Popular Posts!

Sunday, October 19, 2014

ဟောင်ကောင် ဘာကြောင့်အရေးပါသလဲ!

ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြသူများ ညဘက် လူထုစုဝေးပွဲအတွက် ရောက်ရှိလာကြသည်ကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် ANTHONY WALLACE/AFP


ဟောင်ကောင်ကျွန်း၏ အရေးပါသည့် မြို့လည် ကောင်တွင် လူထုဆန္ဒပြမှုများ ရက် ဆက်ဖြစ် ပေါ်နေသည်။ ယင်းသည် တရုတ်ပြည်၏ ၁၉၈၉ တီအန်မင် ဆန္ဒပြ မှုကြီးပြီးနောက်ပိုင်း တရုတ်ပြည်အတွက် အကြီးဆုံးစိန်ခေါ်မှုကြီး တစ်ခုဟု လေ့လာသူ များက ဆိုသည်။

အာရှ၏ အရေးပါလှသော ငွေကြေးဈေးကွက် တည်ရှိရာနေရာဖြစ်သဖြင့် တရုတ်ပြည်မနှင့် ဟောင်ကောင်ကျွန်းပြဿနာသာမကဘဲ တစ်ကမ္ဘာလုံး၏ ငွေကြေးတည်ငြိမ်မှုကို ခြိမ်းခြောက်နေသည်။ ဟောင်ကောင်သည် နိုင်ငံတကာငွေကြေးဈေးကွက်တွင် လန်ဒန်နှင့် နယူးယောက်နောက်၌ တတိယအရေးပါဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဟောင်ကောင်ဒေါ်လာက အရေးပါဆုံးငွေကြေးများစာရင်း၌ နံပါတ် (၈) နေရာတွင်ရှိသည်။
ဒီမိုကရေစီစနစ်နှင့် အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ကျော် လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ ရွေးချယ်ခွင့်များနှင့် နေသားကျခဲ့သည့် ဟောင်ကောင်သားများက တရုတ်ပြည်မကြီး၏ ဥပဒေများကို လက်မခံနိုင်ဘဲ သူတို့၏လွတ်လပ်ခွင့်များအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ ဒီမိုကရေစီအပြည့်အဝရရန် ဟောင်ကောင်သားများ တောင်းဆိုနေချိန်တွင် ၎င်းတို့၏လွတ်လပ်ခွင့်များကို လျှော့ပေါ့မည့်ဥပဒေပြဋ္ဌာန်းရေး တရုတ်ပြည်မကကြိုးပမ်းလာခဲ့သည်။ တရုတ်နှင့်ဟောင်ကောင်တွင် တစ်နိုင်ငံစနစ်နှစ်မျိုးနှင့်အုပ်ချုပ်မည်ဆိုသည့်  သဘောတူညီချက်အရ အာရှဒီမိုကရေစီစနစ်ရှင်သန်ရေးတွင် ဟောင်ကောင်က အရေးပါလှသည်။ တရုတ်ပြည်မ၏အောင်ပွဲက အာရှတွင်းဒီမိုကရေစီရှင်သန်ရေးကို များစွာနှောင့်နှေးစေမည်ဖြစ်သလို ဆန္ဒပြသူများဘက်က အောင်နိုင်မှုက ဒီမိုကရေစီရေးမျှော်လင့်ချက်များကို များစွာပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်မှုဒေသဟုခေါ်ဆိုသည့် ဟောင်ကောင်သည် တရုတ်ပြည်တောင်ဘက် တောင်တရုတ်ပင်လယ်တွင် တည်ရှိသည်။ ဗြိတိသျှတို့မရောက်လာမီ အချိန်အထိ တံငါသည်များနေထိုင်ပြီး ပင်လယ်ပျော်ဓားပြများ၊ ပင်လယ်ခရီးသွားများ ကွန်းထောက်နားခိုရာ လူဦးရေ ၇,၀၀၀ မျှရှိသည့် ကျွန်းလေးဖြစ်ခဲ့သည်။
ယနေ့တွင်တော့ ဟောင်ကောင်သည် ကမ္ဘာ့လူနေအထူထပ်ဆုံးနေရာများအနက် တစ်ခုဖြစ်နေလေပြီ။ ကွမ်းတုံစကားပြောသူအများစုဖြစ်သည့် ဟောင်ကောင်သားများက တရုတ်ပြည်မ ကွမ်းတုံပြည်နယ်က လာရောက်အခြေချသူများဖြစ်ကြပြီး အများစုက တရုတ်ပြည်မ၏ကွန်မြူနစ်စနစ် အုပ်ချုပ်မှုနှင့် ပြည်တွင်းစစ်တို့မှဖြစ်ပေါ်ချိန်၁၉၃၀ မှ ၁၉၆၀ ခုနှစ်အကြား ထွက်ပြေးလာကြသူများဖြစ်သည်။
ပထမဘိန်းစစ်ပွဲ (၁၈၃၉-၄၂)အပြီးတွင် ဟောင်ကောင်ကျွန်းကို ဗြိတိသျှကိုလိုနီအဖြစ် သတ်မှတ်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင်မူ ယင်းနယ်မြေကိုငှားရမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကသိမ်းပိုက်ခဲ့ပြီး စစ်ပြီးချိန်၁၉၄၅ ခုနှစ်ကစ၍ ဗြိတိသျှအုပ်ချုပ်မှုအောက်ပြန်ရောက်ခဲ့ရာ ၁၉၉၇ ခုနှစ်အထိဖြစ်သည်။
ကိုလိုနီခေတ် ဗြိတိသျှလက်အောက် နှစ်ပေါင်း ၁၅၅ နှစ်အတွင်း ပျံ့နှံ့စိမ့်ဝင်ခဲ့သော နိုင်ငံရေးယဉ်ကျေးမှုနှင့် တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုများရောပြွမ်းပေါင်းစပ်ပြီး ယနေ့ဟောင်ကောင် ဖြစ်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပညာရေးနယ်ပယ်တွင် ဗြိတိသျှတို့၏ပညာရေးစနစ်ကို ၂၀၀၉ ခုနှစ်အထိ အသုံးပြုခဲ့သည်။
တရုတ်နှင့်ဗြိတိန်တို့အကြား ညှိနှိုင်းမှုရလဒ်ဖြစ်သည့် ၁၉၈၄ ခုနှစ် သဘောတူညီချက်အရ ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်အပ်ခဲ့ပြီး တစ်နိုင်ငံစနစ်နှစ်မျိုးဖြင့် ဟောင်ကောင်ကို ပထမဆုံး အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် သတ်မှတ်သည်။
အခြားအထူးဒေသတစ်ခုမှာ မကာအိုဖြစ်ပြီး ပေါ်တူဂီက ၁၉၉၉ ခုနှစ်တွင် တရုတ်သို့ပြန်အပ်ခဲ့သည်။ ယင်းသဘောတူညီချက်အရ ဟောင်ကောင်၏ဥပဒေနှင့် အုပ်ချုပ်ရေးစနစ်သည် တရုတ်ပြည်မနှင့်ကွဲပြားပြီး နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးတို့မှအပ ကျန်အုပ်ချုပ်ရေးအာဏာနှင့် နိုင်ငံရေးစနစ်ကို သီးခြားပြဋ္ဌာန်းခွင့်ရှိသည်။ သို့သော် ဟောင်ကောင်တွင် ပါတီစုံစနစ်ကို ကျင့်သုံးသော်လည်း လွှတ်တော်အမတ်နေရာ ၇၀ တွင် ၃၀ ကို ပြည်မအစိုးရက ချုပ်ကိုင်ထားသည်။ ဥပဒေပြုအမတ်နေရာ ၇၀ အနက် ၄၀ ကို ဟောင်ကောင်တွင် နေထိုင်သူများက တိုက်ရိုက်ရွေးချယ်နိုင်သော်လည်း ကျန် ၃၀ ကို ဖွဲ့စည်းထားသည့်ရွေးချယ်ခွင့်ရှိသူ လူတစ်စုအား တိုက်ရိုက်ရွေးချယ်သည်။  ယင်းဖွဲ့စည်းပုံသည် ဟောင်ကောင်ကိုလွှဲပြောင်းပေးချိန်မှစပြီး ပြဿနာဖြစ်နေသည်။ တရုတ်ပြည်မက ၂၀၀၂ တွင် ဟောင်ကောင်အခြေခံဥပဒေပုဒ်မ ၂၃ ကို ပြဋ္ဌာန်းရန်တင်သွင်းလာချိန်၌ ဟောင်ကောင်သားများ စတင်ကန့်ကွက်ဆန္ဒပြကြတော့သည်။ ယင်းပုဒ်မအရ တရုတ်ဗဟိုအစိုးရကို ဆန့်ကျင်ကန့်ကွက်ခြင်းအပါအဝင် အာဏာကိုထိပါးလာနိုင်သည့်လုပ်ရပ်များကို တားမြစ်ထားသည်။ ယင်းအပြင် ပြည်ပနိုင်ငံရေးအဖွဲ့အစည်းများ ဟောင်ကောင်တွင်လှုပ်ရှားခြင်း၊ ဟောင်ကောင်မှ နိုင်ငံရေးအဖွဲ့အစည်းများက နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများကို ပိတ်ပင်ထားသည်။ ၂၀၀၃ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ယင်းမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ခဲ့ပြီး အဆင့်မြင့်ခေါင်းဆောင်နှစ်ဦး ရာထူးမှနုတ်ထွက်သွားပြီး ယင်းမူကြမ်းကိုလည်း တရုတ်အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့ရသည်။
သို့ရာတွင် တရုတ်ပြည်မက ဟောင်ကောင်၏အုပ်ချုပ်မှုစနစ်ကို ချုပ်ကိုင်နိုင်ရန် ဆက်လက်ကြိုးစားခဲ့ရာ ဟောင်ကောင်ပါတီအတွင်း အကွဲအပြဲဖြစ်ပြီး ပြည်မအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့ဝင်များရှိလာသည်။ တရုတ်ပြည်မကိုလိုလားသူများကို အုပ်ချုပ်ရေးအာဏာ တိုက်ရိုက်ပေးအပ်လာသဖြင့် လူထုဆန္ဒဖြင့် ရွေးချယ်နိုင်သော လူတစ်ကိုယ်မဲတစ်ပြားစနစ် ပျက်ပြားလာသည်။
၂၀၁၄ ခုနှစ် သြဂုတ် ၃၁ ရက်နေ့တွင် ဟောင်ကောင်က ဒီမိုကရေစီအပြည့်အဝကျင့်သုံးရန် ကြိုးပမ်းမှုအပေါ် တရုတ်ပြည်မက ပိတ်ပင်သည့်အမိန့်ကို ထုတ်ပြန်လိုက်သည်။ ၎င်းမှာ ၂၀၁၇ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်သုံးဦးကသာ ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ရွေးချယ်ခံနိုင်သည်ဟူ၏။ ယင်းသုံးဦးကိုလည်း တရုတ်ပြည်မကြီး၏ ရွေးချယ်မှုကော်မတီက တိုက်ရိုက်ရွေးချယ်မည်ဟူ၍ဖြစ်သည်။ ယင်းအမိန့်ကြောင့် ဟောင်ကောင်သားများ လက်ရှိလမ်းမပေါ်ထွက်ပြီး ဒီမိုကရေစီအရေး တိုက်ပွဲဝင်ရသည်အထိ ဖြစ်လာခဲ့သည်။
တစ်ပတ်ကျော်ကြာ ဆက်တိုက်တောင်းဆိုနေသည့် ဆန္ဒပြသူများသည် ကွန်မြူနစ်လိုလားသူများ၏ ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်မှုကိုသာမက ဆန္ဒပြမှုကိုရုပ်သိမ်းပြီး လမ်းများပေါ်မှ ဖယ်ရှားရန် ဟောင်ကောင်အစိုးရက ခြိမ်းခြောက်သတိပေးမှုများနှင့် ရင်ဆိုင်လာရသည်။
‘‘တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီမိုကရေစီကိုပဲလိုချင်တာပါ’’ဟု ဆန္ဒပြသူ ကျောင်းသားခေါင်းဆောင်တစ်ဦးကပြောသည်။
‘‘အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ ဒါဟာ အတော့်ကိုစိတ်မကောင်းစရာပဲ’’ဟုလည်း သူက ပြောဆိုသည်။
 ကျောင်းသားအများစုဦးဆောင်သည့် ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက လက်များကိုမြှောက်ထားခြင်းဖြင့် ငြိမ်းချမ်းစွာဆန္ဒပြကြောင်း သိသာစေသည်။
 ပြီးခဲ့သည့်အောက်တိုဘာ ၃ရက်တွင် ဆန္ဒပြသူများကို ဝင်ရောက်တိုက်ခိုက်ရာတွင် ရဲအာဏာပိုင်များက ၎င်းတို့အား အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ကျောင်းသားများက ပြောဆိုသည်။ ၎င်းရဲများသည် မှောင်ရိပ်ခိုသည့် အဖွဲ့အစည်း (သို့မဟုတ်) ရာဇဝတ်သားများနှင့် ပူးပေါင်းနေသည့် ရဲမဲ (BlackPolice) များဖြစ်သည်ဟု ဆန္ဒပြသူများကစွပ်စွဲခဲ့သည်။ ထိုညနေပိုင်းတွင် ဆန္ဒပြသူများကို ယင်းအကြမ်းဖက်အဖွဲ့ကဓားများဖြင့် စတင်တိုက်ခိုက်ပြီး ထိုးကြိတ်ကန်ကျောက်ခဲ့ကြောင်း ဆန္ဒပြသူများကပြန်ပြောပြသည်။  ဟောင်ကောင်လွှတ်တော်အမတ်များ ကောင်စီ၏ လုံခြုံရေးဆွေးနွေးပွဲ ဒုတိယဥက္ကဋ္ဌ ဂျိမ်းတူကလည်း ဒီမိုကရေစီရေးဆန္ဒပြသူများကို ဖြိုခွဲရန် အစိုးရက ရာဇဝတ်သားများကို အသုံးချခဲ့ကြောင်း  စွပ်စွဲလိုက်သည်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးနှင့် ရဲအာဏာပိုင်များက ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ အောက်တိုဘာ ၄ ရက်နေ့တွင် အကြမ်းဖက်ခဲ့သူအပါအဝင် လူ ၁၉ ယောက်ကို ရဲကဖမ်းဆီးခဲ့သည်။
ဟောင်ကောင်အစိုးရက ဆန္ဒပြသူများနှင့်ဆွေးနွေးရန် ကမ်းလှမ်းထားသော်လည်း ယင်းအကြမ်းဖက်မှု ဖြစ်ပွားပြီးသည့်နောက်တွင် ဆန္ဒပြသူများက တွေ့ဆုံရန် ငြင်းပယ်လိုက်ကြသည်။ သောကြာနေ့အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဖြေရှင်းချက်ထုတ်ရန် အစိုးရအား တောင်းဆိုခဲ့သည်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chunying က အောက်တိုဘာ ၄ ရက်နေ့က ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများအား ပြောဆိုခဲ့ရာတွင် လာမည့်အောက်တိုဘာ ၆ရက်နေ့၌ ပုံမှန်အခြေအနေသို့ပြန်ရောက်ရန် လိုကြောင်းနှင့် သဘောထားကွဲလွဲချက်များကို ခဏဘေးဖယ်ထားပြီး တူညီသည့် အချက်များအပေါ် ဆွေးနွေးရန် ပြောဆိုသည်။
တရုတ်အစိုးရမီဒီယာကလည်း ယင်းသို့ဆန္ဒပြမှုသည် ဥပဒေနှင့်မညီဟုဆိုလိုက်ပြီး နိုင်ငံခြားမှ သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲလိုက်သည်။ ပြည်မမီဒီယာတွင် ယင်းဆန္ဒပြသည့်သတင်းများကို အမှောင်ချထားသည်။  ဆင်ဆာဖြတ်တောက်ထားသည်။ လူမှုရေးကွန်ရက်မီဒီယာများကိုလည်း ပိတ်ဆို့ထားသည်။ လက်ရှိတွင် မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲနေသဖြင့် ကမ္ဘာ့လူအရှုပ်ဆုံးလမ်းမပေါ်တွင် မီးခိုးများကဝေနေသည်။ လက်ရှိလူဦးရေ ၇ သန်းကျော်ရှိပြီး  အာရှဒီမိုကရေစီတိုက်ပွဲအတွက်၊ အာရှငွေကြေးဈေးကွက်အတွက် အရေးပါလှသည့် ဟောင်ကောင်အရေးတွင် ကတိကဝတ်ပြု သဘောတူထားသလို တစ်နိုင်ငံစနစ်နှစ်မျိုးဖြင့် အုပ်ချုပ်ရေးကို တရုတ်ပြည်မက ဆက်လက်အကောင်အထည်ဖော်မည်လား၊ သို့တည်းမဟုတ် ပြည်မမှာကဲ့သို့ ထိန်းကွပ်သည့်နည်းသုံးပြီး အဓမ္မအင်အားသုံးဖိနှိပ်မည်လား တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည်။ နိုင်ငံ၏ပြည်တွင်းရေးကို  ဝင်ရောက်မစွက်ဖက်ရန်  နိုင်ငံတကာကို လှမ်း၍ခြိမ်းခြောက်ထားသည့် တရုတ်က နိုင်ငံတကာတုံ့ပြန်မှုကို လုံးဝလျစ်လျူရှုနိုင်သည့် အနေအထားမှာ ရှိပါသလား။
လက်ရှိတွင် ဆန္ဒပြသူများက တိုး၍လာနေသည်။ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်နေ့များသည် တရုတ်ပြည်၏ ရုံးပိတ်ရက်များဖြစ်ကြသဖြင့် ဆန္ဒပြရက်တစ်ပတ်ကာလအတွင်း ရုံးများကိုထိခိုက်မှုမရှိခဲ့ပေ။ ဆန္ဒပြသူများက လမ်းမပေါ်က အမှိုက်များကို သိမ်းဆည်းရှင်းလင်းနေသကဲ့သို့ ကျောင်းသားများကလည်း ထိုင်သပိတ်မှောက်နေချိန်တွင် ကျောင်းမှအိမ်စာများကို လုပ်နေကြသည်။ ငြိမ်းချမ်းစွာထိုင်သပိတ်ပြနေခြင်းဖြစ်ပြီး အာဏာဖီဆန်ခြင်း၊ တော်လှန်ခြင်းလုပ်နေခြင်းမဟုတ်ကြောင်း ပြသနေသည်။ သို့သော် အာဏာပိုင်များဘက်က လူစုခွဲရန်ခြိမ်းခြောက်လာနေသဖြင့် အကြမ်းဖက်ဖြိုခွဲလာနိုင်မည်ကို နိုင်ငံတကာလေ့လာသူများက စိုးရိမ်နေကြသည်။ တရုတ်ပြည်မကတော့ ဟောင်ကောင်တွင် ဒီမိုကရေစီစနစ်ကို ရှင်သန်ခွင့်ပေးရန် လုံးဝစိတ်ဝင်စားမှုမရှိကြောင်း ပြသလိုက်ပြီဖြစ်သည်။ ဆန္ဒပြသူများကို နယ်ချဲ့ဗြိတိသျှ၏ နောက်လိုက်ခွေးများအဖြစ် တရုတ်အစိုးရသတင်းစာတွင် ဆောင်းပါးများ ရေးသားဖော်ပြလိုက်သည်။
ပြီးခဲ့သည့်နှစ်များစွာတွင် အကောင်းမြင်သူများက ဟောင်ကောင်ကို တရုတ်နိုင်ငံ၏ အနာဂတ်ဟု ယူဆခဲ့ကြသည်။ ဟောင်ကောင်၏ ဈေးကွက်စီးပွားရေးစနစ်က တရုတ်ပြည်မတွင်းသို့ စီးဝင်ပျံ့နှံ့ပြီး ဟောင်ကောင်၏ ပို၍ပွင့်လင်းသော နိုင်ငံရေးစနစ်က တရုတ်ပြည်မကြီးကို ပွင့်လင်းလာအောင် ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ဟောင်ကောင်က အမှန်တကယ်ကွဲပြားသည့်စနစ်ဖြင့် ဆက်သွားနိုင်သလားဆိုသည်ကို ဟောင်ကောင်အစိုးရ၏ တုံ့ပြန်မှုက မကြာမီပြဆိုတော့မည်ဖြစ်ပါသည်။

Ref:7daydaily

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!