Popular Posts!

Tuesday, January 15, 2013

မြန်မာနိုင်ငံရှိ စက်မှုဇုန်အချို့ မြေဈေးနှုန်း မှာ တစ်ကမ္ဘာလုံး၌ အမြင့်ဆုံး ဖြစ်နေသော်လည်း

 
13 January 2013

မြန်မာနိုင်ငံရှိ စက်မှုဇုန်အချို့ မြေဈေးနှုန်းမှာ တစ်ကမ္ဘာလုံး၌ အမြင့်ဆုံး ဖြစ်နေသော်လည်း နိုင်ငံတော်မှ ထိန်းချုပ်မည်မဟုတ်ကြောင်း စီးပွား/စီမံ ဒုတိယ၀န်ကြီး ပြောကြား...
 
မြန်မာနိုင်ငံရှိ စက်မှုဇုန်အချို့၏ မြေဈေးနှုန်းများမှာ နိုင်ငံတကာ တွက်ချက်မှု ပုံစံနှင့် တွက်ချက်ပါက ကမ္ဘာတွင် အမြင့်ဆုံး ဖြစ်နေသော်လည်း နိုင်ငံတော် အနေဖြင့် ထိန်းချုပ်မည် မဟုတ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ဇန်န၀ါရီလ ၉ ရက်တွင် ကျင်းပသည့် သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ယင်းသို့ ထိန်းချုပ်မည် မဟုတ်သော်လည်း အထူးစီးပွားရေး ဇုန်များအတွင်းရှိ မြေဈေးနှုန်းများကိုမူ နိုင်ငံတကာ ဈေးများဖြင့် နှိုင်းယှဉ်ကာ ကိုက်ညီမှုရှိအောင် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
၎င်းကပင် “Land Prices ကို နိုင်ငံတော်အနေနဲ့ ထိန်းချုပ်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ စက်မှုဇုန်၊ အထူးစီးပွားရေး ဇုန်တွေက ၁ စတုရန်း မီတာကို နှစ် ၅၀ နဲ့ တွက်တယ်။ ကျွန်တော်တို့ဆီမှာ ၁ စတုရန်း မီတာကို Per Years နဲ့ တွက်တယ်။ ကျွန်တော်တို့ဆီက စက်မှုဇုန်တွေကို နိုင်ငံတကာလို ၁ စတုရန်း မီတာကို 50 Year နဲ့တွက်ရင် တစ်ကမ္ဘာလုံးထက် များနေပါတယ်။ ကျွန်တော်တို့လည်း နိုင်ငံတကာက ဈေးတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်နိုင်ငံနဲ့ သင့်တော်တဲ့ နိုင်ငံက ဈေးကိုယူပြီး လုပ်သွားဖို့ ရှိတယ်။ မြေဈေး မြင့်တက်မှုကို ကျော်လွှားနိုင်အောင် ဆောင်ရွက်မယ်” ဟု ပြောကြားခဲ့သည်။
စက်မှုဇုန်များအတွင်း မြေဈေးများမှာ တစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၅၀ ကျသင့်နေပြီး ထိုင်း၊ ဗီယက်နမ်တို့ထက် များစွာ မြင့်တက်နေကြောင်း သိရှိရပါသည်။
အထူးစီးပွားရေး ဇုန်များအတွင်း၌မူ ထိုသို့ မြေဈေးနှုန်း မကြုံရစေရန် လုပ်ဆောင်မည် ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မည့် Master Plan ကို ရေးဆွဲလျက်ရှိရာ ဇန်န၀ါရီ လကုန်တွင် ပြီးစီးမည် ဖြစ်သည်ဟု သိရှိရသည်။
စက်မှုဇုန်များတွင် မြေဈေး အမှန်တကယ် မြင့်တက်ရသည့် ပြဿနာမှာ အမှန်တကယ် စက်ရုံတည်ထောင် လုပ်ကိုင်မည့်သူများ မြေကွက် မရရှိဘဲ ရောင်းစားမည့်သူ၊ အမှန်တကယ် လုပ်ငန်းမတည်ထောင်ဘဲ ဈေးကစားသူများသာ မြေကွက် လွယ်လွယ်ကူကူ ရထားခြင်းကြောင့် ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
မြေဈေးနှုန်းအား နိုင်ငံတော်မှ မထိန်းချုပ်ဘဲ ထိန်းသိမ်းနိုင်မည့် နည်းလမ်းမှာ ရှိပြီးဖြစ်ကြောင်း၊ အမှန်တကယ် လုပ်ကိုင်သူများအား စက်မှုဇုန် မြေကွက်များ လွယ်ကူစွာ ချထားပေးခြင်း၊ စက်ရုံလွယ်ကူစွာ တည်ဆောက်ခွင့် ပေးခြင်းများ ပြုလုပ်ရန်သာ လိုကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် International Business Promotion Centre မှ ဦးအေးသောင်းက “စက်မှုဇုန် မြေဈေးတွေ ကြီးတယ်ဆိုတာ တကယ်လုပ်မယ့်သူကို မြေကွက် မချပေးဘဲနဲ့ ရောင်းစားမယ့် သူတွေကို ချထားပေးလို့ ဈေးကြီးတာ။ စက်မှုဇုန် မြေဈေးကို တကယ်ထိန်းချုပ်ချင်ရင် တကယ် လုပ်မယ့်သူတွေကိုပဲ လွယ်လွယ်ကူ ကူချထားပေးလိုက်ဖို့ပဲ လိုတယ်။ ဒါဆို ဈေးတက်စရာ အကြောင်းမရှိဘူး။ တကယ်လုပ်မယ့်သူ ကျတော့ မြေကွက်ရတဲ့ အခါမှာလည်း သုံးလအတွင်း အုတ်တံတိုင်း ခတ်ရမယ်၊ မခတ်ရင် ပြန်သိမ်းမယ်၊ တစ်နှစ်အတွင်း စက်ရုံဆောက်ရမယ်၊ မဆောက်ရင် ပြန်သိမ်းမယ်ဆိုပြီး လုပ်တယ်။ ရောင်းစားတဲ့ သူတွေကျတော့ ခြံလည်းမခတ်၊ စက်ရုံလည်း မဆောက်ဘဲ နှစ်ပေါင်းများစွာ ကိုင်ထားတာကျတော့ ဘာမှပြန်မသိမ်းဘူး” ဟု ပြောကြားခဲ့သည်။
Ref:elevennews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!