Popular Posts!

Saturday, September 21, 2013

ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်ရန် တင်ဒါ ရွေးချယ်ခြင်းအတွက် ငှားရမ်းထားသည့် ပညာရှင်အဖွဲ့ အမှတ်စာရင်း ထွက်ပေါ်ပြီးနောက် အဂတိတရား လိုက်စားမ ရှိ ၊မရှိ မေးခွန်းထုတ်လာ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရန် တင်ဒါ ရွေးချယ်ခြင်းအတွက် ငှားရမ်းထားသည့် ပညာရှင်အဖွဲ့ အမှတ်စာရင်း ထွက်ပေါ်ပြီးနောက် အဂတိတရား လိုက်စားမှု ရှိ၊ မရှိ မေးခွန်းထုတ်လာကြောင်း သတင်းရရှိသည်။

အဆိုပါ တင်ဒါ အောင်စာရင်းကို သြဂုတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့ကာ မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော Pioneer Aerodrome Services Consortium ( Asia World ) သည် တင်ဒါ အောင်မြင် ခဲ့သည်။ အဆိုပါ တင်ဒါကို စိစစ်အကဲဖြတ်ရန် ငှားရမ်းထားသည့် ပညာရှင်အဖွဲ့၏ ရမှတ် အနည်းအများ စာရင်းသည် စက်တင်ဘာလဆန်းပိုင်းတွင် ထွက်ပေါ်လာခဲ့ပြီးနောက် ဝေဖန်မှုများ ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။ တင်ဒါ ရွေးချယ်ရာတွင် ဘဏ္ဍာရေး အခြေအနေနှင့် နည်းပညာ အဆင့်အတန်းကို အဓိက ရွေးချယ်ခြင်းဖြစ်ပြီး ကုမ္ပဏီ ခြောက်ခုကို နောက်ဆုံး စိစစ်ခြင်းဖြစ်သည်။
ဂျပန်ပညာရှင် စိစစ်သည့် Total Financial Points Ranking သတ်မှတ်ချက်တွင် Incheon Airport Consortium က ၆၆ မှတ်ဖြင့် အဆင့် ၄၊ Aerodrome Services Consortium က ၇၆ မှတ်ဖြင့် အဆင့် ၂၊ Sojitz Corporation Consortium က ၇၄ မှတ်ဖြင့် အဆင့် ၃၊ Toyota Tsusho Corporation က ရမှတ် ၉၀ ဖြင့် အဆင့် ၁၊ Vinci Airports Consortium က ၅၆ မှတ်ဖြင့် အဆင့် ၆၊ Yongnam-CAPE-JGC Consortium က ၆၄ မှတ်ဖြင့် အဆင့် ၅၊ ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ Total Technical Points Ranking သတ်မှတ်ချက်တွင် Incheon Airport Consortium က ရမှတ် ၈၇ ဒသမ ၂၀ ဖြင့် အဆင့် ၁၊ Pioneer Aerodrome Services Consortium က ၇၂ မှတ်ဖြင့် အဆင့် ၆၊ Sojitz Corporation Consortium က ရမှတ် ၇၅ ဒသမ ၂၀ ဖြင့် အဆင့် ၄၊ Toyota Tsusho Corporation က ရမှတ် ၈၀ ဒသမ ၈၀ ဖြင့် အဆင့်၂၊ Vinci Airports Consortium က ရမှတ် ၇၄ ဒသမ ၈၀ ဖြင့် အဆင့် ၆၊ Yongnam-CAPE-JGC Consortium က ရမှတ် ၇၈ ဒသမ ၄၀ ဖြင့် အဆင့် ၅ ရရှိခဲ့ကြောင်း သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီနှင့် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့တွင် တာဝန်ရှိကြောင်း


ထို့ပြင် စိစစ်အကဲဖြတ်သည့် ပုံစံအရ Total Financial Point နှင့် Total Technical Point စုစုပေါင်း သတ်မှတ်ရာတွင် Incheon Airport Consortium က ရမှတ် ၁၅၃ ဒသမ ၂၀ ဖြင့် အဆင့် ၂၊ Pioneer Aerodrome Services Consortium က ၁၄၈ မှတ်ဖြင့် အဆင့် ၄၊ Sojitz Corporation Consortium က ရမှတ် ၁၄၉ ဒသမ ၂၀ဖြင့် အဆင့် ၃၊ Toyota Tsusho Corporation က ရမှတ် ၁၇၀ ဒသမ ၈၀ဖြင့် အဆင့် ၁၊ Vinci Airports Consortium က ရမှတ် ၁၃၀ ဒသမ ၈၀ ဖြင့် အဆင့် ၆၊ Yongnam-CAPE-JGC Consortium က ရမှတ် ၁၄၂ ဒသမ ၄၀ ဖြင့် အဆင့် ၅ ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ တင်ဒါများ ရွေးချယ်ရာတွင် ရမှတ် အနည်းအများကို အခြေပြု ရွေးချယ်ရခြင်း ဖြစ်သော်လည်း ယခု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိစ္စတွင် ထိုသို့ ရွေးချယ်ခြင်း မပြုခဲ့ကြောင်း နိုင်ငံတကာ ကုမ္ပဏီများက ပြောကြားသည်။
ထို့ပြင် အဆိုပါ တင်ဒါရွေးချယ်ရာတွင် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူ ၀န်ကြီး အချို့နှင့် အစိုးရ ခေါင်းဆောင်အချို့၏ မိသားစုဝင်များ ပါဝင် ပတ်သက်ခဲ့ပြီး လာဘ်ပေးလာဘ်ယူ ကိစ္စများလည်း ရှိသည်ဟု ယူဆကြောင်း နိုင်ငံတကာ ကော်ပိုရေးရှင်းအချို့၏ တာဝန်ရှိသူများက ပြောကြားသည်။
လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်က ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ကာ ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်နှင့် အတွင်းရေးမှူး စုစုပေါင်း ကိုးဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထို့အတူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်က ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာ စာအမှတ် ၇၃/၂၀၁၃ ဖြင့် စက်တင်ဘာ ၁၇ ရက်က ဥပဒေအာဏာ တည်သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။
ယင်း ဥပဒေပုဒ်မ ၅၅ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျင် ထိုသူကို တစ်ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား ပါသည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီနှင့် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့တွင် တာဝန်ရှိကြောင်း သိရသည်

Ref:Goldenmyanmar

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!