Popular Posts!

Wednesday, July 16, 2014

(၅)ကြွင်းမဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ



ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၅) ဖြစ်ပါက (၅)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 
(၅)ကြွင်းဖွားတွေကတော့ အကြွင်းအားလုံးထဲမှာ နဲနဲ ထူးခြားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓာတည်ဆောက်ပုံအရ အရပ်အမောင်း သိပ်မြင့်မား တာ မတွေ့ရတတ်ဘူး။ အသက် (၄ဝ) ကျော်လာရင် ကိုယ်ခန္ဓာ ဝဖြိုးလာတတ် တယ်။ များသောအားဖြင့် ဥပတိရုပ် ကောင်းကြတယ်။ ရုပ်ချောတာ၊ မချောတာ ထက် ခန့်ညားမှုရှိပြီး လူအထင်ကြီးလွယ်တတ်တဲ့ ဥပတိရုပ်မျိုးတွေ ရှိတတ်တယ်။ (ချွင်းချက်= အသက် (၄ဝ)ကျော်လို့မှ ဝဖြိုးမှု ရှိမလာတဲ့ (၅)ကြွင်းဖွားများဟာ ကျန်းမာရေးထိခိုက်မှုသော်၎င်း ၊ စီးပွားရေး အဆင်မပြေမှုသော်၎င်း ဖြစ်နေကြတာကို အတွေ့ရများတတ်ပါတယ်)
(၅)ကြွင်းဖွားတွေဟာ လူထူးလူဆန်းတွေလို့ ခေါ်ရမယ်ထင်တယ်။ သူတို့တစ်တွေဟာ အပြင်ပန်းအရ ကြည့်မယ်ဆိုရင်တော့ လူတွေအားလုံးနဲ့ အဆင်ပြေပေါင်းသင်းနိုင်တယ်။ လူကြားသူကြားထဲမှာ သွားလာထွက်ဝင် နိုင်တယ်။ လူသိအလွန် များတတ် တယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ အတွင်းစိတ်အရ အထီးကျန်လွန်းလှတဲ့သူတွေဖြစ်တယ်။ သူတို့ ပေါင်းသင်း ဆက်ဆံ နေရတဲ့သူတွေဟာ လုပ်ငန်းသဘော၊ လူမှုရေးသဘောအရသာ ပေါင်းသင်းနေရပေမယ့် ကိုယ်နဲ့ စိတ်တူ၊ ကိုယ်တူ၊ ဝါသနာ မတူသူတွေက ပိုများနေတတ်တယ်။ သူတို့ ဘဝမှာ ဝါသနာတူ အဖော်ကောင်း၊ မိတ်ဆွေကောင်း အလွန်ရှားတယ်။ ဒီလိုဖြစ်ရတာဟာလည်း သူတို့ရဲ့ စရိုက်ဝါသနာကလည်း တခြားသူတွေနဲ့ မတူလှဘဲ တစ်မျိုး တစ်ဘာသာ ဖြစ်နေတာ ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါဆို သူတို့က ဘယ်လိုလူစားမျိုးတွေပါလဲ။
(၅)ကြွင်းဖွားတွေဟာ ထူးဆန်းတဲ့ အလုပ်တစ်ခုခု၊ ဝါသနာတစ်ခုခုနဲ့ “ရူးနေကြသူ”တွေဘဲဖြစ်တယ်။ “ရူး” နေတယ်ဆိုတာ Crazy ဖြစ်တာကို ပြောတာပါ။ (၅)ကြွင်းဖွားတော်တော်များ များဟာ “ဂမ္ဘီရ” လိုင်းနဲ့ ပတ်သက်နေကြတာ များတယ်။ ဗေဒင်လိုင်း၊ ဆေးလိုင်း၊ အဂ္ဂိရတ်နဲ့ ဓာတ်လုံးလိုင်း၊ အင်းလိုင်း၊ ဘိုးတော်လိုင်း၊ ထွက်ရပ်ပေါက်လိုင်း၊ ပုတီးလိုင်း၊ သမထလိုင်း၊ နောက်ဆုံး ဝိပဿနာလိုင်းပါ မကျန်အောင် ဆက်စပ်နေကြတာကို တွေ့ရတယ်။ ဒီလိုမှမဟုတ်ရင်လည်း သစ်ပင်ပန်းပင်ရူး၊ အိမ်မွေးတိရိစ္ဆာန်ရူး၊ ပန်းချီပန်းပုရူး၊ ဓာတ်ပုံရူးတွေဖြစ်နေ တာလည်း ရှိကြတယ်။ အခုခေတ်မှာ ကွန်ပျူတာ Crazy အလွန်ဖြစ်လွန်းတဲ့ လူငယ်တွေကို လေ့လာကြည့်ရင်လည်း (၅)ကြွင်းဖွားတွေက ပိုများတယ်။
နောက်ထပ် (၅)ကြွင်းဖွားမူကွဲသမားတစ်မျိုးလည်း ရှိပါသေးတယ်။ သူတို့ကတော့ အလုပ်ဆိုမှ အလုပ်၊ ငွေဆိုမှ ငွေ၊ ရာထူးအာဏာမှ ရာထူးအာဏာ လောက်သာ စိတ်ဝင်စားပြီး ကျန်တာ ဘာကိုမှ စိတ်မ၀င်စားတာလည်း ရှိတတ်ပါတယ်။ (၅)ကြွင်းဖွားဟာ အလွန်ထူးဆန်းပြီး အသိရခက်ပါတယ်။ အစွန်းနှစ်ဖက် ရောက်နေသူများပါတယ်။ ဥပမာ- တစ်ချို့ (၅)ကြွင်း တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် ဘုန်းကြီးတစ်ပိုင်းဖြစ်နေပြီး လုံးဝ စိတ်မ၀င်စားသလို၊ တစ်ချို့(၅)ကြွင်းကျလည်း လိင်ကိစ္စ အလွန်သောင်းကျန်းသူများဖြစ်နေတတ်ပါတယ်။
(၅)ကြွင်းဖွားတွေဟာ အလွန်အကြံပေးရ ခက်တဲ့သူတွေဖြစ်တယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုလည်း အလွန်အထင်ကြီးတတ် ကြတယ်။ ပြန်မပြော နားမထောင်တွေဖြစ်တယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တယ်။ စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာလိုသူတွေ မဟုတ်တတ်ကြဘူး။ ကိုယ်ဝါသနာပါတာ လုပ်နေရရင် ပြီးရော ဆိုတဲ့ လူစားမျိုးတွေဖြစ်တယ်။ မှားမှန်းသိပြီး မပြင်နိုင် တဲ့ အထဲမှာ (၅)ကြွင်းဖွားတွေ အတော်များတယ်။ တစ်ချို့ဆို အရက်၊ မူးယစ်ဆေး အလွန်အကျွံ စွဲနေပြီး မဖြတ်နိုင် ကြတော့တဲ့ ဘဝမျိုးကို ရောက်နေတတ်ကြတယ်။
(၅)ကြွင်းဖွားတွေဟာ ဘဝအပြောင်းအလဲ အလွန်နှေးကွေးတတ်တယ်။ ကောင်းစားနေရင်လည်း ရေရှည်ကောင်းစား နေတတ်သလို၊ ဘဝနိမ့်ကျ သွားပြီဆိုရင်လည်း လွယ်လွယ်နဲ့ ပြန် မတက်နိုင်တော့တာတွေကို အများဆုံးတွေ့ရတယ်။ (၅)ကြွင်းဖွားတွေအရမ်းဆင်းရဲတာတွေ့ ရသလို၊ အရမ်းချမ်းသာ နေတာတွေလည်း တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဟာ ချမ်းသာ ကြွယ်ဝ မှုတို့ အောင်မြင်မှုတို့ကို ထူးထူးဆန်းဆန်းနည်းတွေနဲ့ ရရှိလာတတ်တယ်။ သူတို့ကိုယ်တိုင် ကြိုးစားမှုထက် ကံတရား ကို၌က ကြံဖန်ဖြစ်လာတတ်တာမျိုးဖြစ်တတ်တယ်။
သူတို့မှာ ကံကောင်းတဲ့အချက်ကတော့ အိမ်ထောင်ဘက်ကောင်း ရတတ်ခြင်းပါဘဲ။ (၅)ကြွင်းဖွား တွေရဲ့ ဇနီးတွေဟာ အလွန်သည်းခံနိုင်စွမ်းရှိသူတွေလို့ ပြောရမယ်ထင်တယ်။ ကိုယ့် ယောင်္ကျား ဘာလုပ်လုပ် သည်းခံပေးနိုင်ကြတဲ့ ဇနီးမျိုးတွေနဲ့ ရတတ်တယ်။ တစ်ချို့ကျပြန်တော့လည်း မနိုင်လို့ သည်းခံ ရတာမျိုးလည်း ရှိမှာပေါ့။ (၅)ကြွင်းဖွား ယောင်္ကျားတွေဟာ ကိုယ့်အိမ်ထောင်ဘက် အပေါ်မှာ ကြင်နာယုယမှု သိပ်မရှိကြတာများပါတယ်။ သားသမီးလည်း နည်းတတ်တယ်။ တစ်ချို့ (၅)ကြွင်းဖွားတွေဆိုရင် သားသမီးလုံးဝမထွန်းကားတတ်ဘူး။ (၅)ကြွင်းဖွားတွေဟာ ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အိမ်ထောင်ရေး ပြဿနာ နည်းတတ်ပါတယ်။ အဖိုးကြီး အဖွားကြီးဖြစ်တဲ့အထိ ပေါင်းသင်းသွားရတဲ့ (၅)ကြွင်းဖွားတွေ တော်တော် များပါတယ်။
(၅)ကြွင်းဖွားတွေဟာ ဘာသာရေး အစွန်းရောက်သူတွေ ဖြစ်တာများတယ်။ တန်ခိုး ဣဒ္ဓိပါတ်ရှိသူတွေ၊ ဘုန်းတန်ခိုး ပြနိုင်သူတွေကို အထင်ကြီးလွယ်တယ်။ ဒါကြောင့် (၅)ကြွင်းဖွားတွေ ဟာ ဘိုးတော်၊ မယ်တော်၊ နတ်ကတော်၊ ဆရာတော်တွေ စတဲ့ “ပုဂ္ဂိုလ်” များကို ကိုးကွယ်သူတွေဖြစ်နေတာများတယ်။ ဒါပေမယ့် သူတို့ ကိုးကွယ်ယုံကြည်မှုဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ မိမိဘဝကောင်းစားရေး အတွက်ဖြစ်နေတတ်တယ်။
(၅)ကြွင်းဖွားတွေဟာ ဘဝကို ဖြစ်သလို နေတတ် စားတတ်တယ်။ ပေပေတေတေ နေတတ်တယ်။ စည်းကမ်းသိပ်မရှိလှဘူး။ လျှပ်တစ်ပြက် အကြံဉာဏ်ကောင်းပေမဲ့ ရေရှည် စီမံခန့်ခွဲမှုတော့ ညံ့ဖျင်းတတ်ကြတယ်။ သူတို့တစ်တွေဟာ စီးပွားရေး သမားကောင်းတွေတော့ မဟုတ်တတ်ကြဘူး။ ချမ်းသာလာရင်လည်း အသုံးအဖြုန်း အလွန်ကြီးကြတယ်။ သူတို့ဟာ ချမ်းသာ မှုကို ကြိုးစားမှုကြောင့်ထက် “ကံ”ကြောင့်သော်၎င်း၊ “ပုဂ္ဂိလ်” များရဲ့ မ စ မှုကြောင့်၎င်း ရရှိတာလို့ ယုံကြည်သူတွေက ပိုများ တယ်။ သူတို့ရဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့် ပြန်တော့လည်း သူတို့ ယုံကြည်မှုဟာ ဟုတ်သလိုဖြစ်နေတတ်တယ်။
ကျန်းမာရေးနဲ့ ပတ်သက်လာရင် (၅)ကြွင်းဖွားတွေဟာ ကျန်းမာရေးကို သိပ်ဂရုစိုက်လှသူတွေ မဟုတ်ပါဘူး။ စားချင်သလို စား၊ အိပ်ချင်တဲ့ အချိန်အိပ်၊ သွားချင်သလို သွားလာနေထိုင် တတ်ကြပါတယ်။ ဒီ ဒဏ်ရာဒဏ်ချက်တွေဟာ အသက်ကြီး ပိုင်းမှာ ကျန်းမာရေး ထိခိုက်လာတတ်ကြပါတယ်။ (၅)ကြွင်းဖွားတွေ အထူးသတိထားရမယ့် ရောဂါကတော့ မျက်စေ့ရောဂါ နဲ့ ဆီးချိုရောဂါ တို့ဘဲဖြစ်ပါတယ်။ (၅)ကြွင်းဖွားတွေဟာ ဆီးချိုရောဂါ အင်မတန်ဖြစ်လွယ်တာကို သတိထားပါ။ တစ်ခြား သတိပြုရမယ့် ရောဂါကတော့ သွေးတိုးနဲ့လေဖြတ်ခြင်းတွေပါဘဲ။ (၅)ကြွင်းဖွားတွေဟာ ငယ်ငယ်မှာ ကျန်းမာရေး ကောင်းသလောက် အသက်ကြီးလာရင် ကျန်းမာရေး အလွန်ချုခြာတတ်တာကို သတိပြုပါ။
(၅)ကြွင်းဖွားတွေ အောင်မြင်ချင်ရင် ဘဝမှာ ကိုယ့်ထက် တတ်သိတဲ့ နားလည်တဲ့ သူတွေရဲ့ အကြံပေးမှုကို လက်ခံ လိုက်နာသင့်ပါတယ်။ တိုင်ပင်သင့်ပါတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်မှုကြောင့် မှားပြီးရင်း မှားရတဲ့ (၅)ကြွင်းတွေ များလှ ပါတယ်။ “ပုဂ္ဂိုလ်” ကိုးကွယ်မှုကို အလွန်အကျွံ မလုပ်သင့် ပါဘူး။ အလိမ်အညာတွေနဲ့ တွေ့ပြီး ဘဝနစ်မွန်းတတ်ပါတယ်။ (၅)ကြွင်းဖွားတွေ ဘဝပျက်ရတာဟာ ဘယ်သူ့စကား၊ ဘယ်သူ့အကြံပေးမှုကိုမှ နားမဝင်တော့ဘဲ ကိုယ်တစ်ဦးထဲရဲ့ ဆုံးဖြတ်ချက်ကို ရှေ့တန်းတင် လုပ်တတ်တဲ့အကြောင်းကြောင့် သာလျှင် ဖြစ်ကြောင်း လေ့လာ သုတေသန ပြုချက်များအရ တင်ပြလိုက်ရပါတယ်ခင်ဗျား။
ကမ္ဘာကျော်တဲ့ (၆)ကြွင်းဖွားတွေရဲ့ စာရင်းကတော့ – နပိုလီယံ၏ ချစ်လှစွာသော မိဘုရားကြီးဂျိုဆက်ဖင် ၊ နာဇီစစ်ဦးကို ကျိုးသွားစေခဲ့တဲ့ ဆိုဗီယက် သေနာပတိချုပ် မာရှယ်ဇူးကော့ဗ် ၊ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဂျဝါဟာလာ နေရူး ၊ ပါကစ္စတန် သမ္မတဇီယာအူလ်ဟတ်၊ ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန် မားကို့စ် ၊ အမေရိကန် သမ္မတဟောင်းရော်နယ် ရီဂင် ၊ နိုဘယ်ဆုများကို တည်ထောင်ခဲ့သူ အယ်လ်ဖရက် နိုဘယ် ၊  မော့စ် ကြေးနန်းကို တီထွင်ခဲ့သူ ဆင်မြူယယ် မော့စ်၊ ဖလင်ကော်ပြားတီထွင်သူ ဂျော့စ် အီစမင် ၊ အောင်ဆန်းအက်တလီ , နု အက်တလီ စာချုပ်များ ချုပ်ဆိုခဲ့သူ ဗြိတိသျှ ၀န်ကြီးချုပ် ကလီမင့် အက်တလီ ၊ ရိုမေးနီးယား အာဏာရှင်ဟောင်း နီကိုလပ်စ် ချောင်စက်စကူ၊ အမေရိကန် သတင်းစာ ဆရာမကြီး ကက်သရင်း ဂရေဟမ် ၊ ရုရှား ၀န်ကြီးချုပ် ဗလာဒီမာ ပူတင် ၊ လူရွှင်တော်ကြီး ဘော့ဟုတ် ၊ တင်းနစ် အလှမယ် မာရီယာ ရှာရာပိုဗာ ၊ Wall Martကုန်တိုက်များပိုင်ရှင် ဆမ် ဝေါ်တန် ၊ အဆိုကျော် ခရစ္စတီးနား အဂွီလီးယား ၊ အဆိုကျော်စင်ဒီလော့ပါး ၊ အိန္ဒိယ ကဗျာစာဆိုကြီး ရာဗင်ဒြာနတ် တဂိုး ၊ ဘောလုံးစတားများ ဖြစ်ကြတဲ့ဖာဘရီဂတ်စ် ၊ ဂျွန်တယ်ရီ ၊ အက်ရှ်လေကိုး ၊ စတီဗင် ဂျရတ် ၊ ဖာနန်ဒို တောရက်စ် ၊ ပီတာ ခရော့ခ်ျ ၊ မော်ဒယ် ပဲရစ် ဟီလ်တန် ၊ မဟာဂီတ ပညာရှင် ဗီသိုဗင် ၊  ရုရှားနိုင်ငံ နန်းတွင်း ပျောက်စေဆရာကြီး ရပ်စ်ပြူတင် ၊ ဒုတိယ ကမ္ဘာစစ်မီးကြီး မွှေးခဲ့သူ အဒေါ့ဖ် ဟစ်တလာ ၊ ဆားဗီးယား လူသတ်တရားခံ ရိုဒိုဗန် ကာရာဒစ်ဇ် ၊ လုပ်ကြံခံ အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီ ၊ အိန္ဒိယ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီ ၊ တောင်ကိုးရီးယား အာဏာရှင်ဟောင်း ပတ်ချုံဟီးလ် ၊ မော်တော်ကားကို စတင်တီထွင် ခဲ့သူ ဟင်နရီ ဖို့ဒ် ၊ကမ္ဘာ့အနှိုင်းမဲ့ မဟာဂရုဏာရှင် မာသာထရီဇာ တို့ ဖြစ်ကြပါတယ်။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။
.
Credit -ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

Ref:hlamyo.blogs

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!