Popular Posts!

Thursday, April 25, 2019

BRI သို့မဟုတ် နဂါးပတ်ကျော့ကွင်း


#BRI သို့မဟုတ် #နဂါးပတ်ကျော့ကွင်း

အခု အမေစု သွားတက်နေတဲ့ BRI (Belt and Road Initiative) ဖိုရမ်က တရုတ်အတွက် အရမ်းကို အရေးပါပါတယ် ... အဲဒါက အရင်တုန်းက ခါးပတ်တကွင်း လမ်းတစင်းတို့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း တို့ ဆိုပြီး ဘာသာပြန်ကြတဲ့ OBOR (One Belt One Road) ပါပဲ ... ၂၀၁၆ မှာ OBOR ရဲ့ "တခု (One)" ဆိုတဲ့စကားလုံးက အမြင်လွဲမှားနိုင်စေတယ် ဆိုပြီး တရုတ်အစိုးရက BRI လို့ တရားဝင် နာမည်ပြောင်းလိုက်တာပါ ...

အဲဒါနဲ့ ဘာသာအမျိုးမျိုးပြန်နေကြတာတွေ့တော့ အမှန်ကို သိဖို့ဆိုရင် အဲဒီက Belt နဲ့ Road ဆိုတာ ဘာလဲ လို့ သိဖို့လိုပါတယ် ...

Belt ဆိုတာက ပတ်လမ်းပါ ... ကုန်းတွင်း ကားလမ်းနဲ့ ရထားလမ်းတွေပါတဲ့ပတ်လမ်းကို ရည်ညွှန်းပါတယ် ... "ပိုးလမ်းမစီးပွားရေးပတ်လမ်း" (the Silk Road Economic Belt) လို့ အမည်ပေးထားပါတယ် ...

Road ဆိုတာက လမ်းတော့လမ်းပဲ ... ဒါပေမယ့် ရေလမ်း ဖြစ်ပါတယ် ... "၂၁ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမ" (21st Century Maritime Silk Road) လို့ ခေါ်ပါတယ် ...

ဒါကြောင့် Belt သည် ကုန်းလမ်း၊ Road သည် ရေလမ်း လို့ ဆိုလိုပါတယ် ... 

Initiative ဆိုတာကတော့ နိုင်ငံတကာ ဆက်ဆံရေးဝေါဟာရအရ ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့ နိုင်ငံတနိုင်ငံက တခြားနိုင်ငံကို အဆိုပြုချက် လို့ အဓိပ္ပါယ်ရပါတယ် ...

ဒီအကြံက တရုတ်ဗဟိုပြုကုန်သွယ်ရေး ကွန်ယက်အားဖြင့် ကမ္ဘာ့ရေးရာတွေကို လွှမ်းမိုးဖို့ ကြံတာလို့ ဝေဖန်မှုတွေ ရှိပါတယ် ...

Belt (ကုန်းလမ်း) မှာ ဘာတွေပါသလဲဆိုရင် ...

၁) ယူရေးရှားကုန်းတွင်းတံတားသစ် (The New Eurasian Land Bridge)
တရုတ်အနောက်ပိုင်း ကနေ ကာဇက်စတန်ကို ဖြတ်ပြီး ရုရှားအနောက်ပိုင်းအထိ ဖောက်မယ့် ပိုးလမ်းမရထားလမ်း (Silk Road Railway) အပါအဝင် လမ်းကြောင်း ဖြစ်ပြီး တရုတ်ရဲ့ စင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်၊ ကာဇက်စတန်၊ ရုရှား၊ ဘယ်လာရုစ်၊ ပိုလန်နဲ့ ဂျာမနီ အထိ ဖြတ်သွားမယ့် စီးပွားရေးစင်္ကြံလမ်းပါ

၂) တရုတ်-မွန်ဂိုလီးယား-ရုရှား စင်္ကြံလမ်း
တရုတ်ပြည်မြောက်ပိုင်းကနေ မွန်ဂိုလီးယားကို ဖြတ်ပြီး ရုရှားအရှေ့ဖျား အထိ သွားမယ့်လမ်းပါ

၃) တရုတ်-အလယ်အာရှ-အနောက်အာရှစင်္ကြံလမ်း
တရုတ်ပြည် အနောက်ပိုင်းကနေ တူရကီအထိ ပေါက်ပါမယ်

၎) တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စင်္ကြံလမ်း
တရုတ်ပြည်တောင်ပိုင်းကနေ စင်ကာပူအထိ

၅) ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စင်္ကြံလမ်း (BCIM)
တရုတ်ပြည်တောင်ပိုင်းကနေ မြန်မာပြည်အထိ (BRI နဲ့ နီးစပ်စွာဆက်သွယ်မှု လို့ တရားဝင် သတ်မှတ်ထားပါတယ်)

၆) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း (CPEC) 
ဒါလည်း BRI နဲ့ နီးစပ်စွာဆက်သွယ်မှု လို့ တရားဝင် သတ်မှတ်ထားပါတယ်

Road (ရေကြောင်း) မှာက ...

၁) တရုတ်-အရှေ့တောင်အာရှ လမ်းကြောင်း
တရုတ်-ဗီယက်နမ်-မြန်မာ
တရုတ်-ဖိလစ်ပိုင်
စင်ကာပူ၊ မလေးရှား
အင်ဒိုနီးရှား
တရုတ်-ထိုင်း၊ ကမ္ဘောဒီးယား

၂) တရုတ်-တောင်အာရှ လမ်းကြောင်း
တရုတ်-ပါကစ္စတန်
အိန္ဒိယ၊ သီရိလင်္ကာ

၃) အရှေ့အလယ်ပိုင်း၊ အရှေ့အာဖရိက လမ်းကြောင်း
တရုတ်-အီရတ်၊ ယူအေအီး
တရုတ်-ပင်လယ်နီ

၎) ဥရောပလမ်းကြောင်း
ချင်ဒေါင်း၊ ရှန်ဟိုင်းကနေ ဟောင်ကောင်၊ မလက္ကာရေလက်ကြားကိုဖြတ်၊ ပင်လယ်နီကနေ မြေထဲပင်လယ်ကိုဝင်ပြီး အီတလီ၊ ဂရိ၊ ပြင်သစ်နဲ့ စပိန်က ဆိပ်ကမ်းမြို့ကြီးတွေကို သွားပြီး တရုတ်ပြည်ကို ပြန်မှာပါ ... ဆော်ဒီ၊ သီရိလင်္ကာ၊ စင်ကာပူကိုလည်း ဝင်နိုင်ပါတယ် ...

ဒီအတွက် တရုတ်က နှစ်ရှည် ငှားရမ်းပြီးသား ဆိပ်ကမ်းတွေက ...
ဂွာဒါး၊ ပါကစ္စတန် - နှစ် ၄၀
ကျောက်ဖြူ၊ မြန်မာ - နှစ် ၅၀
ကွမ်တန်၊ မလေးရှား - နှစ် ၆၀
အိုဘော့၊ ဂျီဘူတီ (အာဖရိက) - ၁၀ နှစ်
မလက္ကာအဝင်လမ်း - ၉၉ နှစ်
ဟမ်ဘန်တိုတာ၊ သီရိလင်္ကာ - ၉၉ နှစ်
မွာရာ၊ ဘရူနိုင်း - နှစ် ၆၀
ဖေဒူးဖီနောဟု၊ မော်လ်ဒိုက် - နှစ် ၅၀ 
တို့ဖြစ်ပါတယ် ...

အဓိကအားဖြင့် တောင်တရုတ်ပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းနဲ့ အိန္ဒိယသမုဒ္ဒရာ တဝှန်းကို လှည့်လည်သွားလာမယ့် လမ်းကြောင်းတွေပါ ...

ဒါ့အပြင် ...
"ရေခဲပိုးလမ်းမ" (Ice Silk Road) ဆိုတဲ့ အာတိတ်ပင်လယ်ပြင်ထဲက ရုရှားပိုင်နက်မှာ သွားလာမယ့် မြောက်ပိုင်းပင်လယ်လမ်းကြောင်းကို ဖောက်ဖို့ ရုရှားနဲ့ သဘောတူညီချက် ရထားတယ်လို့ ဆိုပါတယ် ... ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အဓိကထားပုံရပါတယ်

"စူပါဓာတ်အားကွန်ယက်" (Super grid) ဆိုတဲ့ မဟာ့မဟာ ဗို့အားမြင့် ဓာတ်အားလိုင်းကွန်ယက်ကြီး (Ultra high voltage electricity grid) ၆-ခုကို တရုတ်၊ အရှေ့မြောက်အာရှ၊ အရှေ့တောင်အာရှ၊ အလယ်အာရှ၊ တောင်အာရှနဲ့ အနောက်အာရှ ဒေသကြီး ၆-ခုမှာ တည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ် ... အလယ်အာရှ ဒေသက လေအားလျှပ်စစ်ကို အဓိက ရည်ရွယ်ထားပါတယ် ... "မြစ်ဆုံဆည်" ဟာ ဒီ စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်နေရင်တော့ တရုတ်က လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ပါ ... 

လောလောဆယ် နိုင်ငံပေါင်း ၁၂၆ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီး ၂၉-ခုနဲ့ သဘောတူ လက်မှတ်ရေးထိုးထားပြီး ၁၅၂ နိုင်ငံအထိ ပါဝင်ပတ်သက်နေတဲ့ ဒီမဟာစီမံကိန်းကြီးကို စူပါပါဝါ အမေရိကန်ကတောင် အတော်လေး သတိထားစောင့်ကြည့်နေရပါတယ် ... တရုတ်ပြည်ကလွဲလို့ တခြားအာရှနိုင်ငံတွေအနေနဲ့ လာမယ့် ဆယ်စုနှစ်တခုအတွင်း ဒီလမ်းတွေဖောက်ဖို့ တနှစ်ကို အမေရိကန်ဒေါ်လာ ၉၀၀ ဘီလျံအထိ ကုန်ကျနိုင်ချေရှိတယ်လို့ ခန့်မှန်းထားတာကြောင့် အကြွေးထောင်ချောက်သံခင်းတမန်ခင်းထဲ ဝင်သွားမယ့် အန္တရာယ် ရှိနေတယ်လို့လည်း ဝေဖန်ကြပါတယ် ... ဒါ့အပြင် "ခေတ်သစ်ကိုလိုနီဝါဒ" အဖြစ်လည်း ရှုမြင်နေကြပါတယ် ... ဒီအန္တရာယ်ကို မဟာသီယာ မြင်လို့ အရှေ့ဘက်ကမ်းခြေရထားလမ်းနဲ့ ရေနံပိုက်လိုင်းစီမံကိန်းနှစ်ခုကို ဖျက်ပစ်လိုက်ပြီး "ကိုလိုနီဝါဒဟာ ပုံသဏ္ဌာန်သစ်နဲ့ ဖြစ်ပေါ်နေပြီ" လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒါဟာ တရုတ်နဲ့ BRI ကို ရည်ညွှန်းတာ မဟုတ်ပါဘူးလို့ ပြန်လျှောချရတဲ့အပြင် ရထားလမ်းစီမံကိန်းကိုလည်း ပြန်လုပ်ခွင့် ပြုခဲ့ရပါတယ် ... ဒါကြောင့် မိလိုက်ရင် ပြန်မလွတ်နိုင်တော့တဲ့ "နဂါးပတ်ကျော့ကွင်း" ဖြစ်နေမှာ စိုးရိမ်မိပါတယ် ...

BRI ဟာ အန္တရာယ်သက်သက်တော့ မဟုတ်ပါဘူး ... သုံးတတ်ရင် အခွင့်အလမ်းလည်း ရှိနိုင်ပါတယ် ... ဒါပေမယ့် ထောင်ချောက်တွေ ရှိနေနိုင်တာကြောင့် ခြေလှမ်းတိုင်းကို သတိကြီးစွာထားပြီး ပါးပါးနပ်နပ်နဲ့ ပါဝင်ရမယ့် စီမံကိန်းကြီး ဖြစ်နေပါတယ် ... အမေစုကတော့ ဒီထောင်ချောက်တွေကို ကြိုမြင်ပြီး တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ဦးဆောင်မှု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရတာပါပဲ

#ဟယ်ရီလွ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!