အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က သိပ်မကြာသေးခင်းတုန်းကပဲ မြန်မာပြည်ဟာ အာရှမှာ ထွန်းတောက်လာမယ့် နိုင်ငံတနိုင်ငံလို့ နိမိတ်ဖတ်လိုက်ပါတယ်။ ဩဂုတ်လအတွင်းမှာ ထုတ်ပြန်တဲ့ အေဒီဘီ အစီရင်ခံစာရဲ့ သုံးသပ်ချက်မတိုင်ခင်မှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အကြံပေးပညာရှင်အဖွဲ့တွေ၊ အစိုးရတွေနဲ့၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ဒီလိုပဲ ခန့်မှန်းခဲ့ကြပါတယ်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ ကြားထဲမှာလည်း ဒီအမြင်ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။
ဒီလိုနဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ တည်းခိုစရာ ဟိုတယ်ခန်းတွေ ရဖို့ ပိုခက် လာသလောက်၊ မြန်မာပြည်ကို သွားဖို့ လေယာဉ်ကလည်း စီးပွားရေးသမားတွေနဲ့ပဲ ပြည့်နေ တတ်ပါတယ်။ အာရှကျားဖြစ်လာတော့မယ့် မြန်မာပြည်မှာ အခွင့်အရေး လက်လွှတ်ခံရမှာကို စိုးရိမ်စိတ်နဲ့ အလုအယက်သွားနေကြတာပါ။
မြန်မာပြည်ကြီး အခုလို အသစ်စက်စက် မက်မောစရာဖြစ်လာရတာ ၂၀၁၁ ခုနှစ် မေလမှာ အမည်ခံ အရပ်သားအစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်လာတဲ့ သမ္မတ ဦးသိန်းစိန် စတင်ဖန်တီးလိုက်တဲ့ ဆက်တိုက်ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ အများစုက စီးပွားရေးထက် နိုင်ငံရေးက ပိုများတယ်ဆိုနိုင်ပေမယ့် အရင်တုန်းကတော့ မြန်မာပြည်ဆိုရင် လူ့အခွင့်အရေးကိစ္စတွေနဲ့ ပက်သက်လို့ အပယ်ခံ၊ စီးပွားရေး အခွင့်အလမ်းတွေ အဟောသိကံဖြစ်နေတဲ့ တိုင်းပြည်အဖြစ် တလျှောက်လုံး မြင်ခဲ့ကြတဲ့ နိုင်ငံတကာရဲ့ အမြင်တွေကိုတော့ ပြောင်းလဲသွားဖို့ အထောက်အပံ့ ဖြစ်သွားတာကတော့ အမှန်ပါပဲ။
ဥရောပက အစိုးရတွေ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျနဲ့ နယူးဇီးလန်တို့က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အတွက် ဆုလာဘ်အဖြစ် အရင်တုန်းက ဒဏ်ခတ် ပိတ်ဆို့မှုတွေထဲက တော်တော်များများကို တရစ်ပြီး တရစ်လျှော့ချရင်း၊ ပြုပြင်ပြောင်းလဲရေးသမားတွေကို အားပေးရင်း၊ သက်ဆိုင်ရာ နိုင်ငံတွေက စီးပွားရေးသမားတွေကိုလည်း အရင်က ပိတ်ထားတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ဖွင့်ပေးလိုက်ပါတယ်။
ဒီလို အပြုသဘော တိုးတက်မှုတွေ ရှိလာပေမယ့် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာတွေက သမ္မတ ဦးသိန်းစိန်၊ အရေးကြီးတဲ့ စစ်အရာရှိတချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို လူပုဂ္ဂိုလ် အနည်းစုလေးမှာပဲ မှီခိုနေရတဲ့ ကွဲလွယ်ရှလွယ်၊ မရေမရာ အခြေအနေပါပဲ ။ ပြောရရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပြီးမြောက်ဖို့ ခရီးကလည်း ဝေးလွန်းပါသေးတယ်။
နှစ်ပေါင်း ၅၀ ကြာ တလွဲစီမံခန့်ခွဲမှုတွေကြောင့် စီးပွားရေးလောကမှာ ဒဏ်ရာတွေကလည်း ဗရပွနဲ့ ရှိ နေပါတယ်။ အခြေခံအဆောက်အဦပိုင်းမှာ ဖရိုဖရဲဖြစ်နေတာ၊ အဂတိလိုက်စားမှုတွေ သောင်းကျန်းနေတာ ခရိုနစ်စနစ်၊ အစိုးရရဲ့ စွမ်းရည်ပိုင်းနဲ့ ပေါ်လစီ ချမှတ်တဲ့ အပိုင်းမှာ အားနည်းချက်တွေရှိနေတဲ့ အခြေအနေ၊ လက်စမသတ်နိုင်သေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တိုင်းရင်းသားပဋိပက္ခနဲ့ ဘဏ္ဍာရေးကဏ္ဍ အဆင်ပြေပြေ လည်ပတ်နိုင်ရေးမှာ အကန့်အသတ်တွေရှိနေတာ၊ တခြား ပြဿနာသောင်းခြောက်ထောင်ကြောင့် အသွင်ကူးပြောင်းရေးမှာ အခက်ကြုံနေရပါတယ်။
ဒီလို အခက်အခဲတွေဟာ အသွင်ကူးပြောင်းတဲ့ နိုင်ငံတိုင်းမှာ ကြုံရလေ့ရှိတဲ့ ပြဿနာတွေပါပဲ။ ဒါပေမယ့် ဒီအခက်အခဲတွေကြောင့် မြန်မာ့စီးပွားရေးနဲ့ပတ်သက်လို့ သုံးသပ်တဲ့အခါတိုင်းမှာ သတိကြီးကြီးထားဖို့ လိုအပ်တယ်ဆိုတာကို သတိပေးနေပါတယ်။
တချိန်တည်းမှာ ကျန်နေသေးတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်ထဲကို ရင်းနှီးမြှုပ်နှံမှုတွေက ထင်သလောက်ဝင်လာဖို့ အရေးမှာ အဟန့်အတား ဖြစ်နေပါတယ်။ နောက်ဆုံးကျန်နေတဲ့ အထဲက အရေးအကြီးဆုံးကတော့ အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ မြန်မာပို့ကုန်တွေကို ပိတ်ပင်ထားတဲ့ ဥပဒေပါပဲ။ ၂၀၀၃ ခုနှစ် မြန်မာ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ဥပဒေအရ ချမှတ်ထားတဲ့ ဥပဒေကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ၃ နှစ်သက်တမ်းတိုးထားပါတယ်။ ဒါပေမယ့် မြန်မာပြည်က အခြေအနေတွေ တိုးတက်လာရင် အမေရိကန်သမ္မတက ဆိုင်းငံ့ထားမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဒီပိတ်ဆို့မှုကြောင့် မြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ့် ထုတ်လုပ်မှုကဏ္ဍနဲ့ ဆိုင်တဲ့ (ဥပမာ ချည်မျှင်နဲ့ အထည်အလိပ်) လုပ်ငန်းတွေလို ကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ့်ကိစ္စကို တုံ့ဆိုင်းသွားစေပါတယ်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဥပဒေကလည်း ဒီနေရာမှာ အရေးကြီးပါတယ်။ နိုင်ငံတကာက အရင်းအနှီးတွေကို ဆွဲဆောင်နိုင်စွမ်းတဲ့ အလားအလာကောင်းတွေတဲ့ ရှိနေတဲ့အခြေအနေမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေက အဆုံးအဖြတ်ပေးသွားတာမျိုးရှိတတ်လို့ပါ။ သမိုင်းကြောင်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လှိုက်လှိုက်လှဲလှဲမရှိခဲ့တဲ့၊ ကန့်သတ်ခဲ့တဲ့ မြန်မာပြည်လို နိုင်ငံမျိုးအတွက်ဆိုရင် အခုလို အသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပိုလို့တောင် အရေးကြီးပါတယ်။
သမ္မတဦးသိန်းစိန်က လက်မှတ်ထိုးပြီးရင် အတည်ဖြစ်လာတော့မယ့် ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အခြေအနေတွေ ထည့်သွင်း ရေးဆွဲထားပါတယ်။ ဥပဒေသစ်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာပြည်မှာ နှစ်ရှည်မြေငှားရမ်းခွင့်တွေရကြမှာ ဖြစ်ပါတယ်။ (အခုအချိန်အထိတော့ မြေငှားရမ်းခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသလို၊ နိုင်ငံတော်ကပဲ မြေယာအားလုံးနီးပါးရဲ့ သီးသန့်ပိုင်ရှင်ဖြစ်နေပါသေးတယ်။)
ဥပဒေအသစ်အရ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေဟာ ၅ နှစ်အခွန်ကင်းလွတ်ခွင့် ရကြမှာ ဖြစ်ပြီး၊ တခြား အခွန် လျှော့ပေါ့ပေးတာတွေကို ခွင့်ပြုထားသလို၊ နိုင်ငံပိုင်သိမ်းခံရမယ့် ဘေးကနေလည်း အာမခံထားပါတယ်။ (စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ပြည်သူပိုင် သိမ်းခဲ့ဖူးတဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ မြန်မာပြည်အတွက် ကိစ္စက အရေးကြီးပါတယ်။)
အခုအထိ တင်ပြခဲ့သလောက်တော့ အပြစ်ပြောစရာမရှိသေးပါဘူး၊ ဒါပေမယ့် မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ကြည့်ရင် အကျိုးစီးပွားမတူတဲ့ အုပ်စုတွေ မြန်မာပြည်ထဲမှာ ဆက်ရှိ နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဥပဒေထဲမှာ မကြာခင် နှစ်တွေအတွင်း တိုင်းပြည်ရဲ့အဓိက စီးပွားရေးကဏ္ဍတွေမှာ ချယ်လှယ်ခဲ့ကြတဲ့ ခရိုနီစီးပွားရေး အုပ်စုတွေရဲ့ အကျိုးစီးပွားတွေက ထင်ဟပ်နေပါတယ်။
စီးပွားရေးကဏ္ဍတိုင်းလိုလိုမှာ လက်တံဖြန့်ကျက်ထားတဲ့ ခရိုနီတွေက နိုင်ငံခြား ပြိုင်ဆိုင်မှုဆိုတာကို အရင်ဆုံးနဲ့ အရေးအကြီးဆုံး ခြိမ်းခြောက်မှုအဖြစ် မြင်ကြပါတယ်။ ဒါကြောင့်ပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ လက်လီ အရောင်းအ၀ယ်လုပ်ငန်း၊ စိုက်ပျိုးရေးကဏ္ဍပိုင်ဆိုင်မှု၊ သားငါးလုပ်ငန်းနဲ့ တခြား အခြေခံ လူသုံးကုန်ပစ္စည်းလို အပေါ့စားစက်မှုလုပ်မှုလုပ်ငန်းနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်ထားတဲ့အချက်တွေ ပါဝင်နေပါတယ်။
ပြောရရင် နောက်ဆုံးကျတော့ လစ်ဘရယ် ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ အရင်အစိုးရ လက်ထက်တုန်းက အကျိုးဖြစ်ထွန်းခဲ့သူတွေကြားမှာ အားပြိုင်မှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာကို ပုံဖော်လိုက်တာပါပဲ။ နောင်မှာလည်း မြန်မာပြည်ဟာ စစ်မှန်တဲ့ စီးပွားရေး တိုးတက်မှုလမ်းကြောင်းပေါ်ကို တက်နိုင်၊ မတက်နိုင်ဆိုတာကိုလည်း ဒီအားပြိုင်မှုကပဲ ဆုံးဖြတ်ပါလိမ့်မယ်။
Macquarie University မှ စီးပွားရေးတွဲဖက်ပါမောက္ခ Sean Turnell ရေးသားသည့် Myanmar: Asia’s next ‘tiger’? ဆောင်းပါးကို ဘာသာပြန်ပါသည်။)
နေသွင်
Ref;burmese.dvb.no
No comments:
Post a Comment