Popular Posts!

Saturday, September 20, 2014

အိမ်ရာနှင့် အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ၌ အလုံးအရင်းနှင့် ၀င်ရောက်ရင်းနှီးမြှုပ်နှံသူများမှာ ဥပဒေနှင့်မညီသော တရုတ်ကုမ္ပဏီများသာ ဖြစ်နေ

 အခုပြောလို့ လူတွေသိကျတာ...  အိမ်ရာ ပရေဂျက်က ပြီးတောင်ပြီးတော့မယ်...လူကြီးတတွေ မျက်စိစုံမိတ်ထားကျတော့....လာကျပြီပေါ့ဗျ...နိုင်ငံရေးပယောဂလဲပါမှာပေါ့....အစိုးရမသိဘူးဆိုတာ မဖြစ်နိုင်ဘူးလေ...


ရန်ကုန်၊ မန္တလေး၊ မူဆယ်ဒေသများတွင် အိမ်ရာနှင့် အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ၌ အလုံးအရင်းနှင့် ၀င်ရောက်ရင်းနှီးမြှုပ်နှံသူများမှာ ဥပဒေနှင့်မညီသော တရုတ်ကုမ္ပဏီများသာ ဖြစ်နေ

Written by: 
အငယ်ထွေး၊ နီလာ
တရားဝင်စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော မူဆယ်ဗဟိုစီးပွားရေး စီမံကိန်းဇုန်(၁)ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ရန်ကုန်၊ မန္တလေးနှင့် မူဆယ်ဒေသများတွင် အိမ်ရာနှင့် အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ၌ အလုံးအရင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများမှာ ဥပဒေနှင့်မညီသော တရုတ်ကုမ္ပဏီများသာဖြစ်နေကြောင်း သိရသည်။


“မူဆယ်မှာ ဧက ၃ဝဝ ပေါ်မှာ လူနေအိမ်တွေ၊ တိုက်ခန်းတွေ၊ အပန်းဖြေစခန်းတွေ စားသောက်ဆိုင်တွေ၊ ရှော့ပင်းမောလ်တွေကို အကောင်အထည်ဖော်နေတဲ့ New Star Light ကုမ္ပဏီနဲ့ မန္တလေးရဲ့ မင်္ဂလာမန္တလေးဆိုတဲ့ အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေက အတူတူပဲ။ တစ်လောက နာမည်ကြီးသွားတဲ့ ရှောက်ပန်းတို့ ရှောက်စန်းတို့ထက် ပိုပြီးတော့ကြီးပါတယ်။ အလားတူပဲ Dagon City-1 တို့ Golden City တို့ကလည်း တရုတ်ကုမ္ပဏီတွေပါပဲ” ဟု Myanmar Global Investment Forum သို့ တက်ရောက်လာသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။



ယင်းကဲ့သို့ စကားသံများ ပေါ်ပေါက်လာခြင်းမှာ Myanmar Global Investment Forum ၏ ဒုတိယမြောက်နေ့တွင် YOMA Strategic Holdings မှ Executive Director ဖြစ်သူ Cyrus Pun ၏ Panel Discussion  တွင် ဆွေးနွေးမှုများနှင့်ပတ်သက်၍ ယင်းကဲ့သို့သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။



“မြန်မာနိုင်ငံမှာ ရုံးခန်းတွေ၊ အိမ်ရာတွေ Services Apartment တွေရဲ့လိုအပ်ချက်က တော်တော်လေးမြင့်တက်နေတယ်။ ကျွန်တော့်အတွေ့အကြုံအရပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကစပြီး အိမ်ရာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ဝင်လာပေမယ့် လန်လန်ပြီးပြန်သွားတာလည်း ရှိပါတယ်။ သူတို့စိတ်မဝင်စားလို့ မဟုတ်ပါဘူး။ အဓိက,ကတော့ မြေဈေးနှုန်းတွေ ကြီးမြင့်နေလို့ဖြစ်ပါတယ်။ မြေဈေးနှုန်းကြီးမြင့်တယ်ဆိုတာလည်း အဓိကအားဖြင့် ဈေးကစားလို့ ဖြစ်တာပါ။ နောက်ပြီးတော့ မြေနဲ့ပတ်သက်ပြီး တင်ဒါခေါ်တဲ့နေရာမှာ ပြဿနာရှိပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေ စိတ်ပျက်တဲ့အထဲမှာ တင်ဒါကိစ္စလည်း ပါပါတယ်။ ပြည်တွင်းကုမ္ပဏီတွေကပဲ Project တွေကို ရသွားကြပါတယ်” ဟု Cyrus Pun က ဆိုသည်။



မြန်မာနိုင်ငံ၌ အိမ်ရာအဆောက်အအုံ စီမံကိန်းများတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်နေပြီး စုစုပေါင်း ကျပ်ဘီလျံ ၇ဝဝ ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။



“အဓိက,က နိုင်ငံခြားသားကို Development ပိုင်းကို သိပ်မပေးချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ အခွန်ကင်းလွတ်ခွင့်ပေးထားတာတွေ ရှိတယ်။ အဲဒီတော့ နိုင်ငံခြားသားကို ပေးလိုက်လို့ရှိရင် အခွန်ကင်းလွတ်ခွင့်ပေးတဲ့ ကာလတော့ လုပ်နေပြီး နောက်ပိုင်းပိုင်ဆိုင်မှုတွေ ရောင်းပြီး ထွက်သွားနိုင်တယ်။ ဒါကြောင့် မပေးချင်ကြတာပါ။ တရုတ်ကျတော့ နာမည်ခံပေးမယ့်သူ ရှိတယ်။ အဲဒီတော့ သူတို့က တိုင်းရင်းသားရင်းနှီးမြှုပ်နှံသူဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်သွားတယ်” ဟု အဆိုပါစီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

တရားဝင်စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော မူဆယ်ဗဟိုစီးပွားရေး စီမံကိန်းဇုန်(၁)ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)


မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်နောက်ပိုင်း စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်လာသည့် ကာလတစ်လျှောက် တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်များ၊ တရုတ်လူမျိုးနောက်ခံ မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များ အိမ်ရာအဆောက်အအုံနှင့် မြေကွက်လုပ်ငန်းများတွင် အလုံးအရင်းနှင့် ဝင်ရောက်လာကြကြောင်း၊ ယင်းကဲ့သို့ အလုံးအရင်းနှင့် မြေယာများအား ကိုင်တွယ်ထားသည့်အတွက် အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲရှိနေကြောင်း သိရသည်။



လက်ရှိအချိန်၌ မြန်မာ-တရုတ်နယ် စပ်ရွှေလီမြစ်ကမ်း နဖူးပေါ်တွင် New Star Light ကုမ္ပဏီက အကောင်အထည်ဖော်နေသော မူဆယ် CBD-MUSE Central Business District သည် မြေဧက ၂၉၄ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး စီးပွားရေးဇုန်အပြင် လူနေအဆောက်အအုံ စီမံကိန်းပါ ပါဝင်သည်။



“မူဆယ် CBD project က စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဓိကအားဖြင့် ဒီဒေသဟာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၆ဝ လောက်က ဒီကနေဖြတ်သွားနေတာပါ။ တစ်ဖက်မှာတော့ လူဦးရေ တစ်သန်းခွဲလောက်ရှိတဲ့ ရွှေလီမြို့ ရှိပါတယ်။ ဒီစီမံကိန်းမှာ အထပ်မြင့်အဆောက်အအုံ အလုံး ၂ဝဝ လောက် ပါဝင်ပါတယ်” ဟု New Star Light ကုမ္ပဏီ၏ အကြံပေးဖြစ်သူ Putu Kamayana က Myanmar Global Investment Forum တွင် ပြောကြားသည်။



“အခုဆောက်နေတဲ့ New Star Light ကုမ္ပဏီက မန္တလေးမှာလည်း အိမ်ရာစီမံကိန်း အကြီးကြီးရှိနေတယ်။ အမှန်အတိုင်းပြောရင်တော့ အခုလို Project ကို လုပ်လိုက်တဲ့အတွက်ကြောင့်မို့ မူဆယ်ဒေသ ဖွံ့ဖြိုးသွားမယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ဥပမာ-တစ်ခုပြောမယ်ဆိုရင် မလေးရှားမှာဆိုရင် ဂျာဟိုးပြည်နယ်ကို စင်ကာပူတွေကို မရောင်းရဘူးလို့ အပြတ်ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ဂျာဟိုးကနေ တံတားကူးလိုက်ရင် စင်ကာပူကိုရောက်ပြီ။ စင်ကာပူက ဂျာဟိုးမှာ အိမ်တွေဝယ်ပြီး ဒီဘက်မှာ ရုံးလာတက်လို့ရတယ်။ ဒါကြောင့် အဲဒီနေရာကို သီးခြား Protect လုပ်ထားတယ်။ ဒါကြောင့် International Standard တွေက တိုင်းပြည်နဲ့ မကိုက်တာတွေရှိတယ်။ ဖွံ့ဖြိုးရေးတစ်ခုတည်းကြည့်ပြီး တခြားပြန်မကြည့်လို့ မရပါဘူး” ဟု အဆိုပါစီးပွားရေးလုပ်ငန်းရှင်က ပြောကြားသည်။



ရန်ကုန်၊ မန္တလေး၊ မူဆယ်ဒေသများတွင် အဓိကအရေးပါသည့် အိမ်ခြံမြေ၊ အိမ်ရာအဆောက်အအုံများနှင့် ယင်းကဏ္ဍများတွင် တရုတ်ပြည်မကြီးသူဌေးများ နောက်ခံဖြင့် ဝင်ရောက်လာမှုများသည် ပထဝီနိုင်ငံရေးအရ ကြည့်ပါက ရင်လေးစရာဖြစ်နေကြောင်း၊ လက်ရှိအချိန်၌ တရုတ်နိုင်ငံ၏ ပေါ်လစ်ဗျူ ရိုထဲတွင် အကျင့်ပျက်ခြစားမှုများအား ပြင်းပြင်းထန်ထန် အရေးယူနေသည့်အချိန် ဖြစ်သည့်အတွက် တရုတ်လုပ်ငန်းရှင်များ မူဆယ်အိမ်ထောင်စုဇယားရှိသူ ပြည်တွင်းတရုတ်များမှတစ်ဆင့် တိုင်းရင်းသားလုပ်ငန်းရှင်များခေါင်းစဉ်ဖြင့် ဝင်ရောက်လာမှုများ ရှိနိုင်ကြောင်း၊ ထိုကဲ့သို့ ဥပဒေနှင့် မညီညွတ်သော ရောင်းဝယ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရန် အစိုးရ၌ တာဝန်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

Ref:newseleven
အိမ်ရာနှင့် အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ၌ အလုံးအရင်းနှင့် ၀င်ရောက်ရင်းနှီးမြှုပ်နှံသူများမှာ ဥပဒေနှင့်မညီသော တရုတ်ကုမ္ပဏီများသာ ဖြစ်နေ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!