Popular Posts!

Wednesday, May 21, 2014

မီတာခ တိုးမြှင့်လိုက်၍ ကုန်ထုတ်လုပ်မှုစရိတ် နှစ်ဆခန့် မြင့်တက်လာမည်



လတ်တလော တိုးမြှင့်သတ်မှတ်လိုက်သည့် မီတာခ နှုန်းထားများကြောင့် ပြည်တွင်းအသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုစရိတ်များ နှစ်ဆခန့် မြင့်တက်လာနိုင်ကြောင်း အဆိုပါ လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မီတာခ တိုးမြှင့် သတ်မှတ်လိုက်ခြင်းကို အတည်ပြုလိုက်သည်။ ယင်းသို့ တိုးမြှင့် သတ်မှတ်လိုက်သော မီတာခ နှုန်းသစ်အရ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှု စရိတ်တက်ကာ ဝန်ပိလာမည့် အနေအထား ရှိသည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အသစ် သတ်မှတ်လိုက်သည့် မီတာခနှုန်းထားမှာ အိမ်သုံးမီတာ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ် အထိ ၄၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ် ဖြစ်သည်။

စက်မှုလုပ်ငန်းသုံးများအတွက် ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၁၀,၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀,၀၀၁ ယူနစ်မှ ၅၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀,၀၀၁ ယူနစ်မှ ၂၀၀,၀၀၀ အထိ ၁၅၀ ကျပ်နှင့် ၂၀၀,၀၀၀ ယူနစ်မှ ၃၀၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်နှင့် ၃၀၀,၀၀၁ ယူနစ်အထက်ကို ၁၀၀ ကျပ်ဖြင့် ကောက်ခံမည် ဖြစ်သည်။

ဒေါပုံမြို့နယ်တွင် ရေထွက်ပို့ကုန် အအေးခန်းစက်ရုံ တည်ထောင် လုပ်ကိုင်နေသည့် ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်ကမူ မီတာခ မြင့်တက်မှုကြောင့် ၎င်းပိုင် စက်ရုံသည် တစ်လလျှင် ပုံမှန်မီတာခ သိန်း ၄၀ ဝန်းကျင် ပေးဆောင်နေရာမှ လာမည့်မေလမှ စတင်ကာ ကျပ်သိန်း ၇၀ ဝန်းကျင်အထိ ပေးဆောင်သွားရမည်ဟု ဆိုသည်။

မီတာခ မြင့်တက်မှုကြောင့် ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်တက်လာပြီး နောက်ဆုံးတွင် စားသုံးသူများကသာ အဆိုပါ ဝန်ထုပ်ဝန်ပိုးကို အများဆုံး ခံရမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“တကယ့်အချိန်ကြီးမှာမှ မီတာခက တက်လာတာပဲ။ အလုပ်သမားတွေလည်း ထိခိုက်မှာပဲ။ ကုန်ဈေးနှုန်းကလည်း မီတာခနဲ့အတူ မြင့်တက်လာမှာ ကျိန်းသေပဲ” ဟု ၎င်းက သုံးသပ်သည်။

ရေထွက်ကုန် အအေးခန်း စက်ရုံများသည် လျှပ်စစ်မီးကို အဓိကအားထား သုံးစွဲနေရပြီး လျှပ်စစ်မီး မရရှိပါက ရေထွက် ပစ္စည်းများမှာ ပျက်စီးသွားမည်ဟု အအေးခန်း စက်ရုံ လုပ်ငန်းရှင်များက ပြောကြားသည်။

GFTI ရေထွက်ကုန် အအေးခန်း လုပ်ငန်းရှင် ဦးမျိုးညွန့်ကမူ ယခင်က တစ်လလျှင် မီတာခသိန်း ၆၀ ခန့် ပေးဆောင်နေရပြီး ပြောင်းလဲလိုက်သည့် မီတာခ နှုန်းထားအတိုင်း ဆိုပါက တစ်လလျှင် ကျပ်သိန်းတစ်ရာကျော်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်စက်များ တည်ထောင်ထားသူ ဦးသောင်းဝင်းကမူ ဆန်စက်များကို လည်ပတ်ရာတွင် လျှပ်စစ်မီးကို သုံး၍ အဓိက လည်ပတ်နေရပြီး ယခုကဲ့သို့ မီတာခ မြင့်တက်မှုကြောင့် ထုတ်လုပ်မှုစရိတ် ပိုမြင့်တက်လာမည်ဟု ဆိုသည်။

“ဒါကတော့ ဂျာအေးသူ့အမေ ရိုက်တာပဲ။ မီတာခလည်း တက်မယ်။ မီးမလာရင်လည်း စက်တွေကို မီးစက်တွေနဲ့ လည်ရင်လည်း ထုတ်လုပ်မှုစရိတ်က ပိုတက်မယ်” ဟု မီတာခ မြင့်တက်ပြီး လျှပ်စစ်မီး လုံလောက်စွာ မရရှိပါက ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်တက်လာမည်ဟု ၎င်းကဆိုသည်။

ရေထွက်ပို့ကုန် အအေးခန်းများ၊ ရေခဲထုတ်လုပ်သည့် လုပ်ငန်းများနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းကဲ့သို့ လုပ်ငန်းများသည် လျှပ်စစ်မီး အဓိက အသုံးပြုရသည့် လုပ်ငန်းများဖြစ်ပြီး မီတာခ မြင့်တက်မှုကြောင့် အဆိုပါ လုပ်ငန်းများ၏ ထုတ်လုပ်မှု စရိတ်များလည်း မြင့်တက်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ လျှပ်စစ် ထုတ်လုပ်သည့်စနစ်နှင့် ဖြန့်ဖြူးသည့် စနစ်များကို ပြန်လည် သုံးသပ်ရန် လိုအပ်ပြီး နေစွမ်းအင်၊ ရေစွမ်းအင်နှင့် လေစွမ်းအင်ကဲ့သို့ သဘာဝ စွမ်းအင်များကို လျှပ်စစ် ထုတ်ယူ အသုံးပြုရန် လိုအပ်သည်ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ထောက်ပြသည်။

မီတာခ မြင့်တက်မှုသည် စီးပွားရေး လုပ်ငန်းများအတွက် ယေဘုယျအားဖြင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်စေပြီး ကုန်ဈေးနှုန်းများပါ လိုက်ပါ မြင့်တက် လာနိုင်သည်ဟု ၎င်းကဆိုသည်။
“ကုန်ဈေးနှုန်း ကြီးမြင့်မှုကနေ တစ်တိုင်းပြည်လုံးရဲ့ စီးပွားရေးအပေါ်ကို ရိုက်ခတ်မှု ရှိတယ်” ဟု ဒေါက်တာ အောင်ကိုကိုက မှတ်ချက်ပြုသည်။

ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူးလျက် ရှိသည့် ကုန်ထုတ် လုပ်ငန်းများ နည်းတူ ပြည်ပသို့ တင်ပို့လျက် ရှိသည့် ကုန်ထုတ် လုပ်ငန်းများလည်း မီတာခ မြင့်တက်မှုကြောင့် အခက်အခဲ ကြုံလာမည် ဖြစ်ကြောင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။

ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် နှစ်ဖက်သဘောတူ ဈေးနှုန်းနှင့် စာချုပ်ချုပ်၍ တင်ပို့ရလျက်ရှိရာ ပြည်တွင်း ကုန်ထုတ်လုပ်မှုသည် မီတာခ မဟုတ်သည့် အခြားသော ကုန်ကျစရိတ် များကြောင့်လည်း ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်တက်လျက် ရှိသည်ဟု ၎င်းကပြောကြားသည်။
“ကျွန်တော်တို့က ဒီမှာ မီတာခတွေ တက်လို့ဆိုပြီး ဟိုဘက်ကို ဈေးတိုးတောင်းလို့ မရဘူး။ အပြင်မှာ (ပြည်ပ) က ဈေးပြိုင်ပြီး ရောင်းနေကြရတာ” ဟု ဦးမျိုးညွန့်က ဆိုသည်။

လှိုင်သာယာ စက်မှုဇုန်တွင် ရေခဲစက်ရုံ တည်ဆောက်ထားသည့် လုပ်ငန်းရှင် ဦးမြမောင်ကမူ ရေခဲစက်များကို လျှပ်စစ်မီးဖြင့် အဓိက လည်ပတ်နေရပြီး ယခုအကြိမ် မီတာခ မြင့်တက်မှုသည် ပြီးခဲ့သည့် ၂၀၁၃ခုနှစ် နိုဝင်ဘာလ အတွင်းက မီတာခ မြင့်တက်မည့် သတင်းများ ထွက်ပေါ်ခဲ့စဉ်က နှုန်းထားနှင့် နှိုင်းယှဉ်ပါက အနည်းငယ် သက်သာသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လအတွင်းက စက်မှုလုပ်ငန်းသုံး မီတာများအတွက် တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်း ကောက်ခံမည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

မီတာခ မြင့်တက်မှုကြောင့် ရရှိလာသည့် အခွန်ငွေများဖြင့် လိုအပ်လျက်ရှိသော လျှပ်စစ်ကဏ္ဍ အခြေခံ အဆောက်အဦများကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ပို၍ကောင်းမွန်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို ရရှိလာမည် ဖြစ်၍ ကုန်ထုတ် လုပ်ငန်းများအတွက် ပိုမို အကျိုးရှိလာမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ထောက်ပြသည်။

ရန်ကုန်မြို့တော် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် အချို့ကလည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် တိုးမြှင့် ကောက်ခံသည့် မီတာခနှင့် ထိုက်တန်သော ဝန်ဆောင်မှုမျိုးကို ပြည်သူများသို့ ပြန်လည် ပေးအပ်ရန် လိုအပ်သည်ဟု ဆိုသည်။

မီတာခ ပေးဆောင်ရလျက်ရှိသော ပြည်သူများက ပေးဆောင်ရသည့် မီတာခထက် ထိုက်သင့်သည့် ဝန်ဆောင်မှုကိုလည်း ရယူလိုကြောင်း ဆန်စက်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသောင်းဝင်းက ပြောကြားသည်။

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခြင်းနှင့် လျှပ်စစ်မီး ရရှိချိန်တွင် ဗို့အား မပြည့်ဝခြင်း တို့ကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပြည်သူများ၏ ဝေဖန်မှုကို ခံနေရပြီး လတ်တလောတွင်လည်း လျှပ်စစ် မီတာခများကို တိုးမြှင့် ကောက်လိုက်ခြင်းကြောင့် ပြည်သူများ၏ ဝေဖန်မှုကို ဆက်လက်ခံရလျက် ရှိသည်။

“နိုင်ငံခြားမှာလို မီးပြတ်ရင် ပြန်လျော်မလားလို့ပဲ မေးချင်တယ်။ မီတာခ မြင့်တက်တာဟာ လက်လုပ် လက်စားတွေကို အလုပ်ပေးနေတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်” ဟု အအေးခန်း စက်ရုံပိုင်ရှင် ဦးမျိုးညွန့်က ဆိုသည်။

မြန်မာပြည်တစ်ဝန်းရှိ ကျေးရွာ ၆၄၃၄၆ ရွာအနက် ကျေးရွာ ၂၁၆၇၁ ရွာသည် လျှပ်စစ်မီး မရရှိသေးပေ။ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ၁၆၅၅ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ယခု ၂၀၁၄ ခုနှစ်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၂၃၇၀ မဂ္ဂါဝပ် ရှိသည်။ မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၇၁၅ မဂ္ဂါဝပ် ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၁၅ ရာခိုင်နှုန်း မြင့်တက်လျက် ရှိသည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကမူ ပျောက်ဆုံး လျှပ်စစ်ဓာတ်အားများအတွက် အမေရိကန်ဒေါ်လာ ၂၁၄ သန်း သုံးစွဲမည် ဖြစ်ကြောင်း သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားထားသည်။

လျှပ်စစ်မီတာခများ မြင့်တက်မှုကြောင့် နိုင်ငံနှင့် တစ်ဝန်းရှိ ပြည်သူများအားလုံး လျှပ်စစ်ဓာတ်အား တစ်ပြေးညီ သုံးစွဲခွင့်ရရန် ဖြည့်ဆည်းပေးမည် ဆိုသည့် အချက်ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အာမခံပေးရန် လိုအပ်သည်ဟု ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်ကမူ အစိုးရ၏ လုပ်ဆောင်ချက်အပေါ် အောက်ပါအတိုင်း မှတ်ချက်ပြုသည်။
“ပြောလို့လည်း မရဘူးလေ။ မီတာခက ကောက်ဖို့တောင် သတ်မှတ် ပြီးသွားပြီ။ ပြောလည်း ကိုယ်ပဲ အရူး ဖြစ်မှာ”
လတ်တလောတွင် ပြည်တွင်း ဈေးကွက် ဈေးနှုန်းများ မြင့်တက်ခြင်း မရှိသေးဘဲ ပုံမှန် ဈေးနှုန်းများအတိုင်း ရောင်းချနေဆဲ ဖြစ်သော်လည်း တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်မီတာခနှင့်အတူ ကုန်ဈေးနှုန်းများပါ မြင့်တက် လာနိုင်သည်ဟု ဆီလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဆန်းလင်းက ပြောကြားသည်။

“ကျွန်တော် စိုးရိမ်တာက ပြည်သူတွေပဲ။ စီးပွားရေး လုပ်ငန်းရှင်က ဒါမျိုး ရပ်တည်နေကျ ဖြစ်နေပြီ။ ပြည်သူတွေက သူတို့ လုပ်အားခနဲ့ယှဉ်ရင် အသုံးစရိတ်၊ ထပ်မြင့်လာတဲ့ မီတာခတွေက သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်ထင်တယ်” ဟု ၎င်းကဆိုသည်။
Ref:thevoicemyanmar news

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!