တရုတ်နိုင်ငံကို မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်တွေလာတဲ့အခါ သူတို့နိုင်ငံရဲ့ တိုးတက်နေတဲ့ နေရာတွေကို အလည်အပတ်လိုက်ပြလေ့ရှိတယ်။
ဘာနဲ့တူလည်းဆိုရင် စီးပွားရေးပြေလည်လို့ စိတ်ကြိုက်အိမ်သစ်ဆောက်ထားတဲ့အိမ်ရှင်က အသိတွေကိုဖိတ်ပြီး သူ့အိမ်ကို ခေါ်ကြွားတာနဲ့ တူတယ်။
တကယ် ကြွားမယ်ဆိုရင်လည်း ကြွားထိုက်ပါတယ်။ တရုတ်မှာရှိတဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ခွင့်ရ ဒေသ ၃၄ ခုလုံးမှာ တကယ်လည်း တိုးတက်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနေနိုင်တာပဲမဟုတ်လား။ ပြည်နယ်တိုင်း၊ မြို့တိုင်းမှာ ကြွားစရာတွေ အများကြီး ရှိတယ်။
.တရုတ်ကို မရောက်ခင်တုန်းကနဲ့ ရောက်စတုန်းက တရုတ်အပေါ်အမြင်က ရှင်းရှင်းလင်းလင်းပဲ။ ကိုယ့်ရဲ့ တရုတ်အပေါ်အမြင်ကို ပြတ်ပြတ်သားသားပြောရဲတယ်။
.
အခု တရုတ်မှာ နေတာ ၄ လထဲ ၀င်လာပြီး ပြည်နယ် ၄ ခုလောက် ရောက်သွားပြီးတဲ့အချိန်မှာ တရုတ်အပေါ် မြင်တဲ့အမြင်က မတူတော့ဘူး။ အတွေးထဲမှာ ဇဝေဇ၀ါဖြစ်လာတယ်။ ကြာလေ ကိုယ့်ရဲ့အမြင်တွေကို သံသယဖြစ်လာမိလေပဲ။
.
သူတို့မှာ သတိထားမိတာက မီဒီယာကဏ္ဍကို တော်တော်လေး ဇောင်းပေးလုပ်လာတာပဲ။
.
ဒီက ကွန်မြူနစ်ပါတီဝင်တချို့နဲ့စကားပြောရင်း သိလာတာကတော့ လက်ရှိ တရုတ်ရဲ့ ထိပ်တန်းခေါင်းဆောင်တချို့ဟာ ဂျာနယ်လစ်လောကက လာခဲ့တာဖြစ်လို့ မီဒီယာရဲ့အရေးပါပုံကို ကောင်းကောင်းသိတယ်တဲ့။ ဒါကြောင့်မို့ နိုင်ငံတကာက ဂျာနယ်လစ်တွေကို နှစ်တိုင်း ငွေကုန်ကြေးကျခံပြီး သူတို့နိုင်ငံက` အခြေအနေတွေကို ခေါ်ခေါ်ပြတတ်တယ်။ ခေါင်းစဉ်တပ်လိုက်ရင်တော့ ဘာပရိုဂရမ်၊ ညာပရိုဂရမ်ပေါ့။ ဒါပေမယ့် အဓိကကတော့ သူတို့နိုင်ငံရဲ့ တိုးတက်မှုတွေအကြောင်းကို ငွေအကုန်ခံပြီး နိုင်ငံတကာမီဒီယာတွေကို ခေါ်ပြနေတာပါပဲ။
.
သူတို့ရဲ့ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ရက်ပိုင်း အလည်လာရတဲ့ ကိုယ်စားလှယ်တွေတော့ ဘယ်လို ခံစားရမလဲမသိဘူး။ ၁၀ လ ဒါမှမဟုတ် ၆ လပရိုဂရမ်နဲ့ တရုတ်မှာ နေသွားတဲ့ ဂျာနယ်လစ်တွေဆို အမြင် တော်တော်ကို ပြောင်းသွားကြတယ်။ အမြင်ပြောင်းသွားတယ်ဆိုတာ ဥပမာ အရှေ့တောင်အာရှသားတွေဆိုရင် မြန်မာနိုင်ငံကလူတွေလိုပဲ တရုတ်ကို သိပ်မကြိုက်ကြပေမယ့် ရောက်ပြီး နေပြီးသွားတဲ့အခါကျရင် တရုတ်မှာ အခြေချ နေလို့ကောင်းတဲ့အကြောင်း၊ နေရတာ အရမ်းကိုအဆင်ပြေချောမွေ့တဲ့အကြောင်းတွေ ပြောလာကြတယ်။ တချို့ဆိုရင် သူတို့နိုင်ငံကို တရုတ်ရဲ့ပြည်နယ်တစ်ခု ခဏလောက် ဖြစ်စေချင်တယ်လို့ ပြောတဲ့အထိပဲ။
.
သူတို့က မြန်မာနိုင်ငံကို လည်ချင်တယ်ပြောပြီး အပူကြောက်တယ် ပြောကြတယ်။ ထိုင်းကိုကျတော့ အိမ်ဦးနဲ့ ကြမ်းပြင်လိုသွားနေကြတယ်။ ဒါနဲ့ ဘာရယ်မဟုတ် သူတို့နဲ့ စကားစပ်မိလို့ ပြောမိကြရင် ထိုင်းနဲ့ မြန်မာက ညီအစ်ကို နိုင်ငံလိုပါပဲ၊ ရာသီဥတု ဆင်တူတယ်၊ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်လို့ ပြောပြဖြစ်တယ်။ နောက်ပိုင်း သူတို့က စစ်စစ်ပေါက်ပေါက်မေးတဲ့အခါမျိုးကျရင် အရင်တုန်းက အပြန်အလှန် စစ်တိုက်ဖူးတဲ့အကြောင်း ပြောပြဖြစ်တယ်။ ထပ်ပြီး အထွန့်တက်ပြီး ဘယ်သူနိုင်လဲလို့ မေးရင် ကိုယ့်ဘက်က ဘ၀င်မြင့်တဲ့ပုံစံမျိုးမဖြစ်အောင် သတိထားပြီး ပြန်ဖြေရတယ်။ မြန်မာက အင်္ဂလိပ်မသိမ်းခင် ဟိုးအရင်တုန်းက အရှေ့တောင်အာရှမှာ အင်အားကြီးနိုင်ငံဖြစ်ခဲ့ဖူးတယ်။ ထိုင်းကို လက်အောက်ခံအဖြစ် ထားဖူးတယ်၊ အာဏာစက်က တချို့ အရှေ့တောင်အာရှနိုင်ငံတွေအထိ ဖြန့်နိုင်ခဲ့တယ်။ အာသံ၊ မဏိပူရနဲ့ စစ်တကောင်းအထိ နယ်ပယ်တွေ ပိုင်ခဲ့ဖူးတယ်လို့ပြောတဲ့အခါ သူတို့ ပါးစပ်အဟောင်းသားဖြစ်ကြတယ်။
.
မြန်မာမှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်ရှိခဲ့ဖူးတယ်လို့ ပြောတဲ့အခါမှာလည်း သူတို့ အံ့သြတာပါပဲ။ ဘာလို့လည်းတော့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ခဲ့တဲ့ တိန်ရှောင်ဖိန် တက်မလာခင် ၁၉၇၈ ခုနှစ်အထိ တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှက တခြားနိုင်ငံတွေလိုပဲ ထူးမခြားနားဖြစ်ခဲ့တယ်လို့ ကျနော် ဖတ်ထားဖူးတယ်။ စီးပွားရေးနဲ့ ပညာရေးဆိုတာကလည်း ထူးမခြားနားပဲ။ အဲဒီအချိန်မတိုင်ခင်မှာ ကျနော်တို့ရဲ့ ရန်ကုန်တက္ကသိုလ်ကြီးက အင်္ဂလိပ်တို့ ချန်ရစ်ခဲ့တဲ့အရှိန်နဲ့ တော်တော်အဆင့်မြင့်တဲ့တက္ကသိုလ်ဖြစ်နေခဲ့ပါသေးတယ်။
.
မော်စီတုန်းလုပ်ခဲ့တဲ့ မအောင်မြင်တဲ့ ခုန်ပျံကျော်လွှားစီးပွားရေးစနစ်အစား တိန့်ရှောင်ဖိန်က ဈေးကွက်စီးပွားရေးစနစ် ပြောင်းပေးခဲ့လို့ တရုတ်ရဲ့စီးပွားရေးက လက်ရှိကမ္ဘာမှာ နံပါတ် ၂ ချိတ်နေပြီ။ ပညာရေးဆိုရင်လည်း တိန့်ရှောင်ဖိန်က သူ့လက်ထက်မှာ စင်ကာပူ၊ ကွာလာလမ်ပူနဲ့ တခြားနိုင်ငံတွေကို အလည်သွားရင် တိုးတက်တာတွေကို မျက်မြင် တွေ့ခဲ့ရတော့ အဲဒီနိုင်ငံတွေမှာ ပညာသွားသင်ဖို့ တရုတ်ကျောင်းသားတွေကို ပညာတော်သင်လွှတ်တယ်။ လက်တစ်ဆုပ်စာ လွှတ်တာမျိုးမဟုတ်ဘဲ ရာထောင်ချီကို လွှတ်တာ။
.
ဒါတောင် ၈၈ အရေးအခင်းနောက်ပိုင်းမှ ဖြစ်တဲ့ တိန့်အန်မင်ရင်ပြင်အရေးအခင်းကြီး တရုတ်မှာ ပေါ်ခဲ့တယ်။ တင့်ကားနဲ့ တက်ကြိတ်တာမျိုးတွေ လုပ်ခဲ့တယ်။ အဲဒါတွေကလည်း တိန့်ရှောင်ဖိန်လက်ချက်ပဲ။ ဒါပေမယ့် အဲဒီလိုဆန္ဒပြလို့ဆိုပြီး တရုတ်မှာ တက္ကသိုလ်ကြီးကို ပိတ်၊ ကျောင်းသားသမဂ္ဂကိုဗုံးခွဲပြီး ကျောင်းသားတွေကို ဖိနှိပ်ထားတာမျိုး မလုပ်ခဲ့ဘူး။ ကျောင်းသားတွေကို ထောင်သောင်းချီ နိုင်ငံခြားကို ပညာတော်သင်လွှတ်တာ။
.
ထုံးစံအတိုင်း တိုးတက်တဲ့နိုင်ငံခြားတိုင်းပြည်မှာ ကျောင်းတက်ပြီးတဲ့ တရုတ်ကျောင်းသား အများစုက တရုတ်ကို ပြန်မလာကြဘူး။ ပြန်မလာလဲ ပညာတော်သင်လွှတ်တဲ့အစီအစဉ်ကို မရပ်ဘူး။ ကျောင်းသားတွေကို ပုံမှန် အများကြီး ထပ်လွှတ်တယ်။ ကျောင်းသားတွေ ဘာလို့ ပြန်မလာချင်ရတာလဲဆိုတဲ့ ပြဿနာကို အဖြေရှာတယ်။ အဖြေက ရှင်းပါတယ်။ နိုင်ငံခြားမှာလုပ်ရင် ရမယ့် အလုပ်နဲ့ လစာမျိုး တရုတ်မှာ မရနိုင်လို့ ဖြစ်တယ်။ အဲဒီအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်လာအောင် ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်တယ်။ ပြည်ပလုပ်ငန်းတွေ ၀င်လာလို့ ပြည်တွင်းလုပ်ငန်းတွေ ပြိုလဲမသွားအောင် အစိုးရက ထောက်ပံ့တယ်။ ဘဏ်စနစ်တွေကို ပြင်တယ်။ တစ်ခုထပ်ပြောချင်တာက ဒီက ဘဏ်တွေက နာမည်အမျိုးမျိုးနဲ့ရှိပေမယ့် အကုန် အစိုးရပိုင်ပဲလို့ သိရတယ်။ ဒီအချက်ကတော့ ကျနော် ထပ်ပြီး အတည်ပြုပေးမယ်။ အဲဒီတော့ ပြည်တွင်းမှာ နိုင်ငံတကာလုပ်ငန်းတွေ၊ နိုင်ငံတကာအဆင့်မီပြည်တွင်းလုပ်ငန်းတွေပေါ်လာတယ်။ လစာကိုလည်း နိုင်ငံခြားမှာ ပေးတဲ့လစာအတိုင်း ပေးနိုင်တယ်။ ဒီတော့ နိုင်ငံခြားမှာ ဘွဲ့ရတဲ့ကျောင်းသားအများစုက အမိမြေကို ပြန်လာတယ်။ ပြန်လာတဲ့ကျောင်းသားတွေကို အစိုးရက ၀မ်းသာအားရကြိုတယ်၊ ကိုယ်ပိုင်လုပ်ငန်းထောင်နိုင်အောင် လုပ်ပေးတယ်။
.
မော်စီတုန်းတို့၊ တိန့်ရှောင်ဖိန်တို့နဲ့ ခေတ်ပြိုင်ဦးနေ၀င်းလက်ထက်မှာ ဆိုရှယ်လစ်ဘောင် လမ်းစဉ်ဘာညာ အောင်မြင်၊ မမြင်ဆိုတာ အခု မြန်မာနိုင်ငံကို ကြည့်ရင် သိသာတာပဲ။ Least Developed Country (LDC) - ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဆိုတာ ဦးနေ၀င်းလက်ထက်မှာ သတ်မှတ်ခံရတာ။ ရင်နာဖို့ ကောင်းတာက LDC ဆိုတာ ကမ္ဘာက သူ့ဟာသူကမ္ဘာက သတ်မှတ်တာမဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်လျှောက်ရတာမျိုး။ LDC နိုင်ငံစာရင်းဝင်ဖို့ သတ်မှတ်ချက်တွေနဲ့ညီမှ ရတယ်။ ဦးနေ၀င်းဟာ နိုင်ငံတကာကြွေးမြီတွေကို မဆပ်နိုင်လို့ LDC နိုင်ငံ အဖြစ်လျှောက်ထားတာ ပထမအကြိမ်မှာ သတ်မှတ်ချက်နဲ့မညီလို့ ပယ်ချခံရတယ်။ဘာလို့ မညီလဲဆိုရင် အကြမ်းဖျဉ်းပြောရင် တစ်ဦးချင်းဝင်ငွေနဲ့ ပညာရေးအဆင့်က LDC အဆင့်သတ်မှတ်ရအောင် မနိမ့်ကျသေးလို့ပါတဲ့။ ဒါနဲ့ မည်သို့မည်ပုံ လုပ်လိုက်သည်မသိပေါ့ဗျာ။ နောက်တစ်ခါကျတော့ အဆင့်သတ်မှတ်ချက်နဲ့ ညီသွားပြီး LDC စာရင်းဝင် နိုင်ငံ ဖြစ်သွားပါတော့တယ်။
.
လက်ရှိဒီအစိုးရလက်ထက်မှာ ကြွေးမြီ ဒေါ်လာ ၉ ဘီလျံကျော်တင်နေတယ်ဆိုပြီး ပြောနေကြတဲ့အထဲက ထက်ဝက်ကျော်ဟာ ၈၈ အရေးအခင်းမတိုင်ခင်ကတည်းက တင်နေပါပြီ။ အဲဒီခေတ်က ငွေတန်ဖိုးနဲ့တွက်ရင် ဘယ်လောက်များမလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ ဦးသန်းရွှေအစိုးရလက်ထက်တောင် အဲဒီလောက် အကြွေးမများခဲ့ပါဘူး။
.
တရုတ်ရဲ့ ပညာတော်သင်လွှတ်တဲ့အစီအစဉ်တွေမှာ မြေအောက်ရထားဆောက်ဖို့လည်း ပါတယ်။ အဲဒီတုန်းက ရုရှားက မော်စကိုတိုက်ပွဲမှာ မြေအောက်ရထားလမ်းကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။ ဥပမာ စစ်ဘေးရှောင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့ မြေအောက်မှာ ပုန်းခိုနိုင်တယ်။ စစ်သည်တွေကို ဘေးကင်းကင်းနဲ့ စစ်ကူပို့နိုင်တယ်။ မြေအောက် စစ်ဌာနချုပ်တွေအဖြစ် သုံးနိုင်တယ်။ စသည်ဖြင့် အများကြီးပါပဲ။
.
ဒါကို အားကျတဲ့မော်စီတုန်းနဲ့ တရုတ်ခေါင်းဆောင်တွေက အရှေ့ဂျာမနီနဲ့ ရုရှားက ပညာရှင်တွေကို ဖိတ်ခေါ်တယ်။ ပြီးတော့ မြေအောက်ရထားဆောက်တဲ့ နည်းပညာကို သင်ဖို့ တရုတ်ကျောင်းသား ရာနဲ့ချီပြီး ရုရှားကို လွှတ်တယ်။ မြေအောက်ရထားစီမံကိန်းကို စပြီး သိပ်မကြာဘူး၊ တရုတ်နဲ့ ရုရှားအစေးမကပ်တော့လို့ ရုရှားက ပညာရှင်တွေအကုန် ပြန်သွားကြတယ်။ စီမံကိန်းတိုးလိုတန်းလန်းနဲ့ တရုတ်ကဂရုကို မစိုက်ဘူး၊ အဲဒီအချိန်မှာ ရုရှားကိုလွှတ်ထားတဲ့ ကျောင်းသားတွေက ဒီမြေအောက်ရထားဆောက်တဲ့ပညာကို လေ့လာတာ ပြောမယ်ဆိုရင် မာစတာမက ပြီးနေကြပြီ။ အဲဒီတော့ ကိုယ့်ရဲ့ပြည်တွင်းပညာရှင် အများစုနဲ့ ခုနက မြေအောက်ရထားလမ်းစီမံကိန်းကို ပြန်လုပ်တယ်။
.
၂၀၀၈ အိုလံပစ်ပြိုင်ပွဲမတိုင်ခင်အထိ တရုတ်မှာ မြေအောက်ရထားလမ်းကြောင်း ၂ ခုပဲ ရှိသေးတယ်။ ဒါတောင် တစ်ကြောင်းပဲ ကောင်းကောင်းပြေးနိုင်တယ်။ နောက်ပြီး လက်မှတ်စနစ်နဲ့ သွားရတာ။ ၂၀၀၈ ရောက်တဲ့အချိန်မှာ လိုင်းသစ် ၄ လိုင်းကို ဖွင့်နိုင်တယ်။ လက်မှတ်စနစ်က အကုန်စမတ်ကတ်စနစ်နဲ့ အလိုအလျောက် ငွေဖြတ်တဲ့စနစ် ဖြစ်သွားတယ်။ အခု မြေအောက်ရထားလမ်းက ၁၉ လိုင်း၊ လိုင်း ၂၀ လောက်ဖြစ်နေပြီ၊ ထပ်ပြီးလည်း ဆောက်နေတုန်း။
.
ကျနော်ပြောချင်တာက ပညာရေးစနစ်ကို ပြောချင်တာပါ။ နိုင်ငံခြားပညာတော်သင်ကို အများကြီး လွှတ်ခဲ့တယ်။ အခု အဲဒီရဲ့အကျိုးဆက်အနေနဲ့ တရုတ်ရဲ့လက်ရှိ အခြေအနေကို မြင်နိုင်ပါတယ်။
.
နောက်ဆက်တွဲ ဖြည့်စွက်ပြောချင်တာက မနေ့က တရုတ်ရဲ့ရေကာတာ ၂ ခုကို လေ့လာဖို့ ရောက်ခဲ့တယ်။ ညပိုင်း အစည်းအဝေးထိုင်တော့ လူကြီးကို လိုက်ရှာမိတယ်။ ဘယ်သူ လူကြီးမှန်းမသိဘူး။ အားလုံးက အပြန်အလှန် အေးဆေး ဆွေးနွေးနေကြတာရယ်၊ သူတို့တရုတ်လိုပြောလို့ ကိုယ်နားမလည်တာလည်း ပါတယ်။ အဲဒီရေကာတာမှာ အကြီးဆုံးလူကြီး၊ သူ့ထက်ကြီးတာဆိုလို့ ရေကာတာကြီးပဲရှိတော့တယ်။ အဲဒီလူကြီးက လူကြီးလို့ မထင်ရအောင်ကို အေးအေးလူလူပဲ။
.
အဲဒါ သူတစ်ယောက်တည်းလားဆိုတော့ မဟုတ်ပြန်ဘူး။ ကျနော် တွေ့ဖူးသမျှ လူကြီးတိုင်းက အဲဒီလိုတွေချည်းပဲ။ ဥပမာ ကျနော်တို့ရုံးမှာ နှစ်သစ်ကူးမတိုင်ခင် ၀န်ထမ်းတွေနဲ့ ပျော်ပွဲရွှင်ပွဲလုပ်တယ်။ အဲဒီမှာ ၀န်ထမ်းတစ်ချို့ကို ဂုဏ်ပြုမှတ်တမ်းပေးတာမျိုးတွေလည်း ပါတယ်။ အဲဒီမှာ ကျနော်တို့ရုံးက အကြီးဆုံးလူကြီးက ဂုဏ်ပြုလက်ဆောင်ပေးရတဲ့အခါ လက်တစ်ဖက်က ပေးမလိုလုပ်တယ်။ ယူတဲ့သူကလည်း ခပ်တည်တည်ယူမယ်လုပ်တော့ ဟိုဘက်လက်ကို ပြောင်းလိုက်တယ်။ နောက်တာပေါ့။ အားလုံးဝိုင်းရယ်ကြတယ်။ ပေါ့ပေါ့ပါးပါးပဲ။ ကျနော်တို့ အစိုးရရုံးတွေမှာတော့ ဌာနမှူးလောက်ကို ကြောက်ဒူးတုန်ရတာ၊ အစည်းအဝေးလုပ်ရင် မဆိုင်တဲ့စကားတွေ ပြောပြီး ပါဝါတွေ စွတ်ပြနေတာ ကိုယ်တိုင်ကြုံခဲ့ရဖူးတော့ ဒီမြင်ကွင်းတွေက အထူးအဆန်းဖြစ်ရတယ်။
.
တရုတ်က တကယ်ပါးပါးလေးပဲ။ ကွန်မြူနစ်သာ အမည်ခံထားတာ။ စနစ်တိုင်းက ကောင်းတဲ့အချက်တွေမှန်သမျှ ယူသုံးထားတယ်။ အခု အစည်းအဝေးကြီး ၂ ရပ်က ဘာတွေ ရလဒ်ထွက်လာဦးမလဲ မသိပြန်ဘူး။ ဒါကိုတော့ နိုင်ငံတကာက စိတ်ဝင်စားကြတယ်။ တိန့်ရှောင်ဖိန်လက်ထက်က သတ်မှတ်ခဲ့တဲ့ သက်တမ်း ၂ ကြိမ်ထက်ပိုမယူရတဲ့အချက်ကို ပြင်ပြီး သမ္မတအကန့်အသတ်မရှိလုပ်ဖို့ ရှီကျင့်ဖျင်က ကြိုးစားနေတယ်လို့ ပြောကြတယ်။ ဒါကို မကြိုက်ဘဲ ကန့်ကွက်နေတဲ့ တရုတ်တွေကိုလည်း အခုတွေ့ရတယ်။
.
နောက်ဆုံးအနေနဲ့ ပြောရရင် တရုတ်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် သူတို့ဆီက ကောင်းတာလေးတွေယူနိုင်ရင်တော့ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။
…
စည်သူထွန်းFB
No comments:
Post a Comment