တရုတ်(တိုင်ပေ) ရှိ Jinguashi ရွှေပြတိုက်၌ပြသထားသော ကမ္ဘာ့အကြီးဆုံးရွှေတုံးကို လာရောက်ကြည့်ရှုသူတစ်ဦးက ကိုင်တွယ်ကြည့်နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီဤဆွစ်ဇာလန်နိုင်ငံ၏ ထောင့်စွန်း တစ်နေရာတွင် လူတွေက အီတာလျံ စကား ပြောကြသည်။
နေ့စဉ်နေ့တိုင်း အရှေ့အလယ်ပိုင်း၊ အာရှ၊ ဥရောပနှင့် မြောက်အမေရိက တို့မှ ရောက်ရှိလာသော လက်ကောက်၊ ခြေချင်းစသော လက်ဝတ် ရတနာများကို ပြန်လည် သန့်စင်၍ရွှေချောင်း၊ ရွှေတုံးများအဖြစ် ပြန်လည် သွန်းလုပ်သည့် လုပ်ငန်းကို လုပ်ကိုင်နေကြရာ လုပ်ငန်းမှာ အတော်ပင်ဖြစ်ထွန်းလျက်ရှိသည်။
"အဲဒါကတော့ ခင်ဗျားအဘွားရဲ့ ရွှေလည်းဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ခင်ဗျားရည်းစားဟောင်းက ပေးထားတဲ့ လက်ဆောင်လည်း ဖြစ်ချင်ဖြစ် မှာပေါ့။ ရွှေဆိုတာက ပျောက်သွားတာမျိုး မဟုတ်ဘူးလေ"ဟု အဓိက ရွှေသန့်စင် လုပ်ငန်းဖြစ်သော အာဂေါဟဲရေးယပ်စ် ၏ အမှုဆောင် အရာရှိချုပ် အာဟတ် အိုဘာလီက ပြောသည်။
ယင်းလုပ်ငန်းသည် တစ်နှစ်လျှင် ရွှေတန်ချိန် ၄၀၀ ခန့် သန့်စင်နေသောလုပ်ငန်းဖြစ်သည်။
ဒေါ်လာက ဈေးကျ၊ အမေရိကန်နှင့် ဥရောပတို့တွင် ဘတ်ဂျက်လိုငွေပြနေကြခြင်းနှင့် ဗဟိုဘဏ်များက စီးပွားရေး အင်အားနည်း သည့် နိုင်ငံများအား ဒေါ်လာ ထရီလျံနှင့်ချီ၍ ပံ့ပိုးထည့်ပေး နေရခြင်းတို့ကြောင့် ရွှေဈေးတက်လာ ခဲ့ခြင်းဖြစ်သည်။
"ရင်းနှီးမြှုပ်နှံသူတို့ဘက် တွေ့နေရတဲ့ အပြောင်းအလဲပေါ့။ အာရှဗဟို ဘဏ်တွေကစလို့ တစ်ဦးချင်း ရင်းနှီး မြှုပ်နှံသူတွေအထိ ရွှေတုံးတွေ၊ ရွှေဒင်္ဂါး တွေ ၀ယ်နေကြတယ်"ဟုဘာကလေးစ် ကက်ပီတယ်လ်၏ ကျောက်မျက် ရတနာမဟာဗျူဟာပညာရှင် ဆူကီ ကူးပါးက ပြောသည်။
ဟားရော့ဂိုးလ်ဘူလျံ၏ အကြီးအကဲ ခရစ္စဟီးလ်ဝမ်အဆိုအရ ရွှေချောင်း များကို ရွှေဒင်္ဂါးများထက် ပို၍ လူကြိုက် များသည်ဟု သိရသည်။ ၁၀၀ ဂရမ် ရွှေချောင်းများကို လူကြိုက်အများဆုံး ဖြစ်သည်။
နယူးဂျာဆီပြည်နယ် အီးဂဲလ်ဝုဒ်ရှိ ပါလီဆိတ် လက်ဝတ်ရတနာ စတိုးဆိုင် ပိုင်ရှင် ရွန်လီဘာမန်က သူ၏ စတိုးဆိုင်သို့ လာရောက် ရောင်းကြသူ အရေအတွက်မှာ ခါတိုင်းထက် ၁၀ ဆခန့် ရှိသည်ဟု ပြောသည်။
ဤ ၁၀ စုနှစ် အစတွင် ရွှေဈေးသည် တစ်အောင်စ ဒေါ်လာ ၃၀၀ သာရှိခဲ့ရာမှ ရွှေဈေး သည် ဒေါ်လာ ၁,၁၀၀ ကျော်အထိဖြစ် လာ သောကြောင့် ထိုသို့များလာခြင်းပင်။
"ကျွန်တော့ဆီ ရောက်လာတဲ့ လူတွေက ပြောတယ်။ ရွှေဈေးကတော့ ဒေါ်လာ ၂,၀၀၀ အထိ ဖြစ်တော့မှာ ပဲတဲ့"ဟု လီဘာမန်က ပြောသည်။
ရွှေဈေးတက်ဦးမည်ဟု ပြောနေကြသူများမှာ လက်ဝတ်ရတနာဆိုင်များသို့ သွားရောက် ရောင်းဝယ်နေသူများသာမဟုတ်။
နိုင်ငံရပ်ခြားတွင် သွား ရောက် ရင်းနှီးမြှုပ်နှံနေသူ ဂျင်မ်ရော် ဂျာကလည်း လွန်ခဲ့သော သီတင်းပတ်က ဘလွန်းဘာ့ဂ် ရုပ်သံနှင့် ပြောဆိုရာ ၌ ရွှေတစ်အောင်စဈေးသည် ဒေါ်လာ ၂,၀၀၀ အထိ ဖြစ်လာနိုင်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။
သို့ရာတွင် ကမ္ဘာ့စီးပွားရေး ပြဿနာ ကြုံလာနိုင်သည်ဟု ကြိုတင်ဟောကိန်း ထုတ်ခဲ့၍ လူသိများလာသူ စီးပွားရေး ပညာရှင် နျူရီယမ်ရူဘီနီကမူရောင် ဂျာ၏ ခန့်မှန်းချက်မှာ 'အဓိပ္ပယ်မရှိ' ကြောင်း နယူးယော့ခ်မြို့၌ ကျင်းပသော ညီလာခံတစ်ခုတွင် ပြောသည်။
လွန်ခဲ့သော သီတင်းပတ်အတွင်း အိန္ဒိယ ဗဟိုဘဏ်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) ထံမှ ရွှေတန် ၂၂၀ ၀ယ်လိုက်သဖြင့် ရွှေအငမ်းမရဖြစ်နေသူများ အံ့အား သင့်သွားကြသည်။ ထိုသို့ဝယ်လိုက် သဖြင့် အိန္ဒိယ၏ အရန်နိုင်ငံခြားငွေ ကြေး ဒေါ်လာ ၂၈၅ ဒသမ ၅ ဘီလျံ တွင် ရွှေ၏ တန်ဖိုးက ယခင် လေးရာ ခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခု ခြောက်ရာခိုင် နှုန်း ဖြစ်သွားပေမည်။
"ကျွန်တော်တို့မှာ ရွှေဝယ်ဖို့ ငွေရှိ တယ်လေ"ဟု အိန္ဒိယ ဘဏ္ဍာရေး ၀န်ကြီးပရာနတ်မူကာဂျီက ပြောသည်။
သီရိလင်္ကာဗဟိုဘဏ်ကလည်း ရွှေ ၀ယ်တော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောသည်။ ဤအခြေအနေများ သည် မိမိ၏ အကြွေးများ ပေးချေနိုင်ရန်အတွက် နိုင်ငံခြား ဗဟိုဘဏ်များက မိမိတို့၏ ငွေချေးစာချုပ်များကို ၀ယ်မည့်သူကို မျှော်နေရသည်။ အမေရိကန်အား အချိန်ကြာလာလျှင် ထိခိုက် သွားနိုင်သည့် အခြေအနေဖြစ်သည်။
တရုတ်သည်လွန်ခဲ့သည့် ခြောက်နှစ် ကာလအတွင်း ယင်း၏ အရန်ရွှေ နှစ်ဆတက်ခဲ့ပြီဖြစ်သည်။
ခြုံကြည့်လျှင် ၂၀၀၉ ခုနှစ်၏ ဒုတိယ သုံးလပတ်တွင် လက်ဝတ်ရတနာအတွက် ရွှေသုံးစွဲမှုသည် ၂၀ ရာခိုင်နှုန်း ကျသွားသော်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ၀ယ်လိုအားသည် ၅၁ ရာခိုင် နှုန်းတက်ခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီက ပြောသည်။
အောင်စ ၁၀၀ နှင့် အောက် အလေး ချိန်ရှိသော ရွှေချောင်းများအတွက် ရင်းနှီးမြှုပ်နှံသူများ၏ ၀ယ်လိုအားသည် ၈၀ ရာခိုင်နှုန်းတက် သွားကြောင်း PAMP ကုမ္ပဏီကို ပိုင်ဆိုင်သော အမ်ကေအက်စ်ဖိုင်းနန့်စ်ကုမ္ပဏီဥက္ကဋ္ဌ မာဝမ်ရှာကာရချိက ပြောသည်။
အနာဂတ်အတွက် စိုးရိမ်ပူပန်မှု ရှိနေကြခြင်းအပြင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အခြေအနေများကလည်း ရွှေကိုပို၍ အငမ်းမရဖြစ် စေသည်။
တစ်ကမ္ဘာ့လုံး၌ အခွန်တိမ်း ရှောင်မှုများကို နှိမ်နင်းခဲ့ခြင်း၊ ဆွစ် ဘဏ်များက မိမိတို့၏ ဖောက်သည် အမေရိကန်သူဌေးများ၏ အမည်များကို သက်ဆိုင်ရာ အာဏာပိုင်များသို့ လွှဲပေးလိုက်ခြင်းတို့ကြောင့် လူချမ်းသာများသည် အလွယ်တကူ ထိမ်ဝှက် ထားနိုင် သည့် ရင်းနှီးမြှုပ်နှံမှုဘဏ်ကို ပိုသဘောကျလာခြင်းဟု ကျွမ်းကျင်သူများက ပြောကြသည်။
"ဥရောပမှာတော့ လူတွေက စာရွက် စာတမ်းတွေ မရှိတဲ့ရွှေကိုပဲ သိမ်းထား ချင်ကြတယ်"ဟု အာဂေါဟဲရေးယပ်စ် ရွှေငွေရတနာ လုပ်ငန်း ညွှန်ကြားရေးမှူး ဘန်းဟတ်ရှနဲလ်မန်းက ပြောသည်။
မင်ဒရီဆီယိုတစ်ဝိုက်ဒေသသည် ၁၀ စုနှစ်များနှင့်ချီ၍ ရွှေသန့်စင်လုပ်ငန်းကို ကြီးစိုးလွှမ်းမိုးခဲ့သော ဒေသဖြစ်သည်။
အစဉ်အလာအားဖြင့် လက်ဝတ် ရတနာလုပ်ငန်းလုပ်ပြီး အလုပ်သမားလည်းဈေးပေါသည်။ အီတလီမြောက်ပိုင်းနှင့် ကပ်နေသဖြင့် လည်း အကျိုးအမြတ်ဖြစ်ထွန်းသည်။ ဆွစ်အစိုးရကလည်း ရွှေရည်ကောင်းမွန်မှုကို တာဝန်ခံခြင်း၊ စည်းမျဉ်းစည်းကမ်းများ နှင့် ကြီးကြပ်ပေးခြင်းတို့ဖြင့် ဤလုပ်ငန်း တိုးတက်အောင်ပျိုးထောင်ပေးသည်။
ဤဒေသလုပ် ၁၀၀ ဂရမ် ရွှေချောင်းများမှာ လက်တစ်ဆုပ်စာ အရွယ်ဖြစ် ပြီး ၁၂ ဒသမ ၅ ကီလို၊ အောင်စ ၄၀၀ ရွှေတုံးမှာမူ အတုံး အကြီးကြီးဖြစ်သည်။
ယခုအခါ အိန္ဒိယသည် ရွှေကို လက်ဝတ်ရတနာအတွက် အီတလီထက် အဆများစွာ သုံးစွဲသည့်နိုင်ငံဖြစ်သော် လည်း အီတလီနားတွင် ကပ်နေသော ဤဒေသမှာမူ ဤနေရာ ဤဒေသသို့ အာဖရိကမှ ရွှေရိုင်းတို့သည် လက်ကောက်၊ လည်ဆွဲစသော လက်ဝတ် ရတနာ များနှင့်အတူ ရောက်ရှိနေကြသောကြောင့် ကမ္ဘာ့ရွှေအလုပ်ရုံ ဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားသည်။
ဆွစ်ဇာလန် ရွှေတစ်တန်ထွက်သွားရန် ပူပန်ဖွယ်မရှိ။
"၀င်လာတာမှန်သမျှ ထွက်သွားတာပဲလေ"ဟု အာဂေါဟဲ ရေးယပ်စ်၏ အမှုဆောင် အရာရှိချုပ် မစ္စတာအိုဘာဘီက ပြောသည်။
Ref:myanmartime news
No comments:
Post a Comment