Popular Posts!

Thursday, July 24, 2014

ရင်းနှီးမြှုပ်နှံမှုကွက်ကျားမိုး ဘာကြောင့်ရွာ



အောင်သူရ၊ ပြည်သိမ်း

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသက်တမ်းသုံးနှစ်ကျော်အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော် တိုးလာခဲ့သည်။ သို့သော် တိုးလာသော ရင်းနှီးမြှုပ်နှံမှုအများစုမှာ ကုန်ထုတ်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေနှင့် အများဆုံး ဆက်စပ်နေသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာ ဝင်ရောက်ခဲ့ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးနေသည်။

ထိုကဲ့သို့ နည်းပါးနေခြင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် မူဝါဒများချမှတ်ရာတွင် အများအကျိုးထက် မိမိတို့နှင့်ရင်းနှီးသော လုပ်ငန်းရှင်များအကျိုးကို ကာကွယ်ပေးနေ၍ဖြစ်ကြောင်း သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများက ဝေဖန်ထောက်ပြကြသည်။

အထူးသဖြင့် ကုန်သွယ်မှုနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရပ်တည်မှု မရှင်းမလင်းဖြစ်နေမှုများကို ခိုင်မာသောမူဝါဒတစ်ရပ် ချမှတ်ဖြေရှင်းရန် လိုနေပြီဖြစ်ကြောင်း ပညာရှင်အချို့ကဆိုသည်။

‘‘ပြည်တွင်းက လုပ်ငန်းရှင်တွေ ကာကွယ်ဖို့ဆိုပြီး လူနည်းစုမျက်နှာကြည့်ပြီး ကုန်သွယ်ခွင့် (Permit to Trade)ကို ခွင့်မပြုရင် ဘယ်နိုင်ငံခြားကုမ္ပဏီကမှ စက်ရုံကထုတ်တာကို လွတ်လွတ်လပ်လပ် ကုန်သွယ်ရောင်းဝယ်လို့မရဘဲ နိုင်ငံတစ်နိုင်ငံမှာ လာရောက်မရင်းနှီးဘူး’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။

စိုက်ပျိုးရေးကို အခြေခံသော စက်မှုထုတ်ကုန်များနှင့် မွေးမြူရေးနှင့် ပတ်သက်သော ထုတ်ကုန်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ကုန်သွယ်ခွင့်အား ခွင့်မပြုထားပေ။

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖြစ်လာသောကြောင့် ပြည်ထောင်စုဝန်ကြီးအနေဖြင့် ကုန်သည်စက်မှုအသင်းလုပ်ငန်းရှင်များကို အားနာ၍ ကုန်သွယ်ခွင့်ပြုရန် ကန့်သတ်ထားခြင်းဖြစ်နိုင်ကြောင်း ပညာရှင်အချို့က ဝေဖန်ကြသည်။

‘‘စီးပွားရေးကဏ္ဍမှာ အချို့ဟာတွေကို ခပ်မာမာပဲ တားထားတယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေကို ကာကွယ်ပေးလိုတဲ့အတွက် တားဆီးထားတာပါ’’ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ပြောသည်။

ဦးဝင်းမြင့် တာဝန်ယူသည့် သုံးနှစ်တာကာလအတွင်း ပြည်တွင်းလုပ်ငန်းများအတွက် ကုန်သွယ်ရေးနှင့်ပတ်သက်၍ အခက်အခဲများစွာကို ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့သည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ရန်အတွက်မူ အဓိကကျသော ဖြေလျှော့မှုများ မပေးသေးပေ။ ထိုအထဲတွင် ကုန်သွယ်ခွင့်သည် အဓိကအချက်ဖြစ်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးသူများအား ကုန်သွယ်ခွင့်ပြုခြင်းကို ပြည်တွင်းလုပ်ငန်းရှင်အချို့က ကန့်ကွက်သဖြင့် တားမြစ်ထားရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်ကဆိုသည်။

သို့သော် ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်ခွင့်ပြုရန် ဆောင်ရွက်နေပြီး ယခုနှစ်အတွင်း စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များကို ခွင့်ပြုရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဦးတိုးအောင်မြင့်ကပြောပါသည်။

ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာန (WTO)၏ မူဝါဒတွင်လည်း ကုန်သွယ်ခွင့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ခွင့်ပြုပေးထားသည်။

ယခင်က မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ကုန်သွယ်ခွင့်ကို ခွင့်ပြုခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ ပြည်တွင်းလုပ်ငန်းရှင်များအကျိုးငှာ ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန် လက်ထက်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့သည်။

အစိုးရအနေဖြင့် ပြည်တွင်း ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်ပြီး စီးပွားရေးတိုးတက်အောင် လုပ်မည်ဟု ပြောဆိုခဲ့သည်။ အရပ်သားမှ ဝန်ကြီးဖြစ်လာသော စီးပွားကူးသန်းဝန်ကြီး အနေဖြင့်လည်း ကုန်သွယ်မှုတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်။

သို့သော် တိုင်းပြည်၏ ၆၀ ရာခိုင်နှုန်းသော ပြည်သူများနှင့် ဆက်စပ်နေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဝင်ရောက်နိုင်ရန်အတွက် ကုန်သွယ်ခွင့် ကန့်သတ်ထားသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်နိုင်ဘဲ ဖြစ်နေသည်။

ကမ္ဘာ့ဘဏ်က ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် Doing Business အစီရင်ခံစာတွင် ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံပေါင်း ၁၈၅ နိုင်ငံတွင် မြန်မာနိုင်ငံမှာ အဆင့်(၁၈၁)တွင် ရှိသည်ဟု ဖော်ပြထားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ထုတ်ကုန်ပစ္စည်းများမှ ပြည်ပနိုင်ငံများသို့ ကုန်ကြမ်းအဆင့်သာ တင်ပို့နေကြရသည်။ ထို့အပြင် နှစ်စဉ်ကုန်သွယ်မှု ပမာဏတွင်လည်း ပို့ကုန်ထက် သွင်းကုန်ပမာဏများနေပြီး ကုန်သွယ်မှုပမာဏတွင် ကန်ဒေါ်လာနှစ်ဘီလီယံခန့် လိုငွေပြနေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေမှာ ခုနစ်ဘီလီယံသာရှိသည်ဟု အစိုးရက တရားဝင်ထုတ်ပြန်ထားသဖြင့် ထိုကဲ့သို့ နှစ်စဉ်လိုငွေပြနေပါက ထိုအရန်ငွေမှာ နောက်သုံးနှစ်ခန့်တွင် ကုန်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေးနိုင်ငံဟု ကြွေးကြော်ထားပြီး စိုက်ပျိုးရေးအတွက် ရေမြေရာသီဥတု အခြေခံကောင်းများ ရှိသော်လည်း စိုက်ပျိုးရေးနှင့် ပတ်သက်သော ထုတ်ကုန်များ မထုတ်လုပ်နိုင်သဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ တန်ဖိုးရှိသောပစ္စည်းများ ပြည်ပမှ တင်သွင်းရသည်။

ပြည်တွင်းဈေးကွက်တွင် စားသုံးဆီနှင့် သကြား မဖူလုံသဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးခန့် ပြည်ပမှ တင်သွင်းနေရသည်။

‘‘FDI မရှိရင် မွန်၊ ကရင်ကရော ဘာလုပ်ငန်းတွေ ဘယ်လိုလုပ်တိုးတက်မှာလဲ။ ရခိုင်ပြည်နယ်မှာ အစေ့ထုတ်ပြောင်း စိုက်တာတို့ ကြံ၊ နေကြာ စတာတွေကို ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပြီး ကုန်သွယ်ရောင်းဝယ်နိုင်ရင် အများကြီးအကျိုးရှိမှာ’’ဟု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သို့သော်လည်း ထိုကဲ့သို့ မလုပ်ဆောင်နိုင်သဖြင့် ပြည်နယ်များနှင့် စိုက်ပျိုးရေးကို အခြေခံသော တိုင်းဒေသကြီးများတွင် အလုပ်အကိုင် အခွင့်အလမ်းများ မဖန်တီးနိုင်ဘဲ ဦးသိန်းစိန်အစိုးရ၏ သုံးနှစ်ကာလ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ ပြည်နယ်များတွင် တိုးတက်မှုနည်းပါးနေခဲ့သည်။

ထို့အပြင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးတိုးမြှင့်ခြင်းခံရသော အဆင့်မြင့်ဝန်ထမ်းများမှာလည်း လုပ်ငန်းရှင်များအား မလွန်ဆန်နိုင်သည်များ ရှိကြောင်းလည်း သတင်းရရှိသည်။

‘‘ဒီအစိုးရလက်ထက်မှာ ဖြစ်လာတဲ့ ညွှန်ချုပ်တို့၊ ဒုညွှန်ချုပ်တို့ဆိုတာ သူတို့အရာရှိငယ်ဘဝတုန်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မကင်းကြဘူးလေ။ ဒါကြောင့် တချို့ကိစ္စတွေမှာ သူတို့အနေနဲ့ လုပ်ဖို့ကိုင်ဖို့ ခက်နေတာတွေရှိတယ်’’ဟုလည်း လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ထို့ကြောင့်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေများအား နည်းဥပဒေပြဋ္ဌာန်းရန် လွှတ်တော်မှ သတ်မှတ်ထားသော ရက်ပေါင်း ၉၀ ကျော်လွန်၍ အချိန်ဆိုင်းထားခဲ့သည်။ တောင်သူလယ်သမားအကျိုး ကာကွယ်ရေးနှင့် ပတ်သက်သော ဥပဒေကို လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ နည်းဥပဒေမထွက်လာဘဲ အလားတူ ဖြစ်ရပ်များစွာ ရှိနေသည်။

‘‘နိုင်ငံတော်သမ္မတကြီးက အားကြိုးမာန်တက် လုပ်ချင်ပေမယ့် ဝန်ကြီးဌာနရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ လူတွေက မျက်ကွယ်ပြုထားတာ မကောင်းဘူး’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကဆိုသည်။

ထိုကဲ့သို့ လူနည်းစုလုပ်ငန်းရှင်များအကျိုး အကာအကွယ်ပေးနေသည်မှာ အစိုးရအဖွဲ့ဝန်ကြီးများသာ မဟုတ်ပေ။ စီးပွားရေးလုပ်ငန်းရှင်တစ်ပိုင်း လွှတ်တော်အမတ်များကလည်း ပြည်တွင်းလုပ်ငန်းရှင်များအကျိုး ကာကွယ်ရန်ဟု ကြွေးကြော်ကာ မိမိတို့လုပ်ငန်းများအား ကာကွယ်သည့်ဥပဒေများ ပြဋ္ဌာန်းခဲ့ကြသည်။

ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ နှစ်ရှည်သီးနှံ ဟင်းသီးဟင်းရွက် အပါအဝင် လယ်ယာထွက်ကုန်များကို ပြည်တွင်းတွင် များများထုတ်ပြီး ပြည်ပသို့ ရောင်းချနိုင်မှသာ ကျေးလက်ဒေသ စီးပွားရေးလုပ်ငန်းများ ဒေသအသီးသီးတွင် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဦးရဲမင်းအောင်ကဆိုသည်။

‘‘စိုက်ပျိုးရေးနိုင်ငံလို့ ကြွေးကြော်ပြီး ပြည်ပကနေ သကြားလိုဟာမျိုးတောင် တင်သွင်းနေရတာ အတော်ခံရခက်တယ်’’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။ ။

Ref:7daynewsjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!