အိမ်ရှင်မတို့ ၀ယ်ယူရာ ဈေးများ၌ သား၊ ငါး၊ ဟင်းသီးဟင်းရွက် အပါအ၀င် အခြားစားဖိုဆောင်သုံး စားသောက်ကုန်များ ယခင်မြင့်တက် ပြီးသား ဈေးနှုန်းဖြင့်ရောင်းချဆဲ ဖြစ်နေသော်လည်း အခြေခံစားသောက်ကုန်တွင် အဓိကကျသည့် ဆန်နှင့် ဆီ ဈေးနှုန်းမှာ မတ်လဆန်းမှစတင်ကာ ပြီးခဲ့သည့်လများထက် ဈေးနှုန်းထပ်မံ မြင့်တက်မှုဖြစ်ပေါ်နေကြောင်း သတင်း ရရှိပါသည်။
အခြေခံစားသောက်ကုန်တွင် အဓိကကျသည့် ဆန်နှင့်ဆီမှာ ဖေဖော်ဝါရီလကတည်းက ဈေးနှုန်း တက်ရိပ်ပြနေခြင်းဖြစ်ရာမှ ယခု မတ်လဆန်းပိုင်းတွင်မူ ဈေးနှုန်း သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ သို့ရာတွင် သား၊ ငါး၊ ဟင်းသီး ဟင်းရွက်နှင့် စားဖိုဆောင်သုံး စားသောက်ကုန်များ ဖြစ်ကြသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးတို့ မှာ ပြီးခဲ့သည့်ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့သည့် မြင့်တက်လျက်ရှိသည့် ဈေးနှုန်းဖြင့် ရောင်းချနေကာ အချို့သော ရာသီပေါ် ဟင်းသီးဟင်းရွက်များမှာမူ ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။
ယခုလက်ရှိအချိန်သည် ဈေးကွက်၌ ဆန်ဟောင်းများ ကုန်လုနီးပါးရှိသည့် အချိန်ဖြစ်ပြီး ဆန်သစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့် အချိန်ကာလလည်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်များက ယခု အချိန်ကာလသို့ ရောက်ရှိချိန်တွင်ဈေး ကွက်၌ လက်ကျန် ကျန်ရှိနေသော ဆန်ဟောင်းမှာ ထွက်ရှိနေသည့် ဆန်သစ်နှင့် ဈေးနှုန်းသိသာစွာ ကွာခြားမြင့်တက်လေ့ရှိသော်လည်း ယခုမတ်လဆန်းတွင်မူ ဆန်ချောအုပ်စုဝင် ဆန်ဟောင်းအချို့မှာ ဆန်ချော အသစ်ဈေးနှုန်းနှင့် တန်းတူ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
"အခုလောလောဆယ် ဆန်ကြမ်းအုပ်စုဝင်တွေက ဈေးနှုန်းငြိမ်နေပြီး ဈေးကွက်ကို အ၀င်များနေတယ်။ ဒါပေမယ့် အချို့ဆန်ချောတွေကတော့ ဈေးကွက်ကိုအ၀င်နည်းနေတဲ့ အတွက် ဆန်ချော အဟောင်းဈေးနှုန်းနဲ့ တစ်ပြည်ကို ကျပ် ၁၀၀ ၀န်း ကျင်လောက်ပဲ ကွာတော့တယ်။ ရန်ကုန်နဲ့ခရီးအရမ်းဝေးကွာတဲ့ ရွှေဘိုဒေသထွက် ပေါ်ဆန်းမွှေးဆိုရင် ဆန်သစ်နဲ့ ဆန်ဟောင်းကဈေးနှုန်း အတူတူပဲ ဖြစ်နေတယ်။ ဆန်ဈေး နှုန်းတွေ ခုလိုတက်နေပေမယ့်လည်း ဆန်ဆိုတာမျိုးက လူတွေအဓိကစား သုံးနေရတဲ့အခြေခံစားသောက်ကုန် ဖြစ်နေတဲ့အတွက် အရောင်းအ၀ယ် တော့ကျမသွားပါဘူး"ဟု ဆန်ဈေး နှုန်းမြင့်တက်လာသည့်အခြေအနေ နှင့်အရောင်းအ၀ယ်အခြေအနေပေါ် မူတည်၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆန် လက်လီလက်ကားအရောင်း ဆိုင်တစ်ဆိုင်က ပြောသည်။
အလားတူ စားသုံးဆီဈေးနှုန်း များမှာလည်းပြည်ပမှဝင်ရောက်သော စားသုံးဆီများအပြင် ပြည်တွင်းရှိပဲဆီ ဈေးနှုန်းများပါ မြင့်တက်နေလျက်ရှိ သည်။ "မလေးရှားစားအုန်းဆီဈေး နှုန်းကနှစ်ဆန်းပိုင်း ကတည်းက မြင့် တက်နေတော့ ပြည်ပကနေပြည်တွင်းကို စားအုန်းဆီဝင်ရောက်တဲ့အခါ ဈေးနှုန်းလိုက်မြင့်တက်ပါတယ်။ ဒါ ကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက် က တစ်ပိဿာကို ကျပ် ၂၆၀၀ သာ ရှိတဲ့ စားအုန်းဆီဈေးနှုန်းဟာ အခု ဆိုရင်တစ်ပိဿာကို ကျပ် ၃၀၀၀ ဖြစ်နေပြီ။ မြေပဲဆီ(ရှယ်)ဈေးနှုန်း ဆိုရင်လည်း အခုဆို တစ်ပိဿာကို ကျပ် ၄၂၀၀နဲ့ ကျပ် ၄၅၀၀ ၀န်း ကျင် ဖြစ်နေပါတယ်။ တခြားပဲပိစပ် ဆီတို့၊ ပြည်ပက၀င်ရောက်တဲ့ဟင်း သီးဟင်းရွက်ဆီတို့ဆိုရင်လည်း ဈေးနှုန်းကျဆင်းမှုမရှိဘဲ အမြင့်ဘက်မှာပဲ ရှိနေပါတယ်"ဟု ဘုရင့်နောင်ပွဲရုံ အတွင်းရှိ စားသုံးဆီမျိုးစုံ လက်လီ လက်ကားအရောင်းဆိုင်တစ်ခုက ပြောပါသည်။
"အခုအချိန်မှာ ကြက်သွန်နီက နယ်စုံကနေ လှိုင်လှိုင်ဝင်နေပြီဆိုတော့ ဈေးနှုန်းတွေက လက်ကား ဈေးကွက်မှာ သိသိသာသာထိုးကျနေပြီ။ ရန်ကုန်ဈေးကွက်ကို အာလူး အသစ်တွေကလည်း လှိုင်လှိုင်ဝင်နေပြီ ဖြစ်တဲ့အတွက် ပွဲရုံမှာ အာလူး လက်ကားဈေးနှုန်းက တစ်ပိဿာကို ကျပ် ၃၂၀ ကနေကျပ် ၄၃၀ အတွင်းပဲ ရှိတော့တယ်။ ကြက်သွန်ဖြူကတော့ စပေါ်ချိန်ဆိုတော့ ဈေးနှုန်းကျဆင်းမှု သိပ်မရှိသေးဘူး"ဟု စားဖိုဆောင် သုံးကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးလက်ကားဖြန့်ဖြူးရာ ပွဲရုံတစ်ခုက ဆိုပါသည်။
လက်ကားဈေးကွက်တွင် ယခုကဲ့သို့ အခြခံစားသောက်ကုန်အချို့ ဈေးနှုန်းကျဆင်းလျက်ရှိသော်လည်း ပြင်ပလက်လီဈေးကွက်၌ ကျဈေး အပေါ်မူတည်၍ ဈေးနှုန်းပြန်ချကာ ရောင်းချမှုများရှိသကဲ့သို့ မြင့်တက်ထား သည့်ဈေးနှုန်းဖြင့်သာ ရောင်းချမှုများလည်း ရှိကြသည်။
"၂၀၁၀ပြည့်နှစ် နှစ်ကုန်ကာနီး လောက်ကစပြီး အစစအရာရာ သုံးစွဲရတဲ့ စရိတ်တွေမြင့်တက်လာတယ်။ ပြီးတော့ ပြင်ပမှာက၀င်ငွေနဲ့ပတ်သက် ပြီး သတင်းတွေကလည်းအစုံထွက် နေတဲ့အတွက် အဲဒီသတင်းကတကယ် ဖြစ်လာ၊ မလာတော့မသိသေးဘူး။ အစစအရာရာ ကုန်ဈေးနှုန်းအများစု က အကျဘက်ကို ဦးတည်မှုမရှိဘူး ဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်း က ဆိုရင်တော့ ကုန်ဈေးနှုန်းတွေက သင်္ကြန်ကာလအနီးဖြစ်တဲ့ မတ်လ ကုန်ကာနီးလောက်မှ မြင့်တက်မှု သိသာတာပါ။ အခုလို ပုံစံမျိုးနဲ့ ဆိုရင်တော့ ကုန်ဈေးနှုန်းတွေက မတ်လနှောင်းပိုင်းလောက်ဆိုရင် သင်္ကြန်ကာလကို အကြောင်းပြုပြီး အကျဘက်ကို ဦးတည်မှုရှိတော့မှာ မဟုတ်ဘူး" ဟု အိမ်ရှင်မတစ်ဦးက ကုန်ဈေးနှုန်းများ မြင့်တက်နေမှုအပေါ်၎င်း၏အမြင်ကို ပြောပါသည်။
"အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်မှုဟာ လူလတ်တန်းစားတွေ အပေါ်တောင် သက်ရောက်မှုရှိလာတဲ့ အတွက် အခြေခံလူတန်းစားတွေ၊ နေ့စားအလုပ်သမားတွေအဖို့ဆိုရင် ၀င်ငွေနဲ့ထွက်ငွေ အချိုးမညီတာတွေ သိသာမှု ပိုလာတယ်"ဟု ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောပါသည်။
စားဖိုဆောင်သုံး အခြေခံစားသောက်ကုန်နှင့် သားငါးဈေးနှုန်းများ
အမျိုးအမည် အရေအတွက် ဈေးနှုန်း(ကျပ်)
ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း) တစ်ပြည် ၁၆၀၀
ရွှေဘိုပေါ်ဆန်းမွှေး(အသစ်) တစ်ပြည် ၁၆၀၀
ပုသိမ်ပေါ်ဆန်းမွှေး(ရှယ်)အသစ် တစ်ပြည် ၁၃၀၀
ပုသိမ်ပေါ်ဆန်းမွှေး(အဟောင်း) တစ်ပြည် ၁၂၀၀
ဖျာပုံပေါ်ဆန်းမွှေး(အသစ်) တစ်ပြည် ၁၃၀၀
ဖျာပုံပေါ်ဆန်းမွှေ(အဟောင်း) တစ်ပြည် ၁၄၀၀
ငစိန် တစ်ပြည် ၆၀၀
ဧည့်မထ(ထူးထူးရှယ်) တစ်ပြည် ၇၅၀
ကြက်သွန်နီ တစ်ပိဿာ ၈၀၀-၁၂၀၀
ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀-၄၅၀၀
အာလူး တစ်ပိဿာ ၇၀၀-၉၀၀
စားအုန်းဆီ တစ်ပိဿာ ၃၀၀၀
မြေပဲဆီ(ရှယ်) တစ်ပိဿာ ၄၂၀၀-၄၅၀၀
ပုစွန်နှစ်ကောင်ဆီ(ဘူးကြီး) တစ်ဘူး ၉၀၀၀
ကြက်သား(ဗမာ) တစ်ပိဿာ ၆၀၀၀-၈၀၀၀
ကြက်သား(စီပီ) တစ်ပိဿာ ၄၅၀၀-၅၅၀၀
ဝက်သား(ပေါင်သား) တစ်ပိဿာ ၆၀၀၀-၇၀၀၀
အမဲသား တစ်ပိဿာ ၄၅၀၀-၅၅၀၀
ငါးကြင်း တစ်ပိဿာ ၃၀၀၀-၄၀၀၀
ငါးမြစ်ချင်း တစ်ပိဿာ ၂၀၀၀-၃၀၀၀
from elevenews
Popular Posts!
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
နိုင်ငံခြားမှရှိတဲ့ဗမာတွေ အထူးသဖြင့် မူဆလင်နိုင်ငံမှာရှိကျတဲ့ ရခိုင်တွေအတွက် အလွန်ကိုအရမ်းအန္တရာယ် များတဲ့အချိန်ပါ! သတိထားသွားလာနိုင်မှလုံခြံ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
ကျွှန်တော့်ရဲ့အသစ် MAC Pro laptop က MAC OSX အတွက် ဘယ် Malware antivirus က အကောင်းဆုံးလဲရှာလိုက်တာ.... နောက်ပြီး ဒီMAC တွေနှင့် မြန်မာလို တ...
-
နိုင်ငံခြားတွေမှာ ဈေးကြီးတဲ့နာမည်ကြီး Brand တွေအားလုံးဟာ Natural Organic တွေဆိုတဲ့ သဘာဝ က ထုတ်လုပ်ထွက်ရှိတာဖြစ်၍ အန္တရာယ်လုံးဝကင်းပြီး တကယ...
-
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မိန့်ခွန်းများ.. Friday, February 12, 2010 ဒီမိုဝေယံ "ကျားနှင့် ရင်ဆိုင်တွေ့သည့် အခါမျိုးတွင် တစ်ဦး...
-
မွတ်ဆလင် hacker များမှ မြန်မာ ဗုဒ္ဓဘာသာ facebook group များအား hack လုပ်၍ Group Administrator အဖြစ် လိုက်လံ သိမ်းပိုက်နေခြင်း ဗုဒ္ဓဘာ...
-
မသိသေးသောသူတွေအတွက် စကာင်္ပူနိုင်ငံသို့ EP,SP ကိုင်သူတွေရဲ့မှီခိုသူခေါ်ယူခွင့်ကို ၁ရက် စက်တင်ဘာလ ၂၀၁၂ မှာစတင်၍ အခြေခံလစာ စကာင်္ပူငွေ၄၀၀၀ ရှိမှာ မ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment