Popular Posts!

Monday, April 15, 2019

ကယ်လဆီယမ်ကာဘိုဒ် သုံး၍ မှည့်အောင်ပြုလုပ်ထားသော သစ်သီးများ၏ အန္တရာယ်

ကယ်လဆီယမ်ကာဘိုဒ် သုံး၍ မှည့်အောင်ပြုလုပ်ထားသော သစ်သီးများ၏ အန္တရာယ်


🔹 ကယ်လဆီယမ်ကာဘိုဒ် (calcium carbide) ကို ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီးနှင့် မာလကာသီး စသည့် သစ်သီးများ လျှင်မြန်စွာ မှည့်စေရန်နှင့် အားလုံးတစ်ပြိုင်နက် ညီတူညာတူ မှည့်စေရန်အတွက် အသုံးပြုကြသည်။
🔹 ကမ္ဘာ့ပေါ်ရှိ နိုင်ငံများစွာတွင် ကယ်လဆီယမ်ကာဘိုဒ်ကို အသုံးမပြုရန်တားမြစ်ထားသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများတွင် လွတ်လပ်စွာ အသုံးပြုနေကြသည်။
🔹 သဘာဝအတိုင်း မှည့်ခြင်းမဟုတ်ပဲ ဓာတုဒြပ်ပေါင်းများသုံး၍ မှည့်အောင် ပြုလုပ်ထားသော သစ်သီးများကို စားသုံးခြင်းကြောင့် ကျွန်တော်တို့၏ ကျန်းမာရေးမှာ ကြီးမားစွာ အန္တရာယ်ကျရောက်နေသည်။
🔹 Calcium carbide သည် ရေနှင့်ဓာတ်ပြုသည့်အခါ အက်ဆီတလင်းဓာတ်ငွေ့ (acetylene) ကို ထုတ်ပေးသည်။
🔹 အက်ဆီတလင်းဓာတ်ငွေ့သည် သဘာဝအားဖြင့် သစ်သီးများကို မှည့်စေသည့် အက်သလင်းဓာတ်ငွေ့ (ethylene) ကဲ့သို့ ပင် ငှက်ပျောသီး၊ သရက်သီး စသည့် သစ်သီးများကို လျှင်မြန်စွာ မှည့်စေသည်။
❌ ကယ်လဆီယမ်ကာဘိုဒ်သည် ကင်ဆာအားပေးပစ္စည်း (carcinogen) ဖြစ်သည်။
❌ ကာဘိုဒ် အဆိပ်သင့်ခြင်းသည် အစာအိမ်နာ (peptic ulcer) ကို ဖြစ်စေခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
❌ အက်ဆီတလင်းသည် လူ့ခန္ဓာကိုယ်ထဲတွင် ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုလာပါက ယင်းဓာတ်ငွေ့ကို ရှူမိခြင်းဖြင့် သတိလစ် မေ့မြောသွားနိုင်ပြီး အာရုံကြောစနစ်သည် ကြာမြင့်စွာ အောက်ဆီဂျင် ပြတ်လပ် ချို့တဲ့မည် ဖြစ်သည်။
❌ ကယ်လဆီယမ်ကာဘိုဒ် (calcium carbide) တွင် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ် အလွန်များသော စိန်အဆိပ် (အာဆင်းနစ် - arsenic) နှင့် ဖေါ့စဖရပ် ဟိုက်ဒရိုဒ် (phosphorus hydride) အနည်းငယ် ပါဝင်သည်။
❌ အာဆင်းနစ်နှင့် ဖေါ့စဖရပ် ဟိုက်ဒရိုဒ်အဆိပ်ဖြစ်ခြင်း၏ အစောပိုင်း လက္ခဏာများမှာ အန်ခြင်း၊ ဝမ်း သို့မဟုတ် သွေးဝမ်းသွားခြင်း၊ ရင်ပူခြင်း၊ ရေငတ်ခြင်း၊ အားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ မျက်လုံးကျိန်းစပ်ခြင်း၊ မျက်လုံးပူခြင်း၊ အရေပြား ကျိန်းစပ်ခြင်း၊ မျက်လုံးပျက်စီးခြင်း၊ ပါးစပ်၊နှာခေါင်းနှင့် လည်ချောင်းများ ကျိန်းစပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင် မောဟိုက်ပြီး ချွဲသံပါခြင်းတို့ ဖြစ်ကြသည်။ အာဆင်းနစ်နှင့် ဖေါ့စဖရပ် ပမာဏမြင့်မားစွာ ထိတွေ့လျှင် အဆုတ်ရေဝင်ခြင်းဖြစ်နိုင်သည်။
❌ အခြားဆိုးကျိုးများမှာ ခြေ၊ လက်များ ထုံထိုင်းကာ မလှုပ်ရှားနိုင်ခြင်း၊ အားနည်းလာခြင်း၊ အရေပြားအေးပြီး စိုထိုင်းလာခြင်း၊ သွေးဖိအားကျဆင်းခြင်းတို့ ဖြစ်ကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်နိုင်သည်။

အက်သလင်း (ethylene)
🔶🔶🔶🔶🔶🔶🔶🔶

လေထဲတွင်ရှိသည့် အက်သလင်း ဓာတ်ငွေ့သည် သစ်သီးများမှည့်စေရန်အတွက် အလွန်နည်းပါးသော ပမာဏနှင့် လုံလောက်ပါသည်။ သစ်သီးများကို ကြိုတင်ခန့်မှန်းထားသည့်အချိန်တွင် ရောင်းချနိုင်စေရန် အက်သလင်း ဓာတ်ငွေ့က သစ်သီးများ မှည့်ခြင်းဖြစ်စဉ်ကို အစပျိုးပေးပါသည်။

အက်သဖွန် (ethephon)
🔶🔶🔶🔶🔶🔶🔶🔶

သစ်သီးများ မှည့်ရန်အတွက် အသုံးပြုသည့် နောက် ဒြပ်ပေါင်းတစ်ခုမှာ အက်သဖွန် (ethephon) ဖြစ်သည်။ ၎င်းသည် အပင်ကြီးထွားမှုကို ထိန်းညှိပေးသည်။

IUPAC အမည် - 2-Chloroethylphosphonic acid
အခြားအမည်များ - Bromeflor, Arvest, Ethrel
ဓာတုပုံသေနည်း - C2H6ClO3P
အဓိက အန္တရာယ် - လောင်စားတတ်သည်။
■ အက်သဖွန် (ethephon) သည် ကယ်လဆီယမ်ကာဘိုဒ်ထက် ပိုကောင်းသည့်အချက်မှာ အသီးများ မှည့်ရန်အတွက် အချိန်ပို၍ သက်သာစေသည်။ သဘာဝအားဖြင့် မှည့်သော သစ်သီးများထက် အရောင်အသွေး ပိုကောင်းသည့်ပြင် အရည်အသွေး မကျပဲ ထားသိုနိုင်သည့်သက်တမ်းလည်း ပိုကြာလာသည်။
■ များစွာသောနိုင်ငံများတွင် အက်သလင်းနှင့် အက်သဖွန်တို့ကို သစ်သီးများ မှည့်ရန်အတွက် အသုံးပြုခွင့် ပေးထားပါသည်။ အကြောင်းမှာ ကယ်လဆီယမ်ကာဘိုဒ်အသုံးပြုခြင်းထက် အန္တရာယ် ပိုနည်းသောကြောင့်ဖြစ်သည်။
■ ကယ်လဆီယမ်ကာဘိုဒ် အသုံးပြုခြင်းဖြင့် မှည့်အောင်ပြုလုပ်ထားသော သစ်သီးများမှာ ပျော့နေပြီး သဘာဝအားဖြင့် မှည့်သည့် သစ်သီးများကဲ့သို့ အရသာမကောင်းပါ။ ထားသိုနိုင်သည့်သက်တမ်းလည်း တိုတောင်းပါသည်။

ဓာတုဒြပ်ပေါင်း အသုံးပြုထားမထား ဘယ်လိုစစ်ဆေးနိုင်သလဲ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶 🔶🔶

✅ သစ်သီးများသည် ပြင်ပအဆင်းသဏ္ဍန် အလွန်ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိနေလျှင် ကျန်းမာရေးအတွက် မသင့်လျှော်နိုင်ပါ။ ကယ်လဆီယမ်ကာဘိုဒ် အသုံးပြုထားနိုင်ပါသည်။
✅ သဘာဝအားဖြင့် မှည့်သော သစ်သီးများသည် အရောင်အသွေး တပြေးညီ မဖြစ်ပဲအရောင်များ ကွက်ကျား ဖြစ်နေမည်။
✅ ခရမ်းချဉ်သီးများ တစ်ညီတစ်ညာတည်း နီနေလျှင်၊ သရက်သီးနှင့် သင်္ဘောသီးများ တစ်ညီတစ်ညာတည်း လိမ်မော်ရောင်၊ အဝါရောင် ဖြစ်နေလျှင် ကယ်လဆီယမ်ကာဘိုဒ် သုံးထားခြင်း ဖြစ်နိုင်ပါသည်။
✅ ငှက်ပျောသီးများများ၏ အရောင်သည်လည်း လိမ္မော်ရောင်သန်းနေသည့် အဝါရောင် ညီညီညာညာ ဖြစ်နေပြီး အညှာမှာ စိမ်းနေလျှင် ကယ်လဆီယမ်ကာဘိုဒ် သုံးထားခြင်း ဖြစ်နိုင်ပါသည်။
သဘာဝအားဖြင့် မှည့်သော ငှက်ပျောသီးမှာ အညှာမှာ မဲနေပြီး ငှက်ပျောသီး အခွံပေါ်တွင် အညိုရောင် အစက်အပြောက်များ ရှိနေမည် ဖြစ်သည်။
✅ သဘာဝအားဖြင့် မှည့်သော သစ်သီးများကို ရွေးချယ်ဝယ်ယူပါ။
✅ သစ်သီးများကို မစားသုံးမီ ရေစင်ကြယ်စွာ သေချာဆေးကြောပြီး အခွှံနွှာစားသည့် အလေ့အထ ပြုလုပ်ခြင်းဖြင့် ကယ်လဆီယမ်ကာဘိုဒ်ကြောင့် ဖြစ်သော အန္တရာယ်ကို နည်းအောင်ပြုလုပ်ပါဟု အကြံပြုတင်ပြလိုက်ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ..
 Ref:  https://www.facebook.com/775138869300565/posts/1293032457511201?sfns=mo fbမှကူးယူဖော်ပြသည်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!