Popular Posts!

Sunday, March 31, 2019

ထိုင်းရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ PTT Exploration and Production (PTTEP) အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိစီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကတည်းက စတင်ဝင်ရောက်လုပ်ကိုင် လျက်ရှိတဲ့ PTTEP အနေနဲ့ လက်ရှိအချိန်ထိဆိုရင် နှစ်ပေါင်း ၃၀ ထဲရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် PTTEP Myanmar Asset ရဲ့ General Manager Mr.Piya Sukumpanumet ကို လက်ရှိ မြန်မနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိတဲ့ စီမံကိန်းတွေ၊ ကမ္ဘာတစ်ဝန်း အရှေ့တောင်အာရှဒေသတွင်းက လုပ်ငန်းချဲ့ထွင်လုပ်ကိုင်နေမှုတွေ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ်အမြင်နဲ့ နိုင်ငံတွင်းက CSR လှုပ်ရှားမှုတွေ စသဖြင့် မေးမြန်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ PTTEP လက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေက

ထိုင်းရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ PTT Exploration and Production (PTTEP) အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိစီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ 

စီမံကိန်းငါးခုကိုတော့ Operator အနေနဲ့ လုပ်ကိုင်လျက်ရှိပါတယ်။ အဲဒီက သုံးခုဖြစ်တဲ့ MOGE 3 ၊ M11 နဲ့ MD-7 က ရှာဖွေဆဲအဆင့်ပဲရှိသေးပြီး M3 ကတော့ တည်ဆောက်ဆဲ အနေအထားဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ဇောတိကကတော့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။ ဇောတိကစီမံကိန်းကတော့ မြန်မာနိုင်ငံက စီမံကိန်းတွေအားလုံးထဲက အကြီးဆုံးဖြစ်ပြီး အစိုးရနဲ့ထုတ်လုပ်မှုမျဝေတဲ့ စာချုပ်နဲ့လုပ်ကိုင်နေပြီး တစ်ရက်ကိုသဘာဝဓာတ်ငွေ့ ကုဗပေ ၃၄၅ သန်း (Million Standard Cubic Feet per Day - MMSCFD) ထုတ်လုပ်ပေးလျက်ရှိပါတယ်။   

တခြားစီမံကိန်းနှစ်ခုဖြစ်တဲ့ ရတနာ (M-5 ၊ M-6) နဲ့ ရဲတံခွန် (M-12 ၊ M-13 ၊ M-14 ) သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကိုတော့ Joint-Venture  အနေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းနှစ်ခုစလုံးကလည်း ထုတ်လုပ်ရေးအဆင့်မှာရှိနေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာနိုင်ငံကိုစတင်ရောက်ရှိ လုပ်ငန်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး နိုင်ငံအတွင်းက Active အဖြစ်ဆုံး ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ 

ပင်မကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာ ရင်းနှီးမြှုပ်နှံမှုပိုင်းအနေအထား
၂၀၁၈ ခုနှစ်အတွက် PTTEP ကုမ္ပဏီရဲ့ ကမ္ဘာတစ်ဝန်း အသုံးစရိတ် အမေရိကန်ဒေါ်လာ  ၃,၁၂၃ သန်း ၊ ရင်းနှီးငွေ အသုံးစရိတ် (CAPEX) အမေရိကန်ဒေါ်လာ ၁,၈၀၁ သန်း နဲ့ လုပ်ငန်းလည်ပတ်ငွေအသုံးစရိတ် (OPEX)   ၁,၃၂၂ သန်းရှိပါတယ်။ ရင်းနှီးငွေအသုံးစရိတ်ထဲက ၈၃ ရာခိုင်နှုန်း က အရှေ့တောင်အာရှဒေသအတွက် လျာထားအသုံးပြုခဲ့ တာဖြစ်ပါတယ်။  

 မြန်မာပြည်ဟာ PTTEP အတွက် လုပ်ငန်းအနေအထားအရ မဟာဗျူဟာကျတဲ့နိုင်ငံဖြစ်ပါတယ်။ PTTEP ရဲ့ ထိုင်းနိုင်ငံ ပြင်ပစီမံကိန်းအများစုက မြန်မာနိုင်ငံမှာရှိနေတာပါ။ အဲဒီထဲမှာ ဇောတိကစီမံကိန်းနဲ့ ရတနာစီမံကိန်းရဲ့ ထုတ်လုပ်မှုပမာဏတွေကို ဆက်လက်ထိန်းထား နိုင်ဖို့နဲ့ ရှာဖွေဆဲအဆင့်ဖြစ်တဲ့ MOGE 3 နဲ့ M11 စီမံကိန်းတွေလို အဓိကျတာတွေပါပင်ပါတယ်။  

မြန်မာပြည်မှာ ရှေ့ဆက်လုပ်ကိုင်မယ့် အနာဂတ်အစီအစဉ်နဲ့ အသုံးစရိတ်များ . . .
မြန်မာနိုင်ငံအတွက် အနာဂတ်အသုံးစရိတ်နဲ့ပတ်သက်ပြီး ခုချိန်မှာ ဖွင့်ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ မြန်မာပြည်ကို PTTEP ၀င်ရောက်လာတာ အနှစ် ၃၀ နီးပါးရှိနေပြီမို့ PTTEP ရဲ့ လုပ်ငန်းတွေကို ရှေ့ဆက်တိုးချဲ့လုပ်ကိုင်ဖို့စိတ်ဝင်စားပါတယ်။ MOGE ဘက်က လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့နဲ့ တွင်းသစ်ရှာဖွေရေး တင်ဒါတွေခေါ်လာရင်လည်း သင့်တော်ရာစီမံကိန်းတွေကို PTTEP အနေနဲ့ ပါဝင်လျောက်ထားဦးမှာပါ။ 

PTTEP မြန်မာရဲ့ကုမ္ပဏီ Culture နဲ့ ၀န်ထမ်းစီမံခန့်ခွဲမှု
မြန်မာပြည်မှာ စတင်လုပ်ကိုင်တဲ့အချိန်ကတည်းက  ကုမ္ပဏီမှာအလုပ်ဝင်နေတဲ့ ဒေသခံတွေကို လုပ်ငန်းခွင်တိုးတက်အောင်မြင်မှုအခွင့်အလမ်းတွေ ပံ့ပိုးပေးနိုင်ဖို့ အာရုံစိုက်လာခဲ့ပါတယ်။ ၀န်ထမ်းတစ်ဦးချင်းအလိုက် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေဖို့ IDP လို့ခေါ်တဲ့ Individual Development Program တွေ လုပ်ပေးတယ်။ IDP ဆိုတာ ကတော့ လုပ်ငန်းကျွမ်းကျင်အောင် သင်ကြားပေးတဲ့ On-Job Training ကိုပြောတာဖြစ်ပြီး၊ ၀န်ထမ်းတွေကို ထိုင်းနိုင်ငံက ကုမ္ပဏီရုံးချုပ်ကိုခေါ်ပြီး လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။  မြန်မာပြည်မှာလုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်တာကြောင့် မြန်မာဓလေ့နဲ့ အစဉ်အလာတွေကို အလေးထားတယ်၊ မြန်မာ့ရိုးရာပွဲတော်တွေမှာလည်း ဒေသခံဝန်ထမ်းတွေနဲ့အတူ ပါဝင်ဆင်နွှဲလေ့ရှိတယ်။ မြန်မာလူမျိုးတွေကို အလေးထားကြောင်းပြတဲ့အနေနဲ့ ကုမ္ပဏီမှာ ဗုဒ္ဓဟူးနေ့တိုင်း ဗမာလိုဝတ်ရပါတယ်။   PTTEP မြန်မာအနေနဲ့ CSR အစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ကုမ္ပဏီလုပ်ငန်း လည်ပတ်လုပ်ကိုင်ရာ ဒေသတစ်ဝိုက်မှာ CSR လှုပ်ရှားမှု တွေလုပ်ပါတယ်။ ကျွန်တော်တို့ အဓိကထားတဲ့ ကဏ္ဍတွေကတော့ စားဝတ်နေရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ယဉ်ကျေးမှု စတဲ့ ကဏ္ဍတွေ  ဖြစ်ပါတယ်။  

PTTEP အနေနဲ့ မြန်မာပြည်သူတွေအပေါ် ဂရုတစိုက် တလေးတစားရှိမှုနဲ့အတူ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို  တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းတွေဖန်တီးပေးခြင်းအားဖြင့် သစ္စာရှိပြီး၊ တည်ငြိမ်ခိုင်မာတဲ့ Team တစ်ခုအဖြစ် ရေရှည်ထိန်းသိမ်း လာနိုင်ခဲ့ပါတယ်။

ပွင့်လင်းစပြုလာတဲ့ မြန်မာပြည်ဈေးကွက်နဲ့ ဖွံ့ဖြိုးပြီးဈေးကွက် 
ဘာတွေကွာခြားလဲ။ မြန်မာပြည်မှာကြုံတွေ့ရတဲ့ Challenge
 တွေက . . . 
ပွင့်လင်းစဈေးကွက်နဲ့ ဖွံ့ဖြိုးပြီးဈေးကွက် ကွာခြားချက်ဆိုတာက ပေါ်လစီတွေ၊ ဥပဒေတွေပေါ်မူတည်ပါတယ်။ မြန်မာပြည်လို ပွင့်လင်းစဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ Rules & Regulations အပါအ၀င် တိုင်းပြည်ရဲ့ပေါ်လစီ အပြောင်းအလဲပေါ်မူတည်ပြီး ကိုင်တွယ်ဖြေရှင်းလုပ်ငန်းလုပ်တတ်ဖို့ အသင့်ဖြစ်ရပါမယ်။

လက်ရှိမြန်မာပြည်စီးပွားရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ် ငန်းအခြေအနေနဲ့ အနာဂတ်အပေါ် သုံးသပ်ချက်
အခုလက်ရှိမြန်မာပြည်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ၊ MOGE  ကုန်းတွင်းလုပ်ကွက်စတဲ့  စီမံကိန်းငါးခုက ထုတ်လုပ်ရေးအဆင့်မှာ လုပ်ငန်းလည်ပတ်နေပါတယ်။ ဇောတိက၊ ရတနာနဲ့ ရဲတံ ခွန်စီမံကိန်းတွေကိုတော့ PTTEP က ပါဝင်လုပ်ကိုင်နေတာဖြစ်ပြီး၊ ဒီလုပ်ကွက်တွေကနေ စုစုပေါင်း တစ်နေ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်းနှစ်ထောင်ခန့် ထုတ်လုပ်ပေးလျက်ရှိပါတယ်။ 

ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျ လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လိုအပ်ချက်မြင့်တက်လာမယ်လို့ အသုံးပြုသူဈေးကွက်ခန့်မှန်းချက်တွေအရ သိရပါတယ်။ အဲဒီအချိန်ဟာ အခုလက်ရှိထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့တွင်းတွေ ထုတ်လုပ်မှုစတင်ကျဆင်းလာမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် Upstream Operator တွေအနေနဲ့ ပြည်တွင်းပြည်ပ ဈေးကွက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့မှာ စိန်ခေါ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ 
 (Upstream Operator (exploration and production) - ဆိုတာက မြေအောက်/ ရေအောက်ကနေ ရေနံနဲ့သဘာဝဓာတ်ငွေကို ရှာဖွေ၊ တူးယူ၊ ဖော်ထုတ်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။)    

 ဒီလို တိုးတက်လာတဲ့ ပြည်တွင်းပြည်ပစွမ်းအင် ကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ အဲဒီဘက်အပိုင်းမှာလည် PTTEP ကုမ္ပဏီအနေနဲ့ကလည်း ထုတ်လုပ်မှုစံချိန် ထိန်းထားနိုင်ဖို့ ဇောတိကသဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းလုပ်ကွက်သစ်တွေမှာ အစဉ်တစိုက်ရင်းနှီးမြှုပ်နှံ လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ အလားအလာကောင်းတွေရှိတဲ့အတွက်  PTTEP အနေနဲ့လည်း ဆက်လက်တိုးချဲ့လုပ်ငန်းလုပ်ကိုင်သွားဖို့ရည်ရွယ်ထားပါတယ်။ 
ကုမ္ပဏီရဲ့ CSR လှုပ်ရှားမှုအထက်မှာပြောခဲ့ပြီးသလိုပဲ အဓိကလုပ်ဆောင်နေတဲ့ ကဏ္ဍလေးရပ်ရှိပါတယ်။ စားဝတ်နေရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ယဉ်ကျေးမှုစတဲ့ ကဏ္ဍတွေမှာ PTTEP က ပံ့ပိုးကူညီပေးနေပါတယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ အစီအစဉ်တွေက ရည်ရွယ်ရာလူမှုအသိုင်းအ၀ိုင်းအတွက် ပြောင်းလဲအကျိုး ပြုနိုင်ဖို့၊ ရေရှည်အကျိုးဖြစ်ထွန်းမှုတွေရရှိစေဖို့ အဓိကထားပါတယ်။  

 PTTEP အဓိကလုပ်ဆောင်နေတာကတော့  ကပ်ပါး (သန်ကောင်) ပိုးမွှားကင်းစင်ရေးကျောင်းစီမံကိန်း Parasite Free School  ဖြစ်ပါတယ်။  အထူးသဖြင့် PTTEP တည်ရှိရာ အနီးတစ်ဝိုက်က စာသင်ကျောင်းတွေမှာ ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေအတွက် ကျန်းမာရေးအသိပညာပေး အစီအစဉ်တွေ၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပံ့ပိုးပေးမှုကြောင့် ကပ်ပါးပိုးကြောင့်ဖြစ်ပေါ်လာတဲ့ အူလမ်းကြောင်းရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၂၀၁၀ ပြည့်နှစ်မှာ ၄၁.၅ ရာခိုင်နှုန်း ရှိနေရာက ၂၀၁၇ ခုနှစ်အရောက်မှာ ၅.၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 

 လက်ရှိမှာလည်း  ဒေသခံရွာတွေမှာ လယ်ယာစိုက်ပျိုးရေးကထွက်တဲ့ အော်ဂင်းနစ်စွန့်ပစ်ပစ္စည်းများမှ ဇီဝစွမ်းအင်အဖြစ် ထုတ်လုပ်တဲ့စီမံကိန်းကို  စမ်းသပ်လုပ်ဆောင်နေပါတယ်။ ဒေသခံရွာတွေမှာ သဘာဝစွမ်းအင် တစ်ခုတည်းကိုသာ မှီခိုအားထားနေရပြီး၊ ညအခါ အလင်းရောင်မရသလို၊ လောင်စာနဲ့ မီးသွေးမီးဖိုတွေကို သာ အသုံးပြုကြရပါတယ်။ ဒေသခံရွာတွေ စွမ်းအင်ရရှိရေးနဲ့ စီးပွားရေးပိုမိုလုပ်ကိုင်နိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။ PTTEP အနေနဲ့ ဒီလိုစီမံကိန်းတွေကို ထိုင်းနိုင်ငံမှာလည်း အောင်အောင်မြင်မြင် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ဒီမှာလည်း အောင်မြင်အောင်လုပ်နိုင်မယ်လို့ မျော်လင့်ပါတယ်။ ကျွန်တော်တို့ မှာရှိတဲ့ နည်းပညာနဲ့ မြန်မာပြည်သူတွေကို ကူညီပံ့ပိုးပေးလိုပါတယ်။ 

 စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးက အဓိကဖြစ်တာကြောင့် ပညာရေးကဏ္ဍ အကျိုးပြု လုပ်ငန်းတွေလည်း အများကြီးလုပ်ပေးပါတယ်။ PTTEP အဓိကလုပ်နေတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ CSR လုပ်ငန်းနှစ် ခုရှိပြီး တစ်ခုက ကျောင်းသားတွေအတွက် အဆင့်မြင့်အသက်မွေးဝမ်းကျောင်းပညာ ဒီပလိုမာပညာသင်ဆု High Vocational Diploma Scholarship Programme (HVD)   ဖြစ်ပါတယ်။ ဒီဆုကတော့ အစိုးရစက်မှုလက်မှုသိပ္ပံ AGTI  (Association of Government Technical Institute ) မြန်မာကျောင်းသားတွေကို PPT Group  က ပေးတာဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အရွေးချယ်ခံရတဲ့ ကျောင်းသားဟာ ထိုင်းနိုင်ငံ IRPC Technological College  မှာ လေးနှစ်သွားရောက် ပညာသင်ကြားခွင့်ရတာဖြစ်ပါတယ်။ HVD ပညာသင်ဆုဟာ Full Scholar ပေးတာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာပြည်အတွက် HVD ပညာသင်ဆု ၁၅၀ ကျော် ပေးအပ်ခဲ့ပြီး၊ ကျောင်းသားဦးရေ ၆၈ ဦးအထိ တက်ရောက် အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ 

နောက်ထပ် ပညာသင်ဆုတစ်ခုဖြစ်တဲ့ နည်းပညာကျွမ်းကျင်မှုဆိုင်ရာ ပညာသင်ဆု Technical Capability Building and Development Program  ကတော့ ၂၀၁၅ ခုနှစ်မှာ စတင်ပေးအပ်ခဲ့ပါတယ်။ အဲဒီပညာသင်ဆုအစီအစဉ်အတွက် MOGE  ၊  Ministry of Labour ၊ Immigration and Population ၊ National Skills Training Centre  တို့နဲ့အတူ PTTEP Myanmar Asset က ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။  

ပညာသင်ဆုအစီအစဉ်အရ ပဏာမအဆင့် (၂၀၁၅-၂၀၁၇) အရ မြန်မာနိုင်ငံသားပေါင်း  ခုနစ်ရာကျော်ကို ဂဟေဆော်ခြင်းသင်တန်း၊ လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်းသင်တန်း၊ လေအေးပေးစက်အလုပ်ရုံ၊ လျပ်စစ်ပိုင်းဆိုင်ရာသင်တန်းပေးခြင်းနဲ့ ကျွမ်းကျင်မှုဆန်းစစ်ချင်းတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

 အဲဒီအတောအတွင်း ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ ကျော်အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီငွေကြေးကို National Skills Training Centre  ရဲ့ ဂဟေဆော်ခြင်းနှင့် လေအေးပေးစက်အလုပ်ရုံသင်တန်းတို့ အတွက် ကိရိယာပစ္စည်းများ အသစ်ဝယ်ယူခြင်းတွေနဲ့ သင်တန်းတက်ရောက်ခြင်းနဲ့ သင်တန်းသားတွေအတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း (NSSA Assessment Fee) အတွက် အခကြေး ငွေပေးသွင်းခြင်းတွေအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ 

ဒီနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီအစီအစဉ်အတွက် ပဏာမအဆင့်မှာသုံးခဲ့တဲ့ ငွေကြေးရဲ့ နှစ်ဆကျော်ပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၈၀,၀၀၀ ကျော်ကို သုံးစွဲဖို့ လျာထားခဲ့ပါတယ်။ ဒီရန်ပုံငွေတွေကို ပြည်တွင်းကျွမ်းကျင် လုပ်သားတွေဖွံ့ဖြိုးတိုးပွားလာအောင်လုပ်ဖို့နဲ့ National Skills Training Centre  ကို ၂၀၁၈-၂၀၂၂ အထိ ငါးနှစ်တာကာလအတွင်း အဆင့်မြှင့်တင်ဖို့ အသုံးပြုသွားမှာပဲဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ်မှာ PTTEP မြန်မာနိုင်ငံကို ရောက်လာတာ အနှစ် ၃၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း လုပ်ငန်းပါတနာတွေနဲ့အတူ မြန်မာပြည်သူတွေကို  ကျွန်တော်တို့သိထားသမျ အသိပညာနဲ့ အတွေ့အကြုံတွေကို ဝေမျပေးပြီး၊ ပိုမိုခိုင်မာအားကောင်းတဲ့ လူမှုအဖွဲ့အစည်းဖြစ်လာအောင် ဆက်လက်စွမ်းဆောင် ထောက်ပံ့သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီတစ်နှစ်လုံးမှာလည်း အထူးလှုပ်ရှားမှုအစီအစဉ်တွေကို ဆက်တိုက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်။
Credit 

#CEO_Business_and_Management_Magazine

#PTTEP_Myanmar_Asset

#Issue_March2019 

#CEO_Myanmar

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!