Popular Posts!

Thursday, March 17, 2011

ဂျပန် ဆူနာမီ ကယ်လီဖိုးနီးယားအထိ ရိုက်ခတ်


Tuesday, 15 March 2011 06:53

ပင်လယ်ထဲသို့ လူတစ်ဦးမျောပါသွားခြင်း၊ ကယ်လီဖိုးနီးယားပြည်နယ်၏ ခရိုင်လေးခုတွင် အရေးပေါ်အခြေအနေ ကြေငြာခြင်းနှင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆူနာမီ ရေလှိုင်းကြောင့် ပျက်စီးအနည်းငယ်သာရှိခြင်း။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းလွန်တွင် တုန်လှုပ်ခဲ့သော ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် အားကောင်းသော ဆူနာမီ ရေလှိုင်း (tsunami 津波) သည် ပစိဖိတ် သမုဒ္ဒရာ၏ အခြားတစ်ဖက်ကမ်းရှိ ကယ်လီဖိုးနီးယား ပြည်နယ် ကမ်းခြေအထိ ဝင်ရောက် ရိုက်ခတ်သွားသည်။


ကယ်လီဖိုးနီးယားပြည်နယ် ခရဲ့စဲထ်စီးတီးတွင် ဂျပန်မြေငလျင်ကြောင့် ဖြစ်ပေါ်သော ဆူနာမီရေလှိုင်းဒဏ်ခံရပြီးနောက် တွေ့ရသော မြင်ကွင်းများ


အမြင့်ပေ ၆ ပေမှ ၈ ပေမြင့်သော ရေလှိုင်းကြီးသည် ကယ်လီဖိုးနီးယား (California) ပြည်နယ်နှင့် အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ပိုင်းရှိ ပစိဖိတ်ကမ်းရိုးတန်း (Pacific Northwest) အား သောကြာနေ့တွင် (၁၁. ၃. ၂၀၁၁) ဝင်ရောက်လာရာ ကမ်းခြေများနှင့် ဆိပ်ကမ်းများ ရေလွှမ်းသွားခြင်း၊ ဆိပ်ခံတံတားများ ကျိုးပဲ့သွားခြင်းနှင့် အပျော်စီး သင်္ဘောများ ရပ်နားတည်းခိုရာ (marina) များတွင် သင်္ဘောငယ်များအား ထိခိုက်ပျက်စီးမှု ဖြစ်စေခြင်းတို့ ရှိခဲ့သည်။

ကမ်းခြေနှင့် နီးသောအရပ်၌ နေသူများသည် လှိုင်းရိုက်ခတ်နိုင်သော ဘေးမှ ပို၍ လုံခြုံသော နေရာများသို့ ပြောင်းရွှေ့ကြသည်။ ကယ်လီဖိုးနီးယားပြည်နယ်နှင့် အိုရီဂွန် (Oregon) ပြည်နယ်ကြားနယ်စပ်၏ တောင်ဘက်မိုင် ၂၀ တွင်ရှိသော လူဦးရေ ၇၅၀၀ ရှိ ခရဲ့စဲ့ထ် စီးတီး (Crescent City) တွင်ရှိသော အမျိုးသားတစ်ဦးသည် လှိုင်းနှင့်အတူ ပင်လယ်ထဲသို့ ပါသွားရာ ကမ်းခြေစောင့်တပ် (US Coast Guard) က ရှာဖွေရာ မတွေ့ရသဖြင့် ရှာဖွေခြင်းအား အဆုံးသတ်လိုက်သည်။ ထိုသူမှာ ကလာမက်သ်မြစ် (Klamath River)၏ မြစ်ဝတွင် သူ၏ အဖော်နှစ်ဦးနှင့် ဓာတ်ပုံရိုက်နေကြစဉ် လှိုင်းလုံးကြီးက ပင်လယ်ထဲသို့ ဆွဲခေါ်သွားခြင်း ဖြစ်သည်။

အဖော်နှစ်ဦးမှာ ရေကူးပြီး လွတ်မြောက်လာခဲ့ကြသည်။ ကယ်လီဖိုးနီးယား၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်း (State Governor Jerry Brown) သည် ကယ်လီဖိုးနီးယား၏ ခရိုင်(County, counties )လေးခု အား အရေးပေါ်အခြေအနေ ကြေငြာလိုက်သည်။ ၎င်းခရိုင်များမှာ ဒဲလ် နော်ရ်တေ (Del Norte)၊ ဟန်းဘို့လ်ထ် (Humbolt)၊ စန်း မာတေးယို (San Mateo) နှင့် စန်းတာ ခရုစ် (Santa Cruz) တို့ဖြစ်ကြသည်။ အပျက်အစီးစာရင်းအတိအကျ မသိရသေးသော်လည်း ယခုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြင့် ၎င်း ခရိုင်လေးခုသည် ဗဟိုအစိုးရ၏ ထောက်ပံ့ကူညီမှု (federal aid) အား တောင်းခံနိုင်မှုအတွက် အကျုံးဝင်မည်ဖြစ်သည်။

ကျောက်ဆောင်ထူထပ်သော ကမ်းခြေတွင် တည်ရှိပြီး Redwood အမျိုးအစား သစ်တောများ ရှိသည့် ခရဲ့စဲ့ထ် စီးတီး (Crescent City)သည် ၁၉၆၄ ခုနှစ် အာလာစကာ (Alaska) ပြည်နယ်တွင် ငလျင်လှုပ်စဉ်ကလည်း ဆူနာမီ ရေလှိုင်းကြောင့် လူ ၁၁ ဦးသေဆုံးပြီး လူနေအိမ်နှင့် စီးပွားရေးလုပ်ငန်း အဆောက်အဦး ၂၈၉ လုံး ပျက်စီးခဲ့သည်။ ပစိဖိတ် သမုဒ္ဒရာ၏ အနောက်မြောက်ဖက်ရှိ ရုရှားနှင့် ဂျပန်တို့ ပိုင်ဆိုင်မှု အငြင်းပွား နေသော ကျူရီကျွန်းများ (Kuril Islands) တွင် ၂၀၀၆ ခုနှစ် ငလျင်လှုပ်စဉ်ကလည်း ဆူနာမီကြောင့် မြို့၏ ဆိပ်ကမ်းတွင် ဒေါ်လာ ၁၀ သန်းခန့် ပျက်စီးမှုရှိခဲ့သည်။





ဂျပန်မှ စတင်ခဲ့သော ဆူနာမီရေလှိုင်း ရောက်ရှိလာမည့် အချိန်ခန့်မှန်းချက်များ

ခရဲ့စဲ့ထ် စီးတီး ၏ မြို့ကောင်စီဝင် (Crescent City Councilman) တစ်ဦးဖြစ်သူ ရစ်ချာ့ဒ် အဲန်နီယာ(Richard Enea)က ပြောကြားရာတွင် မိမိနှင့်အခြား အရာရှိများသည် ကြာသပတေးနေ့ (၁၀. ၃. ၂၀၁၁) ညပိုင်းတွင် ဆူနာမီ သတိပေးချက် ရရှိသည်။ သူတို့သည် ၁၉၆၄ ခုနှစ် ဆူနာမီ ဒဏ်ခံရပြီး ရေးဆွဲခဲ့ကြသော အရေးပေါ်စီမံချက် အတိုင်းဆက်၍ ဆောင်ရွက်ကြသည်။ ဆူနာမီအချက်ပေး ဥသြသံသည် နံနက် ၄ နာရီတွင် မြည်သောအခါ မြို့နေလူများသည် ရေဒီယိုများအား ဖွင့်ကြရာ “ယခုအရေးပေါ် လေ့ကျင့်ခြင်း မဟုတ်ကြောင်း၊ အမှန်တကယ် ဆူနာမီ အန္တရာယ် ကျရောက်လာမည် ဖြစ်ကြောင်း၊ ကြိုတင် စီစဉ်မှုများ ပြုလုပ်ရန် နံနက် ၇ နာရီအထိ အချိန်ရကြောင်း ကြေညာသည်။”


ရုပ်သံ အစီအစဉ် များမှလည်း ဖြစ်ပျက်နေမှုအား တွေ့ကြရသည်။ ယခုစီမံချက်အား ယခင်ကလည်း လေ့ကျင့်ခဲ့ဖူးသဖြင့် မြို့နေလူများ ထိတ်လန့်မှု မရှိကြောင်း၊ လိုအပ်သောပစ္စည်းများ စုဆောင်းပြီး ဆွေမျိုး မိတ်ဆွေများနှင့် အဆက်အသွယ် ပြုလုပ်ကြသည်။ နေ့လည်မတိုင်မီ အချိန်မှစ၍ မြို့သည် တိတ်ဆိတ်ခြောက်ကပ် သွားသည်ဟု မစ္စတာ အဲန်နီယာ(Mr.Enea) ကပြောသည်။

Ref: Internet Tsunami spawned by Japan's quake smacks California and Oregon (The Los Angeles Times)

Japanese tsunami causes death and destruction on US West Coast (The New York Post)

Japan earthquake: Tsunami reaches US West Coast (BBC News)

ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)












No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!