Popular Posts!

Sunday, May 25, 2014

သတိ . . . အယ်လ်နီညိုလာမည်

Photo
ပူပြင်းခြောက်သွေ့မှုကို ဖြစ်စေသော အစွန်းရောက်ရာသီဥတုဖြစ်စဉ်ဖြစ်သည့် အယ်လ်နီညိုရာသီဥတုသည် လာမည့် ဇွန်လမှစတင်ကာ မြန်မာနို င်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများ၌ စတင် ရင်ဆိုင်ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါသည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် သြစတြေးလျမိုးလေဝသဌာနတို့ကလည်း ၂၀၁၄ ခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်နိုင်မှုအခြေအနေ ပိုမိုမြင့်တက်လာပြီး ရာသီဥတုခန့်မှန်းချက်ပုံစံ အများစုသည် ယခုနှစ်ဇူလိုင်လမှစကာ အယ်လ်နီညိုအဆင့်သို့ ရောက်ရှိနိုင်သည်ဟု သတင်းထုတ်ပြန်ထားပါသည်။
‘‘ဒီလထဲမှာတင် အယ်လ်နီညိုရာသီဥတုက ၅၀ ရာခိုင်နှုန်းလောက်ကို ရောက်နေပြီ။ အစွန်းရောက်ပြီး မူမမှန်တဲ့ရာသီကို သေချာပေါက်ရင်ဆိုင်ရမှာမို့လို့ ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုကိုလိုအပ်တယ်’’ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါသည်။
စိုက်ပျိုးရေးကို အဓိထားသည့် မြန်မာနိုင်ငံအနေဖြင့် နဂိုရှိရင်းစွဲ ဖောက်ပြန်နေသည့် ရာသီဥတုအပြင် အစွန်းရောက်ရာသီကို သယ်ဆောင်လာမည့် အယ်လ်နီညိုကို ရင်ဆိုင်ရန် အကောင်းဆုံးပြင်ဆင်ထားရန် လိုသည်။
‘‘အယ်လ်နီညိုဆိုတာ အရှင်းဆုံးပြောရရင် အစွန်းရောက်ရာသီဥတုဖြစ်စဉ်ပဲ။ မိုးရွာတာတွေ၊ မိုးနည်းတာတွေ၊ ပူတာ၊ အေးတာတွေက မျှမျှတတမဟုတ်ဘဲ အလွန်အကျွံဖြစ်တတ်တဲ့ ရာသီဥတုပုံစံပါ။ သဘာဝဘေးအန္တရာယ်အတွက်ရော သီးနှံစိုက်ပျိုးရေးအတွက်ပါ အရင်ထက် ပိုသတိထားဖို့ လိုအပ်တယ်’’ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
ပုံမှန်ရင်ဆိုင်နေရသည့် ရာသီဥတုဖြစ်စဉ်ကိုပင် စနစ်တကျတုံ့ပြန်ရန် အားနည်းချက်များစွာရှိနေသည့် အခြေအနေတွင် အယ်လ်နီညိုကို ရင်ဆိုင်ရန်မှာမူ အစိုးရနှင့် ပြည်သူလူထု လက်တွဲညီညီ တုံ့ပြန်ရင်ဆိုင်နိုင်မှသာ သန်း ၆၀ ကျော်သော နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံမှုနှင့် တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကို အစိုးရအနေဖြင့် အကာအကွယ်ပေးရာ ရောက်ပေမည်။
သို့သော် လိုအပ်သော ပညာပေးမှု အလုံအလောက်မရှိခဲ့ဘဲ မိရိုးဖလာစိုက်ပျိုးနည်း (သို့မဟုတ်) ခေတ်အဆက်ဆက် အစိုးရများ၏ စီမံချက်ဖြင့် အတင်းအကျပ်ပုံစံချ စိုက်ပျိုးစေသောနည်းများဖြင့် နေသားကျနေသော တောင်သူလယ်သမားများအဖို့တော့ အယ်လ်နီညိုဟူသည် မည်သည့်အရာနည်းဟု ပြန်၍မေးခွန်းထုတ်နေသည်အထိ ရာသီဥတုဆိုင်ရာ ဗဟုသုတနည်းပါးလွန်းနေပါသည်။
‘‘သတင်းတွေအရ အယ်လ်နီညိုလာဖို့က သေချာသလောက်ရှိနေပြီ။ ဒါကြောင့် တောင်သူတွေအနေနဲ့ သီးနှံတွေစိုက်ပျိုးတဲ့အခါ အပင်အမြန်ဆုံးဖြစ်တဲ့ မျိုးစေ့ကို ရွေးစိုက်ဖို့လိုတယ်။ ပျိုးထောင်တာထက် တိုက်ရိုက်စိုက်ပျိုးတဲ့နည်းကို အသုံးပြုသင့်တယ်။ ကိုယ်က လက်ဦးမှုရှိဖို့လိုတယ်’’ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက အကြံပြုသည်။
တောင်သူလယ်သမားများအနေဖြင့် ယခင်အစဉ်အလာများအတိုင်း ဘေးအန္တရာယ် ကျရောက်ပြီးနောက် အစိုးရထံမှ အကူအညီစောင့်ဆိုင်း၍ အချိန်လင့်မှ ပြန်လည်စိုက်ပျိုးခြင်းထက် ချက်ချင်းပြန်စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ကို အဆင်သင့်ဆောင်ထားရန် လိုအပ်ကြောင်း ဒေါက်တာထွန်းဝင်းကဆိုသည်။
‘‘ကိုယ့်အိမ်သန့်ရှင်းရေးအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရသလိုမျိုးပဲ။ ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်တိုင်ပြင်ဆင်ထားဖို့လိုတယ်။ ဖြစ်လာမှတော့ နိုင်ငံတော်ကို အလုံးစုံအားကိုးလို့မရဘူး’’ဟု ပြောသည်။
စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာရဲတင်ထွဋ်က အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက အကောင်းဆုံးရင်ဆိုင်နိုင်ရန်အတွက် သီးနှံရွေးချယ်စိုက်ပျိုးမှုမှသည် အရန်သင့်သိုလှောင်ထားနိုင်မှုအထိ တောင်သူများနှင့် အနီးကပ်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဒေသစိုက်ပျိုးရေးဝန်ထမ်းများမှတစ်ဆင့် ညွှန်ကြားမှုများ ပြုလုပ်ထားကြောင်း ဆိုသည်။
‘‘တောင်သူအများစုကတော့ သူများညိုဆို လိုက်ညိုတယ်။ နီဆို လိုက်နီတယ်။ သူတို့ဒေသမှာ အစဉ်အလာအတိုင်း ဖြစ်လေ့ရှိတဲ့ သဘာဝအတိုင်း စိုက်ကြပျိုးကြတာပဲ။ ဦးတို့လုပ်ငန်းအတွေ့အကြုံအရ တောင်သူ ၉၀ ရာခိုင်နှုန်းလောက်က ရာသီဥတုသတင်းထုတ်ပြန်ချက်တွေအတိုင်း လိုက်မလုပ်နိုင်ကြတော့ဘူး။ နှစ်တိုင်း အရှုံးနဲ့ရင်ဆိုင်နေရတော့ ကိုယ်ဖြစ်ကိုယ်ခံဆို ချနေကြတာ’’ဟု ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ ဆန်စပါးလုပ်ငန်းရှင် ဦးတင်ရီက ပြောသည်။
ဦးတင်ရီက ပုံမှန်ရင်ဆိုင်ရလေ့ရှိသည့် ရာသီဥတုဖြစ်စဉ်များကို နှစ်စဉ်အတွေ့အကြုံအရ တောင်သူလယ်သမားများရင်ဆိုင်ရန် အခက်အခဲကြီးကြီးမားမား မရှိနိုင်သော်လည်း ပညာရှင်များကိုယ်တိုင် သေချာပေါက်ခန့်မှန်းထားသည့် အယ်လ်နီညိုရာသီဥတုအကြောင်းကိုမူ ဒေသဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့် နားလည်အောင် ရှင်းပြထားသင့်ကြောင်း ပြောသည်။
‘‘မိုးများလည်း ဒီအတိုင်းထိုင်ကြည့်နေရတယ်။ မိုးနည်းလည်း ဒီအတိုင်းပဲ။ ရာသီဥတုက တစ်မျိုးမဟုတ်တစ်မျိုး နှောင့်ယှက်နေတာ။ အစွန်းရောက်တဲ့ အယ်လ်နီညိုဆိုတာကိုတော့ ကျွန်တော်တို့ဆီ ရောက်မလာသေးဘူးဆိုရင်လည်း ကြိုတင်ပြင်ဆင်နိုင်မယ့်နည်းလမ်းတွေ သိချင်ပါတယ်’’ဟု ဓနုဖြူမြို့မှ တောင်သူဦးစိုးညွန့်က ပြောသည်။
အယ်လ်နီညိုရာသီဥတုဖြစ်နေမှုမှာ ၅၀ ရာခိုင်နှုန်းအထိ ခံစားနေရပြီဖြစ်ပြီး ယခုနှစ် မိုးရာသီအတွင်း စတင်သက်ရောက်နိုင်ကာ ဒီဇင်ဘာလတွင် အမြင့်ဆုံးအဆင့်သို့ ရောက်မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အတည်ပြုထားပြီး မိုးတွင်းကာလသည် ရာသီဥတုဖြစ်စဉ်များအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘အယ်လ်နီညိုရဲ့ အဓိကသက်ရောက်မှုကို ဒီဇင်ဘာမှ အများဆုံးခံစားရမှာ။ ဒါပေမဲ့ ရှေ့ပြေးအယ်လ်နီညိုမှာတင် ပုံမှန်အတိုင်း မုတ်သုံဝင်ပါ့မလားဆိုတာ စိုးရိမ်နေရပြီ။ ထူးခြားမှုတိုင်းကိုတော့ ဌာနဆိုင်ရာအသီးသီးကို အမြန်ဆုံးသတင်းပေးပို့နေတယ်။ စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်’’ဟု ဦးကျော်မိုးဦးက ပြောပါသည်။
 အယ်လ်နီညိုရာသီဥတု၏ သဘာဝမှာ နေရာဒေသအလိုက် ရာသီဥတုမျှတမှုမရှိဘဲ မိုးရွာပါက နေရာကွက်၍ မိုးကြီးလေ့ရှိသလို မိုးခေါင်ခြင်းမျိုးလည်း ရင်ဆိုင်ရတတ်ကြောင်း MM Weather Page အမည်ဖြင့် မိုးလေဝသဝက်ဘ်ဆိုက် တည်ထောင်ကာ နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်ကို သတင်းထုတ်ပြန်ပေးနေသည့် ဦးဝင်းနိုင်ကပြောပါသည်။ ထို့အပြင် မုန်တိုင်းဖြစ်ပါကလည်း အားကောင်းသည့် မုန်တိုင်းများဖြစ်လေ့ရှိပြီး ကျွမ်းကျင်ပညာရှင်များပင် ခန့်မှန်းရခက်လေ့ရှိကြောင်း ဦးဝင်းနိုင်က ပြောသည်။
ငါးနှစ်တစ်ကြိမ်ခန့် ရင်ဆိုင်ရလေ့ရှိသည့် အယ်လ်နီညိုရာသီဥတုကို ၂၀၀၉ ခုနှစ်က နောက်ဆုံးရင်ဆိုင်ခဲ့ရပြီး ရာသီဥတုဖောက်ပြန်မှုကိုလည်း ထူးထူးခြားခြားခံစားခဲ့ရကြောင်း မိုး/ဇလဌာန မှတ်တမ်းများအရ သိရသည်။ ၂၀၀၉ ခုနှစ် ဇူလိုင်လက စတင်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် နေရာကွက်၍ မိုးကြီးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး အပူချိန်လည်း အာရှတိုက်တစ်တိုက်လုံးတွင် အဆင့်(၉)အထိ ရောက်ခဲ့သည်အထိ စံချိန်တင်ခဲ့သည်။
အာရှအဆင့် အပူချိန်စံချိန်သစ်တင်ခဲ့သည့်မြို့မှာ မြင်းမူမြို့ဖြစ်ပြီး အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့်(၉)အထိ မြင့်ခဲ့ခြင်းဖြစ်သည်။ မိုးတွင်းကာလ နေရာကွက်ပြီး ကြီးခဲ့သည့်မိုးကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ဆုံးရှုံးမှုများခဲ့သလို နွေကာလတွင်လည်း စံချိန်တင်အပူကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးမှုနှုန်းများခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
မိုးလေဝသပညာရှင်ဦးထွန်းလွင်ကမူ နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ လာမည့်ဇူလိုင်လတွင် အယ်လ်နီညို အဆင့် ၇၀ ရာခိုင်နှုန်းအထိ မြင့်မားနေကြောင်း သတိပေးပါသည်။ ထို့အပြင် အယ်လ်နီညိုနှင့်ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်မှုများလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ဖြစ်ပေါ်ပြီး ဇွန်၊ ဇူလိုင်များတွင် စတင်၍ ဒီဇင်ဘာတွင် အပြင်းထန်ဆုံး ဖြစ်တတ်သောကြောင့် သတိထားကြရန် ပညာရှင်များအားလုံးက တိုက်တွန်းသည်။  
Ref:http://www.7daynewsjournal.com/article/14138

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!