လွန်ခဲ့တဲ့ သုံးနှစ်လောက်က အမေရိကန်အစိုးရဟာ အမေရိကန်ဒေါ်လာ ထရီလီယံနဲ့ချီ အကုန်အကျခံပြီး ဧရာမ အမေရိကန် ဘဏ်ကြီးတွေနဲ့ အပေးအယူတစ်ခု လုပ်ခဲ့တယ်။ ဒါက ဘာလဲဆိုတော့ အစိုးရက ဘဏ်ကြီးတွေကို မပြိုလဲရအောင် ကယ်တင်ပေးမယ်။ ပြီးရင် ဘဏ်ကြီးတွေက အမေရိကန်စီးပွားရေးကို ကယ်တင်ပေးရမယ်ဆိုတဲ့ တရားဝင် မဟုတ်ပေမယ့် နှစ်ဦးနှစ်ဘက် ယုံကြည်စိတ်ချစွာနဲ့ ပြုလုပ်ခဲ့ကြတဲ့ Gentlemen's Agreement...။ ဒါပေမယ့် အစိုးရကသာ ဘဏ် ကြီးတွေကို ကယ်တင်ခဲ့ရတယ်။
ဘဏ်ကြီးတွေက အမေရိကန်စီးပွား ရေးတိုးတက်ရာ တိုးတက်ကြောင်း ဘာဆိုဘာမှ မလုပ်ပေးခဲ့ကြဘူး။ ၂ဝဝ၈ ခုနှစ်က စတင်ခဲ့တဲ့ ဘဏ္ဍာ ရေးပြဿနာကြောင့် အမေရိကန် ဘဏ်တွေဟာ မလှုပ်မရှားနိုင် ဖြစ်နေ ခဲ့ကြတာ ဒီကနေ့အထိပါပဲ။ ဘာ ကြောင့်လဲ။ အမေရိကန်ဘဏ်ကြီးတွေရဲ့ အစုရှယ်ယာ တန်ဖိုးဟာ ဈေးကွက် တွေမှာ ထိုးကျနေဆဲဖြစ်တယ်။ ဘဏ်တွေအနေနဲ့ အတိတ်ကို အတိတ်မှာပဲ ထားရစ်ခဲ့ပြီလို့ ထင်မှတ် ထားခဲ့ကြတဲ့ အိမ်ရာမြေပေါင်နှံမှု ပြဿနာတွေကလဲ ပြီးပြတ်သေးခြင်း မရှိဘဲ ပြန်လည် ပေါ်ထွက်လာနေ တယ်။ အမေရိကန် ဘဏ်ကြီးတွေကပဲ အခြေအနေ မကောင်းတာလား။ မဟုတ်ပါဘူး။ ဥရောပ ဘဏ်ကြီး တွေရဲ့ ပြဿနာက အမေရိကန်နိုင်ငံ မှာထက်တောင် ပိုပြီး ဆိုးရွားပါ သေးတယ်။
ဥရောပဘဏ်ကြီးတွေ က အစိုးရရဲ့ ကြွေးမြီ -Sovereign Debt တွေကို နင်းကန်ဝယ်ယူ ထား ကြရတာကြောင့် လေတစ်ချက် အဝေ့ မှာ ကြွေလွင့်တော့မယ့် သစ်ရွက် လေးတွေလို တဖျတ်ဖျတ်နဲ့ လှုပ်ခါ နေကြတယ်။ မကြာသေးမီက ဘဏ္ဍာ ရေးအကဲဖြတ်အေဂျင်စီ Moody' s ဟာ ပြင်သစ်က ဘဏ်ကြီးနှစ်ဘဏ် ရဲ့ ကြွေးပြန်ဆပ်နိုင်စွမ်းကို အဆင့် လျှော့ချ ပစ်ခဲ့သေးတယ်။ ပြင်သစ် အစိုးရက အဲဒီ ဘဏ်ကြီးတွေကို ကျားကန်ပေးထားတယ်ဆိုပေမယ့် ပြဿနာတက်နေတဲ့ Societe Gen-erale ဘဏ်ကြီးဟာ အချိန်မရွေးပြို လဲသွားနိုင်တယ်လို့ အချို့က ယုံ ကြည်နေကြတယ်။ တကယ်လို့ အဲဒီဘဏ်ကြီးသာ ဗုံးဗုံးလဲသွားခဲ့ရင် ဥရောပတစ်လွှား က အထိမခံ ရွှေပန်းကန် ဘဏ္ဍာ ရေးအဆောက်အအုံတစ်ခုလုံး ဝုန်းခနဲ ပြိုလဲသွားနိုင်တယ်။ အဲဒီက တစ်ဆင့် အမေရိကန် ဘဏ်ကြီးတွေကိုပါ ရိုက် ခတ်ပြီး ကမ္ဘာတစ်ဝန်းလုံး ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးပြဿနာလို တစ် နွယ်ငင် တစ်စင်ပါ ဖြစ်သွားနိုင်တယ်။
အမေရိကန်နိုင်ငံက အကြီးဆုံးဘဏ် ကြီး တစ်ဘဏ်ဖြစ်တဲ့ Bank of America လဲ ထိုနည်းအတူပါပဲ။ သြဂုတ်လအတွင်းက သူဌေး ကြီး Warren Buffett က အမေရိကန် ဒေါ်လာ ငါးဘီလီယံငွေသား ဖြည့် တင်းပြီး BoA ကို ထောက်ကူပေးခဲ့ ရတယ်။ BoA ရဲ့ စီအီးအို Brian Maynihan က ဘဏ်ရဲ့ အခြေအနေ ဟာ တောင့်တင်းခိုင်မာပါတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကို အကြိမ်ကြိမ် အခါခါ ပြောဆိုခဲ့ပေမယ့် BoA ရဲ့ အစုရှယ်ယာဈေးနှုန်းက ၅ဝ ရာခိုင် နှုန်းလောက်ဈေးကွက်ထဲမှာ ပြုတ် ကျလျက်ရှိတယ်။ BoA စီအီးအို ပြော ဆိုချက်တွေကို မယုံကြည်ကြောင်း ပြဆိုတဲ့ သာဓက တစ်ခုပါပဲ။ ဝေါစထရိရဲ့ ယခင် ဆန်းစစ် ဝေဖန်သူ Henry Blodget က BoA အနေနဲ့ အိမ်ရာမြေ အပေါင်ခံ ထုတ် ချေးမှုနဲ့ ပတ်သက်ပြီး နစ်နာ ဆုံးရှုံး မှုတွေ ပြီးတော့ အိမ်ရာမြေ လုပ်ငန်း အရောင်းအဝယ်မှာ ဆုံးရှုံးမှုတွေ နှစ် ရပ်ပေါင်း အမေရိကန် ဒေါ်လာ ဘီလီယံ ၂ဝဝ ဖိုးလောက် အချဉ် ပေါက်နေကြောင်း ထောက်ပြခဲ့ တယ်။ BoA တာဝန်ခံတွေက ငွေ ပမာဏ အဲသလောက် မများကြောင်း ငြင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် Blodget က အဲဒီငွေ ပမာဏရဲ့ သုံး ပုံနှစ်ပုံလောက် ဆုံးရှုံးခဲ့မယ်ဆိုရင် Bank of America ဟာ ဘဏ္ဍာရေး လောကမှ ပျောက်ကွယ်သွားနိုင် ကြောင်း ကြိုတင်ဟောကိန်းထုတ်ခဲ့ တယ်။
ဒီနှစ် အောက်တိုဘာလဟာ အမေရိကန်ဘဏ်ကြီးတွေကို အစိုးရ က ကယ်တင်ခဲ့တဲ့ သုံးနှစ်မြောက် နှစ်ပတ်လည်လဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်က ဒီလို အောက်တိုဘာလ အတွင်းမှာ အမေရိကန် အစိုးရဟာ လွှတ်တော်နှစ်ရပ်ရဲ့ သဘောတူ ခွင့် ပြုချက်အရ Troubled Asset Relief Program - TARP အစီအစဉ်နဲ့ အမေရိကန်ဒေါ်လာ၇ဝဝ ဘီလီယံထဲ က အချို့အဝက်ကို သုံးစွဲပြီး ဘဏ် ကြီးတွေကို ကူညီကယ်တင်ခဲ့တယ်။ အဲဒါအပြင် အမေရိကန် အစိုးရဟာ အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံ လောက်ရှိတဲ့ ဘဏ္ဍာရေး အာမခံချက် အမျိုးမျိုးကိုလဲ ကျောထောက်နောက် ခံပြုပေးခဲ့ပါသေးတယ်။ အများရဲ့ အမြင်မှာတော့ ကယ် တင်ရေး အစီအမံဟာ အောင်မြင် တယ်ပေါ့။
အဲဒီနောက်ပိုင်း ပြိုလဲတဲ့ ဘဏ်ကြီးရယ်လို့မရှိတော့ဘူး။ ဘဏ် ကြီးတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်က ထက်တောင် အရင်းအနှီးတွေ များ လာခဲ့သေးတယ်။ မကြာသေးသော အချိန်အထိ အမြတ်အစွန်းတွေကလဲ တိုးတက် ရရှိလာခဲ့ကြတယ်။ ဒါပေမယ့် တချို့ရဲ့ အမြင်မှာ ဘဏ်အခြေအနေ ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကလိုပဲ ဆိုးရွားမြဲ ဆိုးရွားနေတယ်လို့ မြင်ကြ တယ်။ ဘာကြောင့်ပါလိမ့်။ ဘဏ်ကြီးတွေဟာ အစိုးရနဲ့ အပေးအယူ လုပ်ခဲ့ကြစဉ်က အစိုးရ က ဘဏ်ကြီးတွေကို ကယ်တင်ရင် ဘဏ်ကြီးတွေက အများပြည်သူတွေ ကို ငွေထုတ်ချေးရမယ်ဆိုတဲ့ ကတိ ကဝတ်ကို ပျက်ကွက်ခဲ့ကြတယ်။ ဟုတ်တိပတ်တိ မဆောင်ကြဉ်းခဲ့ကြ ဘူး။ ဘဏ်ကြီးတွေကဝယ်လိုအား မရှိလို့ပါလို့ အကြောင်းပြခဲ့ကြတယ်။ ဆိုလိုတာက ငွေလာချေးသူတွေ မရှိ ဘူးလို့ ဆိုလိုရင်းဖြစ်ပါတယ်။
ဒါပေ မယ့် စာရင်းကောက်ယူချက်အရ စီး ပွားရေးလုပ်ငန်းအသေးစား ၇၃ ရာခိုင် နှုန်းက သူတို့ဟာ ဘဏ်က ချေးငွေ မရတဲ့အတွက် ငွေရေး ကြေးရေး အခက်အခဲနဲ့ ကြုံကြိုက်နေကြတယ် လို့ ဆိုခဲ့ကြတယ်။ ဘဏ်တွေအတွက် ပိုပြီးဆိုးတာ က လွန်ခဲ့တဲ့လအနည်းငယ်အတွင်း မှာ ဘဏ်တွေရဲ့ အပေါင်ခံ စာချုပ် စာတမ်းတွေနဲ့ ပတ်သက်ပြီး အစိုးရ ရကရော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ တွေကပါ ဘဏ်တွေကို တရားစွဲဆို မှုတွေ များပြားလာခဲ့တယ်။ ဒါကြောင့် ဘဏ်တွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေ တစ်ပုံတစ်ခေါင်းဖြစ်ပေါ်လာနိုင်တယ်။ ဘဏ်၊ ဘဏ်ခွဲတွေ အများအပြား ပိတ်သိမ်းလာကြရဖွယ်ရှိတယ်။ ဝန် ထမ်းအတော်များများလဲ အလုပ်ပြုတ် ကြမယ်။ BoA ဆိုရင် ဒီနှစ်အတွင်း မှာ ဘဏ်ဝန်ထမ်း ၆ဝဝဝ လောက် အလုပ်ဖြုတ်ပစ်ခဲ့ပြီးဖြစ်တယ်။ လာမယ့် သုံးနှစ်ကာလအတွင်း နောက် ထပ် ဘဏ်ဝန်ထမ်း ၃ဝဝဝဝ အလုပ်ထုတ်ပစ်ရဦးမယ်လို့ ကြိုကြို တင်တင် ကြေညာထားတယ်။
ဘောဂဗေဒ ပညာရှင် အချို့က အမေရိကန်ဘဏ်တွေဟာ သွေးစုပ် ဖုတ်ကောင်ဘဏ်တွေ-Zombie Bank ဖြစ်လာတော့မလား စိုးရိမ်နေကြ တယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ သွေးစုပ်နိုင်မှ ဆက်လက် အသက် ရှင်ဖို့ ဖြစ်နိုင်သလို ဘဏ်တွေကလဲ အစိုးရဆီက အဆက်မပြတ် အထောက်အကူရနေမှ ရပ်တည်နိုင် ကြမလိုဖြစ်လာတယ်။ အချို့ကတော့ အစိုးရကို အပြစ်တင်ကြတယ်။ TARP အစီအစဉ်နဲ့ ဘဏ်တွေကို ကယ်တင်ခဲ့တုန်းက အစိုးရဟာ ဘဏ်တွေရဲ့ တောင်းခံမရတဲ့ ချေး ငွေတွေကို တိုက်ရိုက်မဝယ်ယူခဲ့ဘဲ ဘဏ်တွေအနေနဲ့ သူတို့ပြဿနာ သူတို့ ဖြေရှင်းနိုင်အောင် ငွေသားတွေ ဖြည့်တင်းပေးခဲ့တယ်။ ဒါဟာ အစိုး ရအတွက် မဟာအမှားဖြစ်သွားခဲ့ တယ်။ ဘဏ်တွေဟာ သူတို့ရဲ့ အခြေခံပြဿနာတွေကိုလဲ မဖြေရှင်း ခဲ့တဲ့အပြင် အများပြည်သူကို ငွေထုတ် ချေးတာလဲ မရှိခဲ့ဘူး။
ဒါကြောင့် ဘဏ်ပြဿနာတွေဟာ ဒီကနေ့အထိ မပြေမလည်ဖြစ်နေရတယ်။ ၂ဝဝ၉ ခုနှစ် နွေဦးက အမေရိ ကန်အစိုးရအနေနဲ့ ဘဏ်တွေရဲ့ တောင့်တင်းခိုင်မာမှုကို Stress Tests လုပ်ပြီး စမ်းသပ်ခဲ့တယ်။ အမေရိ ကန်ဘဏ်ကြီးတွေရဲ့ ထက်ဝက် လောက်ဟာ အဆိုးရွားဆုံး အမေရိ ကန်စီးပွားရေးကျဆင်းမှုကိုတောင် ကြံ့ကြံ့ခံနိုင်လောက်အောင် အရင်း အနှီးအပြည့်အဝ ရှိကြောင်း တိုင်းပြည် ကို ကြေညာမောင်းခတ်ခဲ့တယ်။ ဒီတော့ အမေရိကန် ဘဏ္ဍာရေး ပြဿနာဟာ ပြီးဆုံးသွားပြီလို့ လူအများက ယူဆခဲ့ကြတယ်။ ဘဏ်တွေဟာ ငွေအင်အား တောင့်တင်းလာတယ်။ Tarp အစီအစဉ်နဲ့ အစိုးရဆီက ချေးထားတဲ့ ငွေတွေကို ပြန်လည်ပေးဆပ်နိုင်ခဲ့ကြ တယ်။ အမြတ်အစွန်းတွေလဲ တိုး ရလာခဲ့ကြတယ်။ Goldman Sachs ဘဏ်ကြီးတောင် ၂ဝဝ၉ ခုနှစ်မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံစာရင်းပြခဲ့တယ်။ အဲသလို အခြေအနေကောင်းကြောင်း ပြောဆိုခဲ့ ကြပေမယ့် အရင်က IMF ဘောဂဗေ ဒ မှူးချုပ် ဖြစ်ခဲ့ဖူးတဲ့ Simon Johnson က Stress Tests ဟာ တကယ်တော့ ဘဏ်တွေကို ပြဿ နာတက်စေခဲ့တယ်လို့ ထောက်ပြခဲ့ တယ်။
ဘဏ်တွေရဲ့ လက်ထဲမှာ အရင်းအနှီးတွေရှိပေမယ့် ငွေမထုတ် ချေးဖြစ်တဲ့အကြောင်းရင်းက ၂ဝဝ၉ နဲ့ ၂ဝ၁ဝ ပြည့်နှစ်အတွင်း အမြတ် အစွန်းတွေဟာ အမှန်တကယ် မြတ် စွန်းမှုမဟုတ်ဘဲ စာရင်းပြောင်း အမြတ်တွေဖြစ်နေလို့ ဖြစ်တယ်။ အစိုးရက ဘဏ်တွေကို ထောက်ကူ ပေးနေမှုတွေကို ရုပ်သိမ်းလိုက်တာနဲ့ ဘဏ်တွေလဲ လုပ်ငန်းတွေ ရပ်ဆိုင်း သွားနိုင်တယ်။ ဘဏ်တွေရဲ့ အဓိက ပြဿနာဟာ ငွေထုတ်မချေးနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဘဏ်ဆိုတာ ငွေချေး တဲ့လုပ်ငန်းလုပ်ဆောင်နိုင်မှ ဝင်ငွေရ လာနိုင်တယ်။ အိမ်ရာ အပေါင်ခံပြီး ငွေထုတ်ချေးတာဟာ ဘဏ်တွေရဲ့ အဓိက လုပ်ငန်းပါပဲ။ ဘဏ်ကြီးတွေ အနေနဲ့ သိပ်ပြီး ငွေချေးငှားမှု မလုပ်နိုင်တော့ ဝင်ငွေဟာ ၂၅ ရာခိုင် နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ ကျ ဆင်းလျက်ရှိတယ်။ ပိုင်းခြားဝေဖန်သူတွေရဲ့ အဆို ကတော့ အနာဂတ်မှာ ဘဏ်တွေရဲ့ အမြတ်အစွန်းဟာ တိုးတက်လာနိုင် ခြေရှိတယ်လို့ ယူဆကြတယ်။ ဒါ ပေမယ့် မြတ်စွန်းမှု အတော်များများ ဟာ စရိတ်လျှော့ချမှုကြောင့် ဖြစ်လာ နိုင်တယ်။
ဒီတော့ ဘဏ်ကြီးတွေရဲ့ ချေးငှားမှုဟာ တစ်စတစ်စ ကျုံ့သွား နိုင်ခြေရှိပါတယ်။ ဒါပေမယ့် လျော့ နည်းငွေချေးငှားမှုကြောင့် အန္တရာယ် လျော့နည်းသွားတာတော့ မဟုတ် ဘူး။ လျော့နည်းငွေချေးမှုကနေပြီး နောက်ထပ် ပြဿနာတစ်မျိုး ထွက် ပေါ်လာနိုင်တယ်။ ဒါက ဘဏ်လုပ်ငန်း ပြုပြင် ပြောင်းလဲရေး ဖြစ်တယ်။ မနှစ်က ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ Dodd-Frank ဘဏ်လုပ်ငန်းပြုပြင် ပြောင်းလဲရေး ဥပဒေဟာ ဘဏ်တွေ ရဲ့ စာရင်းကို ပွင့်လင်းမြင်သာအောင် မပြုလုပ်နိုင်ခဲ့ဘူး။ ဘဏ္ဍာရေး ဆင့် ပွားကိရိယာတွေနဲ့ပတ်သက်ပြီး ဘဏ် အစီရင်ခံစာတွေမှာ ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခဲ့ခြင်းမရှိဘူး။ ဒါကြောင့် ဘဏ်ကြီးတွေနဲ့ပတ်သက်ပြီး ရှော့ခ် ဖြစ်လာခဲ့ရင် ဘယ်လောက်အထိ ပျံ့ နှံ့သွားနိုင်တယ်ဆိုတာကို ခန့်မှန်းရ ခက်တယ်။ ထိန်းချုပ်ဖို့လဲ ခက် တယ်။ ရောဂါကို မကူးစက်နိုင် အောင် ချုပ်ကိုင်နိုင်ပေမယ့် ဘဏ္ဍာ ရေးပြဿနာကိုတော့ မပြန့်ပွားအောင် ဟန့်တားလို့မရဘူး။
ဒီအတွက်ကြောင့် အမေရိကန် နိုင်ငံအတွက် ဥရောပ ဘဏ်ပြဿနာ ဟာ အရေးကြီးတယ်။ တကယ်လို့ ဥရောပ ဘဏ်ကြီးတွေ ပြိုလဲသွားခဲ့ ရင် Lehman Brothers ဘဏ်ကြီး ပြိုလဲတုန်းက ကမ္ဘာ့ ဘဏ္ဍာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို ထိခိုက် ခဲ့သလို အမေရိကန် ဘဏ်ကြီးတွေ ကိုလဲ ရိုက်ခတ်လာနိုင်တယ်။ အတိ အကျခန့်မှန်းရခက်ပေမယ့် ဥရောပ ဘဏ်ကြီးတွေဟာ အမေရိကန် ဘဏ်ကြီးတွေလောက် အင်အား မတောင့်တင်းဘူး။ ပြီးတော့ ဥရောပ ဘဏ်ကြီး တွေရဲ့ ပြဿနာအရင်းအမြစ်က ကွဲ ပြားခြားနားတယ်။ အမေရိကန် ဘဏ္ဍာရေး ပြဿနာ တက်တုန်းက ပြဿနာဟာ ပုဂ္ဂလိက အိမ်ပိုင်ရှင် တွေကြောင့် ဖြစ်ပေါ်ခဲ့တယ်။ ဥရောပ ဘဏ်ကြီးတွေရဲ့ ပြဿနာက ဂရိ၊ အီတလီ၊ ပေါ်တူဂီစတဲ့ နိုင်ငံတွေရဲ့ြေ<ွကးမြီတွေကို ဝယ်ယူထားခဲ့ကြရလို့ ဖြစ်တယ်။
ဥရောပနိုင်ငံတွေဟာ အခွန် ဘဏ္ဍာ ပေါ်လစီအရ ပူးပေါင်း ထားခြင်းမရှိတဲ့ အတွက် နိုင်ငံတွေ အနေနဲ့ တစ်နိုင်ငံကို အခြားတစ်နိုင်ငံ က ကူညီကယ်တင်ရခက်တယ်။ စု ပေါင်းဖြေရှင်းဖို့ကလဲ မလွယ်ဘူး။ ပိုဆိုးတာက ဥရောပဘဏ်ကြီး တွေကို သက်ဆိုင်ရာ နိုင်ငံတွေက အရင်းဖြည့်တင်းဖို့ ဆော်သြ တိုက် တွန်းတာမျိုးမရှိခဲ့တာ သုံးနှစ်လောက် တောင်ကြာခဲ့ပါပြီ။ ၂ဝ၁ဝ ပြည့်နှစ် နှစ်ကုန်မှာ ပျမ်းမျှ ဥရောပ သမဂ္ဂ ဘဏ်တွေရဲ့ အရင်းဟာ လက်ကျန် ချေးငွေရဲ့ ၆.၅ ရာခိုင်နှုန်းလောက် ပဲ လွှမ်းခြံနိုင်တယ်။ ဒါကြောင့် ပျမ်း မျှအားဖြင့် ဥရောပ သမဂ္ဂရဲ့ အကြီး မားဆုံး ဘဏ်ကြီး ၁၄ ဘဏ်ဟာ သူတို့ ချေးငွေရဲ့ ၄.၃ ရာခိုင်နှုန်း လောက်သာ အချဉ်ပေါက်ခဲ့ရင် တစ် ခါတည်း ပြိုလဲသွားနိုင်တယ်။ ဒါ ကြောင့်လဲ အကြောင်းသိတဲ့ ဥရောပ ဘဏ်အချင်းချင်း တစ်ဘက်နဲ့ တစ် ဘက် ငွေချေးနှုန်း အတော့်ကို မြင့် မားတယ်။
ဒီဘဏ်ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ဘောဂဗေဒ ပညာရှင် အချို့ကတော့ အိမ်ရာမြေ ပေါင်နှံ ချေးငှားတဲ့ ဈေးကွက်ကို ပြုပြင်ချင် ကြတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဘဏ်တွေရဲ့ ပြဿနာ အစက အဲဒီဈေးကွက်က ဖြစ်တယ်။ ဒါကြောင့် ဒီပြဿနာကို ကနဦး ဖြေ ရှင်းလိုကြတယ်။ အချို့ရဲ့ အမြင်မှာ ဘဏ်ပြဿနာကို ဖြေရှင်းတာကမှ လွယ်ဦးမယ်လို့ ထင်မြင်ယူဆကြ တယ်။ အိုဘားမား အစိုးရကလဲဒီ ကိစ္စကို ဖြေရှင်းရေးအတွက် အမျိုး မျိုးအဖုံဖုံ စဉ်းစားတယ်။ အပေါင် ဆုံးအိမ်ရာအဆောက်အအုံတွေကို မြေထိုးစက်တွေနဲ့ထိုးပြီး ဖြိုဖျက်ပစ် တဲ့ အထိတောင် စဉ်းစားခဲ့ကြတယ်။ ဥရောပ ဘဏ်လုပ်ငန်း ဖက် ဒရေးရှင်း- European Banking Federation ရဲ့အကြီးအကဲ Guido Ravoet ကတော့ ဥရောပ ဟာ အခု ထက်ပိုပြီး ပူးပေါင်းကြရင် ကောင်းမှာ ပဲလို့ တွေးတယ်။ ဒါပေမယ့် ဂျာမနီ နိုင်ငံက အသုံးအဖြုန်းကြီးတဲ့ ဂရိ နိုင်ငံလို နိုင်ငံ တွေနဲ့ သိပ်ပြီး ထဲထဲဝင်ဝင် မပေါင်းစည်းချင်ကြဘူး။ အမေရိကန်နိုင်ငံမှာဆိုရင် Louisiana State University မှ Joseph Mason မှ Joseph Mason က ဘဏ်တွေကို တဖြည်း ဖြည်းပြုပြင်နေမယ့်အစား သူတို့ရဲ့ ဆုံး ရှုံးမှုအားလုံးကို တစ်ခါတည်း စာရင်း ဖော်ဖယ်ရှားပစ်တာက အကောင်း ဆုံးပဲလို့ဆိုတယ်။ တို့ကနန်း ဆိတ် ကနန်းလုပ်ပြီး ဖြေရှင်းနေလို့ကတော့ ဘဏ်ပြဿနာဟာ ဘယ်တော့မှ ပြီး ပြတ်မှာ မဟုတ်ဘူးလို့ Mason က ပြောကြားခဲ့တယ်။ ဒီလိုလုပ်ရင် ဘဏ်တွေအနေနဲ့ လောလောလတ် လတ် ဝင်ငွေ ကျဆင်းသွားနိုင်ပေမယ့် နောင်တစ်ချိန်မှာ ဘဏ်တွေရဲ့ ကျန်းမာရေးဟာ ပိုပြီးကောင်းလာ နိုင်တယ်လို့ သူက ထောက်ပြတယ်။
မင်းရွှေမောင် Ref: "Our Banks Still don't Work" by Stephen Gandel:" Time, Sept 26, 2011.
မင်းရွှေမောင်-Myanmarmarket
No comments:
Post a Comment