Popular Posts!

Wednesday, March 6, 2019

မက်ဇူကာဘတ်'ကို ကျော်ပြီး စံချိန်တင်သွားတဲ့ အသက်အငယ်ဆုံးဘီလီယံနာမလေး 'ခယ်ရ်လီဂျန်နာ’

☀️'မက်ဇူကာဘတ်'ကို ကျော်ပြီး စံချိန်တင်သွားတဲ့ အသက်အငယ်ဆုံးဘီလီယံနာမလေး 'ခယ်ရ်လီဂျန်နာ'☀️



      အသက် ၂၁ သာ ရှိသေးသည့် Kylie Jenner သည် ယခုအခါမှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံပမာဏ ချမ်းသာသော အသက်အငယ်ဆုံး အမျိုးသမီးဘီလီယံနာ ဖြစ်လာပါသည်။ ၁၉၈၇ ခုနှစ်တုန်းက မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် အသက် ၃၁ နှစ်ဖြင့် ဘီလီယံနာ ဖြစ်လာသူအဖြစ်စံချိန်တင်နိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်တော့ ဖေ့စ်ဘွတ် ကို တည်ထောင် သူ မက်ဇူကာဘတ် သည် အသက် ၂၃ နှစ်ဖြင့် အသက်အငယ်ဆုံးဘီလီယံနာ အဖြစ်စံချိန်တင်ခဲ့သည်။ ယခုအခါမှာတော့ ခယ်ရ်လီ သည် အထက်ပါ ပုဂ္ဂိုလ် နှစ်ဦးကို ကျော်လွန်ပြီး အသက် ၂၁ ဖြင့် ဘီလီယံနာ ဖြစ်လာသူအဖြစ် စံချိန်တင်သွားပြီ ဖြစ်သည်။ 

      ဖို့ဘ်စ် မဂ္ဂဇင်း၏ ခန့်မှန်းထားချက်အရ Jenner ကုမ္ပဏီ၏ ပိုင်ဆိုင်မှု တန်ဖိုးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံ ပမာဏရှိနေပြီး ၄င်း ကုမ္ပဏီကို ခယ်ရ်လီ ကိုယ်တိုင် ၁၀၀ ရာခိုင်နုန်း ပိုင်ဆိုင်သည်ဟု ဖော်ပြထားသည်။ ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသည့် အလှကုန်များမှ အမြတ်ရရှိမည့် ဒေါ်လာ ၁၀၀ မီလီယံ ထည့်ပေါင်းပါက ၁ ဘီလီယံတန်းကို ရောက်ရှိနေပြီ ဖြစ်သည်။ 

       ခယ်ရ်လီ့ကို ကိုယ်ထူးကိုယ်ချွန်ဖြင့် ဘီလီယံနာ ဖြစ်လာသူ အဖြစ် စာရင်းတင်သွင်းလိုက်ပြီ ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့ အင်္ဂါနေ့တွင် ဖို့ဘ်စ် မဂ္ဂဇင်း၌ ဖော်ပြထားသည်။ သို့သော်လည်း သူမ သည် ချမ်းသာသောမိသားစုတွင် မွေးဖွားလာသူဖြစ်သောကြောင့် ကိုယ်ထူးကိုယ်ချွန်ဟု ခေါင်းစဉ်တပ်ခြင်း အပေါ် ဝေဖန်ခံနေရသည်များလည်း ရှိနေပါသည်။ Jenner - Kardashian မိသားစုသည် ချမ်းသာသော မိသားစု ဖြစ်သည့်အပြင် ခယ်ရ်လီ၏ အမေတူ အဖေကွဲ အမဖြစ်သူ Kim Kardashian West သည်လည်း ဒေါ်လာ ၃၅၀ သန်းချမ်းသာသူတစ်ဦးဖြစ်သည်။ 

       ကိုယ်ထူးကိုယ်ချွန်ဟု ဆိုထိုက်စွာပင် ခယ်ရ်လီ၏ စွန့်ဦးတီထွင်ဘဝမှာ အထင်ကြီးလောက်စရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တုန်းက ခယ်ရ်လီ အသက် ၁၄ နှစ် အရွယ်သာရှိသေးချိန်တွင် သူမ၏ အမ ဖြစ်သူ Kendall နှင့် အတူ 'PacSun' အမည်ဖြင့် အထည်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။ ၄င်း ကို ပြန်လည် ဆန်းသစ်ပြီး 'Kendall & Kylie' ဟူသော အမည်ဖြင့် အဝတ်အထည် ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့သည်။ 




       ၂၀၁၅ ရောက်ရှိလာသည့် အခါ 'Kylie Lip Kits' အမည်ဖြင့် ကိုယ်ပိုင် အလှကုန် ထုတ်လုပ်ရောင်းချခဲ့ပြီး သိပ်မကြာခင်မှာ 'Kylie Cosmetics' ဟု အမည်ပြောင်းတပ်ခဲ့သည်။ ၄င်း အလှကုန်မှာ စတင်ရောင်းချခဲ့ပြီး ချိန်မှ စ၍ ၁၈ လ အတွင်း ဒေါ်လာ ၄၂၀ မီလီယံပမာဏဖိုး ရောင်းချနိုင်ခဲ့သည်။ ထို့အပြင် အက်ပလီကေးရှင်း(app) လည်း ထုတ်ခဲ့ပြီး သူမ၏ app သည်  iTunes App Store တွင် နံပါတ် တစ် ချိတ်ခဲ့သေးသည်။ ၄င်း app မှ ဝင်ငွေ မြောက်များစွာရရှိခဲ့သည်ဟု ဆိုသည်။ ၂၀၁၆ ခုနှစ် နွေရာသီကုန်ပစ္စည်း ထုတ်ရောင်းရချိန် မှာတော့ ခယ်ရ်လီ၏ တစ်ရက်တာဝင်ငွေ မှာ ဒေါ်လာ ၁၉ သန်း အထိ ရှိလာခဲ့သည်။ 

         ၂၀၁၆ တုန်းက Complex မဂ္ဂဇင်း၏ အင်တာဗျူး၌ ခယ်ရ်လီက 'I want to be as big as the other (cosmetic) brands' ဟု ပြောထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ခယ်ရ်လီ ဟာ ငယ်ရွယ်သော်လည်း စိတ်အားထက်သန်ပြီး အမျှော်အမြင်ကြီးသော မိန်းကလေးဖြစ်ကြောင်း သိမြင်နိုင်ပါသည်။ ခယ်လ်လီက သူမ၏ အလှကုန်များကို အွန်လိုင်းပေါ်ကနေသာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချခဲ့သည်။ အင်စတာဂရမ် တွင် သူမ၏ Followers ၁၂၈ သန်းခန့်ရှိနေပြီး တွစ်တာပေါ်တွင် ၂၆.၇ သန်းခန့် ရှိနေသည်။ ခယ်ရ်လီက လူမှုကွန်ယက်၏ အကျိုးကျေးဇူးဖြင့် အောင်မြင်ကြောင်း ဖို့ဘ်စ်မဂ္ဂဇင်း သို့ ဖြေကြားထားသည်။ 

           ၂၀၁၆ ခုနှစ်တုန်းက တိုင်းမ် မဂ္ဂဇင်းတွင် သြဇာလွှမ်းမိုးမှုရှိကြသော ဆယ်ကျော်သက်များစာရင်း၌ ခယ်ရ်လီ့ အမည်သည် ထိပ်ဆုံးတွင် ဖော်ပြခံခဲ့ရသည်။  ၂၀၁၇ ခုနှစ်တုန်းက ဖို့ဘ်စ် မဂ္ဂဇင်း၏ အောင်မြင်ကျော်ကြားသူ အယောက် ၁၀၀ စာရင်းတွင် ခယ်ရ်လီသည် ဂျက်စတင် ဘီဘာ၊ တေလာဆွစ်တို့ နှင့် အတူ စာရင်းသွင်းဖော်ပြခံခဲ့ရသည်။ ၂၀၁၈ နှစ်မှာလည်း ဖို့ဘ်စ် မဂ္ဂဇင်းတွင်ပင် အမေရိကန်၏ အချမ်းသာဆုံး အမျိုးသမီးစာရင်းတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။ 

         ၂၀၁၄ ခုနှစ်တွင် ဖို့ဘ်စ် မဂ္ဂဇင်းမှ ကိုယ်ထူးကိုယ်ချွန်အောင်မြင်သူများကို တိုင်းတာရန် အဆင့် သတ်မှတ်ခဲ့သည်။ မိဘ ဆွေမျိုးများထံမှ အမွေဆက်ခံပြီး ချမ်းသာသူဖြစ်လျှင် ၁ အဆင့် သတ်မှတ်ပြီး လုံးဝဥဿုံ ကိုယ်ထူးကိုယ်ချွန်၍ ချမ်းသာလာသူဆိုလျှင် အဆင့် ၁၀ သတ်မှတ်သည်။ ဥပမာ - အော်ပရာဝင်းဖရီ ဆိုလျှင် ဆင်းရဲပြီး တစ်ကိုယ်တော် အမေ၏ ပြုစုပျိုးထောင်ပေးမှုဖြင့် ကြီးပြင်းခဲ့ရသူဖြစ်ပြီး ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူဖြစ်သောကြောင့် အဆင့် ၁၀ ဖြစ်သည်။ အင်္ဂလန်ဘဏ်ကို ဖြို ခွဲသူဟု နာမည်ကျော်သော ဟန်ဂေရီ နိုင်ငံသား ဂျော့ခ်ျ ဆိုးရောစ့် ဆိုလျှင် နာဇီ အုပ်ချုပ်မှု အောက်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။ ထို့နောက် အင်္ဂလန်သို့ ထွက်ပြေးကာ မီးရထားတွဲစောင့်၊ စားပွဲထိုး အဖြစ်မှ လန်ဒန်စီးပွားရေးတက္ကသိုလ် ကို တက်ရောက်နိုင်ပြီး အောင်မြင်သောရင်းနှီးမြုပ်နှံ သူ တစ်ဦးဖြစ်လာသောကြောင့် ဖို့ဘ်စ်က အဆင့် ၁၀ ပေးထားသည်။ 

         ချမ်းသာသောမိသားစုတွင် မွေးဖွား၍ အမွေ ဆက်ခံ သူဖြစ်သော Walmart တည်ထောင်သူ၏ သမီး အဲလက်စ် ဝေါလ်တန် ဆိုလျှင် အဆင့် ၁ ဖြစ်ပြီး Apple CEO စတိဂျော့ ၏ ဇနီး လောရင်ပေါဝဲလ်ဂျော့ သည်လည်း အဆင့် ၁ ဖြစ်သည်။ 

       ခယ်ရ်လီ အဆင့် ဘယ်လောက်မှာ ရှိမည်နည်း? အဖြေကတော့ အဆင့် ၇ ဖြစ်ပါသည်။ အဆင့် ၈ တွင် ရှိနေသော မက်ဇူကာဘတ် ၊ ဝါရင်ဘတ်ဖက် နှင့် ဂျက်ဖ်ဘီဇိုစ် တို့ ၏ အောက် တစ်ဆင့်တွင် ရှိနေပါသည်။ အဆင့် ၇ တွင် ebay ၏ CEO ဖြစ်ခဲ့သော မတ်ဝှစ်မန် နှင့် ဖေ့စ်ဘွတ်၏ chief operating officer ဖြစ်သူ ရှယ်ရယ်ဆန်ဘတ် တို့ ရှိနေပါသည်။ 

       ဖို့ဘ်စ် မှ ဖော်ပြချက်အရ ခယ်ရ်လီသည် လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထက်တောင် ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူ ဖြစ်ကြောင်း သိရသည်။ သမ္မတ ထရမ့်ကတော့ အဆင့် ၄ နေရာ တွင်သာ ရှိနေပါသည်။ ဖို့ဘ်စ် မဂ္ဂဇင်း၏ တိုင်းတာမှု အဆင့် အရ ခယ်ရ်လီ ၏ ချမ်းသာကြွယ်ဝမှုအားလုံးပေါင်း၏ ၃၀ % မှာ မိဘ အမွေ ဖြစ်ပြီး ကျန် ၇၀ % ကတော့ ကိုယ်ပိုင် ဖန်တီးယူခြင်း ဖြစ်သည်ဟု ယူဆ ရပါသည်။ 

#NangKhamThiriOo FB

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!