စက်တင်ဘာလ ၂၉ ရက်နေ့။ ထောင်ပေါင်းများစွာသော ဟောင်ကောင် ပြည်သူတို့ လမ်းပေါ် ရောက်လာသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ကျောင်းသားများကို အင်အားသုံး ဖြိုခွဲနှိမ်နင်း လိုက်ခြင်းသည် ပြည်သူတို့၏ ဒေါသကိုပါ ဆွပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။ ပြည်သူတွေအနေနှင့် မိမိတို့ပိုင်နက် နယ်မြေအတွင်း ကိုယ့်ရွေးချယ်သည့် ကိုယ့်ခေါင်းဆောင်နှင့် အုပ်ချုပ်ပိုင်ခွင့် တောင်းဆိုနေသည်မှာ အပြစ်ဟု ယူဆစရာ အကြောင်းမရှိ။ ကျောင်းသားများ တောင်းဆိုနေကြသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ရွေးချယ် တင်မြှောက်ပိုင်ခွင့်များကို သူတို့အနေနှင့် မထောက်ခံနိုင်စရာ အကြောင်းမရှိ။ အမှန်ဆိုရလျှင် ကျောင်းသားတွေက ဆုံးရှုံးစရာ ဘာမျှမရှိသည့် သူတို့ဘဝများအတွက် ပေးဆပ်ထားပြီး ဖြစ်နေသဖြင့် မိဘပြည်သူများ ပူးပေါင်း တိုက်ပွဲဝင်လာကြခြင်းမှာ ဘာမျှမဆန်းဟု ဆိုချင်သည်။
အပြာရောင် ယူနီဖောင်းများနှင့် အနက်ရောင် ဦးထုပ်များကို မျက်ကာမှန်များတပ်ကာ ဝတ်ဆင်ထားသည့် ဟောင်ကောင် ရဲများသည် မျက်ရည်ယို ဗုံးများကို တရစပ် ပစ်ခတ်ခဲ့ကြသလို နံပါတ်တုတ် များဖြင့်လည်း ကျောင်းသားများကို ထိုးနှက်တိုက်ခိုက်ကာ ရိုက်ခဲ့ကြသည်။ ထို့ပြင် ငရုတ်ကောင်း ဆေးဘူးများနှင့် မျက်နှာများကို ပက်ဖျန်းကာ မညှာမတာ တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုသည် ကျောင်းသားများကို ပြည်သူတို့အား ပိုပြီးထောက်ခံလာစေရန် တွန်းအား ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
“မနေ့ကသတင်းကို တွေ့လိုက်ရတော့ အရမ်းကို စိတ်ဆိုးဒေါသ ထွက်သွားမိတယ်။ အရင်က ဆန္ဒပြမယ်လို့ စိတ်ထဲမှာ မရှိခဲ့ဘူး။ ရဲတွေက မျက်ရည်ယို ဗုံးတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေအပေါ် တရစပ် ပစ်ခတ်ခဲ့တယ်။ ပစ်တာမှ နည်းနည်း မဟုတ်ဘူး။ အများကြီးကို ပစ်တာ။ ဒါကြောင့် ကျွန်တော်လည်း ဆန္ဒပြဖို့ လမ်းပေါ်ထွက်ခဲ့တာ” ဟု အသက် ၂၁ နှစ်သာ ရှိသေးသော ဟောင်ကောင် တက္ကသိုလ်မှ သိပ္ပံကျောင်းသား တစ်ဦးဖြစ်သူ အလက်ဇန်းဒါးချန်းက ဆိုသည်။
အခြား အသက် ၂၁ နှစ်အရွယ်ရှိ အာသာချန်း ဆိုသူကလည်း ရဲများ တိုက်ခိုက်နေသည့် ကြားက လမ်းပေါ် ထွက်လာပြီးနောက် “မနေ့ညက ဖြစ်ပျက်နေပုံတွေကို သတင်းမှာ မြင်ရပြီးတဲ့နောက် အိမ်မှာ ထိုင်နေဖို့ဆိုတာ အလွန်ရှက်စရာကောင်းတဲ့ အလုပ်ပါ။ ကျွန်တော် ကြောက်တော့ ကြောက်တာပေါ့။ ဒါပေမဲ့ ထွက်မှကို ဖြစ်မယ်လို့ ခံစားနေရလို့ ထွက်လာခဲ့တာ” ဟု ပြောပြသည်။
ဗြိတိန်နိုင်ငံသည် ဟောင်ကောင်ကျွန်းကို တရုတ်နိုင်ငံ လက်ထဲသို့ ၁၉၉၇ ခုနှစ်တွင် အုပ်ချုပ်မှု အာဏာ လွှဲပြောင်း ပေးလိုက်သည်။ လွှဲပြောင်းပေးစဉ်က ‘တစ်နိုင်ငံ၊ စနစ်နှစ်မျိုး’ ကျင့်သုံးပါမည် ဆိုသည့် မူအရ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အမြင့်ဆုံး အဆင့်ဖြင့် ပေးထားမည် ဆိုသည့် အာမခံချက်က ခံနေသောကြောင့် တရုတ် ပြည်မကြီးအနေနှင့် ကျွန်းကို ပြန်လည် ပိုင်ဆိုင်ရသည် ဆိုသော်လည်း အပြည့်အဝ ပျော်ရွှင်နိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ဟောင်ကောင် ရွေးကောက်ပွဲအတွက် ခေါင်းဆောင်များ ရွေးချယ်ရာတွင် တရုတ် ဘေဂျင်းအပေါ် သစ္စာရှိသည့် ကိုယ်စားလှယ်လောင်း များကို ကန့်သတ်ချက်ဖြင့် ရွေးချယ်ပေးထားသဖြင့် ဟောင်ကောင် ကျောင်းသားများ၏ စိတ်ကို ဆွလိုက်သလို ဖြစ်သွားခဲ့ရသည်။
သြဂုတ်လတွင် တရုတ်တို့သည့် ဟောင်ကောင်ရှိ မြို့တိုင်းအတွက် မိမိတို့ ခေါင်းဆောင်များကို ရွေးချယ်ခွင့်အား ငြင်းပယ်ခဲ့ကြသည်။ ထိုငြင်းပယ်လိုက်သည် ဆိုသော သတင်းကြောင့် ကျောင်းသား များသည် အစိုးရ ရုံးများရှေ့သို့ သွားရောက်ကာ ဆန္ဒပြခဲ့ကြသည်။ ထိုအချိန်က စတင်ပြီး ဆန္ဒပြပွဲများတွင် ကျောင်းသားများ တိုးလာပြီးနောက်၊ အခြားဆန္ဒပြ အုပ်စုတစ်စုကလည်း စီးပွားရေး အချက်အချာကျသည့် ဗဟိုရပ်ကွက်ကို လူထုအုံကြွ ဆန္ဒပြမှုကြီး အသွင်ဖန်တီးကာ ရပ်ဆိုင်းအောင် လုပ်ပစ်မည်ဟု ခြိမ်းခြောက် လာခဲ့သည်။
စိုးရိမ်မှုများ တိုးပွားလာခြင်း
စက်တင်ဘာလ ၂၉ ရက်နေ့က ဆန္ဒပြသူများသည် အဓိကကျသည့် လမ်းမကြီးများတွင် ထိုင်သပိတ်များ မှောက်ကာ ပိတ်ဆို့ တားဆီးထားလိုက်ကြသည်။ ထိုသို့ လမ်းများကို ပိတ်ဆို့ ဆန္ဒပြနေကြသည့် သူများမှာ ကျောင်းသားများ ဖြစ်ကြပြီး အချို့ အသက် ၁၃ နှစ်ခန့်တွေပင် ပါဝင်ခဲ့ကြသည်။ သူတို့အားလုံး အနက်ရောင် တီရှပ်များဆင်တူ ဝတ်ဆင်ထားကြသည်။
“ဒီမှာ ခေါင်းဆောင် မရှိဘူး။ ဒါက အရင်ဆန္ဒပြပွဲတွေနဲ့ မတူတဲ့ အချက်ပဲ။ လူတိုင်း ကိုယ့်အသိစိတ်နဲ့ ထွက်လာကြတာ။ ဘာတွေ ဖြစ်နေတယ် ဆိုတာကို မျက်မြင်ကိုယ်တွေ့တွေ ဖြစ်လို့ ဒေါသထွက်ပြီး ပါဝင်လာကြတာ” ဟု ရေတပ် ဧရိယာ တစ်ဝိုက်တွင် ဆန္ဒပြနေသည့် ကျောင်းသားများထဲမှ အာသာချန်းက ပြောသည်။
ကျောင်းသားထုသည် အရမ်းများလာသော်လည်း စုစည်းညီညွတ်မှု ရှိကြသည်။ ဟောင်ကောင် ကျောင်းသားများသည် ဆန္ဒပြသည် ဆိုသော်လည်း အလကား မနေကြ။ လမ်းပေါ်တွင် စွန့်ပစ်ထားသည့် အမှိုက်များကို ရှင်းလင်းပြီး သူ့အမျိုးအစားနှင့် သူခွဲခြားကာ အမှိုက်အိတ် များထဲတွင် ထည့်သွင်း ပေးထားကြသည်။ ထို့နောက် အမှိုက်အိတ်များကို သေသပ်စွာ တစ်နေရာတွင် စုပုံပေးထားကြသည်။
နောက်ဘာဖြစ် လာမည်ကို ကြိုတင်သိသူတွေ သိနေကြသည်။ တရုတ်ပညာတတ် တစ်ဦးက လမ်းပေါ်တွင် ဆန္ဒပြမှုသည် တစ်နေ့တွင် ပြီးဆုံးသွားမည်ဟု ဆိုသည်။ “ပြည်သူတွေက ရဲတွေရဲ့ လုပ်ရပ်အပေါ် စိတ်ဆိုးဒေါသ ထွက်နေကြတာ။ မျက်ရည်ယို ဗုံးတွေကို သုံးတယ်ဆိုတာ ပြည်သူတွေကို ထိတ်လန့်စေတယ်။ စစ်ပွဲကြီး တစ်ခုအသွင် ဖြစ်သွားစေတယ်” ဟု ဟောင်ကောင် တက္ကသိုလ်မှ တရုတ်သုတေသီ ဝီလီ ဝိုလက်လမ်က ပြောသည်။
ညအချိန် ရောက်လာသည့် အခါတွင် ဆန္ဒပြသူများသည် လမ်းပေါ်တွင်သာ အိပ်ကြသည်။ ခုံးကျော် တံတားများ အောက်တွင်လည်း သူတို့ ရှိနေကြသည်။ မိုးရွာလျှင်လည်း ထီးများနှင့် အခြားမိုးလုံသည့် နေရာများတွင် ခိုလှုံနေကြသည်။
ကျောင်းသားများ ဦးဆောင်ပြီး ဆန္ဒပြနေကြခြင်းသည် ၁၉၈၉ ခုနှစ်ကို ပြန်ပြောင်း အမှတ်ရစေသည်။ ထိုအချိန်က တရုတ်ပြည်မကြီး ဘေဂျင်းရှိ တိန်အန်မင် ရင်ပြင်တွင်လည်း ကျောင်းသားများ ဆန္ဒပြခဲ့ကြသည်။ သူတို့က လွတ်လပ်ခွင့် ပိုရရှိရေးအတွက် ရင်ပြင်တွင် စုရုံးကာ လာရောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ထို တိန်အန်မင် ဆန္ဒပြပွဲသည် နောက်ဆုံးတွင် သွေးလွှမ်းခဲ့ရသည်။ အစိုးရသည် တင့်ကားများနှင့် စစ်တပ်ကို လွှတ်ပြီး ရင်ပြင်ကို ရှင်းလင်းခဲ့ကြသည်။ ကျောင်းသား ထောင်ပေါင်းများစွာ သွေးမြေ ကျခဲ့ကြရသည်။
“တရုတ်က ကျောင်းသားတွေကို အမြဲ ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၈၉ ခုနှစ်က တိန်အန်မင် အရေးအခင်းလို ဖြစ်သွားမှာ အရမ်းကြောက်တယ်။ ကျောင်းသားတွေက အသိဉာဏ် ရှိကြပါတယ်။ သူတို့ကို သွားပြီး ထိန်းချုပ်လို့ မရနိုင်ဘူး။ ကျွန်တော်တို့ ရှုံးကောင်းရှုံးမယ်။ ဒါပေမဲ့ နောက်ဆုတ်မှာတော့ မဟုတ်ဘူး” ဟု အသက် ၂၃ နှစ်အရွယ်ရှိ အဲရစ်ချောင်က ဆိုသည်။
အပေးအယူမလုပ်
ဝိုလက်လမ်က ဘေဂျင်း အစိုးရသည် တောင်းဆိုချက်များကို လိုက်လျောလိမ့်မည်ဟု အခွင့်အရေး လှုပ်ရှားသူများက ထင်နေကြကြောင်း ပြောသည်။ “ဆန္ဒပြသူတွေ ခုတောင်းဆိုနေကြတာက ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အစိုးရ ဝန်ထမ်းတွေ ကြားနေပိုင်ခွင့်တွေ ပါတယ်” ဟု သူကဆိုသည်။
လမ်က တရုတ်သမ္မတသည် သဘောထား ပြင်းထန်သည့် အစွန်းရောက် အမျိုးသားရေး ဝါဒီတစ်ဦး ဖြစ်ရာ သူ့လိုလူကို သဘောထား ကိုင်းညွှတ်လာစေရန် လုပ်ဆောင်ဖို့ မလွယ်ကူဟု ပြောကြားသည်။ “သမ္မတ ရှီကျင့်ဖျင်ကို စိတ်ပြောင်းအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက အပေးအယူလည်း လုပ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
ကျောင်းသားသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အဲလက်စ်ချောင်ယွန်ကန်းက ကျောင်းသားများ၏ အဓိက ရည်ရွယ်ချက်မှာ ဟောင်ကောင် ပြည်သူများကို နိုးကြားလာပြီး လွတ်လပ်စွာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေးကို တန်ဖိုးထားရန် ဖြစ်ကြောင်း ပြောကြားသည်။ “အဓိက ဖြစ်စေချင်တာက ဟောင်ကောင် ပြည်သူတွေကို နိုးကြားလာစေဖို့နဲ့ လမ်းတွေပေါ် ထွက်လာဖို့ပဲ။ ဒါဟာ အစိုးရရဲ့ ဖိအားပေးမှုကို ပထမအဆင့် တိုက်ပွဲဝင်ခြင်း ဖြစ်ပါတယ်” ဟု သူကဆိုသည်။
အယ်ဒီတာတစ်ဦး
Ref: What’s next for Hong Kong’s growing protests?, Amy Chew
No comments:
Post a Comment