Popular Posts!

Thursday, January 10, 2013

ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိနိုင်ပါမလား?

 

မီဒီယာ အသံ

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ ကချင်ပြည်နယ်အတွင်းမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့၊ ဗမာအစိုးရနဲ့ တရုတ်ကုမ္မဏီတွေ အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်လာတဲ့အတွက် စစ်ပြန်ပြီး ဖြစ်ရပုံကို ဦးအောင်ခင်နဲ့ ဒေါ်ခင်စိုးဝင်းတို့က သုံးသပ်တင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေနဲ့ ဗမာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့  တွေ့ဆုံဆွေးနွေးပွဲကို ဒီလထဲမှာ ကျင်းပဖို့ အစိုးရဖက်က ကမ်းလှမ်းထားတာကို ကေအိုင်အို က အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ ၂၀၁၁ ဇွန်လမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီးကတည်းက ၂၀၁၁ နိုဝင်ဘာလမှာတကြိမ်၊ ၂၀၁၂ မှာ သုံးကြိမ် ရွှေလီမှာ ဆွေးနွေးခဲ့ကြပေမယ့် အချည်းအနှီးဖြစ်ပြီး တိုက်ပွဲတွေသာ ပိုမိုပြင်းထန်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲတွေ အရှိန်လျှော့သွားမှသာ ပြန်လည်ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

နှစ်ဆန်း (၁) ရက်နေ့ကတော့ ကချင်ငြိမ်းချမ်းရေး ဆုတောင်ပွဲ ရန်ကုန်မှာ ကျင်းပပါတယ်။ ဗမာစစ်အစိုးရတပ်၊ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့၊ မြန်မာ နဲ့ တရုတ် လုပ်ငန်းရှင်တွေ ၁၇ နှစ်လောက် စီးပွားရှာလာတဲ့ ကချင်ပြည်နယ်မှာ စစ်ပြန်ဖြစ်နေတာ တစ်နှစ်ခွဲ ရှိပါပြီ။ အရပ်သားတပိုင်း အစိုးရဖွဲ့ပြီး သုံးလအကြာမှာ တိုက်ခိုက်ကြတဲ့အတွက် ဦးသိန်းစိန်အစိုးရဟာ စစ်တပ်ကို မထိန်းချုပ်နိုင်ကြဘူးလို့ ဝေဖန်ကြသလို၊ တရုတ်မှာလည်း တာဝန်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဗမာစစ်အစိုးရနဲ့ ကေအိုင်အို အပစ်အခတ် ရပ်စဲနိုင်တာဟာ တရုတ်ရဲ့  တိုက်တွန်းမှုကြောင့် ဖြစ်တယ်လို့လည်း မြင်ကြပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်အရေးဟာ မြန်မာ့ပြည်တွင်းရေးဖြစ်လို့ တရုတ်နဲ့ မဆိုင်ဘူးလို့ မပြောနိုင်ပါဘူး။ တရုတ်နဲ့အတူ စီးပွားရှာတဲ့နေရာမှာ ဗမာစစ်အုပ်စုနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ပြိုင်ဘက်လို့ ဖြစ်လာတာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲကတည်းက ဖြစ်ပါတယ်။ ဖားကန့်ကျောက်စိမ်းမြေကို အစိုးရတပ် ချုပ်ကိုင်လာတဲ့အတွက် ကေအိုင်အိုဟာ ရန်ပုံငွေ ရဖို့ တရုတ်ကုမ္မဏီတွေကို သစ်ထုတ်ယူခွင့်၊ မိုင်းတူးယူခွင့် နဲ့ ရေအားလျှပ်စစ်တည်ဆောက်ခွင့် ပေးနေရပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်ဆီးတဲ့အခါ ပြည်သူလူထု ငြိုငြင်တာကို ခံရပါတယ်။ တရုတ်နဲ့ စစ်အစိုးရ ပူးပေါင်းဆောင်ရွက်တာတွေ များလာလာလေ မိမိထိန်းချုပ်ရာဒေသမှာ အစိုးရတပ်ဖွဲ့ အုပ်ချုပ်ခဲ့တဲ့ ကေအိုင်အိုအဖွဲ့ဟာ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးလာလေလေ ဖြစ်လာပါတယ်။ ကချင်အကျိုးစီးပွားကို လစ်လှူရှုလာတဲ့အတွက် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပုံ ရပါတယ်။

ကချင်တိုင်းရင်းသားအားလုံး ဆန့်ကျင်တဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဗမာစစ်အစိုးရနဲ့ တရုတ်က အတင်းအကျပ် အကောင်အထည်ဖော်တာဟာ မဟာအမှားကြီးဖြစ်တယ်လို့ ချင်ဟွာတက္ကသိုလ်က သမိုင်းပါမောက္ခ ကျင်ဟွီ က မြင်ပါတယ်။ ကေအိုင်အို ကချင်အဖွဲ့ဟာ ရေအားလျှပ်စစ်လုပ်ငန်းကို ဆန့်ကျင်တာ မဟုတ်ဘဲ၊ မြစ်ဆုံဆည်ကိုသာ ဆန့်ကျင်တာလို့ ဆိုပါတယ်။ ဥပမာ တာဘိန်ရေအားလျှပ်စစ်ကို ကေအိုင်အို သဘောတူချက်နဲ့ တရုတ်ကုမ္မဏီက တည်ဆောက်ပါတယ်။ ဒီလုပ်ငန်းကို ဗမာစစ်တပ်က ဝင်ရောက်ချုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အခါမှာ စစ်ဖြစ်ရပါတယ်။ စစ်အစိုးရခေတ်မှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍများပြားလာတာမို့ မြန်မာ့ပြည်တွင်းရေးဟာ တရုတ်စီးပွားရေးနဲ့ ဆက်စပ်နေပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဟာ ကေအိုင်အိုအဖွဲ့ ဗမာစစ်တပ်နဲ့ တရုတ်အစိုးရတို့ရဲ့  သုံးပွင့်ဆိုင် ဆက်ဆံရေးပေါ်မှာ မူတည်နေပါတယ်။

ကချင်လူမျိုးတွေ အထွန့်အမြတ်ထားတဲ့ မြစ်ဆုံဒေသမှာ ရေကာတာ တည်ဆောက်တာဟာ အသိဥာဏ် မရှိတဲ့ အကြံအစည်းဖြစ်တယ်လို့ Mandalay Confucius Institute ခေါ် တရုတ်ယဉ်ကျေးမှု့ ဌာနက လီကျူကျင်က ဆိုပါတယ်။ မြစ်ဆုံဟာ ကချင်အမျိုးသားလက္ခဏာအသွင် ဆောင်နေတာကြောင့် တရုတ်နဲ့ စစ်အစိုးရ အပြုအမှုကို ကချင်အားလုံး ဆန့်ကျင်ကြတာဖြစ်တယ်လို့ ပါမောက္ခ ကျင်ဟွိ က သုံးသပ်ပါတယ်။ တရုတ်နဲ့ စစ်အုပ်စု ကြိတ်ဝိုင်းလုပ်၊ အမြတ်ထုတ်တာဟာ ကေအိုင်အိုအတွက် လက်မခံနိုင်စရာ ဖြစ်လာပါတယ်။

လောဘကြီးလွန်းတဲ့အတွက် ကချင်အရေးကို အလေးမထားသလို ဖြစ်သွားပါတယ်။ သံယဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ကို ထိုက်ထိုက်တန်တန် နေရာမပေးခဲ့ရင် ငြိမ်းချမ်းရေးရဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ကချင်အရေးကို နိုင်ငံရေးအရ အလေးအနက် ဆွေးနွေးဖို့ လိုပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ကချင်ပြည်နယ်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ပေမဲ့ စစ်အစိုးရက မှတ်ပုံတင်ခွင့် မပေးဘဲ ကေအန်အေကို နယ်ခြားစောင့်တပ် လုပ်ခိုင်းဖို့သာ အာရုံစိုက်ခဲ့ပါတယ်။ နယ်ခြားစောင့်တပ် မလုပ်နိုင်တဲ့ ကေအိုင်အိုကို ရွေးကောက်ပွဲပြီးရင် အပြုတ်တိုက်မယ့်အကြောင်း အဲဒီတုန်းက ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန် က ၂၀၁၀ စက်တင်ဘာလဆန်းမှာ မြစ်ကြီးနားမှာ ပြောကြောင်း ကေအန်ဂျီ ကချင်သတင်းဌာနက မှတ်တမ်းတင်ထားပါတယ်။

၂၀၁၁ မှာ အစိုးရသစ်ဖွဲ့ပြီး မကြာမီ ဇွန်လ (၉) ရက်နေ့မှာ စစ်ပြန်ဖြစ်ပါတယ်။ အစိုးရသစ် သက်တမ်း (၁) နှစ်ပြည့်တော့ တဖက်နဲ့တဖက် အမြင်မှား၊ အထင်မှား လွှဲမှားခဲ့တာတွေကို သူ့လက်ထက်မှာ အဆုံးသတ်ဖို့ လိုကြောင်း ဗမာဟာ တိုင်းရင်းသားလူမျိုးတစ်ခုသာ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ နိဂုံးချုပ်ရေးဟာ နိုင်ငံတော်တည်ဆောက်ရေးရဲ့  အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြောပြန်ပါတယ်။

ပြည်နယ်ပြည်ထောင်စု လွှတ်တော်အဆင့် (၃) ဆင့်မှာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ပထမဆုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာ ကေအိုင်အိုဟာ (၁၇) နှစ် နေခဲ့ပြီ ဖြစ်ပါတယ်။
Ref:oaburmese
 

ရှေ့တန်းစစ်မြေပြင်မှ KIA စစ်သည်များ

ကွယ်လွန်သူ ဆရာနတ်နွယ်၏ ကမ္ဘာ့အဆင့်မှီ မြန်မာဂန္ဓဝင်ဝတ္ထုကြီးဖြစ်သော ‘မြန်မာပြည် မြောက် ပိုင်း’  ဝတ္ထုအဖွင့် တွင် ၁၉၆၃ ခု ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပျက်ပြားသွားမှုသတင်းကို ကချင်တော်လှန်ရေး ရဲဘော်တစ်ဦးက စိတ်ပျက်လက်ပျက် နားထောင်နေ သည့် မြင်ကွင်းနှင့် စတင်ထားသည်။
 
မြန်မာပြည်မြောက်ပိုင်းမှ ကချင်နှင့်ရှမ်းတိုင်းရင်းသား တို့၏ တော်လှန်ရေးသည် အရည်အချင်း ညံ့ဖျင်းလှသည့် သီပေါ မင်းလက်ထက်တွင် စတင်ခဲ့ကြပုံကို ဆရာနတ်နွယ်က ဇာတ်လမ်းဖွဲ့ထားသည်ဖြစ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တိုက်ပွဲမှာ သက်တမ်းနှစ် ၁၀၀ ကျော်ပြီဟု ဆိုနိုင်သည်။ ခေတ်သစ်တော်လှန် စစ်ပွဲအနေနှင့်မူ ၁၉၆၀-၆၁ ခု၌ စတင်ခဲ့ခြင်းဖြစ်သည်။
အရပ်ဝတ်လဲသမ္မတ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က ထိုးစစ်ဆင်မှုများ ရပ်စဲခိုင်းလိုက်သည်ဆိုသည့် ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ဝူထောဘွမ်တောင်ပေါ်ရှိ ခိုင်ဘန်းအနီး ယင်ဖန်တောင်ကြား၌ ကြံ့ဖွတ်အစိုးရ တပ်မ (၈၈) လက်အောက်ခံ ခမရ – ၃၁၇ (ယခင် ကယား ၁)၊ ခမရ – ၄၁၅ တို့နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တိုက်ပွဲဖြစ်ရာ ခလရ – ၈၃ စစ်ကူလိုက်ခဲ့ရသည်။ ကေအိုင်အေက အဝေးထိန်းမိုင်း စစ်ဆင်ရေး နှင့် ၁၂၀ – မမ မော်တာ ပေါင်းစပ်တိုက်ခိုက်ခဲ့သဖြင့် ကြံ့ဖွတ်စစ်သား ၄၀ ကျော် ၅၀ ခန့်သေပြီး ၁၀၀ နီးပါးဒဏ်ရာရသွား၍ ကြံ့ဖွတ်တပ်များ ပြန်ဆုတ်သွားသည်။ ကျဆုံးသူများကို မြှုပ်ထားသည့်မြေပုံ ၃၀ ကျော်တွေ့ရပြီး အရာရှိများကို တစ်ကျင်းတစ်လောင်း၊ သာမန်စစ်သည်များကို တစ်ကျင်းလျှင် ၂ လောင်း-၃ လောင်း မြှုပ်ထားသည်ကို တွေ့ရသည်။ ထိုနေ့မှာပင် ပရန်လွိ နှင့် မဂျီခရွန်း ကြား၌လည်း စကခ – ၁၆ လက်အောက်ခံ ခမရ – ၅၆၇၊ စကခ – ၂၁ လက်အောက်ခံ ခလရ -၂၇၆ ပူးပေါင်းတပ်များနှင့် ကချင်တပ်တို့ တိုက်ပွဲဖြစ်သေးသည်။
ဒီဇင်ဘာ (၁၂) ရက်က မရူရွာတွင် ကြံ့ဖွတ်တပ်နှင့် ကချင်တပ် တိုက်ပွဲဖြစ်ခဲ့သည်။ ဗမာတပ်များ စိတ်ကြွဆေး စားသုံး ၍ တိုက်ကြသည်။
ဒီဇင်ဘာ (၁၃) ရက်တွင် မရူယင်းဆွန်းရွာနှင့် ပရန်ခူးဒန်းရွာတို့၌ ကချင်နှင့်ကြံ့ဖွတ်တပ် တိုက်ပွဲဖြစ်ခဲ့သည်။
ဒီဇင်ဘာ (၁၄) ရက်မနက်က မြစ်ကြီးနား-ဗန်းမော်လမ်း ဒေါ့ဖုန်းယန်မြို့နယ် မုံဒုန်တွင် ကေအိုင်အေတပ်နှင့် ဗမာစစ် အစိုးရ ခလရ- ၃၇၊ ခလရ- ၁၄၂ တို့ တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်တွင် ဒိန်ဂါကျေးရွာ အပြင်ဘက်တွင် ဗမာစစ်သား အလောင်းမြှုပ်နှံထားသည့် မြေပုံ ၁၀ ခုကျော်ကို တွေ့ရသည်။ ယင်းနေ့မှာပင် ခိုင်ဘန်းနှင့် ခင်းဒူကောင်းရွာအကြား၌ တပ်မ – ၈၈ လက်အောက်ခံတပ်များနှင့် ကချင်တပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်။
စောစောပိုင်းကာလက ဒီဇင်ဘာ (၁) ရက်မှ (၇) ရက်နေ့အထိ ဝူထောဘွမ် ဝန်းကျင်တွင် ကြံ့ဖွတ်အစိုးရတပ်များနှင့် ကချင်တပ်များကြား (၇) ရက်ဆက်တိုက်ပွဲဖြစ်ပွားရာ ကြံ့ဖွတ်တပ်များ ကျဆုံးထိခိုက်မှု များခဲ့သည်။ (၆) ရက်နေ့အထိ တပ်မ – ၈၈ နှင့် တိုက်ပွဲဖြစ်ပြီး (၇) ရက်နေ့တွင် တပ်မ – ၅၅ နှင့် တိုက်ခဲ့သည်။
ဒီဇင်ဘာ (၂) ရက်နေ့က ဖားကန့်လမ်းပေါ်တွင် ဗမာအစိုးရတပ် ခမရ – ၃၈၆ လိုက်ပါလာသော စစ်ကားသုံးစီးအား ကချင်တပ်များက တိုက်ခိုက်ရာ အစိုးရစစ်သား ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရပြီး လက်နက်ငယ် ၆ လက် (MA-1 လေးလက်၊ MA-2 ၁ လက်၊ ပစ္စတို ၁ လက်)၊ အာရ်ပီဂျီ ၁ လက် နှင့် ကျည်ဆံများ သိမ်းဆည်းရမိသည်။
ဒီဇင်ဘာ (၅) ရက် မနက်လင်းအားကြီးတွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မုန်းကိုမြို့ရှိ ကြံ့ဖွတ်တပ် ဗျူဟာကုန်း၊ ခလရ – ၁၂၉ တပ်စခန်း နှင့် ရဲစခန်းအား ကချင်တပ်က ၀င်စီးခဲ့ရာ ရဲနှင့် စစ်သား စုစုပေါင်း ၁၀ ယောက်ကျော် ကျဆုံးခဲ့သည်။ ဗျူဟာမှူးနှင့် တပ်ရင်းမှူးမှာ တရုတ်ပြည်ဖက်ခြမ်းတွင် သွားအိပ်နေသဖြင့် လွတ်သွား သည်။
ဒီဇင်ဘာ (၅)ရက်မှ (၁၁) ရက်အထိ မိုင်ဂျားယန်နယ်မြေ မုဘွမ်တွင် တပ်မ – ၈၈ လက်အောက်ခံတပ်များနှင့် ကချင်တပ်တို့ ၆ ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သည်။
ဒီဇင်ဘာ (၇) ရက်က မိုးမောက်မြို့နယ်အတွင်း ကချင်တပ်ဖွဲ့နှင့် ဗမာတပ် တနေကုန်တိုက်ပွဲဖြစ်ခဲ့ပြီး မြန်မာအစိုးရ ဘက်မှ ထိခိုက်ဒဏ်ရာများခဲ့သည်။
ဒီဇင်ဘာ (၉) ရက်နေ့တွင် ဗန်းမော်ခရိုင် စိန်လုံကဘာနှင့် မိုင်ဂျာယန်ကြား မုဘွမ်နှင့် ခိုင်ဘန်ယန် တို့တွင် တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၁၃-၁၄ ရက်များတွင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ခါ့ယ နှင့် မဒီယန်ရွာအကြားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည့် ခမရ – ၃၂၁ အပါအဝင် ကြံ့ဖွတ်တပ်များကို ပရိယာယ်သုံး၍ တန်ပြန်တိုက်ခိုက်ရာ ဗမာစစ်တပ် အလောင်းများ နတပ်ဘွမ်တောင်ကြောပေါ်တွင် ပုံထားသည်ကို ထွက်ပြေးလာသည့် ပေါ်တာများက တွေ့ခဲ့သည်။
နိုဝင်ဘာ (၁၅) ရက်က မြစ်ကြီးနား-ဝိုင်းမော်လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားစောင့် ကြံ့ဖွတ်တပ်ကို ကချင်တို့က မိုင်းခွဲတိုက်ခိုက်ရာ ၆ ယောက်ကျသွားသည်။
နိုဝင်ဘာ (၁၇) ရက်က အင်တပ်ဘွမ် တောင်ကြောတိုက်ပွဲတွင် ကြံ့ဖွတ်အစိုးရတပ်မ – ၈၈ မှတပ်များ အနည်းဆုံး ၃၇ ယောက်သေပြီး တစ်ရာခန့် ဒဏ်ရာရခဲ့သည်။
နိုဝင်ဘာ (၂၄) ရက်က နမ်းခမ်း-မံဝိန်းလမ်းတွင် ပဒေသာမိုင်း စစ်ဆင်ရေးကြောင့် ကားစီးလာသည့် ကြံ့ဖွတ်တပ် ၁၀ ယောက်ကျော် ကျသွားခဲ့သည်။
နိုဝင်ဘာ (၃၀) ရက်မနက်က မလိခမြစ်ကူးရန် ပြင်ဆင်နေသော စကခ-၃ လက်အောက်ခံ ခမရ – ၃၈၅ ကို ကေအိုင်အေက အလစ်ဝင်တိုက်သဖြင့် ၄ ယောက်ကျ၊ ၃ ယောက်ဒဏ်ရာရသွားသည်။ ဂျာကျားခါ့တွင်လဲ ခလရ – ၁၄၁ နှင့် ရက်ဆက် တိုက်ပွဲဖြစ်ခဲ့သည်။
ဒုတိယပြည်တွင်းစစ် စတင်ခဲ့ကတည်းက ယနေ့အထိ ကြံ့ဖွတ်တပ် အကျအဆုံးမှာ ထောင်ဂဏန်း ၂ ခု-၃ ခု ရှိနေပြီ ဖြစ်ပြီး တိုင်းရင်းသားဘက်ကမူ ရာဂဏန်းငယ်မျှသာရှိသည်။
ယနေ့ ကချင်ပြည်နယ်အတွင်း၌ အစိုးရ ခြေလျင်/ခြေမြန်တပ်ရင်းပေါင်း ၄၄ ရင်း အမြဲတမ်း အခြေချ တပ်စွဲထားသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်တွင် မိုးညှင်း၌ ခလရ – ၁၅ ၊ မြစ်ကြီးနားတွင် ခလရ – ၂၁၊ ၂၉၊ ၃၇၊ ပူတာအိုတွင် ခလရ – ၄၆၊ ၁၃၇၊ ၁၃၈၊ ဝိုင်းမော်တွင် ခလရ – ၅၈၊ မိုးကောင်းတွင် ခလရ – ၇၄၊ ဆားမှော်တွင် ခလရ – ၁၀၅၊ လားအိုး(ငါးအိုး)တွင် ခလရ – ၁၂၀၊ ၁၂၁၊ ဆင်ဘိုတွင် ခလရ – ၁၄၁၊ ဒေါ့ဖုံးယန်တွင် ခလရ – ၁၄၂၊ ဗန်းမော်တွင် ခလရ – ၂၃၆၊ မယန်းတွင် ခလရ – ၂၆၀၊ တနိုင်းတွင် ခမရ – ၃၁၈၊ ရွှေညောင်ပင်တွင် ခမရ – ၃၂၁၊ ၃၂၈၊ မိုးမောက်တွင် ခမရ – ၄၃၇၊ ပင်းဘောတွင် ခမရ – ၅၂၁ တို့ အခြေစိုက်ထားသည်။ ဒကစ (တနိုင်း) လက်အောက်တွင် တနိုင်း၌ ခလရ – ၈၆၊ ၂၃၈၊ ၃၁၉၊ ရှာဒူဇွပ်တွင် ခလရ – ၂၉၇၊ ဒေါင်ဘန်း၌ ခလရ – ၂၉၈ တို့ တပ်စွဲထားသည်။
တပ်မတပ်များအဖြစ် ဗန်းမော်တွင် စကခ-၂၁ ဌာနချုပ်စိုက်ထားပြီး လက်အောက်ခံတပ်များမှာ ဗန်းမော်တွင် ခလရ -၄၇၊ ၂၃၇၊ ရွှေဂူတွင် ခလရ – ၅၆၊ ခမရ – ၆၀၂၊ မြို့သစ်တွင် ခမရ – ၃၂၀၊ ၃၈၇၊ ၄၃၈၊ မန်စီတွင် ခမရ – ၆၀၂ အခြေပြုထားသည်။ မိုးကောင်းတွင် စကခ-၃ အခြေစိုက်ထား၍ လက်အောက်ခံတပ်များမှာ ဟိုပင်တွင် ခလရ – ၄၀၊ ခမရ – ၃၈၈၊ ၃၈၉၊ မိုးကောင်းတွင် ခမရ – ၃၈၁၊ ၃၈၂၊ ဆားမှော်တွင် ခမရ – ၃၈၃၊ ၃၈၄၊ နမ်မားတွင် ခမရ – ၃၈၅၊ ၃၈၆၊ နမ္မတီးတွင် ခမရ – ၃၉၀ တပ်စွဲထားသည်။
၁၉၆၂ ခုနှစ်အကုန်က ကချင်ပြည်နယ် တစ်ခုလုံးတွင် ခလရ – ၁၅၊ ၂၁၊ ၂၉၊ ၃၇၊ ၄၀၊ ၄၆၊ ၄၇၊ ၅၆၊ ၅၈ ဟူ၍ တပ်ရင်း ၉ ရင်းသာ ရှိခဲ့သည်။
အမြောက်တပ်မ သို့မဟုတ် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၄ ကိုလည်း မိုးညှင်း၌ ယခုတပ်စွဲထား သည်။ ဗန်းမော်၊ မိုးညှင်း၊ မြို့သစ်၊ မရမ်း၊ မိုးမောက် စသည့်နေရာများတွင် အမြောက်တပ်ရင်း ၈ ရင်းထက်မနည်း ချထားသည်။ မိုးညှင်းတွင် ဒုံးပျံတပ်ရင်း ၆၀၃ ကိုလည်း တပ်စွဲထားသည်။ ဗန်းမော်နှင့် မိုးညှင်းတွင် သံချပ်ကာ တပ်ရင်းများလည်း အခြေပြုထားသည်။
ယခုအခါ ကချင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကြိုးပမ်းချက်ကို အထက်ပါ မပခ လက်အောက်ခံ ၂၂ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၆ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၁၀ ရင်းတို့က နှိပ်ကွပ် တိုက်ခိုက်နေသည့်အပြင် ကျောက်မဲအခြေစိုက် စကခ-၁ နှင့် ၁၀ ရင်း၊ သိန္နီအခြေစိုက် စကခ-၁၆ နှင့် ၁၀ ရင်း၊ မိတ္ထီလာအခြေစိုက် တပ်မ- ၉၉ မှ ၇ ရင်း၊ မကွေးအခြေစိုက် တပ်မ- ၈၈ နှင့် ၁၀ ရင်း၊ ကလောအခြေစိုက် တပ်မ -၅၅ နှင့် ၁၀ ရင်း၊ ကလေးအခြေစိုက် စကခ-၁၀ နှင့် ၁၀ ရင်း စသည်ဖြင့် စုစုပေါင်းတပ်ရင်း ၁၀၀ ကျော်နှင့် အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။
သို့ရာတွင် လက်သီးတပ်များအဖြစ် ဗမာစစ်အုပ်စု အထူးအားကိုးသည့် နာမည်ကျော် ခြေမြန်တပ်မများသည် အလူး အလဲနှင့် အလဲလဲအကွဲကွဲ ဖြစ်နေသည်ကို မြင်မကောင်း ရှုမကောင်းတွေ့နေရ၏။ ဗမာ့တပ်မတော်ကား ‘ပြောင်းလဲ’ သွားလေပြီ။
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) သည် ၁၉၇၂ ခုနှစ် နှင့် ၁၉၈၀ ခုနှစ်တို့၌ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော် လည်း စစ်အုပ်စု၏ အလျှော့အတင်းမရှိ တဖက်သတ် တောင်းဆိုမှုများကြောင့် ပျက်ပြားခဲ့ရသည်။ မြို့ပေါ်ဒီမိုကရေစီ အင်အားစုကြောင့် စစ်အုပ်စု တစုံတရာ အကျပ်ဆိုက်နေချိန် ၁၉၉၄ ခု ဖေဖော်ဝါရီလကျမှ စစ်ရေးအရ အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။ သို့သော် နိုင်ငံရေးအရတွင်မူ အမျိုးသားညီလာခံနှင့် နားလှည့်ပါးလှည့် လုပ်ခံရသည်။ အကယ်စင်စစ် အားဖြင့် အမျိုးသားညီလာခံတွင် တိုင်းရင်းသား ၁၃ ဖွဲ့စုပေါင်း၍ ၂၀၀၄ ခု ဇွန်လတွင်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် တစ်ဖွဲ့တည်းအနေဖြင့်လည်းကောင်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ နိုင်ငံရေးပြဿနာများကို ဆွေးနွေး တင်သွင်းခဲ့သော်လည်း ပယ်ချခြင်းသာ ခံခဲ့ရသည်။ ထိုမျှမက ငြိမ်းချမ်းရေးရပြီး ၁၅ နှစ်အကြာ ၂၀၀၉ ခုနှစ်အရောက်တွင် စစ်အစိုးရ၏ အကြွင်းမဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်သို့ အဓမ္မ အသွင်ကူးပြောင်းခိုင်းသည်ကို အမျိုးမျိုး ပြန်လည်စေ့စပ် ညှိနှိုင်းခဲ့သော်လည်း ပင်လုံစာချုပ်ဆန့်ကျင်ရေးသမား နအဖ-ကြံ့ဖွတ်စစ်အုပ်စုက ခေါင်းမာစွာ ငြင်းဆန်ခဲ့သဖြင့် ၂၀၁၁ ဇွန်လ ၉ ရက်နေ့တွင် မလွှဲမရှောင်သာဘဲ သေနတ်သံ ပြန်ပေါက်ခဲ့တော့သည်။
၁၉ ရာစု၌ စတင်ခဲ့သော မြန်မာပြည်မြောက်ပိုင်း ဇာတ်လမ်းရှည်ကြီးသည် ၂၁ ရာစု၌ အဖိနှိပ်ခံရသူတို့၏ အောင်ပွဲဖြင့် အဆုံးသတ်လိမ့်မည်ဟု စိတ်ချယုံကြည်ဖို့ အကြောင်းအချက်များ ရှိနေပါကြောင်း?
Ref:photayokeking.org

ကျန်သတင်များကိုဒီမှာကြည့်လိုက်ပါ>>စစ်တပ်နှင့် K.I.A တို့ တိုက်ပွဲများပြင်ထန်လျက်ရှိ


Four fighter jets and two helicopters took part in an air assault on rebel positions near Laiza, the Kachin Independence Organization's de facto capital, on Friday morning. Throughout the morning military planes struck KIO positions in Lajayang, a key town located less than 10 miles south of Laiza.>>>LAIZA MAP!





စိတ်ဝင်စားရင် ကြည့်လို့ရတဲ့ဗီဒီယိုများ>>>BURMA: War Kachin State KIA ABSDF NORTH January 2013 – videos
 
ဒီမှာ English Version>>>Kachin War a Battle for Resources!


မနန္ဒာချမ်း
KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသကို မြန်မာ အစိုးရတပ်တွေဘက်က ဒီကနေ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ စစ်ရေး ဗျူဟာအရ အရေးပါတဲ့ KIA ထိန်းချုပ်ရာ အမာခံရှေ့တန်းနေရာ တခုဖြစ်တဲ့ ဖွန်ပြန်ဘွမ်တောင် ကို မြန်မာတပ်တွေဘက်က သိမ်းပိုက်ဖို့ ကြိုးစားနေပေမဲ့ အခုထိတော့ မအောင်မြင်သေးဘူးလို့ KIA တပ်ဖွဲ့နဲ့အတူ ပူးပေါင်းစစ်ဆင်နေတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။ နောက်ဆုံး သိရတဲ့သတင်းတွေ အရ - ဖွန်ပြန်ဘွန်တောင်အနီးမှာရှိတဲ့ တိုက်ကြက်ကုန်းကနေတော့ KIA ရော၊ ABSDF မြောက် ပိုင်းတပ်တွေပါ ဆုတ်ခွာပေးခဲ့ရပြီး - ဒီကနေ့ ထူးခြားချက်မှာတော့ မြန်မာ စစ်တပ်ဘက် ကနေ ပြည်သူ့စစ်တွေ ပါဝင်လာတယ်လို့ ABSDF က ပြောပါတယ်။ ဒီလိုနောက်ဆုံး အခြေအနေတွေကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။


ဒီကနေ့တရက်တည်းမှာပဲ မြန်မာအစိုးရဘက်က KIA ထိန်းချုပ်ထားတဲ့ ဖွန်ပြန်ဘွမ်တောင် ကိုရော - အဲ့ဒီရဲ့ တဘက်မှာရှိနေတဲ့ လုံရော့ခ် တောင် ကိုပါ မြန်မာအစိုးရတပ်တွေဘက်က တနေကုန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါ တယ်။ လေကြောင်းနဲ့ လက်နက်ကြီး အကူမပါဘဲ မြေပြင်ကနေသာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး အခုထိတော့ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း KIA တပ်မဟာ-၂ နဲ့ ABSDF လက်အောက်မှာ ရှိနေတဲ့ တိုက်ကြက်ကုန်းကနေတော့ ဒီညပိုင်းမှာ ဆုတ်ခွာပေးခဲ့ရပြီး - ဒီကနေ့ တိုက်ပွဲမှာ မြန်မာစစ်တပ်တွေ ဘက်ကနေ ပြည်သူ့စစ်တွေ ပါဝင်လာတာ သိရတယ်လို့ ABSDF မြောက်ပိုင်းရဲ့ နိုင်ငံရေးနဲ့ စည်းရုံးရေးတာဝန်ခံ ကိုကျော်ကျော် က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“ဒီကနေ့ ကျနော်တို့ အဲ့ဒီ စိုးမိုးကုန်းတခုဖြစ်တဲ့ ဖွန်းပြန်ဘွန်ကို သူတို့ မနက်ကတည်း ကနေ စပြီးတော့ ထိုးနေတာဗျ။ အခု ၄ နာရီရှိပြီ။ ၄ နာရီအထိ တိုက်နေတုန်းပဲ။ ဖွန်းပြန်ဘွန်နဲ့ တဘက် တချက်မှာရှိနေတဲ့ လုံရော့ခ် ကုန်းကနေပြီးတော့ ဒီဘက် တောင်ကြောမှာရှိတဲ့ တိုက်ကြက်ကုန်း ကိုလည်း သူတို့ ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်တဲ့အခါကျတော့ တိုက်ကြက်ကုန်းကတော့ ကျနော်တို့ စစ်ရေးအရ အချက်အခြာမကျတဲ့ နေရာဖြစ်တဲ့အတွက် အဲ့ဒီကနေပြီး ခေတ္တ ယာယီ ပြန်ဆုတ်ပေးတယ်။ ဒါပေမဲ့ ဒီကနေ့ တိုက်ပွဲမှာ ထူးခြားတာက ပြည်သူ့စစ်တွေ၊ ရဲတွေပါ ပါလာတာ ကျနော်တို့ သတင်းရတယ်။”

လောလောဆယ်အထိတော့ နှစ်ဘက် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ မသိရသေးဘူးလို့ ကိုကျော်ကျော် က ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့ကစလို့ ဒီကနေ့အထိ မြန်မာတပ်တွေဘက် က တောက်လျှောက် ထိုးစစ်ဆင်ပြီး KIA လက်ထက်ကနေ သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတဲ့ ဖွန်ပြန်ဘွန်တောင်ဟာ မြစ်ကြီးနားကားလမ်းနဲ့လည်း နီးပြီး - လဂျားယန်ကုန်သွယ်ရေး စခန်းနဲ့လည်း မနီးမဝေးမှာ တည်ရှိတဲ့အပြင် - စစ်ဗျူဟာအရ အရေးပါတဲ့ တောင်တတောင် လည်း ဖြစ်တာကြောင့် - ဒီဖွန်ပြန်ဘွတာင် ကျခဲ့ရင် - လိုင်ဇာကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ABSDF က ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ လိုင်ဇာဒေသမှာရှိတဲ့ နမ့်ဆန်ယန်ရွာကို မြန်မာအစိုးရတပ်ပိုင် တိုက်လေယာဉ် ၂ စင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့လည်း ကိုကျော်ကျော် က ဆက်ပြောပြပါတယ်။

“နမ်ဆန်ယန်ရွာကို ဒီကနေ့ နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ပစ်ခတ်သွားတယ်။ နမ်ဆန်ယန်ရွာ ကျတော့ အဲ့ဒီမှာ ရွာသားတချို့ ရှိကြတယ်။ မနေ့က လဂျားယန်ကို ပစ်သလိုမျိုးပေါ့နော်။ ဒီကနေ့က ရွာတွေကို ပစ်သွားတယ်။ လူထုအထိအခိုက်တို့၊ ကျေးရွာအထိအခိုက်တို့ကတော့ အခုထက်ထိ ကျနော်တို့ ဘာမှ မကြားရသေးဘူး”

အခုလို အစိုးရတပ်တွေဘက်က ဒေသခံရွာတွေကိုပါ တိုက်ခိုက်လာနေတာကြောင့် မနေ့က ဆိုရင် မြန်မာစစ်တပ်ဘက်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ လဂျားယန်ရွာ အပါအ၀င် အနီးနားတ၀ိုက် ရွာတွေက အရပ်သားပြည်သူတွေဟာ လိုင်ဇာဒုက္ခသည်စခန်းဆီ ထပ်မံထွက်ပြေးလာတဲ့အတွက် ဒီမနက်မှာ ရာနဲ့ချီ ရောက်ရှိလာတယ်လို့ ကချင်ဒုက္ခသည်ရေးရာကော်မတီ တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါတယ်။

“ဒီလိုင်ဇာမြို့ ပတ်ဝန်းကျင်ကပေါ့လေ ဒုက္ခသည်တွေတော့ ရာဂဏန်းလောက်တော့ တိုးလာ ပါတယ်။ ဒီမနက်လောက်ကပဲ ၀င်လာတာ။ အမျိုးသမီးများတယ်။ သူတို့ရွာတွေမှာ လက်နက်ကြီး ကျည်ဆန်တွေရောက်တော့ လုံခြုံမှု မရှိလို့ ထွက်ပြေးလာကြတာ ပါ။ ဖြစ်အောင်တော့ စီစဉ်နေကြတာပဲ။ တဲတွေလည်း ထပ်ဆောက်ပေးရမှာပဲ။ စားရေးသောက်ရေးကတော့ ကော်မတီက စီစဉ်ထားတဲ့အတိုင်း ထပ်တိုးလာရင်လည်း ကျနော်တို့က တာဝန်ယူရတာပဲ။ (ဒုက္ခသည်တွေအတွက်) လိုအပ်တာတော့ အများကြီး လိုအပ်တာပေါ့။ ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာတော့ မပြောတတ်ဘူးလေ”

ဒါ့အပြင် ဒုက္ခသည်စခန်းတွေအတွင်းမှာလည်း ကဒုတ်ကျင်းတွေ တူးထားရပြီး - စစ်ပြေး ဒုက္ခသည်တွေအနေနဲ့ လေယာဉ်သံကြားရင် ကတုတ်ကျင်းတွေထဲ ပြေးဝင်ပုန်းအောင်းကြ ရတယ် လို့ ဦးဒွဲပီဆာ က ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် ညွှန်ကြားချက်တွေကိုလည်း ဒုက္ခသည် စခန်းအတွင်း ထုတ်ပြန်ထားပြီး - လောလောဆယ် အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ အပြင်ကို မထွက်ကြဖို့၊ စခန်းတွင်းမှာပဲ သတိထားနေကြဖို့ မှာကြားထားတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

တခါ ရှမ်းပြည် မြောက်ပိုင်းဘက်မှာလည်း အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေဘက်က စစ်ကြောင်းတွေ အလုံအရင်းနဲ့ ၀င်ရောက်လာတာကြောင့် အဲ့ဒီမှာရှိတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေ ဟာ ကွတ်ခိုင်မြို့ဘက်ကို ထွက်ပြေးတာတွေ ရှိနေတယ်လို့ KIO က ပြောပါတယ်။ KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ဒီစစ်ပွဲတွေ စတင်ကတည်းက ကချင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပြီး၊ စစ်ပြေးဒုက္ခသည်ဦးရေဟာလည်း ၁ သိန်းကျော်သွားပြီ လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောဆိုထားကြပါတယ်ရှင်။
Ref:voaburmese

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!