Popular Posts!

Thursday, October 2, 2014

့မြန်မာပြည် လျှပ်စစ်ဓာတ်အားများ ပြည့်မီရန် ဘယ်လုပ်ထုတ်ကျ ရမလဲ?

မန်မာ့စွမ်းအင်ဖြည့်ဆည်းရေးနှင့် ကျောက်မီးသွေးပြဿနာ

အမေရိကန်နိုင်ငံရှိ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတစ်ရုံကိုတွေ့ရစဉ်။ ကမ္ဘာပေါ်တွင် ကျောက်မီးသွေးစက်ရုံအများဆုံး
ရှိသောနိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယတို့ဖြစ်ပြီး အမေရိကန်တွင်မူ ၁၉၉၀ပြည့်နှစ် နောက်ပိုင်းမှစ၍ ထိုစက်ရုံများကိုလျှော့ချလာသည်။ (ဓာတ်ပုံ-i.huffpost.com)
မြန်မာနိုင်ငံဖွံ့ဖြိုးမှုအတွက် အရေးတကြီးလိုအပ်နေသည့် အခြေခံအဆောက်အအုံတွင် စွမ်းအင်က အဓိကနေရာတွင်ပါဝင်ပြီး အစိုးရ၏ အနာဂတ်စွမ်းအင်ဖူလုံရေးအတွက် ကျောက်မီးသွေး၊ ရေအားသုံးစွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်စွမ်းအင်နှင့် လေအားသုံးစွမ်းအင်တို့မှ ထုတ်ယူရန် စီမံချက်ချထားကြောင်း သိရသည်။ စွမ်းအင်လိုအပ်ချက်များပြားနေသော မြန်မာနိုင်ငံတွင် စွမ်းအင်ထုတ်လုပ်မှုကို ဦးစားပေးအဖြစ် ဆောင်ရွက်နေခြင်းက ကြိုဆိုရမည့်ခြေလှမ်းတစ်ရပ် ဖြစ်သည်။
 မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသေးသော တီကျစ်ကျောက်မီးသွေးစက်ရုံ (ဓာတ်ပုံ− chmc2003.com)

မြန်မာနိုင်ငံတွင် လူဦးရေ၏လေးပုံတစ်ပုံက လျှပ်စစ်မီးမရရှိကြဘဲ ရန်ကုန်လိုမြို့ကြီးတွင် လူဦးရေထက်ဝက်လောက်ကသာ လျှပ်စစ်ဖြင့်သုံးသည့် စက်များကို ပုံမှန်လည်ပတ်နိုင်ချိန်တွင် ဒုတိယအကြီးဆုံး မန္တလေးမြို့တွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းက စက်လည်ပတ်ရေးအတွက် လျှပ်စစ်မီးကို အားထား၍ မရသေးပါ။
မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များ ပေါများလှသော်လည်း လည်ပတ်နေသော ဓာတ်အားပေးစက်များကို မွမ်းမံပြင်ဆင်ရန် လိုအပ်နေပြီး စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်နေချိန် လက်ရှိစွမ်းအင်လိုအပ်ချက်က တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း တိုးလာနေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က တွက်ချက်ထားသည်။
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ရောထွေးသော စွမ်းအင်ထုတ်လုပ်ခြင်းဟု အမည်ပေးထားသည့် စွမ်းအင်စီမံချက်တွင် ပြန်လည်အသုံးချနိုင်သည့် သန့်ရှင်းသည့် စွမ်းအင်အရင်းအမြစ်နှင့် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် စွမ်းအင်ထုတ်လုပ်သည့် နည်းနှစ်မျိုးစလုံး ပါဝင်နေသည်ကို တွေ့ရသည်။
ပြည်ပတင်ပို့နေသည့် သဘာဝဓာတ်ငွေ့များ၊ ရေနံများ အများအပြားရှိနေပြီး သန့်ရှင်းသည့် စွမ်းအင်အရင်းအမြစ်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်၊ လေအား၊ ရေအားသုံးစွမ်းအင်များ ရယူနိုင်သော်လည်း လူနှင့်ပတ်ဝန်းကျင်ကို ထိခိုက်မှုများလှသည့် ကျောက်မီးသွေးသုံးဓာတ်အား ထုတ်စက်ရုံ ဆောက်လုပ်ရန် လတ်တလောဆုံးဖြတ်ချက်အပေါ်တွင် ပြည်တွင်း၊ ပြည်ပလေ့လာသူများ၏ ဝေဖန်မှုများ ထွက်ပေါ်လာသည်။
လာမည့် ၂ နှစ်အတွင်း နိုင်ငံ၏လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ဖြည့်တင်းရေးအတွက် ယခင်က တီကျစ်ကျောက်မီးသွေးစက်ရုံတစ်ရုံတည်းရှိရာမှ ယခုအခါ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ် အားပေးစက်ရုံကိုးရုံ တည်ဆောက်ရန်ခွင့်ပြုလိုက်ပြီး ရန်ကုန်၊ တနင်္သာရီ၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် အကောင်အထည်ဖော်ရန် စီစဉ်နေသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးခြေလှမ်းတွင် အကျပ်ရိုက်နေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြေရှင်းရန် ဂျပန်အစိုးရက သမ္မတဦးသိန်းစိန်နှင့်အဖွဲ့၏ ဂျပန်နိုင်ငံပထမဆုံးခရီးစဉ်အတွင်း clean coal နည်းပညာအသစ်ကို မိတ်ဆက်ပြီးနောက်တွင် အဆိုပါစီမံကိန်းများ ဆက်တိုက်ပေါ်ထွက်လာခြင်း     ဖြစ်ကြောင်း  စွမ်းအင်စောင့်ကြည့်လေ့လာသူအချို့က သုံးသပ်သည်။
Clean Coal သန့်ရှင်းသော ကျောက်မီးသွေးမဟုတ်
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို clean coal နည်းပညာဖြင့် အကောင်အထည်ဖော်မည်ဆိုသော်လည်း အဆိုပါနည်းပညာသည် အမည်ကညွှန်ပြနေသလို သန့်ရှင်းသော ကျောက်မီးသွေးမဟုတ်ဟု သဘာဝဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောဆိုသည်။
‘‘မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ လုပ်ငန်းရှင်အတော်များများက ကျောက်မီးသွေးထုတ်တဲ့လုပ်ငန်းကို သန့်ရှင်းတဲ့နည်းပညာဆိုတာနဲ့ ဆွယ်နေကြပေမယ့် သူတို့ရဲ့ စီမံကိန်းလုပ်ငန်းအစီအစဉ်တွေမှာ တကယ့် အခြေခံညစ်ညမ်းမှုထိန်းချုပ်တဲ့ နည်းပညာကိုတောင် ထည့်မထားတာ တွေ့ရလိမ့်မယ်။ ပိုဆိုးတာက အဲဒီစီမံကိန်းအတော်များများဟာ တကယ်တမ်းကျတော့ တခြားနိုင်ငံတွေက ညစ်ညမ်းတဲ့ စက်ရုံဟောင်းတွေကိုဖြုတ်ပြီး မြန်မာနိုင်ငံမှာ ပြန်ဆင်ကြတာဖြစ်တယ်။ ကျောက်မီးသွေးစက်ရုံအသစ်စက်စက်ကို ဆောက်မယ်ဆိုတဲ့လုပ်ငန်းရှင်တွေက သူတို့ဟာ ခေတ်မီတိုးတက်တဲ့ စီမံချက်တွေ၊ နည်းပညာတွေနဲ့ တည်ဆောက်မယ်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်က ၁၉၇၀ ပြည့်နှစ်တွေတုန်းက တကယ့်ကို အကောင်းစားနည်းပညာတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ရုံတွေ ဆောက်ခဲ့တာပါ။ နည်းပညာအသစ်ဆိုတာ မရှိပါဘူး။ သန့်ရှင်းတဲ့ ကျောက်မီးသွေးဆိုတာမျိုးကလည်း မရှိပါဘူး။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတိုင်းက သေစေနိုင်လောက်အောင် အန္တရာယ်ကြီးတဲ့ ညစ်ညမ်းမှုတွေကို ထုတ်လွှတ်နေတာပါ’’ဟု မြန်မာနိုင်ငံ၏ ကျောက်မီးသွေးစီမံချက်များအပေါ် သံသယရှိနေကြောင်း Sierra Club International မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စနီကောလ်ဂျီအိုက 7 Day News အား ပြောသည်။
နိုင်ငံတကာတွင် ကျောက်မီးသွေးသုံးစက်ရုံများကို လျှော့ချနေပြီး ရင်းနှီးမြှုပ်နှံသူ အများအပြားကလည်း ကျောက်မီးသွေးမှ သွေဖည်နေကြပြီဖြစ်သည်။ Clean coal နည်းပညာကို သုံးနေသည့် စက်ရုံများတွင်လည်း ညစ်ညမ်းမှုကထွက်နေဆဲ၊ အန္တရာယ်ကြီးနေဆဲဖြစ်သည်။
‘‘အမေရိကန်နိုင်ငံမှာဆိုရင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံတွေကထွက်တဲ့ ညစ်ညမ်းမှုတွေကြောင့် ကျန်းမာရေးအတွက် တစ်နှစ်ကို ဒေါ်လာ ၁၀၀ ဘီလီယံဖိုးလောက်ကို ကုန်ကျနေတယ်။ ဒီညစ်ညမ်းမှုတွေကြောင့် မသေသင့်ဘဲ သေဆုံးရတဲ့သူတွေကလည်း တစ်နှစ်ကို ၁၃,၀၀၀ လောက် ရှိပါတယ်။ အိန္ဒိယမှာဆိုရင် ကျောက်မီးသွေးကထွက်တဲ့ ညစ်ညမ်းမှုတွေကြောင့် ဒီလိုသေဆုံးသွားတဲ့သူဦးရေက တစ်နှစ်ကို တစ်သိန်းအထိ ရှိနေတယ်။ ဒါ့အပြင် ကျောက်မီးသွေးထုတ်တာကလည်း မပေါတော့ပါဘူး။ အမေရိကန်မှာဆိုရင် ကျောက်မီးသွေးထုတ်လုပ်မှုက နှစ်စဉ်ကျဆင်းလာနေပြီး အခုဆိုရင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားရုံ ၁၇၀ ကို ပိတ်ဖို့ပြင်နေပြီ။ တချို့ကလည်း ပိတ်သွားပါပြီ’’ဟု မစ္စနီကောလ်ဂျီအိုက ပြောသည်။
ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် အခြားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နည်းပညာများထက် လျှပ်စစ်အမြန်ရလွယ်ပြီး တည်ဆောက်ရလွယ်ကူသောကြောင့် သမ္မတနှင့် အစိုးရအဖွဲ့က လတ်တလောအကျပ်ရိုက်နေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြဿနာကို ဖြေရှင်းရန် ခွင့်ပြုလိုက်သည်ဟု ယူဆရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ပြောသည်။
ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသည် သဘာဝပျက်စီးမှုတွင် နာမည်ဆိုးနှင့်ကျော်ကြားပြီး လူနှင့်သဘာဝဝန်းကျင်ကို များစွာထိခိုက်စေကြောင်း နိုင်ငံတကာလေ့လာမှုများက ထောက်ပြထားသည်။
ကွမ်းခြံကုန်းကျောက်မီးသွေးစီမံကိန်းကို ပြည်သူအချို့ကန့်ကွက်စဉ်

Clean Coal ဆိုသည်မှာ
၂၀ ရာစုအစပိုင်းမှာ clean coal ဟူသော အသုံးသည် မီးခိုးမထွက်သည့် အကောင်းစားမီးသွေးကို ဆိုလိုသည်။ ချက်ပြုတ်ရာတွင်၊ အိမ်ကိုအပူပေးရာတွင် အသုံးပြုသည့်မီးသွေးဖြစ်သည်။ ယနေ့ခေတ်တွင် clean coal ဟူသော စကားလုံးကို ကျောက်မီးသွေးကိုအသုံးပြုရာက ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အခြားဖန်လုံအိမ်အကျိုးဆက်များ ဖြစ်စေသည့် ဓာတ်ငွေ့များကို လျှော့ချခြင်းနည်းတစ်နည်းအဖြစ် သုံးသည်။
ကျောက်မီးသွေးအသုံးပြုခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ အထွက်များစေသည်
အမေရိကန်နိုင်ငံတွင် သဘာဝဝန်းကျင်ကာကွယ်ရေးအေဂျင်စီ၏ စည်းမျဉ်းများအောက်တွင် ထုတ်လုပ်ကြရသောကြောင့် ကာဗွန်ပျံ့နှံ့မှုနည်းစေရန် ကာဗွန်ကို ဖမ်းယူသိုလှောင်ခြင်းနည်းများကို တီထွင်လာရခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ ၄၁ ရာခိုင်နှုန်းသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် လျှပ်စစ်စွမ်းအင်ကဏ္ဍမှ ထွက်ရှိနေပြီး ယင်းအနက်မှ ထက်ဝက်ခန့်သည် ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်လုပ်မှုများကြောင့် ဖြစ်သည်။
ကုလသမဂ္ဂရာသီဥတုပြောင်းလဲရေးဆိုင်ရာ အစိုးရများ ဆွေးနွေးပွဲတွင် ကျောက်မီးသွေးလောင်ကျွမ်းမှုက ကမ္ဘာကြီးပူနွေးမှုကို သိသိသာသာတိုးလာစေကြောင်း ဆုံးဖြတ်ခဲ့သည်။ ကျောက်မီးသွေးတစ်တန် လောင်ကျွမ်းတိုင်း ကာဗွန်ဒိုင်အောက်ဆိုက် ၂ ဒသမ ၈၆ တန် ထွက်ပေါ်လာသည်။ ကမ္ဘာတစ်ဝန်း လျှပ်စစ်ထုတ်လုပ်မှုများတွင် လေးပုံတစ်ပုံက ကျောက်မီးသွေးကို အသုံးပြုနေသောကြောင့် ဖန်လုံအိမ်အကျိုးဆက်ကို လျှော့ချနိုင်ရန် မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို ရှာဖွေနေကြသည်။
လက်ရှိ clean coal နည်းပညာများက ကျောက်မီးသွေးထုတ်လုပ်မှု၏ ဘေးထွက်ဆိုးကျိုးကို လျှော့ချနိုင်ပြီလား
မလုပ်နိုင်သေးဟု ဆိုရမည်ဖြစ်သည်။ Clean coal နည်းပညာအရ မြေအောက်တွင် ထွက်လာသည့် ဓာတ်ငွေ့ကို ဖမ်းယူသိုလှောင်သည်ဆိုသော်လည်း ထုထည်ကြီးမားစွာ ထုတ်လုပ်ရာတွင် စမ်းသပ်နိုင်ခြင်းမရှိသေးသလို အန္တရာယ်ကင်းစွာထုတ်နိုင်မည်ဆိုသည့် အာမခံချက်မရှိသေးပါ။ ယင်းသည် မြေအောက်တွင် စိမ့်ထွက်နိုင်ပြီး မလိုလားအပ်သည့် ပထဝီဝင်အနေအထားမတည် မငြိမ်ဖြစ်မှုများ ဖြစ်ပေါ်စေနိုင်သလို သောက်ရေသန့်အရင်းအမြစ်ကို ထိခိုက်နိုင်သည်။
ကျောက်မီးသွေးထုတ်လုပ်မှု ဘေးထွက်ပစ္စည်းများ အန္တရာယ်ကလည်း မသေးလှပါ။ အသေအချာ စနစ်တကျသိမ်းယူနိုင်ခြင်းမရှိပါက သဘာဝဝန်းကျင်အတွက် ဆိုးကျိုးများပြားလှသည်။ ဘေးထွက်ပစ္စည်းမှ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုအောက်ဆိုက်နှင့် ကျောက်မီးသွေးလောင်ကျွမ်းမှုမှထွက်လာသည့် အမှုန်အများစုကို ဖယ်ရှားနိုင်စေကာမူ ကာဗွန်ဒိုင်အောက်ဆိုက်ထွက်ရှိမှုနှင့် ရေဒီယန်နူကလိုက်ကို ဖယ်ရှားရန်ခက်ခဲသည်။
နောက်ပြဿနာကြီးတစ်ခုကတော့ ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံကြီးများသည် ပြဒါးအများဆုံးထုတ်နေသော နေရာလည်းဖြစ်နေခြင်းဖြစ်သည်။ တစ်နှစ်ကို ကမ္ဘာနှင့်အဝန်း ပြဒါးတန်ငါးထောင်သည် ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံများမှ ထွက်ရှိနေသည်။ ယင်းတို့သည် ပြဒါးများ လေထု၊ ရေထုတွင်း စိမ့်ဝင်ပျံ့နှံ့ပြီး ညစ်ညမ်းမှုအများဆုံးဖြစ်စေသည့် အဓိကတရားခံလည်းဖြစ်သည်။
Clean coal ဈေးမပေါပါ
ယင်းနည်းပညာကို အသုံးပြု၍ ကျောက်မီးသွေးထုတ်လျှင် သဘာဝဝန်းကျင်ကို ထိခိုက်မှုလျော့နည်းရန် ရည်ရွယ်သော်လည်း ယင်းနည်းပညာဈေးက မပေါပါ။ အလွန်တရာဈေးကြီးပါသည်။
Clean coal နည်းပညာအတွက် လာမည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၂၀ မှ ၃၀ ဘီလီယံအထိ  ရင်းနှီးမြှုပ်နှံရန်လိုနေကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုေ လေ့လာရေးအဖွဲ့က ဆိုသည်။
Clean coal တကယ်သန့်မှာလား
အထင်ကရ သဘာဝဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ကြီးတစ်ခုဖြစ်သည့် Sierra Club ၏ ကမ္ဘာကြီးပူနွေးမှုနှင့် စွမ်းအင်ဆိုင်ရာ ဒါရိုက်တာ Dan Becker က ‘‘သန့်စင်တဲ့ကျောက်မီးသွေးဆိုတာမရှိပါဘူး။ ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ဘူး’’ဟု ပြောဆိုသည်။ ယင်းသန့်စင်သည့် ကျောက်မီးသွေးဆိုသည့်အသုံးအနှုန်းက လှည့်ဖြားမှုသက်သက်သာဖြစ်သည်ဟု ၎င်းက ဆိုသည်။
မြန်မာ့လျှပ်စစ်စွမ်းအင်လိုအပ်ချက်
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ်မြင့်တက်လျက်ရှိပြီး ၂၀၁၃ ခုနှစ် နွေရာသီတွင် ၁,၆၈၈ မဂ္ဂါဝပ်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သော်လည်း ဓာတ်အားလိုအပ်မှု ၃၇၂ မဂ္ဂါဝပ်ရှိခဲ့ပြီး နှစ်စဉ်မြင့်တက်လျက်ရှိသည့် လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းရန် ၂၀၁၄ ခုနှစ်တွင် ၂,၂၁၂ မဂ္ဂါဝပ် တိုးထုတ်လုပ်ရန် လျာထားသည်။
လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းရန် ၂၀၁၄ ခုနှစ်တွင် တိုးထုတ်လုပ်ရန်လျာထားသော မဂ္ဂါဝပ်နှစ်ထောင်ကျော်တွင် သဘာဝဓာတ်ငွေ့မှ မဂ္ဂါဝပ် ၄၀၀ ကျော်သာ တိုးထုတ်လုပ်မည်ဖြစ်ပြီး ကျန်လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးမှ ထုတ်လုပ်မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တည်ဆောက်မည်
ရေအားလျှပ်စစ်စီမံကိန်းငါးခု တည်ဆောက်ရန်နှင့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုကို ယခင် ၃ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်း တိုးထုတ်လုပ်ရန် အစိုးရကလျာထားသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကျောက်မီးသွေးတန်ချိန် ၂၅၈ သန်းထွက်ရှိမည့် သတ္တုသိုက် ၁၆ ခုရှိသည်။ ယင်းတို့အနက် တတိယတန်းအမျိုးအစား ကျောက်မီးသွေးကို ကလေးဝ၊ ဓားသွေးကျောက်၊ ပလူဇဝ-ချောင်းဆုံ၊ ကျေးသီး-မန်ဆန်၊ မောတောင်၊ သိန္ဓော-ခေါမပြင်၊ တီကျစ်တို့တွင် ထုတ်ယူနိုင်သည်။
ယင်းကျောက်မီးသွေးများသည် ကာဗွန်ပါဝင်မှု ၅၀ ရာခိုင်နှုန်းရှိသောကြောင့် အရေအတွက် အများအပြားအသုံးပြုရမည့် ကျောက်မီးသွေးအမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် clean coal နည်းပညာဖြင့် ထုတ်လုပ်မည့် ကျောက်မီးသွေးအမျိုးအစား အဆင့်မီခြင်းမရှိသေးချေ။ ထို့ကြောင့် clean coal နည်းပညာဖြင့် ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးများကို ပြည်ပမှာယူရမည် ဖြစ်သည်။ Clean coal နည်းပညာဖြင့် ထုတ်လုပ်မည့် ကျောက်မီးသွေးအမျိုးအစားတွင် ဩစတြေးလျကျောက်မီးသွေးမှာ အရည်အသွေးအကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးအတွက် ဖိလစ်ပိုင်မှ ဝယ်ယူမည်ဟု အစိုးရနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသော်လည်း ယင်းဝယ်ယူမှုများနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
စွမ်းအင်အရင်းအမြစ်များ ပေါများသည့် မြန်မာနိုင်ငံတွင် စွမ်းအင်ဖြည့်တင်းနိုင်ရေးအတွက် နောက်ဆက်တွဲပြဿနာများပြီး စီးပွားရေးအရ ရေရှည်တွက်ခြေမကိုက်သည့် ကျောက်မီးသွေးအစား အခြားနည်းလမ်းများကို သုံးနိုင်ကြောင်း မစ္စဂျီအိုက အကြံပြုသည်။
‘‘နေရာအတော်တော်များများမှာ ပြန်လည်အသုံးပြုလို့ရတဲ့ စွမ်းအင်က ကျောက်မီးသွေးထက်ကို ပိုပြီးဈေးပေါနေပါပြီ။ ပြန်လည်သုံးလို့ရတဲ့စွမ်းအင်က ဆက်ပြီးတော့လည်း ဈေးကျလာနေတဲ့အချိန်မှာ ကျောက်မီးသွေးက ဈေးတက်လာနေတယ်။ ကျောက်မီးသွေးမှာ ရင်းနှီးမြှုပ်နှံတာက အနည်းဆုံးနှစ် ၄၀-၅၀ လုပ်ရတယ်။ အဲဒီမှာ လူထုကျန်းမာရေးနဲ့ သဘာဝဝန်းကျင်ကိစ္စကို ထည့်မတွက်ရင်တောင်မှ ဒါဟာငွေရင်းနှီးမြှုပ်နှံဖို့ စီးပွားရေးအရ အကျိုးမရှိတဲ့လုပ်ငန်းပဲ။ မြန်မာနိုင်ငံဟာ သန့်ရှင်းတဲ့စွမ်းအင်တော်လှန်ရေးအတွက် အင်မတန်မှ အခွင့်ထူးတဲ့နေရာကို ရောက်နေပါတယ်။ ဒီအတောအတွင်းမှာ မြန်မာရဲ့ လက်ရှိစွမ်းအင်အခြေခံအဆောက်အအုံတွေကို အလေအလွင့်ဆုံးရှုံးမှုနည်းပါးအောင် မွမ်းမံဖို့ရှိနေပြီး သဘာဝဓာတ်ငွေ့စက်ရုံတွေကို ပြင်ဆင်တာက လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာကိုဖြေရှင်းနိုင်တဲ့ ဈေးအသက်သာဆုံးနည်းလမ်းပါပဲ။ ဈေးကြီးတဲ့ကြိုးတွေ မသွယ်တန်းနိုင်ခင်မှာ သီးခြားလည်ပတ်တဲ့ စွမ်းအင်ထုတ်စက်ရုံတွေ၊ စက်ရုံအသေးလေးတွေက ဝေးလံခေါင်ဖျားတဲ့နေရာတွေကို အခုဆိုရင်လျှပ်စစ်ပေးနိုင်နေပါ တယ်’’ဟု မစ္စဂျီအိုက အကြံပြုသည်။
လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားထုတ်စက်ရုံ တည်ဆောက်ရန် ဝန်ကြီးဌာနထံ ကုမ္ပဏီရှစ်ခုခန့် လျှောက်ထားရာတွင် နည်းပညာမြင့်မားပြီး ဘဏ္ဍာရေးတောင့်တင်းသောကုမ္ပဏီကို ရွေးချယ်ရန် လျာထားကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောဆိုသည်။
‘‘၂၀၁၅ ခုနှစ်ထဲမှာ တစ်ခု၊ နှစ်ခုလောက်ပဲ ထပ်လက်ခံတော့မှာပါ။ အများကြီးလက်မခံထားဘူး’’ဟု အမည်မဖော်လိုသူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးစက်ရုံ ၁၆ ခု တည်ဆောက်ရန် ပြည်ထောင်စုအစိုးရက လွှတ်တော်တွင် တင်ပြထားပြီး ယင်းအနက်မှ ကိုးခုမှာ ခွင့်ပြုချက်ရပြီး ဖြစ်သည်။ အချို့သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ တည်ဆောက်နေဆဲ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းနိုင်က မြန်မာရင်းနှီးမြှုပ်နှံမှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ကျောက်မီးသွေးကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု စိုးရိမ်စရာမရှိဟုဆို
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အနည်းဆုံးဖြစ်စေသည့် clean coal နည်းပညာဖြင့် ထုတ်လုပ်မည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို စိုးရိမ်ဖွယ်မရှိပါကြောင်း မြန်မာနိုင်ငံတွင် ကျင်းပသည့် စွမ်းအင်ဆိုင်ရာညီလာခံများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ကျောက်မီးသွေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရထိပ်ပိုင်းအကြီးအကဲများက မကြာခဏ ပြောဆိုလေ့ရှိသည်။
‘‘ဟိုတစ်လောက ဂျပန်မှာ ဆောက်ထားတဲ့ ကျောက်မီးသွေးစက်ရုံကို ညွှန်းထားတဲ့ အမျိုးသားလွှတ်တော်အမတ်တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်ခ်စတေးတပ်တစ်ခုကို ဖတ်ရတယ်။ ကျောက်မီးသွေးစက်ရုံက မြို့ထဲမှာတည်ဆောက်ထားပေမယ့် မြို့ထဲကလူတွေ ဘာမှမဖြစ်ဘူးဆိုတဲ့သဘောကို တွေ့ရတယ်။ ကျောက်မီးသွေးခေါင်တိုင်က ထွက်လာတဲ့ ဓာတ်ငွေ့တွေက ထုတ်တဲ့နေရာကိုမကျဘူး။ သူနဲ့ ခပ်ဝေးဝေးမှာကျတာ။ ကျောက်မီးသွေးခေါင်တိုင်ရဲ့အမြင့်၊ ဆယ့်နှစ်ရာသီလေတိုက်နှုန်းကိုကြည့်ပြီး တွက်ချက်ရတာ’’ဟု ကျောက်မီးသွေးဓာတ်အားသုံးစက်ရုံနှင့် ပတ်သက်၍ ကန့်ကွက်နေသူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ဦးဝင်းမျိုးသူက ပြောသည်။
Clean coal နည်းပညာနှင့် ကျောက်မီးသွေးထုတ်လုပ်အသုံးပြုပါက လေထုထဲတွင် အမှုန်အမွှားများပါဝင်မှု PM ၉၉ ရာခိုင်နှုန်း၊ အက်စစ်မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသော SO2 ၉၇ ရာခိုင်နှုန်း၊ နိုက်ထရိုက်အောက်ဆိုက်ဓာတ် ၇၀ ရာခိုင်နှုန်း သန့်စင်ပေးနိုင်မည်ဟု ဆိုနေသော်လည်း အိုဇုန်းနှင့် မာကျူရီထုတ်လွှင့်မှုနှင့်အတူ ယနေ့အချိန်ထိ သန့်စင်အောင် မလုပ်ပေးနိုင်သော ဓာတ်ငွေ့များလည်း ထွက်ရှိသည်။
‘‘(SO2) အဲဒီ ၃ ရာခိုင်နှုန်းကကော ဘယ်ထဲရောက်သွားမှာလဲ။ ကောင်းကင်က လေထဲရောက်ပြီး ပျောက်သွားတာမဟုတ်ဘူး။ လေထဲကိုပါသွားတဲ့ အဲဒီဆာလဖာဒိုင်အောက်ဆိုက်တွေက ဘယ်ကိုပြိုကျမှာလဲ။ အဲဒါတွေကို သူတို့စိစစ်ဖို့လိုတာပေါ့’’ဟု ဦးဝင်းမျိုးသူက ထပ်မံပြောသည်။
၅၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေးသုံးစက်ရုံတွင် အနည်းဆုံး ဆာလဖျူရစ်အက်ဆစ် တန်ချိန်တစ်သောင်း ထွက်ရှိမည်ဖြစ်ပြီး clean coal နည်းပညာဖြင့် တည်ဆောက်မည်ဆိုပါက ဆာလဖျူရစ်အက်ဆစ် ၉၇ ရာခိုင်နှုန်း ဖယ်ရှားနိုင်သည့်တိုင် ၃ ရာခိုင်နှုန်းခန့် ထွက်ရှိနေဦးမည်ဖြစ်သည်။ ဥပမာ-မဂ္ဂါဝပ်သုံးရာ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် clean coal နည်းပညာသုံးပြီး ထုတ်လုပ်သော်လည်း တစ်နေ့လျှင် ဆာလဖျူရစ်အက်ဆစ် တန် ၁၈၀ ထွက်ရှိနေမည်ဟု ဦးဝင်းမျိုးသူက တွက်ပြသည်။
ပြည်သူပိုင်ငွေဖြင့် လည်ပတ်နေသည့် နိုင်ငံတကာရှိ ကျောက်မီးသွေးသုံးစွမ်းအင်ထုတ်လုပ်ငန်းများမှ ထွက်ရှိသည့် ဓာတ်ငွေ့များကြောင့် သေဆုံးမှုကို လေ့လာထားသည့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးရန်ပုံငွေအဖွဲ့မှ သိပ္ပံပညာရှင်ဆာရာပန်နီ၊ ဂျေကော့ပ်ဘဲလ်နှင့် ဂျွန်ဘာဘတ်စ်တို့၏ စာတမ်းတွင် ယင်းစက်ရုံမျိုး ၈၈ ရုံကို လေ့လာဖော်ပြထားသည်။ တချို့ဥပမာများကို ဖော်ပြထားရာတွင် အိန္ဒိယနိုင်ငံရှိ ဘာရာကျောက်မီးသွေးရုံမှ တစ်နှစ်ကို လူ ၉၀၀၊ တရုတ်ပြည် Yangzhpu-2 စက်ရုံကြောင့် တစ်နှစ်ကို လူ ၈၀၀၊ အိန္ဒိယ Kahalgaon ဓာတ်အားပေးရုံကြောင့် လူ ၄၉၀၊ တရုတ်ပြည်မှ Henan (Qinbei) စက်ရုံကြောင့် တစ်နှစ်ကို လူ ၁,၂၀၀၊ တရုတ်ပြည်မှပင် Ligang စက်ရုံကြောင့် လူ ၉၀၀ တို့သည် သွေးတိုးရောဂါနှင့် အဆုတ်ကင်ဆာရောဂါများကြောင့် သေဆုံးရကြောင်း ဖော်ပြထားသည်။ ယင်း စက်ရုံ ၈၈ ခုကြောင့် သေဆုံးသူ တစ်နှစ်လျှင် ၁၀,၇၀၀ ရှိကြောင်းလည်း ခန့်မှန်းတွက်ချက်ထားသည်။
တောင်အာဖရိက၏ သေမင်းတမန်ကျောက်မီးသွေး
တောင်အာဖရိကကဲ့သို့ ကျောက်မီးသွေးကို စွမ်းအင်၏ ၈၅ ရာခိုင်နှုန်းအတွက် အသုံးပြုနေသော နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်နှင့်အမျှ လူပေါင်းထောင်ချီသေဆုံးနေရကြောင်း သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဂရင်းပိစ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။
ကျောက်မီးသွေးတွင်းအနီးတွင် နေထိုင်သူများသာမက ကျောက်မီးသွေးကို ချက်ပြုတ်ရာတွင်နှင့် အပူပေးရာတွင် အသုံးပြုနေကြသဖြင့် လေထုအဆိပ်သင့်မှု ပိုများလာသည်။ Mpumalanga ရှိ ကျောက်မီးသွေးဓာတ်အားပေးရုံမှ ထွက်ရှိသော အဆိပ်ငွေ့မှာ လေထုတွင်းသိပ်သည်းစွာဝင်ရောက်နေသဖြင့် ယင်းဒေသရှိ ပြင်ပလေထုညစ်ညမ်းမှုသည် အိမ်တွင်းကျောက်မီးသွေးသုံးခြင်းထက်ပင် သုံးဆပိုဆိုးရွားနေကြောင်း တွေ့ရှိရသည်။ ယင်းဒေသတွင် ဆေးရုံတက်သူနှင့် သေဆုံးသူထက်ဝက်ကျော်က ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကြောင့်ဖြစ်သည်။ တောင်အာဖရိကနိုင်ငံ၏ သဘာဝဝန်းကျင်ဆိုင်ရာဌာနက စည်းမျဉ်းစည်းကမ်းသစ်များချမှတ်ပြီး ညစ်ညမ်းမှုကို ထိန်းချုပ်ရန် ၂၀၁၀ ခုနှစ်ကတည်းက ကြိုးစားခဲ့သော်လည်း တိုးတက်မှုက နှေးကွေးလွန်းနေသည်။
ထွက်ရှိလာသော အဆိပ်ငွေ့များကို လျှော့ချရန်အတွက် နည်းပညာတပ်ဆင်ခြင်းကို ဆုံးဖြတ်ရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ၊ လုပ်ငန်းရှင်၏ ကုန်ကျစရိတ်အပေါ် တွက်ချက်မှုများပေါ်တွင် မူတည်နေသည်။ အထက်ဖော်ပြပါ ကျောက်မီးသွေးသုံးစက်ရုံများတွင် ယင်းနည်းပညာကို ကုန်ကျစရိတ်ကြောင့် မတပ်ဆင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့သော ကျောက်မီးသွေးသုံးစက်ရုံများစွာရှိနေပြီး ယင်းစက်ရုံအနီး နေထိုင်လုပ်ကိုင်သူများသာမက အခိုးအငွေ့များရောက်ရှိရာ လေထု၊ ရေထုမှတစ်ဆင့် ညစ်ညမ်းမှုဖြစ်ပြီး အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါများဖြစ်ပွားမှု တိုးများလာနေသည်။
ကုလသမဂ္ဂသဘာဝဝန်းကျင်ဆိုင်ရာအဖွဲ့ကြီး UNEP ၏ ဖော်ပြထားချက်အရ ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်သည့်အမှုန်များက အသက်ရှူလမ်းကြောင်းတွင်း ဝင်ရောက်ပြီး လေပြွန်ရောင်ရမ်းခြင်းနှင့် အထူးသဖြင့် နာတာရှည်ရောဂါဖြစ်စေကြောင်း သိရသည်။
ယင်းမှထွက်ရှိသည့် ပြဒါးက အစားအစာများမှတစ်ဆင့် လူတို့၏ အာရုံကြောများစနစ်ကို ထိခိုက်စေရာ ငယ်ရွယ်သည့် အာရုံကြောများက ဖွံ့ဖြိုးနေဆဲကလေးများတွင် ထိခိုက်မှုက ပိုမိုပြင်းထန်သည်။ ယင်းပြဒါးပါဝင်သော ညစ်ညမ်းသည့်လေထုသည် မိုင်ထောင်ပေါင်းများစွာအထိ ပျံ့လွင့်နိုင်သည်။ ၎င်းပြင် နှစ်စဉ်နှင့်အမျှ ကျောက်မီးသွေးတွင်း မတော်တဆမှုများကြောင့် လူပေါင်းထောင်ချီ သေဆုံးနေရသည်။ ကျောက်မီးသွေးတွင်းလုပ်သားများ၊ တွင်းအနီးနေထိုင်သူများသည် နေ့စဉ်နှင့်အမျှ အဆိပ်ငွေ့များနှင့် တွေ့ထိနေကြရသည်။
ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် အဆိပ်သင့်စေသည့် သတ္တုများစွာပါဝင်သည့် စွန့်ပစ်ပစ္စည်းများထွက်ရှိရာ ၎င်းတို့သည် အများအားဖြင့် သာမန်အမှိုက်ပုံတွင် အဆုံးသတ်လေ့ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ညစ်ညမ်းစေကာ လူတို့၏ကျန်းမာရေးကို ခြိမ်းခြောက်နေမည်ဖြစ်သည်။ ငါးများပြဒါးဆိပ်သင့်ပြီး စားသုံးရန်မသင့်တော့သည့် အနေအထားသို့ ရောက်ခြင်းကလည်း အဓိကအားဖြင့် ကျောက်မီးသွေးလောင်ကျွမ်းရာကထွက်သည့် ပြဒါးများကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနော့ဆိုက်၊ ဟိုက်ဒရိုကာဗွန်၊ မီသိန်း၊ မီးခိုးပြာလွင့်အမှုန်အမွှားများ၊ အာဆင်းနစ်၊ ကိုဘော့၊ ခရိုမီယမ်၊ ခဲ၊ မဂ္ဂနီးစ်ကတ်မီယံ၊ သွပ်၊ ပြဒါးနှင့် ရေဒီယိုဓာတ်ကြွပစ္စည်းများ ထွက်သည်။
နိုင်ငံတကာလှုပ်ရှားမှု
စက်တင်ဘာလ တတိယသီတင်းပတ်အကုန်တွင် အမေရိကန် နယူးယောက်မြို့၏ လမ်းများပေါ်၌ ဆယ်စုနှစ်အတွင်း အကြီးမားဆုံးလူထုလှုပ်ရှားမှုကြီးဖြစ်ပေါ်ခဲ့ပြီး လူငါးသိန်းနီးပါးက ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းအပေါ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ လောဘနှင့် အစိုးရများ၏ ဆုံးဖြတ်ချက်လွဲမှားမှုများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုက စိုးရိမ်ရသည့် အခြေအနေသို့   ရောက်လာနေသည်။ စွမ်းအင်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြရန် အရေးပေါ်လိုအပ်နေပြီဖြစ်ကြောင်း သတင်းစကားပါးလိုက်ခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့ စက်တင်ဘာ ၂၄ ရက်တွင်မူ ကုလသမဂ္ဂက ဦးဆောင်သော ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကို နယူးယောက်မြို့တွင် တစ်ရက်တာကျင်းပခဲ့ရာ အိုဘားမားအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၂၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
သို့သော် နိုင်ငံခေါင်းဆောင်အချို့ တက်ရောက်ရန် ပျက်ကွက်နေရာ ရာသီဥတုပြောင်းလဲခြင်းတွင် အရေးကြီးလှသည့် နိုင်ငံကြီးနှစ်ခု၏ ခေါင်းဆောင်များလည်း ပါဝင်သည်။ ၎င်းတို့မှာ တရုတ်သမ္မတ စီကျင်းပင်နှင့် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီတို့ပင်ဖြစ်သည်။ သူတို့အစား ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သဖြင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ဦးစားပေးအဆင့်တွင် မထားရှိကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်နေကြသည်။
နှစ်နိုင်ငံပေါင်း လူဦးရေ ၂ ဒသမ ၅ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံကျော်ရှိသည့် ယင်းနိုင်ငံကြီးနှစ်ခုသည် လူဦးရေအများဆုံးဖြစ်ရုံမက ဖန်လုံအိမ်ဓာတ်ငွေ့တစ်ခုဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်အများဆုံး ထုတ်လုပ်သည့် နံပါတ်(၁)နှင့် နံပါတ် (၃)နိုင်ငံများလည်း ဖြစ်သည်။ အမေရိကန်က နံပါတ်(၂)ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်ခန့်ကစပြီး အမေရိကန်၏ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်နှုန်းကျဆင်းသွားခဲ့သော်လည်း တရုတ်နိုင်ငံက ဆက်တိုက်တိုးမြင့်လာနေပြီး အိန္ဒိယကလည်း ယင်းနောက်မှ လိုက်ပါလာနေသည်။
လက်ရှိတွင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၁၀၀ ဆုံးရုံးနေရကြောင်း စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် ကုလသမဂ္ဂဆွေးနွေးပွဲ၌ ကျွမ်းကျင်သူပညာရှင်များက ပြောဆိုသည်။ အပူချိန် ၂ ဒီဂရီစင်တီဂရိတ် မြင့်တက်လာမည်ဆိုလျှင် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ဆုံးရှုံးသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုလိုက်သည်။ အကယ်၍ အစိုးရများက ကမ္ဘာ့အပူချိန်ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက ယင်းခန့်မှန်းချက်ထက်ပင် ဆုံးရှုံးမှုပိုများလာမည်ဟုလည်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလည်း လာမည့် ၂၀၃၀ နှင့် ၂၀၅၀ ပြည့်နှစ်အကြားတွင် ရာသီဥတုပြောင်းလဲမှုကြောင့် တစ်နှစ်လျှင် လူပေါင်းနှစ်သိန်းခွဲခန့်သည် အငတ်ဘေး၊ ငှက်ဖျား၊ ဝမ်းရောဂါနှင့် အပူလွန်ကဲမှုများကြောင့် အပိုဆောင်းသေဆုံးရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
အမှန်ဆိုလျှင် ဤဆန္ဒပြပွဲကို ဘေဂျင်း၏ လမ်းမများပေါ်တွင် ပြုလုပ်သင့်သည်ဟု ဆန္ဒပြသူများက ဆိုသည်။ တရုတ်နိုင်ငံ၏ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုများကြောင့် ရာသီဥတုပြောင်းလဲရေး ပိုမိုဆိုးရွားလာသည်ဟုလည်း စွပ်စွဲထားသည်။ ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံးထုတ်လွှတ်သောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်းထုတ်လွှတ်မှုများ၏ ၂၇ ရာခိုင်နှုန်းရှိသည်။ တစ်ကမ္ဘာလုံးက အသုံးပြုသော ကျောက်မီးသွေးစုစုပေါင်းပမာဏသည် တရုတ်နိုင်ငံတစ်ခုတည်းက အသုံးပြုနေသော ပမာဏနှင့်တူညီနေသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံသည် လူလုပ်ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံးထုတ်လွှတ်ရာနေရာ ဖြစ်သည်။ ဤအချက်တစ်ခုတည်းကပင် ကမ္ဘာကြီးအတွက် အန္တရာယ်ဖြစ်စေကြောင်း ထင်ရှားနေသည်။ ကမ္ဘာကြီးပူနွေးမှု၊ ရာသီဥတုများ ကမောက်ကမဖြစ်မှုများကို ရပ်တန့်ရန် တရုတ်နိုင်ငံသည် သူ၏ ကျောက်မီးသွေးလျှပ်စစ်စက်ရုံမှဖယ်ခွာပြီး ပြန်လည်အသုံးချနိုင်သည့် လျှပ်စစ်စွမ်းအင်ဆီသို့ ကူးပြောင်းရမည်ဟု ဂရင်းပိစ်က အကြံပြုထားသည်။
သတင်းကောင်းအချို့
ကောင်းသတင်းများမှာ ကုလသမဂ္ဂညီလာခံကျင်းပနေချိန်မှာပင် နာမည်ကြီးရော့ကားဖဲလား မိသားစု၏ စတင်းဒတ်ရေနံကုမ္ပဏီက ကျောက်မီးသွေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာပြီဟု ကြေညာလိုက်ပြီးနောက် ကုမ္ပဏီကြီး ၁၂ ခုကလည်း ကျောက်မီးသွေးအသုံးပြုမှုကို တဖြည်းဖြည်းလျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းတို့အစီအစဉ်များကို ဖော်ထုတ်ကြေညာလိုက်ခြင်းဖြစ်သည်။ ကုမ္ပဏီပေါင်း ၁၈၀ နှင့်ပြည်နယ်အစိုးရများ၊ တစ်သီးပုဂ္ဂလ ၆၅၄ ဦးတို့ကလည်း ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်း ၂၀၀ တွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုကို လျှော့ချမည်ဟု ဝန်ခံကတိပြုခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာသန်း ဘီလီယံ ၅၀ ဖိုးကို အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံခဲ့သည်။
မြန်မာနိုင်ငံက ကွမ်းခြံကုန်းစက်ရုံ ဥပမာ
ကမ္ဘာပေါ်တွင် ကျောက်မီးသွေးစက်ရုံဆိုးကျိုး ပိုသိလာပြီး လျှော့ချနေချိန်မှ မြန်မာ၌ စက်ရုံများ တိုးဆောက်ရန် စီစဉ်ခြင်းမှာ မှန်ကန်ပါရဲ့လား။ မြန်မာနိုင်ငံတွင် တစ်နာရီပျမ်းမျှလေတိုက်နှုန်းသည် ငါးမိုင်အောက်ရှိသော်လည်း မိုးတွင်းကာလ၌ တစ်နာရီငါးမိုင်အထက် လေတိုက်နှုန်းပိုမြင့်စွာ တိုက်ခတ်လေ့ရှိကြောင်း ဦးဝင်းမျိုးသူကပြောဆိုသည်။
ကျောက်မီးသွေးတွင်းနှင့် ကျောက်မီးသွေးသုံးစက်ရုံများတွင် အကောင်းဆုံးနည်းလမ်းများကို ငွေကုန်ကြေးကျခံပြီး အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်က နိုင်ငံတကာ၌ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်သည်။ ကုန်ကျစရိတ်ကြီးမားပြီး အမြဲမပြတ်စောင့်ကြည့်စစ်ဆေးနေရသည့် clean coal နည်းပညာကိုသုံးကာ ထုတ်လုပ်မည်ဆိုလျှင် ထွက်လာသည့်အဆိပ်ငွေ့များ လျော့နည်းသွားမည်ဖြစ်သော်လည်း အန္တရာယ်က ကြီးမားနေဆဲပင်။
‘‘ဆရာဦးထွန်းလွင်ကို လေတိုက်နှုန်းကိုမေးကြည့်တာပေါ့။ ရန်ကုန်မှာ မိုးတွင်းဆိုရင် အနောက်တောင်လေက လာတာကိုး။ အဲဒီတော့ ကွမ်းခြံကုန်းဘက်ကလေတွေက ရန်ကုန်ဘက်ကိုရောက်မှာပေါ့။ တစ်နှစ်ကိုလေးလခွဲလောက်က ရန်ကုန်ဘက်ကိုရောက်မယ်။ တန်ချိန် ၁၈၀ နဲ့ပဲ တွက်ထားတာက ဆာလဖျူရစ်အက်စစ်တစ်နေ့ကို တန်ဝက်လောက်ထွက်တယ်ဆိုဦး။ လေးလခွဲဆိုတော့ ရက်ပေါင်း ၁၂၀ ပေါ့။ တန်ချိန် ၆၀ ကတော့ ဒီမိုးတွင်းကာလမှာ ရန်ကုန်ကိုရောက်မယ်။ မိုးတွင်းမဟုတ်တဲ့ကာလဆိုရင် ရန်ကုန်မြို့မဟုတ်ဘဲ နောက်မြို့ကိုတိုက်မှာကိုး။ အဲဒီကွမ်းခြံကုန်းနားမှာတည်မယ့် ကျောက်မီးသွေးတွေက ပင်လယ်ဘက်ကို ပြန်ထွက်သွားမှာကိုး။ ဒါတောင်သေချာမသိဘူးနော်။ လေရဲ့သဘောက ပုံစံမျိုးစုံပြောင်းလဲနေတာ။ ဝေ့လည်လည် တိုက်နေလည်း တိုက်နေမှာ။ သို့သော်လည်း မိုးတွင်းဆိုရင် အနောက်တောင်လေက တိုက်လေ့ရှိတဲ့အတွက် ကွမ်းခြံကုန်းကျောက်မီးသွေးဓာတ်ငွေ့ကထွက်တဲ့ လေကတော့ ရန်ကုန်ကို လာမှာကျိန်းသေတယ်’’
‘‘ဒီဆာလဖျူရစ်အက်စစ်က အနည်းဆုံး လေထဲမှာ သုံးရက်လောက်နေနိုင်တယ်။ ဆိုင်းနေလို့ရတယ်။ အဲဒီအချိန်မှာ မိုးအုံ့ပြီးရွာရင် အက်စစ်မိုးတွေ ရွာနိုင်တယ်။ ကျောက်မီးသွေးစက်ရုံခေါင်းတိုင်က ထွက်တဲ့လေက ဘယ်နေရာကို ကျနိုင်လဲဆိုတာ တွက်ချက်ရမယ်။ ခေါင်းတိုင်မြင့်လေ နေရာဝေးဝေးကို ရောက်နိုင်လေပဲ။ သို့သော်လည်း အမြင့်က ကန့်သတ်ချက်ရှိတယ်။ အဲဒီလောက်ကြီး အပေါ်ကို မြင့်တက်လို့မရဘူး။ မီးခိုးခေါင်းတိုင်က ထွက်လာတဲ့လေက ရန်ကုန်ကိုမရောက်ခင် လမ်းတစ်ဝက်မှာ မိုးရွာချလိုက်တယ်ဆိုပါတော့၊ အဲနေရာတစ်ဝိုက်က လယ်ယာတွေ၊ ငါးကန်တွေ ထိခိုက်ကုန်လိမ့်မယ်’’
ယင်းတွက်ချက်မှုများကိုလည်း အချိန်တိုတိုအတွင်း လုပ်ဆောင်၍မရနိုင်ဘဲ ၂နှစ်၊ သုံးနှစ်ကြာ တိုင်းတာပြီး မြေပြင်တွက်ချက်မှုဟုခေါ်သည့် လေထုကျရောက်မည့်နေရာ အချိန်နှင့်ပမာဏကို တိုင်းတာရသည်။
‘‘အဲဒါကို EIA, SIA တွက်ချက်ပေးရတယ်။ ကျောက်မီးသွေးစက်ရုံက အငွေ့တွေကျမယ့်နေရာမှာ ဘာတွေထိခိုက်နိုင်လဲ။ ဘာအဆောက်အအုံတွေရှိလဲဆိုတာ အသေးစိတ်လေ့လာစိစစ်ရတယ်’’

Ref:7daynewjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!