Popular Posts!

Friday, March 22, 2019

စတော့ဈေးကွက်နှင့် တိုင်းပြည်စီးပွားရေး တို့ အပြန်အလှန် ဆက်နွှယ်မှု

*** စတော့ဈေးကွက်နှင့် တိုင်းပြည်စီးပွားရေး တို့ အပြန်အလှန် ဆက်နွှယ်မှု ***




      စတော့ဈေးကွက်သည် တိုင်းပြည်စီးပွားရေးနှင့် မည်သို့ ဆက်စပ်သနည်း? တိုင်းပြည်စီးပွားရေး အခြေအနေတို့သည် စတော့ဈေးကွက်တွင် လာရောက်ထင်ဟပ်စေနိုင်သည်ဟူသော အချက်သည် အမြဲ မှန်ကန်သည်လား? စသည်ဖြင့် မေးကြသည်များရှိပါသည်။ 

       ယေဘုယျ အနေဖြင့် စတော့ဈေးကွက်​ ခိုင်​ခိုင်​မာမာ ဖြစ်​ထွန်း မှု ရှိနေပြီးသော နိုင်​ငံတို့၌ စတော့ဈေးကွက်သည် တိုင်းပြည်၏ စီးပွားရေး အခြေအနေတို့ ၌ လာရောက်ရိုက်ခတ်စေနိုင်ပါသည်။ တိုင်းပြည်၏စီးပွားရေး တိုးတက်ကောင်းမွန်နေလျှင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများလည်း တိုးတက်နေမည်။ ထိုအခါ ကုမ္ပဏီများမှ အမြတ်အစွန်းများများရရှိသောကြောင့် ရှယ်ယာများကို ဝယ်ယူရင်းနှီးမြုပ်နှံရန် ဆွဲဆောင်မှု ဖြစ်ပေါ်လာစေသည်။ အဘယ့်ကြောင့်ဆိုသော် ရှယ်ယာပိုင်ဆိုင်သူများမှာ အမြတ်ဝေစု များများရရှိနိုင်သောကြောင့် ပင်ဖြစ်သည်။ စီးပွားရေး တိုးတက်မှု ကာလရှည်လျားလေလေ စတော့ဈေးကွက်အတွက် ကောင်းကျိုးရှိလေလေ ဖြစ်သည်။ 

        ဆန့်ကျင်ဘက်အနေဖြင့် ရီဆက်ရှင်း ကာလများ၌ စတော့ဈေးကွက် ဆိုးကျိုး ရှိနိုင်မည်။ စီးပွားရေးကျဆင်းချိန်၌ ကုမ္ပဏီများ အမြတ်ငွေဖြစ်ထွန်းမှု နည်းပါးသောကြောင့် ရှယ်ယာဈေးနုန်းများ ကျဆင်းမှု ဖြစ်ပေါ်စေမည်ဖြစ်သည်။ အမြတ်ဝေစု ခွဲဝေပေးမှု မရှိခြင်း (သို့) နည်းပါးခြင်းတို့ ဖြစ်နိုင်သောကြောင့် ရှယ်ယာပိုင်ရှင်များက ၄င်းတို့၏ ရှယ်ယာများကို ထုတ်ရောင်းတတ်လေ့ရှိကြသည်။ 

        ထို့ အပြင် ပထဝီနိုင်ငံရေးမငြိမ်မသက်မှုဖြစ်ပေါ်သော ကာလများ၌ ရင်းနှီးမြုပ်နှံသူများသည် ပိုမိုယုံကြည်စိတ်ချရသော ငွေချေးစာချုပ်(Bonds) များကို ဝယ်ယူစုဆောင်းခြင်း များ ပြုလုပ်ကြပြီး စတော့ရှယ်ယာများကိုတော့ လက်ရှောင်တတ်ကြသည်။ 

       ဤသို့ ဆိုလျှင် စတော့ရှယ်ယာဈေးနုန်းများ ကျဆင်းခြင်းသည် ရီဆက်ရှင်း ဖြစ်မည့်လက္ခဏာကို ညွှန်ပြနေသည်လား? ဟု မေးခွန်းထပ်ထွက်လာလေသည်။ 

        စတော့ရှယ်ယာဈေးနုန်းများကျဆင်းခြင်းသည် ရီဆက်ရှင်းဖြစ်ခြင်းသာမက အခြားသော အကြောင်းရင်း အမျိုးမျိုးကြောင့်လည်း ကျဆင်းနိုင်ပါသည်။ ၄င်းမေးခွန်းကို ဖြေနိုင်ဖို့ ရှေးယခင်ကတည်းက စီးပွားရေးပညာရှင်တို့၏ အဆို တစ်ခုဖြင့် ရှင်းပြပါမည်။ ၄င်းမှာ "Stock markets have predicted ten of the past five recessions" ပင်ဖြစ်သည်။ သဘောကတော့ တစ်ခါတစ်ရံ မှာ စတော့ရှယ်ယာဈေးနုန်းများ ကျဆင်းခြင်းသည် ရီဆက်ရှင်း နှင့် ဆက်နွှယ်မှု ရှိသည်။ သို့သော် တစ်ခါတစ်ရံမှာတော့ စတော့ရှယ်ယာဈေးနုန်း များကျဆင်းခြင်းသည် စီးပွားရေးနှင့် ဆက်နွှယ်ပက်သက်မှု မရှိပါပေ။

       စီးပွားရေးနှင့် ဆက်နွှယ်မှု မရှိသည့် အချိန်မျိုးတွင် စတော့ရှယ်ယာကျဆင်းခြင်းကတော့ ၄င်းစတော့ရှယ်ယာဈေးနုန်းများသည် ရှိသင့်သည့် ဈေးနုန်းတန်ဖိုး ထက်လွန်ကဲသော ဈေးနုန်း (over-valued prices) တစ်ရပ်ကို ရောက်နေ၍ ပြန်ကျခြင်း (သို့) ရင်းနှီးမြုပ်နှံသူများ၏ စိတ်သဘောထား အပြောင်းအလဲ (market sentiment) တို့ကြောင့် ကျဆင်းခြင်း ဖြစ်ပေသည်။ 

      1987 အောက်တိုဘာလတွင် ကမ္ဘာတစ်ဝန်းစတော့ဈေးကွက် အကျ 25% ရှိခဲ့သည်။ ထိုအချိန်က စီးပွားရေး ပညာရှင်အများစုက ကမ္ဘာ့စီးပွားရေး ချွတ်ခြုံကျဆင်းတော့မည်ဟု ခန့်မှန်းသုံးသပ်ကြသည်။ ငွေကြေးပေါ်လစီရေးဆွဲသူများက ဘဏ်အတိုးနုန်းများ လျော့ချခဲ့ကြသည်။ သို့သော်လည်း ထိုစဉ်က စတော့ဈေးကွက် ကျဆင်းမှုသည် စီးပွားရေး အပေါ် ထိခိုက်ခြင်း မရှိခဲ့ပေ။ 

       တစ်ခါတစ်ရံ ရီဆက်ရှင်း (သို့မဟုတ်) ပထဝီနိုင်ငံရေး မငြိမ်မသက်ဖြစ်နေသော ကာလမျိုး၌ စတော့ဈေးနူန်းများ မြင့်တက်ခြင်းမျိုးလည်း ရှိသည်၊ အဘယ်ကြောင့်နည်း? အောက်ပါ အချက်များထဲမှ တစ်ချက်ချက်ကြောင့် ဖြစ်နိုင်သည်။ 

        ပထမအချက်ကတော့ အနာဂတ်အလားအလာ၏ သက်ရောက်မှုများ (Anticipation effects) ကြောင့် ဖြစ်နိုင်သည်။ စတော့ဈေးကွက်သည် စီးပွားရေး ၏ ရှေ့ပြေးနမိတ်ဟု ဆိုကတည်းက စတော့ဈေးကွက်အတွင်း အနာဂတ်ရီဆက်ရှင်းအလားလာက သက်ရောက်နှင့်ပြီးသား ဖြစ်နိုင်ပြီး ရီဆက်ရှင်းဖြစ်ချိန်ကာလမှာ စတော့ဈေးနုန်း များတက်ခြင်းသည် ပြန်လည်နလန်ထူခြင်း( Recovery)၏ သဘောဆောင်ခြင်းဖြစ်ပေမည်။ ဥပမာ 2007-2008 ခုနှစ်တုန်းက အမေရိကန်တွင် ရီဆက်ရှင်းဖြစ်လာနိုင်မည့် အလားလာရှိနေသောကြောင့် စတော့ဈေးကွက်အကျ ရှိခဲ့သည်။ တကယ်တမ်း 2008 နှစ်ကုန်ပိုင်းမှစ၍ ရီဆက်ရှင်းဒဏ်ကို ကာလရှည်ကြာ ဆိုးဆိုးဝါးဝါးရင်ဆိုင်ရချိန်မှာတော့ စတော့ဈေးကွက်အတက်ပြခဲ့သည်ကို ကြုံတွေ့ခဲ့ရသည်။ 

      ဒုတိယအချက်ကတော့ ကုမ္ပဏီ၏ အမြတ်ဝင်ငွေသည် တိုင်းပြည်ဝင်ငွေ၏ အရေးကြီး အစိတ်အပိုင်းတမျှ များပြားမှု ရှိနေသော အခြေနေ (Profits as a share of GDP) ပင်ဖြစ်သည်။ တိုင်းပြည်စီးပွားရေး ကျဆင်းနေသော်လည်း ကုမ္ပဏီများက ခိုင်မာစွာ ရပ်တည်နိုင်သည့် အမြတ်ငွေအင်အားရှိနေပါက စတော့ရှယ်ယာဈေးကွက်ကို လာရောက် ထိခိုက်နိုင်မည် မဟုတ်ပေ။ ဥပမာ Apple , Google နှင့် Microsoft တို့ ကဲ့သို့ တိုင်းပြည် GDP ထဲ၌ အဓိကနေရာယူထားသော ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာများကမူ ရင်းနှီးမြုပ်နှံရန် ဆွဲဆောင်မှု ဖြစ်ပေါ်စေမည်။ 

       နောက်ဆုံးအချက်ကတော့ အတိုးနုန်း လွန်ကဲစွာကျဆင်းခြင်း (Ultra-low interest rates) ဖြစ်သည်။ 2008 ခုနှစ်တုန်းက အမေရိကန် အစိုးရငွေချေးစာချုပ်များ၏ အတိုးနုန်းပေါ်မှ အကျိုးအမြတ်ထွက်နုန်းများ (Yields) သည် အနုတ်လက္ခဏာဘက် ကျဆင်းခြင်း ဖြစ်ပေါ် ခဲ့သည်။ ဘွန်းဝယ်ယူထားသော ရင်းနှီးမြုပ်နှံသူများမှာ ဆုံးရှုံးမှုများရှိခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုသော် ရင်းနှီးမြုပ်နှံသူများသည် စီးပွားရေး ကျဆင်းတော့မည့် အလားလာကို ကြိုတင်မှန်းဆကြပြီး လုံခြုံစိတ်ချရမှုရှိသည့် အစိုးရငွေချေးစာချုပ်များကို အလုအယက်ဝယ်ယူကြသည်။ ထိုအခါ ငွေချေးစာချု ပ်များ(Bonds) ဈေးတက်လာပြီး ငွေချေးစာချုပ်၏ အတိုးနုန်းပေါ်မှ အကျိုးအမြတ်ထွက်နုန်းများ (Yields) အနုတ်လက္ခဏာထိ ကျဆင်းမှု ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတော့ ဘွန်းဈေးကွက်၌ ဆုံးရှုံးမှုရှိသောကြောင့် စတော့ဈေးကွက်ဘက်သို့ ရင်းနီးမြုပ်နှံရန် ဆွဲဆောင်မှု ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။ သဘောကတော့ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းရွေးချယ်စရာ နည်းပါးချိန်၌ စတော့ဈေးကွက်ထဲ ပြေးဝင်ကြခြင်းပင် ဖြစ်သည်။ 

       စတော့ဈေးကွက်ဟု ဆိုရာ၌ ၄င်းစတော့ဈေးကွက်ကြီးထဲတွင် မတူညီသော လုပ်ငန်းကဏ္ဍ အမျိုးမျိုးအပေါ် အခြေခံသော ကုမ္ပဏီများ၏ စတော့ရှယ်ယာများ ပါဝင်နေသည်။ ဥပမာ 2016 ဇွန်လ၌ Brexit ထွက်ခွာမဲအနိုင်ရရှိ ပြီးနောက် ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍပိုင်းမှ စတော့ရှယ်ယာဈေးများ ထိုးကျခဲ့သည်ကို တွေ့ခဲ့ရသည်။ ၄င်း ကဏ္ဍပိုင်းက တိုင်းပြည်စီးပွားရေး ကျဆင်းမှု အပေါ် လွှမ်းမိုးနိုင်သည်အထိ အင်အားကြီးမားသည်။ ဆောက်လုပ်ရေးပိုင်း ကျဆင်းသည် ဆိုကတည်းက အိမ်ယာဈေးနုန်းများကျဆင်းကြောင်း သိနိုင်ပြီး တိုင်းပြည်နေလူထုတို့က ဇိမ်ခံပစ္စည်းများတွင် သုံးစွဲနိုင်မှုအားကို ချွေတာရခြင်းဖြစ်ကြောင်း သိနိုင်ပါသည်။

       စီးပွားရေး ဆုတ်​ယုတ်​ကျဆင်းလာသည့်​အခါ ဘဏ်​များတွင် ငွေအပ်​၊ ငွေစုမှုများ လျော့ကျ လာသောကြောင့် ဘဏ်​များတို့သည်​လည်း အကျိုးဖြစ်​ထွန်းမှုနည်းသထက်​နည်းလာကြသည်​။ တစ်ချိန်ထဲတွင် တခြားသော လုပ်ငန်းကဏ္ဍပိုင်းမှ စတော့ရှယ်ယာများကတော့ ဈေးထိုးတက်ခြင်းရှိနေနိုင်သည်။ ဥပမာ စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းကို အခြေခံထားသော စတော့ရှယ်ယာများဖြစ်သည်။ ရီဆက်ရှင်းကာလပင်ဖြစ်သော်ငြားလည်း လူအများက စားသောက်ကုန်ကဏ္ဍပိုင်းတွင်တော့ မဖြစ်မနေ သုံးစွဲမှုများ ပြု ရသောကြောင့် ဖြစ်သည်။ 

       Brexit ထွက်ခွာမဲ အနိုင်ရရှိသည့် နေ့နောက်ပိုင်းတွင် FTSE-100 နှင့် FTSE-250 တို့ကို ယှဉ်ကြည့်ရာ၌ FTSE-100 ကတက်လာပြီ FTSE-250 ကျဆင်းသွားသည်ကို တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် FTSE-100 က နိုင်ငံတစ်ခုထက်ပို၍ စီးပွားရေးလုပ်ကိုင်သောကုမ္ပဏီ (Multinational firm) ဖြစ်သည်။ ၄င်းကုမ္ပဏီက အမေရိကန်နှင့် အခြားသော စီးပွားရေးအင်အားတောင့်တင်းသည့်နိုင်ငံများတွင် လုပ်ငန်းများချဲ့ထွင်ထားသည်။ FTSE-250 ကမူ ယူကေ ရှိ စီးပွားရေးလုပ်ငန်းငယ်များ၏ ကုမ္ပဏီများစုပေါင်းထားသော စတော့ရှယ်ယာဖြစ်သည့်အလျောက် ယူကေရီဆက်ရှင်းဒဏ်၏ လွှမ်းမိုးမှု အောက်တွင် ပို၍ ရှိသောကြောင့်ဖြစ်သည်။ 

    စတော့ဈေးကွက်​ နှင့်​တိုင်းပြည်​စီးပွားရေး တို့ သည်​ ထာဝရ အမြဲ တိုက်​ရိုတ်​အချိုးကျ ဆက်​နွှယ်​မှုမျိုးမရှိနိုင်​သော်​ငြားလည်း အချို့သော အခြေအနေ၊ အချိန်​အခါမျိုး၌တော့ နှစ်​ပင်​လိမ်​ ပက်​သက်​ဆက်​နွှယ်​မှု မျိုး တော့ ရှိနေတတ်​ပါသည်။ 

6. 1. 2019

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!