနေနဲ့ နိုင်ငံရေးအင်အားစုအပေါ်လွှမ်းမိုးချင်တဲ့ လူတွေပေါ်လာတယ်။
အဲလိုပဲ အခု ဗမာကလည်း ရှိလာတယ် တစ်ချို့ ဘုန်းကြီးတွေ ကိုးခြောက်ကိုးတွေ ရှိလာတယ်
ဒါတွေကလည်း အစွန်းရောက်တယ်လို့ပြောရမှာပဲ
မွတ်ဆလင်ပဲဖြစ်ဖြစ် ဗုဒ္ဒဘာသာပဲ ဖြစ်ဖြစ် သူတို့ ကွန်မြူနတီထဲကိုသွားကြည့်ရင်
သူတို့လည်း အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ချင်တယ် သူ့သားသမီးတွေ ပညာသင်ကြားချင်တယ် ဒီလိုပဲ အေးချမ်းနေချင်ကြတာပဲ ဒါပေမယ့် အစွန်းတွေက တွန်းတဲ့အခါမှာ ဖြစ်လာတယ်။ အဲ့လိုတွန်းတဲ့အခါမှာ နိုင်ငံရေးအင်အားစုတွေ ပါလာတယ် နိုင်ငံရေးအင်အားစုဆိုတာမှာ
ဒီလိုအာဏာရှိတဲ့ အင်အားရှိတဲ့ အဖွဲ့အစည်းတွေလည်း ပါလာတယ်။ ဒီလူတွေက အာဏာကို
ဆုပ်ကိုင်ထားချင်တော့ ဘာသာရေးကို အသုံးချလာတယ် ဘုန်းကြီးတွေမွေးလာတယ်
ဒီလို နည်းမျိုးစုံ လုပ်နည်းတွေနဲ့ လုပ်လာတာလည်းရှိတယ်။ အဲ့တော့ ငြင်းလို့မရတာက ဘာသာရေးအစွန်းရောက်တွေ ပေါ်လာတယ်။ မွတ်ဆလင်အစွန်းရောက်တွေရှိသလို
ဗုဒ္ဒဘာသာအစွန်းရောက်တွေလည်း ရှိလာတယ် စကားလုံးမကြိုက်တာ ကြိုက်တာတော့ မတတ်နိုင်ဘူးပေါ့။
အဲ့လိုတွေရှိတဲ့အထဲမှာ ဟိုတုန်းက စွမ်းအားရှင်လို နိုင်ငံရေးအစွန်းရောက် အင်အားစုတွေကလည်း
လူနည်းစု ဖြစ်တည်မှုကို အသုံးချပြီးတော့ နိုင်ငံရေးအမြတ်ထုတ်တယ် နိုင်ငံရေးအဂတိလိုက်စားတယ်ပေါ့
အဲ့ဒီလူတွေကလည်း အစွန်းရောက်တွေပဲ။ ဘယ်လိုလည်းပြောဖို့ခက်ရင်ခက်မယ်။
အဲ့လူတွေက နိုင်ငံရေးအစွန်းရောက်ပဲခေါ်ခါ် ဘာသာရေးပဲခေါ်ခါ် အဲ့လူတွေက သြဇာကြီးတယ် ။
နောက်မှာရှိနေတဲ့ သြဇာရှိတဲ့ လူတွေရဲ့ လက်တွေက နောက်မှာ ပါနေတယ် ။
ဒါတွေက ဗုဒ္ဒဘာသာလည်းမဟုတ်ဘူး မွတ်ဆလင်လည်းမဟုတ်ဘူး တတိယအင်အားစုလို့ခေါ်တယ်။ ဒီပြဿနာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းရေး ကျွန်တော်စဉ်းစားမိတာက တကယ့်ပြဿနာကို စဉ်းစားရမှာက ဒီလိုပြဿနာတွေဖြစ်လာရင် ဒုက္ခတွေအများကြီးရောက်မယ် တစ်ချို့လူတွေဟာ
သူတို့အခွင့်အရေးတွေ ဆုံးရှုံးမယ် လူပီပီ ဆက်ဆံမခံရဘူး။ အဲ့တော့ကျွန်တော်တို့က
လူ့အခွင့်အရေးကို ထည့်ပြောရင် မကြိုက်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးလည်း
တော်တော်ကို ဒုက္ခရောက်တယ် ။ လူတွေဟာ လူတွေပဲ ဗုဒ္ဒဘာသာလို့ မွတ်ဆလင်လို့ စစ်တပ်လို့ မရှိဘူး
လူတွေဟာ ဒုက္ခရောက်ရင် ငတ်ပြတ်ရင် ဆင်းရဲရင် လူက ကူပေးရမယ် လူကို လူလို့ အခြေခံစဉ်းစားရမှာပဲ ။
လူကို လူလို့ စဉ်းစားရင်း လူ့အခွင့်အရေးဆိုတာတွေ ပါလာပြန်ရော 
အဲ့ဒီမှာလည်း လူ့အခွင့်အရေးကို ဘာသာရေးသမားက ဘာသာရေးနဲ့ချိုးချင်တယ်
စစ်ရေးသမားက စစ်ရေးနဲ့ ချို့းချင်တယ် ကျွန်တော်တို့က လူ့အခွင့်အရေးဆိုတာကို ပြောတာမှာ အစွန်းရောက်ပြီးပြောတာအနေနဲ့လက်မခံဘူး လူအနေနဲ့ စဉ်းစားတာ။ 
လူတစ်ယောက်အနေနဲ့ပဲ စဉ်းစားစေချင်တယ်။


               နိုင်ငံသားဥပဒေ ကိစ္စ

နောက်တစ်ခုက ကျွန်တော်တို့မကြိုက်တာက ဥပဒေတွေကိစ္စ ဥပဒေဆိုတာ နိုင်ငံသားဖြစ်မှုဥပဒေကိုပြောတာ အခုလွှတ်တော်ထဲမှာ ပြောနေကြတယ် နိုင်ငံသားဥပဒေကို မပြင်နိုင်ဘူးတို့ ဘာတို့တွေ့လာရတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကိုလည်း ပြန်ပြိးတော့ သုံးသပ်သင့်ရင် သုံးသပ်ရမယ်။ ၂၀၀၈ ကမှ အတည်ပြုတဲ့ ဖွဲ့စည်းပုံးအခြေခံဥပဒေတောင် ပြင်ဖို့ သုံးသပ်ဖို့စဉ်းစားရင် ဘာဖြစ်လို့ ၂၉၈၂ ကလောက် အတည်ပြုထားတဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဥပဒေကို ဘာလို့ မသုံးသပ်နိုင်ရမှာလဲ။ ရခိုင်ကလည်း မပြင်နိုင်ဘူး လူ့အခွင့်အရေးသမားတွေကလည်း ပြင်ပေးပါ ကျွန်တော်ကတော့ အဲ့ဒီအရာတွေကြားထဲမှာ
ကောင်းကောင်းသုံးသပ်ပြီး လုပ်သွားစေချင်တယ်။

           လူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းနေနိုင်ဖို့

နောက်တစ်ခုက ပဋိပက္ခတွေဖြစ်တဲ့အခါမှာ ရခိုင်ရွာတွေကို မွတ်ဆလင်တွေက မီးရှို့တယ် ရခိုင်တွေ ထွက်ပြေးရတယ် ပြီးသွားတဲ့အခါမှာ အဲ့ဒီရခိုင်တွေကို သူနေ့ရာမှာ ပြန်နေရာချတော့ မွတ်ဆလင်တွေက လက်မခံဘူး အဲ့တော့သူတို့ကို ကယ်ဆယ်ရေး စခန်းတွေဖွင့်ပြီးထားရတယ်။ အလားတူပဲ ဗုဒ္ဒဘာသာရွာတွေမှာရှိတဲ့ မွတ်ဆလင်တွေအိမ်ကို မီးရှို့တယ် အဲ့လူတွေ ပြန်နေရာချဖို့ ဗုဒ္ဒဘာသာတွေက လက်မခံတော့ဘူး ကယ်ဆယ်ရေးစခန်းဖွင့်ပြီးထားရတာပဲ။ ကျွန်တော်ကတော့ အဲ့ဒါကို လက်မခံဘူး။ သိပ်ပြီးတော့ ရိုင်းတဲ့လူတွေသာ မဖွံ့ဖြိုးတဲ့ လူတွေသာ ကိုယ့်လူမျိုးနဲ့ ကိုယ့်အစုအဖွဲ့နဲ့ သီးခြားနေကြတာ သို့သော် သာမန်အားဖြင့် လူတွေဟာ ဖွံ့ဖြိုးလာတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်လာတယ် လူကိုလူလိုဆက်ဆံတယ် ဒီလိုပဲ ပေါင်းစည်းနေကြတာပဲ မွတ်ဆလင်တွေကြားထဲမှာ ဗုဒ္ဒဘာသာတွေ ခရစ်ယာန်တွေနေကြတယ်။ ဗုဒ္ဒဘာသာတွေကြားထဲမှာ မွတ်ဆလင်တွေ ခရစ်ယာန်တွေ ဒီလိုပဲ နေနေကြတာပဲ အဲ့ဒါကို သုံးနေကြစကားရှိတယ် လူ့တွေအုပ်စုလိုက်ခွဲခြားခြင်းကို လက်မခံဘူး ပေါင်းစည်းပြီးနေထိုင်ကြရမှာပဲ ပြန်ပြီးတော့ ပေါင်းစည်းနေထိုင်ခြင်းကို လုပ်ရမှာပဲ။


Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!