Popular Posts!

Wednesday, March 9, 2011

ဆယ်စုနှစ် တစ်ခုကို ပြန်ကြည့်ခြင်း

ဆယ်စုနှစ် တစ်ခုကို ပြန်ကြည့်ခြင်း


ဒီကနေ့ထုတ် ဈေးကွက်ဂျာနယ်ဟာ ၂ဝ၁ဝ ပြည့်နှစ်အတွက် နောက်ဆုံးထုတ် ဖြစ်သလို ၂၁ ရာစု ပထမ ဆယ်စုနှစ်တစ်ခုရဲ့ အဆုံးသတ်လဲ ဖြစ်တယ်။ ဒီတော့ ပြီးဆုံးခဲ့တဲ့ ဆယ်နှစ်ကာလအတွင်း ဖြစ်ခဲ့၊ ပျက်ခဲ့တာတွေကို အကြမ်းဖျင်းအားဖြင့် တစေ့တစောင်း ပြန်ပြောင်းကြည့်သင့်တယ်လို့ ထင်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကာလ အတွင်း ဖြစ်ရပ်တွေက ကမ္ဘာကြီးကို အမြစ်မြေလှန် တော်လှန်ပစ်ခဲ့တယ်။ အတွေးအမြင်တွေကို ပြောင်းလဲပစ်ခဲ့တယ်။ ကိုင်စွဲထားကြတဲ့ အယူအစွဲတွေကို ရိုက်ချိုးပစ်ခဲ့တယ်။ မထင်မရှား အကြမ်းဖက်သမား တစ်စုက ကမ္ဘာ့စူပါ-ပါဝါ နိုင်ငံကြီး တစ်နိုင်ငံရဲ့ အဓိကရ အဆောက်အအုံတွေကို တိုက်ခိုက်ဖြိုချ ပစ်ခဲ့တယ်။ ဘဏ္ဍာရေး ပြဿနာကြောင့် ချမ်းသာတဲ့ နိုင်ငံတွေ ကသီလင်တ ဖြစ်သွားခဲ့ကြပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ စီးပွားရေး တိုးတက် လာခဲ့တယ်။ ဒီလိုဖြစ်ရပ်တွေ ကြားထဲမှာ လူသားတွေရဲ့ တီထွင်ဆန်းသစ် နိုင်စွမ်းက အံ့မခန်းပါပဲ။

Y2K ပြဿနာ

မှတ်မိကြမှာပါ။ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ် အရုဏ်ကျင်းချိန် ဟာ ၂ဝ ရာစုမှ ၂၁ ရာစုသို့ ရာစု နှစ်သာမက ထောင်စုနှစ် Millionium အကူးအပြောင်းနဲ့လဲ ကြုံကြိုက်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ သုံးစွဲနေကြတဲ့ ကွန်ပျူတာတွေ ကသောင်းကနင်း ဖြစ်သွားနိုင်တယ်ဆိုပြီး Y2K ပြဿနာ ပေါ်ထွက်ခဲ့သေးတယ်။ အချို့ကလဲ Millennium Computer Bug Problem လို့ခေါ်ကြတယ်။

အဲဒီတုန်းက ကွန်ပျတာ ပရိုဂရမ်တွေမှာ ၂ဝ ရာစုနှစ် အတွက်သာ ခုနှစ်သက္ကရာဇ်တွေ ပါရှိခဲ့တယ်လို့ ဆိုတယ်။ ဥပမာ-ခရစ်နှစ် ၁၉ဝဝကို ပြောချင်ရင် ခရစ်နှစ်ရဲ့ နောက်ဆုံး ဂဏန်းနှစ်လုံး a Two digit numeral ကို အသုံးပြုပြီး 'ဝဝ'သုညနှစ်လုံးနဲ့ ဖော်ပြတယ်။ ၁၉၉၉ ခုနှစ်ကို ပြောချင်ရင် ၉၉ လို့ပဲ အတိုကောက် ရေးသွင်း ထားခဲ့ကြတယ်။ ၂၁ ရာစုအတွက် ခုနှစ် သက္ကရာဇ်တွေ ထည့်သွင်းထားခြင်း မရှိဘူး။ ဒီတော့ ခရစ်နှစ် ၂ဝဝဝ ကို ကွန်ပျူတာထဲ ထည့်သွင်းလိုက်ရင် ကွန်ပျူတာက နားမလည်ဘဲ ခရစ်နှစ် ၁၉ဝဝ လို့ဖတ်ပြီး အဖြေ မှားထုတ်ပေးနိုင်တယ်။

ဒါကြောင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင် ၁၂ နာရီကျော်ပြီး ခရစ်နှစ် ၂ဝဝဝ ထဲ ကူးပြောင်းသွားတာနဲ့ ပြဿနာ အကြီးအကျယ် တက်လာနိုင်တယ်။ ဒီလိုမဖြစ်ရအောင် Bank for International Settlements နဲ့ Global Financial Communications Network တို့က ကမ္ဘာတစ်ဝန်းမှ ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း တွေကို မိမိတို့ရဲ့ ကွန်ပျူတာထဲမှာ Y2K bug ခိုအောင်းမနေရအောင် ကြိုကြိုတင်တင် စစ်ဆေးပြင်ဆင်ထားကြဖို့ ဆော်သြခဲ့တယ်။ အခြားသော အဖွဲ့အစည်းတွေကလဲ သက်ဆိုင်ရာ လက်အောက်ခံ အဖွဲ့အစည်းတွေကို ဒီလိုပဲ ညွှန်ကြားခဲ့ကြတယ်။ ဒီအတွက် ငွေကြေးအမြောက်အမြား ဘီလီယံနဲ့ချီပြီး ကုန်ကျခဲ့ကြရတယ်။ ဒါပေမယ့် အမှန်တကယ် အကူး အပြောင်းကာလမှာ ဘာပြဿနာမှ ပေါ်ထွက်မလာခဲ့ပါဘူး။

အကြမ်းဖက်အန္တရာယ်

ဒါပေမယ့် ဒီဆယ်စုနှစ် တစ်ခု လုံးကို စိုးမိုးထားနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ် ခုကတော့ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပျက်ခဲ့တယ်။ သူများနိုင်ငံတွင်းမှာ ပုန်းလျှိုး ကွယ်လျှိုးနဲ့ ခိုအောင်းနေရတဲ့ အယ်လ်ကိုင်ဒါ​ အကြမ်းဖက် အဖွဲ့ရဲ့ အဖွဲ့ဝင် တချို့က အမေရိကန် နိုင်ငံရောက်လာခဲ့ပြီး လေယာဉ်မောင်း သင်တန်းတက်၊ ခရီးသည်တင် လေယာဉ်တွေကို အပိုင်စီးကာ နယူးယောက်မြို့က ကုန်သွယ်ရေးစင်တာ မိုးမျှော်အဆောက်အအုံ နှစ်ခုကို လေယာဉ်နှစ်စင်းနဲ့ အသေခံ ဝင်တိုက်ခဲ့တယ်။ အခြားလေယာဉ် တစ်စင်းကလဲ အမေရိကန် ပင်တဂွန် Pentagon စစ်ဋ္ဌာချုပ်ကို ဝင်တိုက်ခဲ့တယ်။ နောက်လေယာဉ် တစ်စင်းက အမေရိကန် သမ္မတ အိမ်ဖြူတော် White House ကို ဝင်တိုက် ဖို့အလာ လမ်းခရီး တစ်ဝက်တစ်ပျက်မှာ အကြမ်းဖက် သမားတွေနဲ့ ခရီးသည်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လေယာဉ်ဟာ လယ်ကွင်းထဲ ထိုးကျပေါက်ကွဲ သွားခဲ့တယ်။ ဒီဖြစ်ရပ်ထဲမှာ လူပေါင်း ၃ဝဝဝ ဝန်းကျင် အသက်ဆုံးရှုံးခဲ့ရတယ်။

အဲဒီအချိန်ကစပြီး အမေရိကန် နိုင်ငံဟာ အစိုးရတစ်ရပ် မဟုတ်တဲ့ နေရာအတည်တကျ မရှိတဲ့ အစ္စလာမ် မစ် အကြမ်းဖက် သမားတွေနဲ့ စစ်ခင်း ခဲ့ရတော့တယ်။ ၂ဝဝ၁ ခုနှစ်က အကြမ်းဖက် သမားများ အဓိကပုန်း အောင်းရာဖြစ်တဲ့ အာဖဂန်နစ္စတန် နိုင်ငံကို အမေရိကန် တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ နေတိုး တပ်ဖွဲ့တွေနဲ့ ပါကစ္စတန် တပ်များကလဲ ထောက်ကူပေးခဲ့တယ်။ ၂ဝဝ၃ ခုနှစ်မှာ အီရတ်နိုင်ငံကို အမေရိကန်က တစ်ကိုယ်တော်ဝင်တိုက်ခဲ့ပြန်တယ်။ လူအများအပြားကို သေကျေစေနိုင်တဲ့ လက်နက်များ WMD အီရတ်မှာရှိ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ခိုက်ခဲ့တယ်။

ဒီကနေ့မှာ အမေရိကန်တပ်များ အနေနဲ့ အီရတ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်ခြင်း မရှိတော့ပေမယ့် နောက်တန်းကနေ ထောက်ကူ ပေးလျက်ရှိတယ်။ အမေရိကန် တပ်များ အီရတ်မှ လုံးလုံးလျားလျား ထွက်ခွာသွားဖို့ ရည်ရွယ်တယ်။ ဒါပေမယ့် အာဖဂန် နစ္စတန်မှာတော့ အမေရိကန် တပ်များနဲ့သူ့ရဲ့မဟာမိတ် တပ်တွေဟာ ဒီကနေ့ထိ အကြမ်း ဖက်သမားတွေကို ရင်ဆိုင်တိုက်ခိုက် နေရတုန်းပဲ ရှိတယ်။ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ အသေအပျောက်များပြီး ငွေကုန်ကြေးကျများလာပေ မယ့် အကြမ်းဖက်သမားတွေအပေါ် အောင်မြင်ဖို့အရိပ်အယောင်တောင် မတွေ့ရဘဲ ဖြစ်နေတယ်။

အမေရိကန်နိုင်ငံဟာ ၂ဝဝ၁ ခုနှစ်က ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၁၆ ဘီလီယံ သုံးစွဲခဲ့တယ်။ အဲဒီ ကိန်းဂဏန်းထဲ မှာ အာဖဂန်စစ်အတွက် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ပါ ဝင်တယ်။ ၂ဝ၁ဝ ပြည့်နှစ်ကျတော့ ကာကွယ်ရေးအသုံးစရိတ်ဟာ နှစ်ဆ ကျော်တိုးသွားပြီး အမေရိကန်ဒေါ်လာ ၆၉၃ ဘီလီယံဖြစ်လာတယ်။ အဲဒီစာ ရင်းထဲမှာ အာဖဂန်အတွက် စစ်အသုံး စရိတ်က အမေရိကန်ဒေါ်လာ ၁ဝ၂ ဘီလီယံပါဝင်ပြီး အီရတ်အတွက် စစ်အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံ ပါဝင်တယ်။ အမေရိကန် နိုင်ငံအနေနဲ့ ဒီလောက် အကုန်အကျ ခံပြီး အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေပေမယ့် အောင်မြင်မှု မရရှိတဲ့အပြင် ကမ္ဘာပေါ်မှာ အကြမ်း ဖက်တိုက်ခိုက်မှုတွေ တိုးတောင် တိုး တက်လာသေးတယ်။

၂ဝဝဝ ပြည့်နှစ်က ကမ္ဘာတစ်လွှားမှာ အကြမ်းဖက်တိုက်ခိုက်မှု ပေါင်း ၄၂၃ သာရှိခဲ့ပေမယ့် ၂ဝဝ၉ ခုနှစ်မှာ ၁ဝ၉၉၉ အထိ တိုးတက်ခဲ့ တယ်။ အဲဒီစာရင်းထဲမှာ အီရတ်နဲ့ အာဖဂန်မှ အကြမ်းဖက် တိုက်မှုပေါင်း ၄၅၈၄ ပါဝင်တယ်။ အကြမ်းဖက် သမားတွေဟာ အမေရိကန်နဲ့သူ့ရဲ့ အပေါင်းပါ မိတ်ဖက်နိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိတယ်။ ဒါကို ကာကွယ်တားဆီးဖို့ ကြိုးပမ်းတဲ့ ဖြစ်စဉ်မှာ လွတ်လပ်တဲ့ကမ္ဘာ Free World ဟာ တဖြည်းဖြည်းနဲ့ မလွတ်မလပ် ဖြစ်လာတယ်။ အနောက် နိုင်ငံတွေ အနေနဲ့ အကြမ်းဖက် ပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေ ရှင်းရမှန်းမသိဖြစ်နေကြတယ်။

ယူရိုဇာတ်လမ်း ဥရောပ သမဂ္ဂ အဖွဲ့ဝင်အချို့က ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ယူရိုငွေ Euro ကို ဘုံငွေကြေး တစ်ရပ်အဖြစ် အသုံးပြုဖို့ ပွဲထုတ်ခဲ့ကြတယ်။ ကနဦးမှာတော့ စာရင်းပြောင်း Account Transfer အနေနဲ့သာ အသုံးပြုခဲ့ကြတယ်။ နောက်သုံး နှစ်ကြာတော့မှ ၂ဝဝ၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တကယ့်ယူရိုငွေ စက္ကူနဲ့ ငွေအကြွေကို လက်ထဲကိုင်ပြီး အသုံးပြုနိုင်ခဲ့ကြတယ်။ ကနဦး ပွဲဦးထွက်မှာ တစ်ယူရိုဟာ အမေရိ ကန်ဒေါ်လာ ၁.၁၇ ဝန်းကျင်တန်ဖိုး ရှိတယ်။

ဆယ်စုနှစ်ရဲ့ အစောပိုင်းကာလမှာ ယူရိုငွေ ထွက်ပေါ်လာတော့ ကမ္ဘာ့ငွေကြေး လောကသားတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် ဒေါ်လာကို ယှဉ်ပြိုင်အနိုင်ယူနိုင်မယ့် တစ်ခုတည်းသော ငွေကြးဖြစ်တယ်လို့ ယူဆခဲ့ကြလို့ ဖြစ်တယ်။ ကမ္ဘာအရပ်ရပ်က ဗဟိုဘဏ်တွေကလဲ ယူရိုကို အရန်ငွေကြေး Reserve Currency အဖြစ် လက်ခံလာခဲ့ကြတယ်။ ဒါပေမယ့် ငွေလဲနှုန်းမှာတော့ အမေရိကန် ဒေါ်လာ အားကောင်းရင် ယူရိုက တန်ဖိုးလျှော့ကျသွားလိုက်၊ အမေရိကန်ဒေါ်လာ အားပျော့သွားရင် ယူရိုက တန်ဖိုးမြင့်တက် လာလိုက်နဲ့ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် သူ တစ်ပြန် ငါတစ်ပြန် ဖြစ်နေခဲ့တယ်။

နောက်ပိုင်းကာလတွေမှာ ငွေလဲ နှုန်းနှိမ့်ချထားတဲ့ တရုတ်ကုန်စည်တွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်တော့ အမေရိကန် နိုင်ငံက သူ့ကုန်စည်တွေ အဝယ်လိုက်အောင် အမေရိကန် ဒေါ်လာကို တဖြည်းဖြည်း တန်ဖိုးလျှော့ချခဲ့တယ်။ အဲဒီအခါမှာ ယူရိုရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် မြင့်တက်လာခဲ့တယ်။ အချို့နိုင်ငံတွေက အရန်ငွေကြေးအဖြစ် လက်ထဲကိုင်ထားတဲ့ အမေရိကန် ဒေါ်လာတွေကို လျော့ချပြီး ယူရိုကို ပိုမိုစုဆောင်း ထားလာခဲ့ကြတယ်။

အဲသလို အချိန်မှာ ကံဆိုးချင်တော့ ဘုံငွေကြေးအဖွဲ့ဝင် ဂရိနိုင်ငံမှာ ကြွေးမြီပြဿနာ တက်လာတယ်။ ဥရောပသမဂ္ဂ EU နဲ့ အပြည်ပြည်ဆိုင် ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ ပူးပေါင်းပြီး ဂရိနိုင်ငံရဲ့ အကြွေးပြေလည် သွားအောင် ငွေထုတ်ချေးခဲ့ကြရတယ်။ ဘယ်လောက်မှ မကြာသေးဘူး ဘုံငွေကြေး အဖွဲ့ဝင် နောက်ထပ် တစ်နိုင်ငံဖြစ်တဲ့ အိုင်ယာလန်မှာလဲ ကြွေးမြီပြဿနာ တက်လာပြန်တယ်။ ဂရိနိုင်ငံကို ကယ်တင်တုန်းက ယူရို ၁၁ဝ ဘီလီယံ သုံးစွဲပြီး ကယ်တင်ခဲ့ရတယ်။ အိုင်ယာလန်ကို ကယ်တင်ဖို့ ယူရို ၈၅ ဘီလီယံ လျာထားတယ်။ ယူရိုဇုန် အနေနဲ့ အခုလို ငွေအမြောက် အမြားနဲ့ ကယ်တင်နေပေမယ့် ကြွေးမြီပြဿနာက ပြီးပြတ်မသွားဘူး။ ပိုပြီး ဆိုးရွားလာနိုင်တယ်။ ပေါ်တူဂီ၊ စပိန်နဲ့ အီတလီ နိုင်ငံတွေမှာလဲ ကြွေးမြီပြဿနာ တက်လာနိုင်တယ်လို့ ခန့်မှန်းနေကြတယ်။ ဒီကြွေးမြီ ပြဿနာကြောင့် ဥရောပ သမဂ္ဂ အတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ်။ ယူရိုငွေဟာ အန္တရာယ် စက်ကွင်းထဲ ရောက်လာတယ်။။

အမေရိကန်အတွက်

အဆိုးရွားဆုံး ဆယ်စုနှစ်

ဒီဆယ်စုနှစ်ဟာ အမေရိကန် နိုင်ငံအတွက် အဆိုးရွားဆုံးဖြစ်တယ်။ ဆယ်နှစ်ကာလအတွင်းမှာ Dotcom ပူဖောင်း၊ စတော့ပူဖောင်း စသည်ဖြင့် ပူဖောင်းတွေ Bubbles တစ်လုံးပြီး တစ်လုံး ပေါက်ကွဲလာလိုက်တာ နောက်ဆုံး အိမ်ရာမြေပူဖောင်းကြီး Housing Bubbles ပေါက်ကွဲတော့မှပဲ အမေရိကန် စီးပွားရေးလဲ ဗိုင်းဗိုင်းလဲတော့တယ်။

အမေရိကန် ဘဏ္ဍာရေး လောကမှာ အထင်ကရ ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးတစ်ဘဏ်ဖြစ်တဲ့ Lehman Brothers ဟာ ၂ဝဝ၈ ခုနှစ် စက် တင်ဘာလ ၁၅ ရက်နေ့မှာ ဒေဝါလီ ခံလိုက်ရတယ်။ နောက်တစ်နေ့မှာ အစိုးရက ကမ္ဘာ့အကြီးမားဆုံး အာမခံ ကုမ္ပဏီကြီး AIG ကို ကယ်တင်ခဲ့ရတယ်။ Merill Lynch ဘဏ်ကြီး နှစ်ဘဏ်ဖြစ်တဲ့ Goldman Sachs နဲ့ Morgan Stanley တို့က ဆက်လက် ရပ်တည်နိုင်ရေးအတွက် ကူးသန်း ဘဏ်များအဖြစ် အသွင်ပြောင်းခဲ့ရတယ်။ ငွေကြေးအဖွဲ့အစည်း အတော်များများ ပိတ်လိုက်ရတယ်။ လိုရင်း တိုရှင်းပြောရရင် အမေရိကန်ဘဏ္ဍာ ရေး အဆောက်အအုံကြီး ယိုင်လဲသွား တယ်။

ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းကတော့ စားသုံးသူတွေရဲ့ ကြွေးဝယ် ကြွေးစားမှုကို ရှေ့တန်းတင်လွန်းတဲ့ အတွက်ဖြစ်တယ်။ စားသုံးသူတွေဟာ အိမ်ကို ဘဏ်မှာပေါင်းပြီး စားသုံးမှု တိုးချဲ့ခဲ့ကြတယ်။ အိမ်ရာမြေဈေးနှုန်းတွေ အမြဲလိုလို မြင့်တက်နေတော့ ဘဏ်တွေကလဲ ပေါ့ပေါ့ပါးပါးငွေတွေ အရမ်းကာရော ထုတ်ချေးလာတယ်။ မထင်မှတ်ဘဲ အိမ်ရာမြေဈေးကွက် ပူဖောင်းပေါက်ကွဲသွားတော့ ဘဏ်တွေလဲ အရင်းပြုတ်တယ်။ အိမ်ရာပေါင်နှံ စားသူတွေကလဲ အိမ်လက်လွတ် ဆုံးရှုံးသွားတယ်။

ဒီပြဿနာက ဘယ်လောက်ထိ ကြီးမားသွားသလဲဆိုတော့ ကမ္ဘာ့ ဘဏ္ဍာရေး လောက တစ်ခုလုံးကို ဂယက်ရိုက်ခတ်သွားတယ်။ အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ အမေရိကန် ဒေါ်လာ ၁၄ ထရီလီယံအထိ တိုးတက်သွားတယ်။ ၂ဝဝဝ ပြည့်နှစ်က အလုပ်လက်မဲ့နှုန်း လေးရာခိုင်နှုန်း အောက်ရှိခဲ့ရာက ၂ဝ၁ဝ ပြည့်နှစ်မှာ ၉.၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်။ အမေရိကန် နိုင်ငံသား ၁၅ သန်း အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အမေရိကန် ဒေါ်လာ တန်ဖိုးကျသွားတယ်။ ရွှေခေတ်ရောက်လာတယ်။ ၂ဝဝဝ ပြည့်နှစ်က ရွှေတစ်အောင်စ အမေရိကန်ဒေါ်လာ ၂၈၄ ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်မှာ အမေရိ ကန်ဒေါ်လာ ၁၃၆၆ အထိ ထိုးတက် သွားတယ်။

စီးပွားရေး ပြန်လည်နိုးထ ရှင်သန်လာရေးအတွက် အမေရိကန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် စီးပွားရေး ကျဆင်းမှု ရပ်တန့်သွားပေမယ့် တိုးတက်မှု အင်မတန် နှေးကွေးနေ သေးတယ်။ ဒါပေမယ့် အမေရိကန် စီးပွားရေးဟာ ဒီကနေ့အထိ နံပါတ် တစ်နေရာမှာ ရှိနေဆဲ ဖြစ်တယ်။

ထွန်းသစ်စများခေတ်

၂၁ ရာစု ပထမဆယ်စုနှစ်ရဲ့ ထူးခြားချက်ကတော့ အနောက်နိုင်ငံတွေမှာ ဘဏ္ဍာရေး ပျက်ကိန်းဆိုက်ခဲ့ပေမယ့် တရုတ်၊ အိန္ဒိယ၊ ဘရာဇီး တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံကြီးတွေဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ စီးပွားရေး တိုးတက်လာခဲ့ပြီး ထွန်းသစ်စ နိုင်ငံများအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်ပါဘယ်။

တရုတ်နိုင်ငံဟာ ဆယ်စုနှစ် တစ်လျှောက် ပျမ်းမျှ ဆယ်ရာခိုင်နှုန်းနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဂျာမနီတို့၊ ဂျပန်တို့ကို ကျော်တက်နိုင်ခဲ့ တယ်။ အမေရိကန်ပြီးနောက် ဒုတိယ စီးပွားရေးအကြီးမားဆုံး နိုင်ငံဖြစ်လာ တယ်။ ၂ဝဝဝ ပြည့်နှစ်က တရုတ် နိုင်ငံမှာ အင်တာနက်သုံးစွဲမှု ၂၂ သန်း သာရှိခဲ့ပေမယ့် ၂ဝ၁ဝ ပြည့်နှစ်မှာ အင်တာနက် သုံးစွဲသူပေါင်း သန်း ၄၂ဝ အထိ တိုးလာတယ်။

အိန္ဒိယဟာ တရုတ်ကို လိုက် မမီသေးပေမယ့် စီးပွားရေး တိုးတက်မှုဟာ သူ့နောက်ကပ်လိုက်လာတယ်။ အိန္ဒိယမှာက မိုဘိုင်းလ်ဖုန်း သုံးစွဲမှုများတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ Handsets နှစ်သန်းသာ ရှိခဲ့ပေမယ့် ဒီနှစ်မှာ Handsets ၅၄၅ သန်းအထိ တိုးတက်များပြား လာတယ်။ အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံ စလုံးမှာ လူဦးရေ တစ်ဘီလီယံကျော်စီ ရှိကြတယ်။ စီးပွားရေး တိုးတက်လာတဲ့အတွက် ဆင်းရဲမွဲတေသူ အများအပြား ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံမှာ သွားရောက်ပညာ သင်ကြားနေကြတဲ့ တရုတ်နဲ့ အိန္ဒိယ ကျောင်းသားစုစုပေါင်းဟာ ၂ဝဝဝ ပြည့်နှစ်က ၁၁၄ဝဝဝ ဦးသာရှိခဲ့ပေ မယ့် ဒီနှစ်မှာ ကျောင်းသားဦးရေ ၂၃၃ဝဝဝ အထိ တိုးတက်လာတယ်။ ကြွယ်ဝချမ်းသာလာမှုရဲ့ ပြယုဂ်ဖြစ် တယ်။

ဘရာဇီးနိုင်ငံဟာ တစ်ချိန်က ကြွေးပတ်လည်ဝိုင်းနေတဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် အခုနေအခါမှာ ကမ္ဘာကြီး ထက်ဝက်အတွက် ရိက္ခာအကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးရာ ဒေသကြီး ဖြစ်လာတယ်။ သမ္မတ Lula da Silva ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဘရာဇီးဟာ အံ့မခန်း တိုးတက်သွားခဲ့တယ်။ ၂ဝဝ၃ ခုနှစ်မှစပြီး လူသန်း ၂ဝ ကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့တယ်။ ဘရာဇီးရဲ့ တစ်ဦးချင်းဝင်ငွေဟာ ၂ဝဝဝ ပြည့်နှစ်က အမေရိကန် ဒေါ်လာ ၈၅၃၆ အထိ တိုးတက် သွားခဲ့တယ်။ ဒီဆယ်စုနှစ်အတွင်းမှာ ဘယ်တုန်းကမှ မတိုးတက်ခဲ့တဲ့ အာဖ ရိကဟာ ယခင်ဆယ်စုနှစ်များနဲ့ နှိုင် စာရင် နှစ်ဆနီးပါး တိုးတက်သွားခဲ့ တယ်။

တီထွင်ဆန်းသစ်မှု

၂၁ ရာစုရဲ့ ပထမဆယ်စုနှစ် အတွင်းမှာ တီထွင်ဆန်းသစ်မှု အမြောက်အမြား ထွက်ပေါ်ခဲ့ပါ တယ်။ အနည်းအကျဉ်းမျှကိုပဲ ဖော်ပြလိုက်ပါတယ်။ အထူးသဖြင့် မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာနဲ့ အင်တာနက် နယ်ပယ်တွေမှာ ဖြစ်တယ်။ တရုတ်ပြည်ဟာ ကမ္ဘာ့အလုပ်ရုံ ပမာ ဖြစ်လာခဲ့ပြီး နည်းပညာ သစ်တွေနဲ့ ဂလိုဘယ် လိုက်ဇေးရှင်းတို့ရဲ့ ကျေးဇူးကြောင့် ဒီနယ်ပယ်မှာ ဈေးနှုန်းတွေ အရမ်းကျဆင်းသွားတယ်။ ၂ဝဝ၁ ခု ဇန်နဝါရီလ ၁၅ ရက်နေ့မှာ Wikipedia၂ဝဝ၁ အောက်တိုဘာ ၂၃ ရက်နေ့မှာ iPod၂ဝဝ၉ ဖေဖော် ဝါရီ ၄ ရက်နေ့မှာ Facebookပြီး တော့ ၂ဝဝ၅ ဧပြီ ၂၃ ရက်နေ့မှာ Youtube တို့ ထွက်ပေါ်ခဲ့တယ်။

Video Game ရောင်းချရမှုဟာ အမေရိကန်နိုင်ငံမှာ ၂ဝဝဝ ပြည့်နှစ်က အမေရိကန် ဒေါ်လာ ၆.၆ ဘီလီ ယံသာရှိခဲ့ပေမယ့် ၂ဝ၁ဝ ပြည့်နှစ်မှာ အမေရိကန် ဒေါ်လာ ၁၉.၆ ဘီလီယံ အထိ တိုးတက်ရောင်းချခဲ့ရတယ်။ အမေရိကန်နိုင်ငံမှာ iPods ရောင်းချ ရမှုဟာ ၂ဝဝ၂ ခုနှစ်က ၃၈၁ဝဝဝ လောက်သာရှိခဲ့ပေမယ့် ၂ဝ၁ဝ ပြည့်နှစ်မှာ ၅၂.၃ သန်းအထိ တိုးမြင့်သွား ခဲ့တယ်။ Blogs အသုံးပြုသူပေါင်း ၂ဝဝ၄ ခုနှစ်က သုံးသန်းပဲရှိတယ်။ ၂ဝ၁ဝ မှာ သန်း ၁၃ဝ အထိ တိုး တက်ခဲ့တယ်။

အိန္ဒိယနိုင်ငံမှာ Tata Motors ကုမ္ပဏီက ထူးထူးခြားခြား ညြေသ ကားတစ်မျိုးကို ကမ္ဘာ့အဆင့်အတန်း မီထုတ်လုပ်ခဲ့ပြီး တစ်စီးကို အမေရိ ကန်ဒေါ်လာ ၂၄ဝဝ နဲ့ ရောင်းချခဲ့ တယ်။ လုပ်ခဈေးနှုန်းသက်သာမှုရဲ့ ပြယုဂ်ဖြစ်တယ်။ ဒီလိုအမျိုးအစား ကားကို အမေရိကန်မှာသာ ထုတ် လုပ်ခဲ့မယ်ဆိုရင် လုပ်ခဈေးနှုန်းကြီး မားမှုကြောင့် ဆယ်ဆလောက်ဈေး နှုန်းမြင့်တက်သွားနိုင်တယ်။

နိဂုံးချုပ်အနေနဲ့ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ် တစ်ခုလုံးကို ခြုံငုံ သုံးသပ်မယ်ဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ စီးပွားရေး ကျဆင်းခဲ့ပေမယ့် ဆင်းရဲသား အများအပြား နေထိုင်ကြတဲ့ အာရှနဲ့ အခြားဒေသတွေမှာ အခြေအနေ ကောင်းခဲ့တဲ့အတွက် တော်ပါသေးရဲ့လို့ ဆိုရမှာပါ။


Ref: TIME, Dec-6, 2010-မင်းရွှေမောင်-zaygwet

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!