Popular Posts!

Sunday, April 21, 2019

“၁၀၀ မှာ ၉၉ ယောက်က စီးပွားရေးမကောင်းဘူး ပြောကြတယ်။ ကျန်တဲ့ တစ်ယောက်က ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ တစ်ယော

“၁၀၀ မှာ ၉၉ ယောက်က စီးပွားရေးမကောင်းဘူး ပြောကြတယ်။ ကျန်တဲ့ တစ်ယောက်က ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ တစ်ယောက်”



မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်နှင့် ဆက်သွယ်မေးမြန်းခြင်း

NLD အစိုးရသက်တမ်းမှာ ပြီးခဲ့သည့်မတ်လ ၃၁ ရက်တွင် သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သုံးနှစ်အတွင်း စီးပွားရေးပတ်ဝန်းကျင်ကောင်းများ မည်မျှ ဖော်ဆောင်ပေးနိုင်ခဲ့သနည်း။ မြန်မာ့စီးပွားရေးဦးမော့ရန် စွမ်းဆောင်နိုင်ခဲ့ပါ၏လော။

 ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးလုပ်ကိုင်ရန် ယုံကြည်မှုရှိပါသေး၏လော အစရှိသည့် အစိုးရ၏ သုံးနှစ်တာ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်နှင့် The Voice Journal က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – NLD အစိုးရလက်ထက် သုံးနှစ်အတွင်း မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုက ဘယ်လိုအခြေအနေရှိတယ်လို့ မြင်လဲဗျ။

UNLZ – ဒီသုံးနှစ်အတွင်းမှာ စီးပွား/ကူးသန်းဝန်ကြီးက ပြောခဲ့တယ်။ ပို့ကုန်သုံးဆမြှင့်တင်မယ်ဆိုပြီး ပြောပေမယ့် တကယ်တော့ ပို့ကုန်သုံးဆမမြှင့်တင်နိုင်ခဲ့ဘူး။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ဆန်စပါးတင်ပို့မှု ၃ ဒသမ ၆ သန်းတော့ ရခဲ့တယ်။ နှစ်ဆနီးပါး တိုးတက်ခဲ့တယ်။ 

၂၀၁၈ -၂၀၁၉ မှာတော့ ကျွန်တော်တို့ ပြန်ပြီးတော့ ၂ ဒသမ ၃၅ သန်းဆိုပြီး ပြန်ကျသွားတယ်။ ပြောင်းတို့၊ ပဲတို့၊ သကြားတို့ တင်ပို့မှုမှာလည်း ပြန်ကျသွားတယ်။ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ငြိမ်မှု မရှိဘူး။ မူဝါဒပိုင်းဆိုင်ရာမှာလည်း အထူးသဖြင့် ပို့ကုန်ပေါ့။

 တရုတ်ကို မှီခိုနေရတယ်။ တရုတ်ကို မှီခိုနေရတဲ့အခါ နယ်စပ် ကုန်သွယ်မှုက တရားမဝင်ကုန်သွယ်မှုအပေါ် မှီခိုနေရတာကို သွားတွေ့ရတယ်။ ၂၀၁၈-၂၀၁၉ ကာလမှာ တရားမဝင်ကုန်သွယ်မှုကို တရုတ်ဘက်က အတော်လေး  တားဆီးလိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်က တင်ပို့မှုမှန်သမျှက ရပ်ဆိုင်းလုနီးပါးဖြစ်သွားတယ်။

The Voice Journal – NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ သုံးနှစ်အတွင်းမှာ  ၄၃ ရာခိုင်နှုန်းတက်လာတယ်လို့ ကျွန်တော်တို့ကို  ပြောတယ်။ ဘယ်လိုမြင်လဲဗျ။

UNLZ – ဒီကဏန်းကတော့ ၄၃ ရာခိုင်နှုန်းဆိုတာ မမှန်ဘူး။ ၄၃ ရာခိုင်နှုန်းတက်ဖို့တော့ မဖြစ်နိုင်ဘူး။

 အချို့အပိုင်းတွေမှာတော့ အနည်းငယ်တက်တယ်။ ဒါပေမဲ့ ကျတဲ့အပိုင်းတွေလည်း ကျတယ်။ ပို့ကုန်လို့ ပြောရင် ဆန်တစ်ခုထဲ မရဘူး။ တခြား Industry တွေကိုပါ ပြောရင် အထည်ချုပ်မှာ နည်းနည်းတက်မယ်။ ဆန်မှာက ၂၀၁၇-၂၀၁၈မှာ တက်တယ်။ ၂၀၁၈-၂၀၁၉ မှာ ကျတယ်။ နောက် သကြားကကျတော့၂၀၁၇ – ၂၀၁၈မှာ တက်တယ်။ 

၂၀၁၈ – ၂၀၁၉မှာ ကျသွားတယ်။ ပြဿနာက ခုနပြောသလို တရုတ်ကို မှီခိုတဲ့အခါမှာ တရုတ်ကို သကြားတွေ ထွက်တယ်။ ဒီဇယ်တွေ ထွက်တယ်။ သူတို့က တရားမဝင်ပို့တာကို ပိတ်လိုက်တော့ Re-Export မှာ အကုန်ကျသွားတယ်။ Re-Export ကျရင် သွင်းကုန်လည်း ကျတယ်။

 ပို့ကုန်လည်း ကျတယ်။ အခု ပြောင်းပေါ်လာတဲ့အချိန်မှာ ပြောင်းဈေးက အရမ်းကျတယ်။ ပြောင်းကလည်း တရုတ်ဈေးကွက်ကိုပဲ မှီခိုနေရတာ။ အခြားကုန်စည်တွေလည်း ပါတယ်။ ဒါက ဘယ်လောက်ကြာမလဲ မသိဘူး။ ၂၄ ရက်မှာ အတိုင်ပင်ခံက တရုတ်ကို သွားမယ်။ နှစ်နိုင်ငံ ဘယ်လောက်ညှိနှိုင်းလို့ ရမလဲတော့ မသိဘူး။ ဒီကိစ္စတွေ ညှိနှိုင်းဖို့ရှိတယ်လို့တော့ သိရတယ်။

The Voice Journal – တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုပြဿနာက ပြဿနာအသစ်မဟုတ်ဘဲ သမ္မတဦးသိန်းစိန်လက်ထက်ကတည်းကရှိခဲ့တဲ့ ပြဿနာအဟောင်း။ ဒီဘက် NLD အစိုးရလက်ထက်မှာလည်း အကျေအလည် ကိုင်တွယ်နိုင်တာ မတွေ့ရသေးဘူး။ တရုတ်ခရီးစဉ်မှာ ကျွန်တော်တို့ ဘာတွေ မျှော်လင့် နိုင်မလဲ။ နောက် Focal Ministry ဖြစ်တဲ့ စီးပွား/ကူးသန်းကရော ဒါကို အာရုံစိုက်ရဲ့လားဗျ။

UNLZ-  တရုတ်နိုင်ငံသွားတဲ့ အပိုင်းမှာ နှစ်ပိုင်းပေါ့။ တစ်ပိုင်းက နိုင်ငံရေး၊ နောက်တစ်ခုက စီးပွားရေးပေါ့။ နိုင်ငံရေးမှာတော့ မြစ်ဆုံတို့၊ ကျောက်ဖြူတို့ ပါမယ်ပေါ့။ အဓိက BRI နဲ့ ပတ်သက်ပြီးတော့ပေါ့။ မြန်မာ – တရုတ် ကြားမှာတော့ အခက်အခဲတွေ အများကြီးရှိတယ်။ တရုတ်ကလည်း ကျွန်တော်တို့နိုင်ငံသည် သူတို့နဲ့ ကုန်သွယ်တဲ့အခါ တရားမဝင်ကုန်သွယ်မှုမှာ မှီခိုနေရတယ်ဆိုတာ သူတို့လည်း သိတယ်။ 

သိတဲ့အတွက် ဒီအပေါ်မှာ ထောက်ကွက်ရှိသလားလို့ ပြန်မေးရမယ်။ နောက်တစ်ခုက BRI ကိုအကြောင်းပြုပြီး Barter System (ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်သည့် စနစ်) ကို အခြေခံလာတယ်။ 

Trade War ဖြစ်ပြီး နောက်ပိုင်း အဲဒါကို အခြေခံလာတယ်။ ဥပမာ – ဆန် တန်ချိန်နှစ်သိန်း။ စုစုပေါင်း ဒေါ်လာသန်း ၇၀၀ ပေါ့။ ဒါကို ယွမ်နဲ့ ရှိတဲ့ ပမာဏအတိုင်း ကျွန်တော်တို့ နိုင်ငံ ဘာလို့လဲ။

 ဓာတ်မြေဩဇာဆို ဓာတ်မြေဩဇာ၊ ဆောက်လုပ်ရေး ပစ္စည်းဆောက်လုပ်ရေးပစ္စည်းပေါ့ ဒါမျိုးပြန်သွင်းချင်တာ။ ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ်တယ် ကျင့်သုံးတဲ့ စနစ်ကို အခြေခံတယ်။

 ကျွန်တော်တို့ အခုတစ်ချိန်လုံး တရုတ်နဲ့ လာပြီး ညှိနှိုင်းတဲ့အခါမှာ Barter စနစ်ဆိုရင် သူတို့ဘက်က အခွန် သက်သာခွင့်ပေးမယ်ဆိုပြီးတော့ ညှိလာတဲ့ကိစ္စမျိုး ရှိတယ်။ အဲဒီ Barter စနစ်က ဘာပြဿနာရှိလဲဆိုတော့ တရားဝင်ကုန်သွယ်လို့ပဲ ရတယ်။

 တရားဝင်ကုန်သွယ်မှုကို သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက မှီခိုနေတဲ့  Export တော်တော်များများက တရားမဝင်ကုန်သွယ်မှုမှာ မှီခိုနေတာ။ အဲဒီအပေါ်မှာ အချိုးမညီတော့ဘူး။ နယ်စပ်မှာ ပြဿနာတက်ရော။ ပြဿနာတက်ရင် ကျွန်တော်တို့နိုင်ငံ Exprot က ကျရော။ နိုင်ငံခြား ငွေပြဿနာ၊ ဈေးကွက်ကျသွားရင် ဒီဈေးကွက်ကို မှီခိုနေတဲ့ ကျွန်တော်တို့နိုင်ငံ ပြည်တွင်းက ဈေးကွက်တွေ အကုန်လုံးက ကျသွားရော။ 

နယ်စပ်မှာ ပြောင်းပိတ်တယ်ဆိုရင် ပြောင်းခိုးသွားလို့ မရတော့ဘူးဆိုရင် ပြောင်း မဝယ်တော့ဘူး။ ပြောင်းဈေးက ကျကော။ အရင်တုန်းက ဆန်ကွဲမဝယ်တော့ဘူးဆိုရင် ပြည်တွင်းမှာ ဆန်ကွဲဈေးက ကျ။ ဆန်လည်း အတူတူပဲ။ မူဆယ်မှာဆိုရင် တန်ငါးသောင်းလောက် သွားပြီးတော့ ပုံနေတာပေါ့။ 

ဟိုဘက်ကို နည်းနည်းချင်းပဲ သွားနေတဲ့အခါမှာ ပုံမှန်တစ်နေ့ကို တန်ငါးထောင်၊ သုံးထောင်လောက်သွားနေတဲ့ ပမာဏကို မသွားနိုင်ဘူး။

The Voice Journal – ဒီသုံးနှစ်အတွင်းမှာ အစိုးရက လုပ်ငန်းရှင်တွေကို ထိုက်သင့်သလောက် Support လုပ်နေရဲ့လား။ တချို့ ပြည်ပကုန်စည် ပြပွဲတွေမှာ ပြည်တွင်းကော်ဖီတွေဆို သွားပြကြတာ ရှိတယ်။ အစိုးရဘက်က တာဝန်ရှိသူတွေ ဘာတွေမတွေ့ရဘူး ပြောနေကြတယ်။

UNLZ – လုပ်နေလားဆိုရင်တော့ ဒီဘက်နှစ်တွေမှာ ကုန်သွယ်ရေးမှာ Myan Trade ဒီကိစ္စတွေကို တတ်နိုင်သလောက် လုပ်နေတယ်။ နိုင်ငံတကာလောက်တော့ အားမကောင်းဘူး။ ရနိုင်တဲ့ အကန့်အသတ်တွေထဲက သူတို့လည်း လုပ်တော့ လုပ်နေပါတယ်။ ခက်တာက နိုင်ငံတကာမှာဆိုရင် စီးပွားရေးသံမှူးတွေ သံရုံးတွေ မှာထားတယ်။

 မြန်မာနိုင်ငံကတော့ အရေးကြီးတဲ့ နေရာ ခုနစ်နေရာလောက်တော့ သူတို့လည်း ထားတယ်ဗျ။ မြန်မာနိုင်ငံအနေနဲ့ Promote  လုပ်တဲ့အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ ဥပမာ – ဘင်္ဂလားဒေရှ့်နိုင်ငံက ဆန်လိုတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ G to G ကိစ္စတွေ ညှိတဲ့အခါမှာ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က သွားကြည့်ရတယ်။

 မြန်မာနိုင်ငံကိုယ်စား စီးပွား/ကူးသန်းက တစ်ယောက်မှ မပါဘူး။ အဲဒီလို။ အထူးသဖြင့် ဒီကိစ္စတွေက အနည်းဆုံးတော့ ဒု-ဝန်ကြီး Level လောက်က လိုက်ပါဆောင်ရွက်သင့်တာပေါ့နော်။ ဥပမာ ပြောပြတာ။ ဒီနိုင်ငံတစ်ခုပဲ ရှိသေးတယ်။

 တချို့ ဥပမာဗျာ အင်ဒိုနီးရှားလို နိုင်ငံမျိုး ကျွန်တော်တို့နိုင်ငံက ဆန်ရောင်းချင်တာလေ။ အစိုးရက ပြောတာ ကုန်သည်တွေ ရောင်းချင်တာ ငါတို့ ရောင်းချင်တာ မဟုတ်ဘူး။ အမှန်က အဲဒီလို မဟုတ်ဘူး။

 ကုန်သည်တွေ ရောင်းချင်တယ်ဆိုတာ ကျွန်တော်တို့နိုင်ငံက ဆန်ကို နိုင်ငံခြားကို ထွက်အောင်၊ ကျွန်တော်တို့နိုင်ငံကို ဒေါ်လာတွေ ဝင်လာအောင် ကျွန်တော်တို့က ကြိုးစားနေတာ။ ဒီလိုကိစ္စတွေမှာ အစိုးရရဲ့ ရပ်တည်မှုက လိုက်ပါပြီး အရှေ့ကနေ လက်ခုပ်တီးပေးတယ်။

 ရှေ့ကနေရပ်ပြီး စကားပြောပေးတယ်ဆိုရင်တောင်မှ ပုဂ္ဂလိကကဏ္ဍက လာတာနဲ့ အစိုးရ ပြည်ထောင်စုအဆင့် အနည်းဆုံးညွှန်ချုပ်အဆင့်၊ ဒု-ဝန်ကြီး Level လောက်က လာတာ မတူဘူး။ တချို့ကိစ္စညှိတာ နှိုင်းတာ အစိုးရတာဝန်ရှိသူ တစ်ယောက်လောက်ပါလာရင် ပိုကောင်းတာပေါ့။ 

ဒု- ဝန်ကြီးနှစ်ယောက်လောက် ခန့်ထားပြီး ပဲဆိုလည်း ပဲ၊ ပြောင်းဆိုလည်း ပြောင်း၊ ဆန်ဆိုလည်း ဆန် ဒီလိုကဏ္ဍတွေမှာ လိုတဲ့နိုင်ငံတွေသွားပြီး ညှိတဲ့ကိစ္စတွေမှာ ဦးဆောင်ပေးရင် ကျွန်တော်တို့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အများကြီးရှေ့ပိုရောက်မယ်။ 

ဥပမာ – ဂျပန်ဆိုရင် သူ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရှင်ဇိုအာဘေး လာတယ်။ Cabinet တစ်ဖွဲ့လုံးပါလာတဲ့အပြင် သူ့နိုင်ငံက ကော်ပိုရေးရှင်း ၁၀၀ ကျော်လောက် ပါလာတယ်။

The Voice Journal – အစိုးရက နိုင်ငံခြားတွေ သွားရင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ပြီး ဟိုဘက်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Business Matching တွေ လုပ်တာမျိုးရှိလား။  

UNLZ – ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်သွားတုန်းက UMFCCI နဲ့ ဒီဘက်က ကော်ပိုရေးရှင်းတွေ ပါသွားတာမျိုးတော့ ရှိခဲ့ဖူးတယ်။

The Voice Journal – ဥပမာပေါ့။ ဒီ သုံးနှစ်အတွင်းမှာ ခန့်မှန်းဘယ်လောက်ခေါ်သွားဖူးလဲ။  မကြာခဏ ခေါ်လား။

UNLZ – မကြာခဏတော့ မခေါ်ဘူး။ သွားသမျှတော့ မခေါ်ဘူး။ မှတ်မှတ်ရရ ဂျပန်သွားတဲ့အခါမှာတော့  Business Matching လုပ်ဖို့ ခေါ်သွားဖူးတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားတဲ့ အချိန်မှာ အဲဒါမျိုး ရှိခဲ့ဖူးတယ်။ ဟိုတစ်လောက စစ်တမ်းတစ်ခု ဖတ်လိုက်  ရတယ် ။ နိုင်ငံခြားကို အကြိမ်ရေအတွက် ဘယ်လောက်ပေါ့။ အမှန်တိုင်းပြောရင် အကြိမ်ရေအတွက်လည်း နည်းတာပေါ့။ ပြည်တွင်းမှာလည်း ခက်တာက ခရီးတွေ ပတ်သွားနေရတယ်။ လိုအပ်ချက်တွေ ရှိနေတာပေါ့။ အခုဆိုရင် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ပြည်တွင်းမှာ ခရီးတွေ သွားနေရတယ်။

The Voice Journal – ကျွန်တော်တို့ ဆိုလိုတဲ့  ခရီးက အတိုင်ပင်ခံမှ ဟုတ်ဘူး။ ဝန်ကြီးတွေ သွားရင်လည်း ခေါ်လို့ရတာပေါ့။

UNLZ – ခက်တာက ဒီဘက်အစိုးရလက်ထက်မှာ သွားတယ်ဆိုတာ ဒီတိုင်းသွားလို့ မရဘူးဖြစ်နေတယ်။ ဒီဘက်ခေတ်မှာ အဆင့်ဆင့်တင်ရတယ်။ Business နည်းနည်းဆန်ဖို့ လိုတာပေါ့ ။ စီးပွားရေးပုံစံမျိုးနဲ့ သွားတာ ပိုလွယ်တာပေါ့။

The Voice Journal – ADB Report မှာ  မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ၂၀၁၉ အတွက်ဆိုရင်  အကောင်းဘက်က မြင်ထားတယ်ပေါ့။ ပကတိအခြေအနေကို နှိုင်းယှဉ်ရင် အခြေအနေဘယ်လိုရှိနိုင်လဲ။

UNLZ – ADB ကလည်း ပြောတယ်။ စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကလည်း ပြောတယ်။ ၆ ဒသမ ၂ ကနေ ၆ ဒသမ ၆ ပေါ့လေ။ အာရှစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၅ ဒသမ ၂ ပဲရှိတာပေါ့လေ။ ကျွန်တော်တို့ နိုင်ငံက ပြာပုံလေ။ဇီးရိုးကနေ ၆ ဒသမ ၂ ဆိုတာက ဘာမှမရှိဘူး။ ပြန်ကြည့်မယ်ဆိုရင် ထိုင်းက တစ်နှစ်ကို ၂၅၀ ဘီလီယံလောက်ရှိတယ်။ သူတို့ ကုန်သွယ်မှုပမာဏက။ ကျွန်တော်တို့က ဘီလီယံ ၃၀၊ ၃၁ လောက်ပဲရှိတယ်။ ဒီဘက်နှစ်တွေမှာပြန်ကြည့်ရင်ကုန်သွယ်မှုပမာဏကအများကြီးတက် မလာဘူး။ ၃၀ကနေ ၄၀၊ ၄၀ ကနေ ၆၀ ဖြစ်လာတာ မရှိဘူး။ တက်လာတယ်ဆိုရင် တက်လာတယ်ပြောလို့ ရတယ်။ ကျွန်တော်တို့က ၃၀ ကနေ ၆ ဒသမ ၂ လောက်နဲ့ တက်မှာ။ ထိုင်းတို့က ဘီလီယံ၂၅၀ ကနေ ၅ ဒသမ ၂ လောက်နဲ့ တက်မှာ။ ယှဉ်ကြည့်လိုက်ရင် ပမာဏက သူတို့က များသွားတယ်။ ရာခိုင်နှုန်းနည်းပေမယ့် ပမာဏက အရမ်းများသွားတာလေ။ ကျွန်တော်တို့ထက် ဆယ်ဆလောက်များတယ်။

The Voice Journal – လက်ရှိ စီးပွားရေးအခြေအနေက လုပ်ငန်းရှင်တွေကြားထဲမှာရော  ဘယ်လိုဖြစ်နေတယ် ပြောကြလဲ။ ပကတိအခြေအနေပေါ့။

UNLZ – လုပ်ငန်းရှင်တွေကြားထဲမှာတော့ စီးပွားရေးသမားတွေက အခွန်တွေ၊ အတိုးတွေကြောင့် ဝန်တွေ ပိနေကြတယ်။ နောက် ၁၀၀ မှာ ၉၉ ယောက်က စီးပွားရေးမကောင်းဘူး ပြောကြတယ်။ ကျန်တဲ့ တစ်ယောက်က ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ တစ်ယောက်။ စီးပွားရေးအပေါ် ယုံကြည်မှုကလည်း လူတွေ အကုန်လုံးက စီးပွားရေးပြန်ကောင်းလာမလားလို့ မေးရင် ဒီစီးပွားရေးပြန်ကောင်းလာမယ်လို့ ၁၀ ယောက်မှာ ကိုးယောက်က မယုံကြဘူး။ အဲဒီလို အခက်အခဲကို ကြုံတွေ့နေရတယ်။

The Voice Journal – ဒါဆိုရင် အစိုးရအဖွဲ့က ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုမလဲဗျ။

UNLZ – ဝန်ကြီးဌာနက ပြုပြင်ပြောင်းလဲရမယ့် နေရာမှာ အခွန်ကိုလည်း Reform လုပ်ရမယ်။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဥပမာ – ဂက်စ်တို့၊ တယ်လီကွန်းတို့ ဒါတွေက ကောင်းတယ်။ ဒါပေမဲ့ ဒါတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့အတွက် နိုင်ငံကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ဆိုလိုတာက ဒါတွေက အချိန်တန် သူတို့နိုင်ငံကို ပြန်စီးသွားမှာ။  GDP ကို သွားကြည့်ရင်တော့ ကောင်းနေဦးမှာ။ ဒါတွေကို အစိုးရက သိဖို့ လိုတယ်။ စီးပွားရေးမကောင်းတာကို ကောင်းဖို့ဆိုရင် အခွန်နဲ့ ဘဏ်အတိုးကို ပြင်ပေးရမယ်။ စီးပွားရေးကောင်းစေချင်ရင် အခွန်ကို လျှော့ပေးလိုက်။ အတိုးနှုန်းတွေ ချပေးလိုက်။ ၁၃ ရာခိုင်နှုန်း၊ ၁၄ ရာခိုင်နှုန်း အတိုးကို တွက်ပြီး လုပ်ရတဲ့အခါ နှစ်ကျပ်တိုးမှမရရင် မလုပ်နိုင်ဘူး။ အကျိုးအမြတ် မသေချာရင် ကျွန်တော်တို့က အလုပ်မလုပ်တော့ဘူး။ အလုပ်လုပ်တဲ့အခါမှာ Risk မယူဘူး။ ဒါဆို အလုပ်အကိုင် အခွင့်အလမ်းမပေါဘူး။ ဘဏ်တိုးနှုန်းချရင် အလုပ် လုပ်ရဲတယ်။ နံပါတ် ၁ က အတိုးမချရင် မလုပ်ရဲဘူး။ လူတွေက ဘဏ်ကိုပဲ အတိုးတွေ ဆပ်နေရတဲ့အခါမှာ ဘဏ်တိုးကြောင့်မို့ လုပ်ငန်းရှင်တွေ အများကြီး ကြုံနေရတယ်။

The Voice Journal – စီးပွားရေးလုပ်ရကိုင်ရတဲ့ အခင်းအကျင်းကရော ဘယ်လိုအခြေအနေရှိလဲ။  ဒီသုံးနှစ်အတွင်းမှာပေါ့။

UNLZ – Ease of Doing Business က ကျွန်တော်တို့ ၁၇၁ မှာပဲရှိသေးတယ်။ ၁၇၁ က ၁၅၀၊ ၁၅၀ ကနေ ၁၂၀ ဒီလိုခုန်တက်သွားမှ ကျွန်တော်တို့ နိုင်ငံစီးပွားရေးက အခြေအနေကောင်းမှာ။

The Voice Journal – အစိုးရက ပြောထားတဲ့ Two Digit ဖြစ်ဖို့ဆိုတာကရော ဖြစ်လာနိုင်ပါ့မလား။

UNLZ – မဖြစ်နိုင်ဘူး ထင်တယ်။ Two Digit ဖြစ်ဖို့ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ Ease of Doing Business မှာ အချက် ၁၀ ချက်ရှိတယ်။ ၁၀ ချက်ကို တကယ်လုပ်နိုင်ပါ့မလားဆိုတာ အစိုးရအတွက် တကယ့်စိန်ခေါ်မှုပဲ။

The Voice Journal – Ease of Doing Business ကတော့ အချက်အလက်အရ ပြောတာပေါ့ဗျာ။ တကယ့်မြေပြင်ကရော ဥပမာ ကိုနေလင်းဇင် လုပ်နေတဲ့ ဆန်စပါးမှာပဲဆိုပါတော့ အခြေအနေ ဘယ်လိုရှိမလဲ။ စီးပွားရေး လုပ်ရကိုင်ရလွယ်နေလား။

UNLZ – လက်ရှိတော့ ဖြစ်မလာသေးဘူး။ လက်ရှိမှာ ဖြစ်လာတယ်လို့ မခံစားရသေးဘူး။ ကျွန်တော်တို့ ကိုယ်တိုင် တကယ်လည်း လုပ်နေတယ်၊ တကယ်လည်း မြေပြင်မှာ ရှိနေတဲ့အခါ စာရွက်စာတမ်းကိစ္စ၊ ရုံးဌာနကိစ္စတွေမှာ အခက်အခဲတွေ အများကြီးကြုံနေရတယ်။

The Voice Journal – အခု ဦးအောင်နိုင်ဦး ပြောင်းသွားတယ်ပေါ့။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနရဲ့ အတွင်းဝန်ဖြစ်သွားတယ်။ ဘာတွေ မျှော်လင့်လို့ ရမလဲ။ လုပ်ငန်းရှင်တွေက သူတို့သဘောကျတယ်လို့ ကျွန်တော် ထင်ပါတယ်။

UNLZ – ဟုတ်ပါတယ်။ လုပ်ငန်းရှင် ၁၀၀ ဆို ၁၀၀ လုံးက သူ့ကို ကြိုက်တယ်လို့ ပြောလို့ရတယ်။ ပြောချင်တာကတော့ ဌာနတွေ အတော်များများမှာ ဦးအောင်နိုင်ဦးလိုမျိုး တကယ့် Smart ဖြစ်တဲ့သူတွေ လိုတယ်။ သူနဲ့ ခရီးသွားဖူးတယ်။ သူက ညွှန်ချုပ်။ သူပြောတာက ညွှန်မှူးအဆင့်လုပ်ရမယ့် ကိစ္စတွေ သူ့ဆီ တက်မလာနဲ့။ တက်လာရင် အရေးယူမယ်တဲ့။ ဆိုလိုတာက လူတွေ အတော်များများက အပေါ်ကနေ  Centralized ချုပ်ကိုင်ထားကြတာ။ ပြောရရင် သူ့ဌာနက လည်ပတ်နေပြီးသား။ တကယ်ကျ သူက နိုင်ငံတကာကို ပတ်နေတာ။ မြန်မာပြည်မှာ မရှိသလောက်ပဲ ။ ရုံးတောင် အချိန်ပြည့်မထိုင်နိုင်ဘဲ လျှောက်သွားနေပေမယ့် သူ့ဌာနက ကောင်းကောင်းလည်ပတ်နေတာက မှန်ကန်တဲ့ Management ပဲ။ မှန်ကန်တဲ့ Management လုပ်ဖို့ဆိုတာ တာဝန်တွေ ပေးထားဖို့လိုတယ်။ ဆုံးဖြတ်ပိုင်ခွင့်ပေးထားဖို့ လိုတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရမယ်။ အဲလို ဆုံးဖြတ်ရဲဖို့ ဆိုတာကလည်း အပေါ်ကနေ Authority တွေ ပေးထားဖို့ လိုတယ်။ တိုးတက်ဖို့ဆိုတာက ဝန်ကြီးဌာနတွေမှာ ဒီလိုမျိုးတာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိလာဖို့ လိုတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးများများရှိဖို့ လိုသလို ဒီလို ပုဂ္ဂိုလ်မျိုးတွေ များများထွက်လာဖို့ အခင်းအကျင်းကောင်းတွေ ဖန်တီးပေးဖို့လည်း လိုတယ်။ ရှိနေတဲ့ လူတွေက အပေါ်က ဆုံးဖြတ်ပြီးမှ ဆက်လုပ်ရဲတဲ့သူတွေ ဖြစ်နေတယ်။ အောက်က ဆုံးဖြတ်လုပ်တာကိုလည်း အပေါ်က ခွင့်ပြုရဲဖို့ လိုတယ်။ အခုက မလုပ်၊ မရှုပ်၊ မပြုတ်တွေများတဲ့အခါမှာ မလုပ်တော့ဘူးလေ။ မလုပ်ရင် မရှုပ်ဘူး။ မရှုပ်ရင် မပြုတ်ဘူးပေါ့။

The Voice Journal – စီးပွားရေးမှာ ဦးသိန်းစိန်အစိုးရရဲ့ ပထမသုံးနှစ်နဲ့ NLD အစိုးရရဲ့ ပထမသုံးနှစ်  ဘယ်လိုမြင်လဲဗျ။

UNLZ – ကျွန်တော် ဘယ်အစိုးရကောင်းတယ်လို့ မပြောလိုဘူးနော်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ Reform က ပထမသုံးနှစ်မှာ အရမ်းအားရဖို့ ကောင်းတယ်။ နောက် ၂ နှစ်မှာကတော့ အားရဖို့ မကောင်းဘူး။ ဒါကလည်း လူအပြောင်းအလဲတွေနဲ့ ဆိုင်တယ်။ သမ္မတရုံးဝန်ကြီး ပြောင်းသွားတယ်။ ပထမသုံးနှစ် အပြောင်းအလဲက ဦးသိန်းစိန်လက်ထက်မှာ အများကြီးထိရောက်ခဲ့တယ်။ နိုင်ငံ့စီးပွားရေး အတွက်ရော၊ လူတွေယုံကြည်မှုတွေရော အပြောင်းအလဲတွေ ဖြစ်တယ်။ ဒီဘက်သုံးနှစ် (NLD လက်ထက်) မှာတော့ ယုံကြည်မှုက ထင်သလောက် တက်မလာဘူး။ နှစ်ခုယှဉ်လိုက်ရင် ဒါက စီးပွားရေးလုပ်ငန်းတိုင်း ကြုံနေရတဲ့ အနေအထားမှာ ဒီအတိုင်းသွားတွေ့ရတယ်။ အဓိကတော့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်ရာ ယုံကြည်မှုပေါ့။

The Voice Journal – အခုNLD အစိုးရသက်တမ်းက တစ်နှစ် ရှစ်လကျော်လောက်ကျန်တယ်။ ဒီကာလအတွင်း စီးပွားရေးဘာတွေပြောင်းလဲသွားမယ်လို့ မျှော်လင့်လဲဗျ။

UNLZ – အများကြီးတော့ မမျှော်လင့်ဘူးဗျ။ အများကြီး ပြောင်းလဲမယ်လည်း မထင်ဘူး။ ဒီအတိုင်း ဒုံရင်းပဲသွားမှာပဲ။ ဘာ့ကြောင့်လဲဆို တကယ့်ကို Take Off ဖြစ်သွားအောင် လုပ်နိုင်တဲ့သူတွေလည်း မရှိဘူး။ ကျွန်တော်တို့ဆီမှာ Bottleneck တွေ ရှိတယ်။ Challenges တွေရှိတယ်။ ဒါတွေကို အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲပေးနိုင်မယ့် Decision Maker ၊ Key Player မတွေ့ရဘူး။ ဒီအတိုင်းပဲ ပိုနေမြဲ ကျားနေမြဲပဲ သွားမယ်။ အရင် သုံးနှစ်ကလည်း ဒီလိုပဲ။ အရင်သုံးနှစ်တောင် မတိုးတက်ရင် လာမယ့် နှစ်တွေလည်း ဒီအတိုင်းပဲ သွားမှာပဲ။

ရဲနိုင်ဦး
Source The Voice Journal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!