Popular Posts!

Wednesday, January 2, 2013

မြန်မာပြည်တွင် စားသုံးသူ အခွင့်အရေး အသိပညာနည်းပါးနေသေး ဟုဆို


မြန်မာနိုင်ငံရှိ ပြည်သူအများစုသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက် ၍ အသိပညာနည်းပါး နေသော ကြောင့် ကုန်ပစ္စည်းများ ဝယ်ယူ သုံးစွဲရာတွင် ပြဿနာ အမျိုးမျိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စားသုံးသူများ ကာကွယ်ရေးသမဂ္ဂ (ယာယီ) မှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။
ပြည်သူလူထု အနေဖြင့် စားသုံးသူအခွင့်အရေး အပြည့်အဝရှိသည်ကို မသိသကဲ့သို့၊ သူတပါး၏ အခွင့်အရေးကိုလည်း ကောင်းစွာ မသိသောကြောင့် သူတပါးအား ထိခိုက် စော်ကားသည့် ကိစ္စရပ်များ ပြုမူလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ပြည်သူတိုင်းသည် မိမိတွင် မည်သည့် အခွင့်အရေးရှိသည်ကို သိနေရမည်ဖြစ်ပြီး စားသုံးသူ အခွင့်အရေးဆိုသည်မှာ စားသုံး သူများ၏ အသိတရားပင် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တာမွေမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးက “အစားအသောက်တွေနဲ့ ပတ်သက်ရင် ကုန်တိုက်တွေမှာဆို စိတ်ချရမယ်၊ လုံခြုံမှုရှိမယ်လို့ထင်လို့ အဲဒီမှာ ဝယ်ပေမယ့် အပြင်က ဆိုင်တွေမှာ ဝယ်ရသလိုပါပဲ။ ကုန်တိုက်မှာ ရောင်းတာတွေထဲက ငရုတ်သီးမှုန့်တွေဆိုရင် ရက်လွန် နေ့စွဲတွေမပါဘဲ ရောင်းနေတာ တွေ့ရတယ်” ဟု ဆိုသည်။
တချို့ ကုန်တိုက်များတွင် ရောင်းချနေသည့် အစားအသောက် များသည် ရက်လွန်နေမှုများရှိသော်လည်း၊ ထို အစား အစာများအား ဝယ်ယူမိသူများကို ပြန်လည် လဲလှယ်ပေးခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ကုန်တိုက်မှာ ရောင်းတယ်ဆိုတော့ ဒိတ်တွေဘာတွေ မကြည့်တော့ဘူးလေ၊ ဝယ်လိုက်တာပေါ့။ အပြင်ရောက်လို့ စားမယ် လုပ်ပြီး ကြည့်တော့မှ ရက်လွန်နေပြီ။ သွားပြန်လဲတော့ မရတော့ဘူး ဝယ်ပြီးပစ္စည်းတွေကို ပြန်မလဲပေးဘူးလို့ ပြောတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံသည် တခြား နိုင်ငံများကဲ့သို့မဟုတ်ဘဲ အခကြေးငွေ များစွာပေးရပြီး ထိုသို့ ပေးဆောင်သည်နှင့် ထိုက်တန်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုများ မရရှိကြောင်း စုံစမ်းသိရှိရသည်။
“အစားအသောက်တင် မဟုတ်ဘူး။ တည်းခိုခန်းမှာ တည်းတယ်ဆိုရင်လည်း ဒီလိုပဲ။ တောင်းတာကတော့ ကျပ် ၂ သောင်းခွဲ၊ ၃ သောင်း၊ ဒါပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုက ဘာမှမရှိဘူး။ ကုန်ပစ္စည်းတွေ ဆိုလည်း ဒီအတိုင်းပဲ။ ပြောတော့သာ Customer Right၊ တကယ့်တကယ်မှာ အဲဒီလို မဟုတ်တာတွေ အများကြီး” ဟု အသက် ၃၀ ဝန်းကျင် ကုမ္ပဏီ ဝန်ထမ်း တဦးက ဆိုသည်။
ယခင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် မည်သည်ကို စစ်ဆေးထားသည်၊ မည်သည့် အစားအစာအား စစ်ဆေး၍ ရောင်းတန်းတွင် ရောင်းချနေသည်ကို ပြည်သူများက မသိရဘဲ စားသုံး နေထိုင်နေကြရကြောင်း လူအများစုက ဆိုသည်။
လျှပ်စစ် ပစ္စည်းများကို ရောင်းချရာတွင် ပြင်ပ တံဆိပ်နှင့် အတွင်းတွင်ပါရှိသည့် စက်ပစ္စည်း ကွဲလွဲမှုများ ရှိနေကြောင်း ရန်ကုန် ပန်းဆိုးတန်းလမ်းရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် တဆိုင်က ပြောပြသည်။
“ကျနော်တို့ ကိုယ်တိုင် ပစ္စည်းမှန်ပဲ ရောင်းတယ်၊ တံဆိပ်ကပ် မဟုတ်ဘူးဆိုပြီး ပြောရောင်းတယ်။ တချို့က အပြင်မှာ Toshiba၊ Sharp စတဲ့ ဂျပန်တံဆိပ်တွေ ကပ်ထားပေမယ့်၊ အတွင်းက ပစ္စည်းက တရုတ်ပစ္စည်းတွေ ဖြစ်နေတတ်တယ်။ အဲဒါမျိုးတွေကို စက်ရုံတွေမှာတင် လုပ်လာကြတယ်။ မသိတဲ့သူကတော့ ဈေးကြီးပေးပြီး ပစ္စည်းစစ်မရကြဘူးပေါ့” ဟု ၎င်းဆိုင် ပိုင်ရှင်က ဆိုသည်။
“စားသုံးသူတွေကို အကာအကွယ် ပြုပေးမယ့် အသင်းအဖွဲ့တွေ ပေါ်လာမယ်ဆိုရင် မရှိတာထက်တော့ ကောင်းတာပေါ့။ အခုရှိတဲ့ အဖွဲ့အစည်းတွေက ဘာမှ ဟုတ်တိပတ်တိ လုပ်တာမတွေ့ရဘူး” ဟု ရန်ကုန် ဆိပ်ကမ်းသာလမ်းပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်း ဆိုင်ရှင်တဦးက ပြောသည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင်ပင် စားသုံးသူပေးထားသည့် တန်ကြေးအတိုင်း အခွင့်အရေးအပြည့် ရရှိကြောင်း၊ ပစ္စည်းအတုများ ထုတ်လုပ်ရောင်းချမှု မရှိကြောင်း၊ ယင်းသို့ ထုတ်လုပ်ရောင်းချမှု မရှိစေရန် ဥပဒေဖြင့် ထိန်းထားပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် နှစ်ရှည်လများ နေထိုင်ခဲ့သည့် မြန်မာနိုင်ငံသား တဦးက ရှင်းပြသည်။
“မြန်မာနိုင်ငံမှာ အရက်တုတွေလည်း အရမ်းပေါတယ်။ နိုင်ငံခြား အရက်တွေကို အတုလုပ်ရောင်းတယ်၊ ဆိုင်တွေကလည်း အတုဆိုတာ သိရက်နဲ့ တင်ထားတယ်။ စားသုံးသူက ဈေးကြီးပေးပြီး ပစ္စည်းတုတွေ သုံးစွဲနေရတာ နေရာတကာမှာ တွေ့နေရတယ်” ဟု သူက ပြောသည်။
စားသုံးသူများ ကာကွယ်ပေးရေး ဥပဒေနှင့် ပတ်သက်၍ တိကျစွာ လုပ်ဆောာင်နိုင်ရန်၊ ရန်ပုံငွေရှိရန်၊ ပညာရှင်များ ပါရှိရန်နှင့် ထိုအဖွဲ့အစည်းသည် ပြည်သူ့ မျက်နှာကြည့်ပြီး၊ ပြည်သူ့လိုအပ်ချက်အား စေတနားထား ဖြည့်စည်းပေးရန်လိုအပ်ကြောင်း အစိုးရဝန်ထမ်းတဦးက ဆိုသည်။
“အရင်ကဆို ကျန်းမာရေးနဲ့ ညီညီ၊ မညီညီ ပေါချောင်ကောင်း ရတော့ ဒါတွေကိုပဲ သုံးစွဲ စားသောက်ရတယ်။ ပြည်တွင်းနဲ့၊ အိမ်နီးချင်း တရုတ်နိုင်ငံကနေ အရည်အသွေး မမီတာတွေ ထုတ်တယ်။ လာစစ်ရင် လာဘ်ထိုးတယ်။ အစိုးရကို လာဘ်ထိုး ထားတဲ့အတွက် တိတိကျကျ ဖော်ထုတ်တာ မတွေ့ရဘူး” ဟု ၎င်းက ဆက်ပြောသည်။
တချို့ ပြည်သူများသည်လည်း မိမိတို့ စားသောက်သည်များ အရည်အသွေး မပြည့်ကြောင်း၊ ၎င်းတို့အား စားသောက် မည်ဆိုပါက ကျန်းမာရေး ထိခိုက်နိုင်သည်ကို သိသော်လည်း ငွေကြေး မလောက်ငမှုကြောင့် ထိုအရည်အသွေး မပြည့်မီသည်များကိုသာ စားသောက် နေထိုင်နေရကြောင်း သိရသည်။
“ဒီလိုတွေဖြစ်နေတာဟာ အုပ်ချုပ်ခဲ့တဲ့ စနစ်ကြောင့်ပါ။ဒီစနစ်က လူတွေရဲ့ အသိကို အမှောင်ချထားတယ်။ အရည်အသွေး မပြည့်မီတာတွေကို ထုတ်တာက ပြည်တွင်းကထက် ပြည်ပထုတ်လုပ်သူတွေက ပိုဆိုးတယ်။ စားသောက် ကုန်တွေသာ အရည်အသွေး ပြည့်မယ်ဆိုရင် ပြည်သူတွေ ကျန်းမာရေး ကောင်းမယ်၊ အလုပ်လုပ်နိုင်မယ်၊ စီးပွားရေး တိုးတက်မယ်။ ဆက်နွှယ်မှုတွေက အများကြီးရှိတယ်” ဟု အစိုးရ ဝန်ထမ်းတဦးဖြစ်သည့် ကိုပြည့်ဖြိုးက ပြောသည်။
စားသုံးသူများ ကာကွယ်ရေးသမဂ္ဂက ပြည်သူများအနေဖြင့် အစားအသောက်များကို ရွေးချယ်စားသောက်တတ်ရုံ မကဘဲ နိုင်ငံသားတိုင်း မည်သည့် အခွင့်အရေးများ ရှိသည်ကို သိရှိပြီး ထိုအခွင့်အရေးများနှင့်အညီ တောင်းဆို တတ်စေရန်၊ မိမိရသင့်သည့် အခွင့်အရေးကို တနည်းနည်းနှင့် ဟန့်တားခြင်းများ ရှိမည်ဆိုပါက ပြောဆို ဖော်ထုတ်ရဲစေရန် ပညာပေးနိုင်ရေး အတွက် စီစဉ်ထားကြောင်း သိရသည်။
စားသုံးသူများသည် ၎င်းတို့ စားသောက်သုံးစွဲမည့် ကုန်ပစ္စည်းများအား မည်သည့်နိုင်ငံမှ တင်သွင်းသည်၊ မည်သည့် ပစ္စည်း ပါဝင်သည်၊ မည်ကဲ့သို့ ဖော်စပ် ထားသည်ကို သိရှိနိုင်မည့် အခွင့်အရေး ရှိသည်ဟု ၎င်းသမဂ္ဂမှ ပညာရှင်တဦးက ဆိုသည်။
“ကျနော်တို့ သမဂ္ဂက အစားအသောက် တခုထဲမဟုတ်ဘဲ ဆောက်လုပ်ရေးပိုင်း၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ပတ်သက်တာတွေ၊ စားသုံးသူ ဆိုတဲ့နေရာမှာ ပါဝင်တဲ့ အရာအားလုံးကို ကာကွယ်ပေးမယ်၊ လုပ်ဆောင်ပေးပါမယ်” ဟု အတွင်းရေးမှူး ဦးမောင်မောင်က ရှင်းပြသည်။
စားသုံးသူများ သိထားသင့်သည့် အခြေခံအချက်များမှာ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက် နေထိုင်နိုင်ခွင့်၊ မိမိတို့ သုံးစွဲသည့် ပစ္စည်း၊ စားသောက်ကုန်များတွင် မည်သည့်ပစ္စည်းများ ပါဝင်သည်ကို သေချာတိကျစွာ သိရှိနိုင်ခွင့်၊ စားသုံး သူများတွင် ကိုယ်ပိုင်ရွေးချယ် ပိုင်ခွင့်ရှိရေး၊ ရွေးချယ်စရာ မရှိသောကြောင့် မရှိရှိရာကို သုံးစွဲနေရခြင်းမှာ မိမိတို့ အခွင့်အရေးကို စော်ကားခြင်းဟု သိရှိစေရန်၊ စားသောက်ကုန် ပစ္စည်းများကို သုံးစွဲရာတွင် ဝန်ဆောင်မှုမရှိလျှင်၊ မသမာမှုများ၊ မပြည့်စုံမှုများ ရှိနေလျှင်၊ အဆင့်အတန်းမမီမှုများ ပါရှိနေလျှင် ထုတ်ဖော်ပြောဆို၍ ထိုက်တန်သည့် လျော်ကြေး ပြန်လည် ရယူနိုင်သည်ဆိုသည့် အသိတရား ရှိရေးတို့ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စားသုံးသူများ ကာကွယ်ရေးသမဂ္ဂ (ယာယီ) သမဂ္ဂတွင် ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ဓာတုဗေဒ ပညာရှင်များ၊ ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက် နေသူများ၊ အစိုးရဌာန ပေါင်းစံမှာ အရာရှိ (အငြိမ်းစား) များ စသည်ဖြင့် ပညာရှင်များ ပါဝင်ပြီး ယခုလက်ရှိတွင် သင်းဖွဲ့စည်းမျဉ်း ရေးဆွဲနေပြီ ဖြစ်ကြောင်း၊ ယင်းစည်းမျဉ်းရေးဆွဲပြီးပါက သင်းဖွဲ့မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။

Ref:ညိမ်းပြည့်စုံ-irrawaddyburmese

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!