Popular Posts!

Thursday, July 24, 2014

မြင်းခြံ ခေါက်ဆွဲသုတ်



 မြင်းခြံမြို့လေးမှာတော့ မြင်းခြံခေါက်ဆွဲသုတ်၊ ပလာတာသုတ်၊ မုန့်တီသုတ်(မုန့်ဟင်းခါးသုတ်) က နာမည်အရမ်းကြီးပါတယ်..
အခုတော့ မြင်းခြံခေါက်ဆွဲသုတ်လုပ် နည်းလေးကို ပြောပြမှာပါ..
ကျမရဲ့ အမေချက်တဲ့ ခေါက်ဆွဲက ဘယ်သူချက်တာမှ မမှီပါဘူး
အမေ့ဆီကနေ နည်းလေးယူပြီးချက်ထားတာပါ

ပထမဆုံးအနေနဲ့ ကြက်သားကို ဆား၊ဆနွင်းနယ်ပြီးပြုတ်ထားပါ
ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို သေးသေးလေးတွေလှီးထားပါ

မုန့်ကြွပ်ကြော်ပါမယ် ...
ကျမတို့ဆီမှာတော့ မုန့်ကြွပ်က ခေါက်ဆွဲဆိုင်တွေမှာဝယ်လို့ရပါတယ်
အခုတော့ ကြော်နည်းလေးပြောပါမယ် လွယ်ပါတယ်
ဆီကိုပူအောင်တည်ပါ ဆီများများထည်ပါ
ဂျုံခေါက်ဆွဲကို ဆီပူပူမှာထည့်ကြော်ပါ နည်းနည်းလေး အရောင်ပြောင်းလာရင် မီးပိတ်လိုက်ပါ
မဟုတ်ရင် ဆီအရမ်းပူလျှင် မုန့်ကြွပ်တူးသွားပါလိမ့်မယ်
ရွှေရောင်သမ်းလာရင် ဆယ်ပြီးဇကာမှာဆီစစ်ထားပါ ဆီတွေမရှိတော့ဘဲ မုန့်ကြွပ်အေးသွားလျှင်လေလုံတဲ့ ဘူး ပုံးထဲမှာ ထည့်သိမ်းထားပါ အဖုံးကိုလုံအောင်ပိတ်ပါ မဟုတ်ရင် ပျော့သွားပါလိမ့်မယ်

မြင်းခြံခေါက်ဆွဲသုတ်မှာ ဟင်းရည်က အဓိကပါ
ဟင်းရည်ချက်နည်းလေး ကြည့်ကြရအောင်နော် ...
ကုလားပဲ အစိမ်းမုန့်ကို ရေအေးနဲ့ဖျော်ပါ အားလုံးကြေသွားအောင် လက်နဲ့ နယ်ပြီးချေပေးပါ

ပြုတ်ထားတဲ့ကြက်သားကို ဆယ်ပြီး အအေးခံထားပါ
ကြက်ပြုတ်ရည်ထဲကို ခုန ကုလားပဲ အစိမ်းရည်ကို ကြက့်ပြုတ်ရည်ထဲကိုလောင်းထည့်ပါ
ကုလားပဲအစိမ်းရည်ထည့်ပြီးရင် အိုးကို အဖုံးလုံးဝ မပိတ်ပါနဲ့နော် အဟုတ်ရင် ဝေကျကုန်ပါလိမ့်မယ်
မကပ်စေရန် မွှေပေးပါ ပွက်ပွက်ဆူလာတဲ့အထိမွှေပေးပါ အဖုံးမပိတ်ဘဲထားပါ

မုန့်ကြွပ်ကြော်ထားတဲ့ ဆီကို စားပွဲဇွန်း ၆ဇွန်းစာလောက်နဲ့ ကြက်သွန်ဖြူနီ ဆီသတ်ပါမယ်
ဆီကို အပူပြန်ပေးလိုက်ပါ ဆီပူလာလျှင် ကြက်သွန်နီကိုထည့်ပါ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်) ထည့်ကာ ဆီသတ်ပါ
ကြက်သွန်နီ နည်းနည်းနွမ်းလာလျှင် ကြက်သွန်ဖြူ ဂျင်းထည့်ကာ ဆီသတ်ပါ
အားလုံး ရွှေဝါရောင်သမ်းလာလျှင် ခုနက ဆူထားတဲ့ ကုလားပဲရည်ထဲကို လောင်းထည့်ပါ
အရသာအတွက်ဟင်းရည်အိုးထဲကို ငံပြာရည် ကြက်သားမှုန့် ဆားအနည်းငယ်ထည့်ပါ
ဟင်းရည် အရည်ကျစေရန် ဆက်တည်ထားပါ မကြာခဏမွှေပေးပါ ကပ်ပြီး အောက်မှာ တူးသွားမှာဆိုးလို့ပါ

အအေးခံထားတဲ့ ကြက်သားတွေကို ဖွထားပါ အရိုးတွေကိုတော့ ဟင်းရည်အိုးထဲကို ပြန်ထည့်လိုက်ပါ

ဆီချက်ချက်ပါတော့ မယ် ကျမတို့ဆီမှာ ဆီချက်၂မျိုးရှိပါတယ် ဆီဝါ ဆီနီဆိုပြီးတော့
အစပ်မစားနိုင်တဲ့လူတွေအတွက် ဆီဝါပါ အသင့်အတင့်အစပ်စားတဲ့သူအတွက်တော့ ဆီနီ ဆီဝါ စမ်ကြားပါ
အစပ်စားတဲ့လူကတော့ ဆီနီပေါ့နော် ဆိုင်တွေမှာ အဲ့လိုခွဲထားပါတယ်
ပထမဆုံးအနေနဲ့ ဆီကို အိုးထဲမှာထည့်ပြီး မီးဖိုပေါ်မှာ တော်တော်လေးပူလာအောင် အပူပေးပါ
ဆီပူလာလျှင် ပန်းကန်လုံး၂ခု ထဲကို ခွဲထည့်လိုက်ပါ
ဆီထည့်ထားတဲ့ ပန်းကန်လုံး၁ခုထဲကို ငရုတ်သီးမှုန့်(အရောင်တင်မှုန့်) ထည့်လိုက်ပါ
နောက်ကျန်တဲ့ ပန်းကန်လုံး၁ခုထဲကိုတော့ နနွင်းမှုန့်(ဆနွင်းမှုန့်)ထည့်လိုက်ပါ
အခုလိုဆီကို မီးဖိုပေါ်မှာ ငရုတ်သီးမှုန့် နနွင်းမှုန့်တွေမထည့်တာက တူးသွား မည်းသွားမှာဆိုးလို့ပါ
ဒါဆို ဆီနီ ဆီဝါ ဆီချက်လေးရပါပြီနော်

ခုနက ဟင်းရည်အိုး အရည်ကျပြီး အရသာအပေါ့အငံအနေတော်ဆိုရင် ဟင်းရည်လည်းရပါပြီ

သံပုရာသီးကို စိပ်ထားပါ
နံနံပင်၊ မုန့်လာထုပ်(ဂေါ်ဖီထုပ်) ၊ ကြက်သွန်နီ၊ သခွားသီးတို့ကို ပါးပါးလေးတွေလှီးထားပါ

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မုန့်ပွဲစပြင်လို့ရပါပြီ

ဂျုံခေါက်ဆွဲ ထည့်ပါ
မျှင်ထားတဲ့ ကြက်သားပြုတ်လေးတွေထည့်ပါ
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းလောက်ထည့်ပါ
ဆီချက် စားပွဲဇွန်း၂ဇွန်းစာလောက်ထည့်ပါ အစပ်စားတဲ့ပေါ်မှာမူတည်ပြီးထည့်ပါ ဆီနီ ဆီဝါထည့်ပါ
နံနံပင်၊မုန်လာ၊ကြက်သွန်နီအစိမ်း၊သခွားသီးထည့်ပါ
မုန့်ကြွပ်လေးအပေါ်ဆုံးကနေထည့်ပေးပါ
ဟင်းရည် စားပွဲဇွန်း၁ဇွန်းခွဲစာလောက်ထည့်ကာ သံပုရာသီးလေးညှစ်ပြီး သုံးဆောင်နိုင်ပါပြီနော်

Ref:http://myingyankitchen.blogspot.sg/2014/01/blog-post_6.html?m=1

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!