Popular Posts!

Friday, March 18, 2011

စင်ကာပူနိုင်ငံရဲ့ နောက်ဆုံးလက်ကျန်ရွာကလေး အနာဂတ် မသေချာမရေရာတော့

(အေအက်ဖ်ပီ)-ဇော်ဝင်း ဘာသာပြန်သည်။ -အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)
စင်ကာပူနိုင်ငံတွင် တစ်ခုတည်းကျန်နေခဲ့သော ရွာကလေးမှ အိမ်ရှင်မစ္စဟောင်ကို ပြီးခဲ့သည့် ဇန်န
ဝါရီလအတွင်းက သူ့ခြံ အတွင်းတွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
တိုက်ခန်းမြင့်ကြီးတွေအကြားက ထောင့်တစ် ထောင့်မှာ တိတ်တိတ်ဆိတ် ဆိတ်နဲ့ တစ်ထပ်အိမ်
တန်းလေးတွေဟာ ကျေးလက်ဆန်ဆန်နဲ့ စင်ကာပူ မြို့ကြီးပေါ်မှာ ရှိနေတယ်။

ခွေးတွေ ကြောင်တွေက လွတ်လွတ်လပ်လပ် ပြေးလွှားနေပြီး ကြက်တွေ ကလည်း ဆူညံနေတယ်။

ကလေးတွေကတော့ မလှမ်းမကမ်းက ကားလမ်းမကြီးက ကားတွေရဲ့ ရန်က အနှောင့်အယှက် ကင်းကင်းနဲ့ ရောင်စုံသွပ်မိုးပျဉ်ကာ အိမ်လေး တွေကြားမှာ ကစားနေကြတယ်။

စင်ကာပူမြို့ကြီးပေါ်မှာ နောက်ဆုံး ကျန်နေသေးတဲ့ ကန်ပွန်လော် ရွန်ဘွမ်ကောက်ကနေကြိုဆိုပါတယ်။

အချိန်ကသိပ်မကျန်တော့ပေမယ့် သက်ဆိုင်ရာက အတင်းမရွှေ့ပြောင်း ခိုင်းသေးခင်အထိတော့ ဒီရွာလေးဟာ အာရှရဲ့ခေတ်အမီဆုံးနဲ့အကြွယ်ဝဆုံး ဖြစ်မလာခင် ဟိုး ၁၉၅၀ ပြည့်နှစ်များဆီက စင်ကာပူရဲ့ ပုံရိပ်အကြောင်း ပြောပြနေဦးမှာပါ။

စင်ကာပူမြောက်ပိုင်းဆင်ခြေဖုံးက ဘောလုံးကွင်းသုံးကွင်းစာလောက်ရှိတဲ့ ဒီရွာလေးမှာ ပြန့်ကျဲနေတဲ့ အိမ်ပေါင်း ၂၈ အိမ်ရှိပြီး လူဦးရေ ၅၀ ရှိပါတယ်။ ကတ္တရာလမ်း ခင်းမထားဘဲ ဥယျာဉ်ခြံ ကျယ်ကြီးတွေ၊ မြက်ခင်းစပ်တွေ၊ ရာသီပေါ် ငှက်ပျောပင်အုပ် တွေနဲ့ပြည့်နေတဲ့ ဒီနေရာလေးဟာ မိုးထိတိုက်ခန်းကြီးတွေ၊ ရုံးခန်းမျှော်စင်ကြီးတွေနဲ့ ရှော့ပင်း မောကြီးတွေနဲ့ ပနံရနေတဲ့ မြို့နိုင်ငံ လေးကို ခေတ်နောက်ပြန်ဆွဲနေတယ်။

ရွာခံတွေအတွက်ကတော့ တစ်နေ့တာ လုပ်ငန်းသိမ်းလို့ အိမ်ပြန်ရောက်ရင် ရင်းနှီးကျွမ်းဝင်တဲ့ အိမ်နီးချင်းတွေရှိတဲ့ အေးချမ်း တိတ်ဆိတ်တဲ့ နေရာလေးပါ။ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိတဲ့ မြို့ပြနေ ထိုင်မှုနဲ့အတော်ကွာပါတယ်။
"အိမ်နီးချင်းတွေကို ကျွန်မတော်တော် သံယောဇဉ်ဖြစ်မိပါတယ်"လို့ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ အပျိုကြီး ဟောင်က ပြောပါတယ်။

သူဟာ တစ်လကို စင်ကာပူဒေါ်လာ ၆ ဒသမ ၅၀ ကနေ ၃၀ (အမေရိကန် ဒေါ်လာ ၅ ကနေ ၂၃) နဲ့အိမ်ငှားစားတဲ့သူပါ။ စင်ကာပူဟာ ဗြိတိသျှကိုလိုနီလက်အောက်မှာရှိစဉ် ၁၉၅၆ ခုနှစ်မှာ သူ့ရဲ့မိသားစုဟာ ဒီဒေသလေးကို ပြောင်းလာခဲ့တာပါ။ လျှပ်စစ်မီးနဲ့ ရေ တောင် ၁၉၆၂ ခုနှစ်ကျမှ ဒီရွာလေးကို ရောက်ခဲ့တယ်။

နောက်ပိုင်းကျ ဒီရွာလေးမှာ တရုတ်နဲ့ မလေးမိသားစုတွေ ရောနှောနေထိုင်လာကြတယ်။ အိမ်လေးတွေက တစ်အိမ် နဲ့ တစ်အိမ် ၁၆ ပေခွဲကွာကြတယ်။

"ဒီရွာမှာ အတူတူနေကြတဲ့ သူတွေကတော့ ဆွေမျိုးရင်းချာတွေလိုပါပဲ။ တရုတ်ဖြစ်ဖြစ်၊ မလေးဖြစ်ဖြစ် ဘာမှမထူးပါဘူး"လို့ သူက ဆိုပါတယ်။

စင်ကာပူရဲ့စံအရ ဒီရွာလေးမှာ စူပါ မားကက်ကြီးတွေ၊ ကျောင်းတွေ၊ ကားနဲ့ ရထားဂိတ်တွေနဲ့ဝေးလွန်းလှတာကြောင့် ရွာခံလူတွေဟာ ဘာမှဟုတ် ဟုတ်ညားညား မျှော်လင့်ကြတာမှ မဟုတ်တာ။ ၁၉၆၇ ခုနှစ်ကတည်းက ရွာလေးမှာ နေထိုင်လာတဲ့ မိတ်ကပ်ပညာရှင် ဂျမေးလ်ဟာ ရင်းနှီးဖော်ရွေတဲ့ ကျေးလက်သဘာဝကို သဘောကျနေတယ်။

"ဒီကလူတွေက အရမ်းဖော်ရွေ ကြတယ်၊ မိတ်ဆွေဖြစ်ဖို့ အရမ်းလွယ်တယ်"လို့ သူကပြောပါတယ်။

အဆောက်အအုံဟောင်းကြီးတွေကို ခေတ်မီအိမ်ရာတွေအဖြစ် ပြောင်းနေ ပြီး မြေနေရာရှားပါးတဲ့ စင်ကာပူမှာ ဒီရွာလေးရဲ့အနာဂတ် ကလည်း မရေရာပါဘူး။ တချို့မြို့ကျောင်းတွေဆိုရင် သူတို့ရဲ့ ကလေးငယ်တွေကို ကျေးလက်ဓလေ့ကို လေ့လာဖို့ ဒီရွာကို ပျော်ပွဲစား ခရီး ထွက်လာတတ်ကြတယ်။

ဒီရွာလေးကို ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်ရှိတယ်လို့ စင်ကာပူမြို့ပြပြန်လည် တည်ဆောက်ရေးအာဏာပိုင်အဖွဲ့က ပြောထားပေမယ့် အချိန်အတိအကျ မဖော်ပြသေးပါဘူး။
From Myanmartimenews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!