Popular Posts!

Monday, October 20, 2014

ခရိုနီအကျိုးစီးပွားကိုပဲ ကာကွယ်နေတဲ့ ဥပဒေတွေ ဖြစ်နေပြီလား

Written by: 
နေထွန်းနိုင်

မကြာသေးမီက အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်နေပါတယ်။ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေဟာ တစ်ဖက်သတ်ဆန်ပြီး ရုပ်သံမီဒီယာတွေကိုပါ အစိုးရနဲ့ ခရိုနီတွေကပဲ ဆက်လက်ထိန်းချုပ်ထားဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတာမျိုး မတွေ့ရပါဘူး။

ပုဂ္ဂလိက မီဒီယာတွေဟာ နှစ်ပေါင်း ၅ဝ လုံးလုံး ရုပ်သံမီဒီယာကို လုပ်ကိုင်ခွင့်မရရှိခဲ့ပါဘူး။ အစိုးရနဲ့ ခရိုနီတွေပဲ လုပ်ခွင့်ရှိခဲ့ပါတယ်။ ပုံနှိပ်မီဒီယာပဲ လုပ်ခွင့်ရခဲ့ပါတယ်။ ပုံနှိပ်မီဒီယာလုပ်လို့ သူတို့ရခဲ့တာက ဂျာနယ်လစ်ဇင်ပညာပဲ ရှိပါတယ်။

ဒီကြားထဲမှာ ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ကန့်သတ်ခံရတာအပြင် နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်ခံခဲ့ရတာတွေ ရှိပါတယ်။ သတင်းစာထုတ်ခွင့် ရချိန်မှာလည်း တချို့ပုဂ္ဂလိက မီဒီယာတွေ အရှုံးပေါ်ပြီး ခရိုနီတွေလက်ထဲကို ထိုးအပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဒီနောက်ပိုင်း ခရိုနီတွေက ရုပ်သံမီဒီယာမှာရော၊ ပုံနှိပ်မီဒီယာမှာ ပါဝင်ပြီး နေရာယူခဲ့ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း ပေါ်လာတဲ့အခါ ရုပ်သံမီဒီယာကို လုပ်ခွင့်ရဖို့ ပုံနှိပ်မီဒီယာသမားတွေ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော်က အတည်ပြုပြီးချိန်မှာ ဥပဒေကြမ်းရဲ့ မမျှတမှုတွေကို တွေ့မြင်လာရပါတယ်။

ဥပဒေကြမ်းပါ အချက်တွေထဲမှာ အဓိကအချက်က ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေကို ရုပ်သံလုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်ခွင့်မပေးတာ ဖြစ်တာပါတယ်။ အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေ၊ တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားနဲ့ မြဝတီသတင်းစာတွေကိုတော့ ပေါင်းကူးတွဲဖက် လုပ်ပိုင်ခွင့်ပေးပါတယ်။ ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေကို ရုပ်သံနဲ့ တွဲဖက်လုပ်ကိုင်ခွင့် မပေးပါဘူး။

ဒါဟာ ဥပဒေအရ မမျှတဘူးလို့ ယေဘုယျ ပြောနိုင်ပါတယ်။ အတိအကျပြောရင်တော့ ခရိုနီလုပ်ငန်းရှင်တွေကို အသာစီးပေးလိုက်တာပါ။ အခု ရုပ်သံလွှင့်မီဒီယာတွေကို ပိုင်ထားတဲ့ ခရိုနီတွေ သတင်းစာထုတ်ချင် ထုတ်လုပ်လို့ရမယ်။ ပုဂ္ဂလိက ပုံနှိပ်မီဒီယာသမားတွေကတော့ ရုပ်သံလာမလုပ်နဲ့လို့ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ခရိုနီဆိုတာ အခုလုပ်နေတဲ့ လုပ်ငန်းရှင်တွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ အရင်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ၊ အခုအစိုးရ အဖွဲ့ဝင်တွေနဲ့ ပုလင်းတူဘူးဆို့ ဖြစ်နေသူအားလုံးကို ဆိုလိုပါတယ်။

ရုပ်သံဥပဒေကြမ်းမှာ မီဒီယာကိုထိန်းချုပ်လိုတဲ့ အချက်တွေ၊ အာဏာပိုင်တွေက ချုပ်ကိုင်ထားလို့ရတဲ့ အချက်တွေ၊ ဒီမိုကရေစီနည်းလမ်းနဲ့ မညီတဲ့အချက်တွေကိုလည်း တွေ့ရပါတယ်။

(၂)
ရုပ်သံဥပဒေကြမ်းကို ဥပဒေအတည်ပြုဖို့ ပြည်သူ့လွှတ်တော် ကျန်ပါသေးတယ်။ ပြည်ထောင်စုလွှတ်တော် ကျန်ပါသေးတယ်။ ဒါပေမဲ့ ဥပဒေအရ မမျှတတဲ့အချက်တွေ ပါနေတဲ့ ရုပ်သံဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဘာကြောင့်အတည်ပြုလိုက်သလဲဆိုတာ မေးခွန်းထုတ်ရပါမယ်။

ခရိုနီတွေကြီးစိုးနေတဲ့ လွှတ်တော်ဖြစ်လို့ အတည်ပြုလိုက်တာလား။ ခရိုနီတွေရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်ပေးနေတာလား။ အတည်ပြုလိုက်တဲ့ ရုပ်သံဥပဒေကြမ်းဟာ ဒီမိုကရေစီ နည်းလမ်းမကျဘဲ တစ်ဖက်သတ်ဆန်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ NLD အမတ်အရေအတွက် နည်းတယ်လို့ ပြောပါတယ်။ နည်းပေမဲ့  ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ကိစ္စတွေမှာ ကန့်ကွက်ဖို့ NLD အမတ်တွေမှာ တာဝန်ရှိပါတယ်။

ဒီမိုကရေစီ နည်းလမ်းမကျတာတွေ့ရင် လွှတ်တော်ထဲမှာ အတိုက်အခံ တစ်ယောက်တည်းရှိနေရင်တောင် ကန့်ကွက်ရမှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသိန်းညွန့်ဆိုရင် သူတစ်ဦးတည်း ဖြစ်နေရင်တောင် သူယုံကြည်တာကို အားမနာတမ်း ဆွေးနွေးကန့်ကွက်လေ့ ရှိပါတယ်။

အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ရုပ်သံဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီမိုကရေစီနည်းလမ်း မကျတာကို NLD အမတ်တွေက ပြောဆိုဆွေးနွေးကန့်ကွက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဆွေးနွေးဖို့ကျန်နေတဲ့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေမှာ ဘယ်လိုဆက်ဖြစ်မလဲ မသိနိုင်သေးပါဘူး။ အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့သလို မတရားသဖြင့် အတည်ပြုခဲ့မယ်ဆိုရင် လွှတ်တော်အမတ်တွေဟာ ပြည်သူ့အကျိုးမပြုဘဲ ခရိုနီအကျိုးပြု လွှတ်တော်ပုံစံပဲ ဖြစ်သွားပါလိမ့်မယ်။

ရုပ်သံဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။

(၃)
ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်လက်ထဲမှာ ရှိပါတယ်။ ဥပဒေတွေကို လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းပေးရပါမယ်။ ပြီးတဲ့အခါ ဒီဥပဒေတွေရဲ့အကျိုးသက်ရောက်မှုကို ပြည်သူတွေ ဘယ်လောက်ခံစားရလဲ ဆိုတာကို လွှတ်တော်က ပြန်ဆန်းစစ်ရပါမယ်။ ဥပဒေအတိုင်း အမှန်တကယ်လုပ်ခြင်း ရှိမရှိ အစိုးရကို မေးခွန်းထုတ်ရပါမယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လေးနှစ်ကျော်ကာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပေါင်း ၁၁၉ ခုရှိပါတယ်။ ကဏ္ဍ ၃၁ ခုအတွက် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုကို ပြည်သူတွေ ဘယ်လောက်ခံစားခွင့် ရခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ဥပဒေရဲ့ အကျိုးသက်ရောက်မှု၊ ကောင်းကျိုးကို ပြည်သူတွေ မခံစားရဘူးဆိုရင် လွဲချော်မှု ဖြစ်နေပါပြီ။ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ပြည်သူတွေ မရဘူးဆိုရင်လည်း မှားယွင်းမှုဖြစ်နေပါပြီ။

ဥပဒေပြု အမတ်တွေဟာ ရှေ့နေချုပ်ရုံးက အကြံပြုချက်အတိုင်း ဆွေးနွေး၊ သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြလာတဲ့အတိုင်း၊ လိုအပ်သလောက်လေးပဲ ဖြည့်စွက်၊ ပြီးတဲ့အခါ အတည်ပြုဆိုတဲ့ ပုံစံတစ်မျိုးတည်းသွားလို့ မဖြစ်တော့ပါဘူး။ ပြည်သူတွေအတွက် လက်တွေ့လိုအပ်ချက်က ဘာလဲ။ ပြည်သူတွေကို ဘယ်လောက်ကာကွယ်ပေးနိုင်မှာလဲဆိုတာ ဆန်းစစ်ရပါတော့မယ်။

ဥပဒေဆိုတာ နိုင်ငံနဲ့ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ပြဋ္ဌာန်းရတဲ့အရာ ဖြစ်ပါတယ်။

(၄)
၂ဝ၁၃ ခုနှစ် အောက်တိုဘာမှာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။ တစ်နှစ်ပြည့်တဲ့ အခုချိန်အထိ အဲဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုကို လယ်သမားတွေ မခံစားရသေးပါဘူး။ ထောင်နဲ့ချီပြီး တရားစွဲဆို၊ ဖမ်းဆီးခံရ၊ ထောင်ဒဏ်ချမှတ်ခံနေရတဲ့ လယ်သမားတွေဟာ အခုအချိန်ထိ အဲဒီဥပဒေရဲ့ အကာအကွယ်ကို မရသေးပါဘူး။
အခွန်ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့လို့ အခွန်ငွေ ပိုရခဲ့ပါတယ်။ ဒါပေမဲ့ ရလာတဲ့ အခွန်ငွေတွေက ခရိုနီလုပ်ငန်းရှင်တွေဆီက မဟုတ်ပါဘူး။ သာမန်အရပ်သူအရပ်သား၊ လူလတ်တန်းစားတွေဆီက ညှစ်ထုတ်ရယူထားတဲ့ အခွန်ငွေတွေ ဖြစ်ပါတယ်။ ဒီလို ညှစ်ထုတ်ရယူထားပေမယ့် အဲဒီအခွန်ငွေတွေနဲ့ ပြည်သူတွေလိုအပ်တဲ့ အခြေခံအဆောက်အအုံ ဘယ်လောက်လုပ်ပေးနိုင်ခဲ့လဲဆိုတာ မသိရသေးပါဘူး . . . . .
၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အထိ အလုပ်သမားဆိုင်ရာ ဥပဒေခုနစ်ခု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေတွေရဲ့အကျိုးသက်ရောက်မှု၊ အကာအကွယ်ကို အလုပ်သမားတွေ အပြည့်အဝ မခံစားရသေးပါဘူး။ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဥပဒေရှစ်ခု ပြဋ္ဌာန်းခဲ့တယ်။ ပြည်သူလူထုရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရသေးပါဘူး။ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေရှစ်ခု ပြဋ္ဌာန်းခဲ့ပါတယ်။ တရားစီရင်ရေးမှာ ပြစ်မှု၊ ပြစ်ဒဏ် မမျှတမှု၊ မတရားခံရမှုတွေ အားကောင်းနေတုန်း ဖြစ်ပါတယ်။ တရားသူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်တာမျိုး များများစားစား မရှိသေးပါဘူး။

ပညာရေးဥပဒေနှစ်ခု ပြဋ္ဌာန်းခဲ့ပါတယ်။ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေမှာ ပြဿနာမရှိပေမယ့် အမျိုးသားပညာရေး ဥပဒေက ပြဿ နာရှိနေပါတယ်။ ဆရာ၊ ကျောင်းသားထုရဲ့ လိုလားချက်နဲ့ ကွဲလွဲ၊ ဗဟိုချုပ်ကိုင်မှုလွန်ကဲပြီး စနစ်ဟောင်းပညာရေးစနစ်ကို သကာလောင်းတဲ့ပုံစံဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ပိုင်းက ထိထိရောက်ရောက် မပြင်ပေးခဲ့ပါဘူး။

အငြင်းပွားဖွယ်ရာတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ဥပဒေနှစ်ခုကို လွှတ်တော်က ပြဋ္ဌာန်းပေးပါတယ်။ သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေတို့ ဖြစ်ပါတယ်။ တစ်ခုက ပုဂ္ဂလိက မီဒီယာသမားတွေက အဆိုပြုခဲ့တာဖြစ်ပြီး ကျန်တစ်ခုကို ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းခဲ့တာပါ။

ပုဂ္ဂလိက မီဒီယာသမားတွေ အဆိုပြုခဲ့တဲ့ သတင်းမီဒီယာ ဥပဒေကို ၂ဝ၁၄ ခုနှစ်မတ်လမှာ အတည်ပြုပါတယ်။ ဒီဥပဒေကို အတည်ပြုပြီးနောက်ပိုင်း တရားစွဲဆိုခံခဲ့ရတဲ့ Bi မွန်းတည့်နေ ဂျာနယ်လစ်တွေက သတင်းမီဒီယာဥပဒေရဲ့ အကာအကွယ်ကို မရခဲ့ပါဘူး။ သူတို့ငါးဦးကို တခြားဥပဒေတွေနဲ့စီရင်ပြီး ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

အခုလည်း ဒီမိုကရေစီနည်းလမ်းမကျ၊ မျှတမှုမရှိတဲ့ ရုပ်သံဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုထားပါတယ်။

(၅)
ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ပြည်သူတွေ မရသေးပါဘူး။ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေက ပြည်သူတွေအတွက် နည်းနည်းပဲ ပါပါတယ်။

နောက်ပြီး နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ပြည်သူ့အရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနေတဲ့ ပုဒ်မ ၅ (ည)၊ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအပြင် တခြားဥပဒေပုဒ်မ ပြင်ဆင်မှုကိစ္စတွေမှာ လွှတ်တော်ပိုင်းက တက်တက်ကြွကြွမရှိတာကို တွေ့နေရပါတယ်။

ဘဏ်လုပ်ငန်း၊ ငွေကြေးနဲ့သက်ဆိုင်တဲ့ ဥပဒေငါးခု ပြဋ္ဌာန်းပေးလိုက်လို့ ဘဏ္ဍာရေးလုပ်ငန်း တိုးတက်လာပါတယ်။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ ရှိနေနိုင်တဲ့ မသမာမှုတွေကို စောင့်ကြည့်မယ့်ဥပဒေ အကျိုးသက်ရောက်မှုက အားရစရာမရှိပါဘူး။

အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပေမယ့် ဒီဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုက ထင်သလောက် ခရီးမပေါက်သလို ဖြစ်နေပါတယ်။

အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ဥပဒေရှစ်ခု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီအထဲမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပါခဲ့ပါတယ်။ ဒီဥပဒေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးရမှာ ဖြစ်ပေမယ့် အကာအကွယ်ထက် အကန့်အသတ်ကို ပိုဦးစားပေးသလို ဖြစ်ခဲ့ပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်လို့ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်ချခံရသူတွေ ပိုများလာပါတယ်။

(၆)
လေးနှစ်တာကာလအတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေထဲမှာ အခွန်ဆိုင်ရာ ဥပဒေတွေက အများဆုံးပါပဲ။

ယေဘုယျအားဖြင့် အခွန်ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့လို့ အခွန်ငွေ ပိုရခဲ့ပါတယ်။ ဒါပေမဲ့ ရလာတဲ့ အခွန်ငွေတွေက ခရိုနီလုပ်ငန်းရှင်တွေဆီက မဟုတ်ပါဘူး။ သာမန်အရပ်သူအရပ်သား၊ လူလတ်တန်းစားတွေဆီက ညှစ်ထုတ်ရယူထားတဲ့ အခွန်ငွေတွေ ဖြစ်ပါတယ်။ ဒီလို ညှစ်ထုတ်ရယူထားပေမယ့် အဲဒီအခွန်ငွေတွေနဲ့ ပြည်သူတွေလိုအပ်တဲ့ အခြေခံအဆောက်အအုံ ဘယ်လောက်လုပ်ပေးနိုင်ခဲ့လဲဆိုတာ မသိရသေးပါဘူး။

တစ်ဖက်မှာတော့ လက်ရှိပြဋ္ဌာန်းထားတဲ့ အခွန်ဆိုင်ရာ ဥပဒေတွေရဲ့ အားနည်းချက်၊ ဟာကွက်ကို အခွင့်အရေးယူပြီး အခွန်တိမ်းရှောင်နေသူတွေ ရှိနေပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ ကုမ္ပဏီ ၃ဝဝဝဝ ကျော်ရဲ့ ထက်ဝက်သာ အခွန်ပေးဆောင်ထားပါတယ်။ ကျန်တစ်ဝက်က အခွန်ရှောင်နေပါတယ်။

ပိုဆိုးတဲ့အချက်က နိုင်ငံတော်စီမံကိန်းတွေ၊ အစိုးရနဲ့ ပတ်သက်စပ်ဆက်တဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေကိုယ်တိုင် အခွန်လွတ်နေတာက သိသာထင်ရှားတဲ့အချက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကာလမှာ ရွှေသံလွင်နဲ့ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ ရွှေတောင်နဲ့ ပတ်သက်ဆက်စပ်တဲ့ ကုမ္ပဏီတွေ၊ UMFCCI ဥက္ကဋ္ဌနဲ့ ပတ်သက်စပ်ဆက်တဲ့ ကုမ္ပဏီတွေ၊ IGE နဲ့ ပတ်သက်ဆက်စပ်တဲ့ ကုမ္ပဏီတွေ၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနဲ့ ပတ်သက်ဆက်စပ်တဲ့ ကုမ္ပဏီတွေ၊ ထူးအုပ်စုနဲ့ ပတ်သက်ဆက်စပ်တဲ့ ကုမ္ပဏီတွေ၊ Asia World နဲ့ ပတ်သက်ဆက်စပ်တဲ့ ကုမ္ပဏီတွေရဲ့ အခွန်ဆောင်မှုကိုကြည့်လိုက်ရင် သူတို့တွေ ဘယ်လောက်အခွန်လွတ်နေလဲဆိုတာကို တွေ့ရမှာပါ။

ဒီလူတွေကို တင်းတင်းကျပ်ကျပ်ပုံစံနဲ့ အခွန်ကောက်မယ့်ပုံစံတွေ မတွေ့ရပေမယ့် ပြည်သူလူထုဆီက ဝင်ငွေခွန်၊ ကားတင်သွင်းခွင့် အခွန်တွေကိုတော့ ကြပ်ကြပ်မတ်မတ် ကောက်သွားမယ့်သဘော ရှိပါတယ်။

(၇)
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ဥပဒေ ၁၁၉ ခု ရှိခဲ့ပါပြီ။ ပြည်သူအတွက် နည်းနည်း၊ အစိုးရနဲ့ခရိုနီ အကျိုးစီးပွားအတွက် များများဆိုတဲ့ ပုံစံမျိုးဖြစ်နေတာတွေ ရှိနေပါတယ်။

ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေရဲ့ အကာအကွယ်ကို ပြည်သူတွေ ကောင်းကောင်းမခံစားရပေမယ့် ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အကျိုးစီးပွားကို ကာကွယ်သွားနိုင်သူတွေလည်း အများကြီးရှိနေပါတယ်။

၂ဝ၁၃ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတာ ရှိပါတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ဖို့သာဖြစ်ပြီး ဒဏ်ပေးဖို့မဟုတ်ဘူး။ ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့သာ နိုင်ငံကို ထိန်းသိမ်းနေမယ်ဆိုရင် ဒီမိုကရေစီစိတ်ဓာတ် ဖွံ့ဖြိုးလာမှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။

အခုချိန်မှာ ဥပဒေရဲ့ မမျှတမှုတွေကို အများဆုံး ခံစားနေရတာက အခြေခံလူတန်းစားပြည်သူတွေ ဖြစ်ပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အခွင့်ထူးရနေတဲ့ ခရိုနီတွေက ပိုပြီးကြီးထွားနေပါတယ်။

ဥပဒေတွေကို အလေးအနက်ထား ဆန်းစစ်ပြီးမှ အတည်ပြုပြဋ္ဌာန်းဖို့ လွှတ်တော်မှာ တာဝန်ရှိနေပါပြီ။

အထက်ဖော်ပြပါ ဥပဒေပြုစာရင်းကို တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ)က ပြုစုထားခြင်းဖြစ်သည်။
Written by: 
နေထွန်းနိုင်
(၁)

Post a Comment

Gadget

This content is not yet available over encrypted connections.

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!