Popular Posts!

Thursday, January 12, 2012

သွေးတိုးသွေးတက်ရောဂါ သိကောင်းစရာများနှင့် ကုထုံး

ဒဂုံမြို့သစ် (တောင်ပိုင်း) သဘာဝဓမ္မ ဆေးကုခန်း ဆရာ ဦးသန်းဆွေထွန်း (တဆ-၀၂၀၆၂) နှင့် တွေ့ဆုံဆွေးနွေးခဲ့သော
 သွေးတိုးသွေးတက်ရောဂါ သိကောင်းစရာများနှင့် ကုထုံး

သွေးတိုးရောဂါဟာ ဝဖြိုးသူများ ဖြစ်ပွားနိုင်သလို ပိန်သူတွေလဲ ဖြစ်နိုင်ပြီး ကျား-မ မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါ
ဖြစ်ပါတယ်။ သိပ္ပံဆေးပညာရှင်များက တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့ တင်စားပြောဆိုကြပါတယ်။

မြန်မာတိုင်းရင်းဆေး ပညာအရ ရောဂါသိလျှင် ဆေးရှိတာမို့ သွေးတိုး သွေးတက်ရောဂါ သိကောင်းစရာများနဲ့ ကုထုံးကို သိရှိမှတ်သားနိုင်ဖို့အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) ရောက်တဲ့အခါ ဆရာ ဦးသန်းဆွေထွန်းကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဆရာ ဦးသန်းဆွေထွန်းက ဆရာကြီး ဦးရွှေသော့ရဲ့ မြေးဖြစ်ပြီး သဘာဝဓမ္မဆရာကြီး ဦးထွန်းရည်နဲ့ ဆရာကြီး ဦးငြိမ်းမောင်တို့ရဲ့ တပည့် ဖြစ်ပါတယ်။ ဆရာသမားများရဲ့ နည်းနိဿယခံယူပြီး ဆေးကုသခဲ့တာ ဆေးကုသက် (၁၂)နှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ သွေးတိုးသွေးတက်ရောဂါနဲ့ ပတ်သက်ပြီး နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များ အသိတရား တိုးပွားစေရေးအတွက် ဆရာဦးသန်းဆွေထွန်းနဲ့ တွေ့ဆုံဆွေးနွေး
မေးမြန်းသမျှ ပြန်လည်တင်ပြလိုက်ပါသည်။

* ဆရာခင်များ သွေးတိုးသွေးတက်ရော၈ါအကြောင်းကို တိုင်းရင်းဆေးပညာအမြင်အရ ပထမဦးဆုံး ပြောပြပေးစေချင်ပါတယ်။
* အများခေါ်ပြော လက်ခံနေတဲ့ သွေးတိုးရောဂါဆိုတာ တိုင်းရင်းဆေးပညာ ဒေသနာနယအလိုအရ ပြောရရင် သွေးတက်၊ လေတက်၊ အခိုးတက်၊ တင်း၊ တောင့်၊ တက်၊ ခေါင်းမူးအုံတက်၊ ခေါင်းကိုက်တတ်၊ အခိုးအာကာသပိတ်ဖွဲ့၊ ချုပ်၊ တက်ဖြစ်တဲ့ ရောဂါ ဖြစ်ပြီး ရှေးတောင်သာအခေါ် ကက္ခဠ၊ သင်္ဂဟိတ အနာရောဂါများ ဖြစ်ပါတယ်။

* ဆရာခင်ဗျား၊ သွေးတိုးရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းများကို ဆက်ပြီး ပြောပြပေးပါဦး။
* သွေးတိုးရောဂါဖြစ်ရတဲ့ အကြောင်းရင်းများကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းသူများ၊ အညောင်းထိုင်၊ အအိပ်အနေများသူများ၊ ဆီး၊ ဝမ်း၊ သွေးလေ ချုပ်နေ-ကျန်နေ-အောင့်နေ-စုဝေးနေခိုက်၊ ပိတ်စာ၊ ချုပ်စာများ။
ဥပမာ-ဂေါ်ဖီထုပ်၊ နို့မျိုးစုံ၊ အုန်းနို့၊ အုန်းသီး စတဲ့ ချို-ဖန်-ဆိန့် ဓာတ်စာ အစာများနဲ့ ဝက်သား၊ ဘဲသား၊ ငါးသလောက်၊ ပုစွန်ထုပ်၊ ငါးပိ၊ ပုစွန်ဆီ၊ အမဲသား၊ ကြက်သား၊ ဆိတ်သား၊ ငါးကြီးသားများ စတဲ့ ချွဲ၊ စေး၊ ဆိမ့်၊ ဖန်၊ အစားအစာများကို ရင်ပြည့်အောင် စားမိခြင်း။

ပန်ကာလေအပါအဝင် လေတိုက်ခံခြင်း၊ အအေးခံခြင်း စတဲ့ အတက်(၃)ချက် ဆုံမိသော် သွေးတက်၊ လေတက်၊ အခိုးတက်စေတဲ့ သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ အပိတ်(၃)မျိုး မကြာခဏ ဆုံမိခြင်း၊ ဝဖြိုးခြင်း အဆီအသားများ ပိတ်ကျင်တုတ်ခိုင်နေသူများ၊ အပိတ်(၄)ချက် ဆုံမိရင် ရုတ်တရက် သွေးတိုးကာ လေဖြတ်ပြီး အသက်ဆုံးရှုံးခြင်းများ ဖြစ်တတ်ပါတယ်။


မိဘမျိုးရိုး နှစ်ဖက်စလုံး နှလုံး၊ သွေးတိုး၊ လေငန်းရှိခဲ့ရင် အဲဒီလူမှာ အပိတ်(၃)မျိုး ဆုံခဲံသော် နာတာရှည် သွေးတိုးရောဂါ၊ လေငန်းရော၈ါ ဖြစ်တတ်ပါတယ်။ အပိတ်(၄)မျိုး ဆုံခဲ့ရင်တော့ ရုတ်တရက သေဆုံးတတ်ပါတယ်။
စိတ်ဒေါသ ပြင်းထန်သူများ၊ စိတ်ချုပ်တည်းထားရခြင်းကြောင့် နှလုံးထိခိုက်မှုများပြီး အဲဒီစိတ်ကြောင့်လည်း သွေးတိုး၊ သွေးတက်ရောဂါ ဖြစ်တတ်ပါတယ်။


ကံ-စိတ်-ဥတု-အာဟာရ ဆိုတဲ့ သမဋ္ဌာန်(၄)ပါးထဲက
ကံကြောင့် မိဘမျိုးရိုးမှာ သွေးတိုးရောဂါ၊
နှလုံးရောဂါ၊ လေငန်းရောဂါရှိခဲ့ရင် မွေးဖွားလာတဲ့ သားသမီးများမှာ သွေးတိုး၊ နှလုံး၊ လေငန်းရောဂါများ ဖြစ်တတ်ပါတယ်။
စိတ်ကြောင့် ပြောရရင် မာန်မာနဒေါသပြင်းထန်သူများ၊ စိတ်နှလုံး မသာမယာ ရှိသူများဟာ သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။
ဥတုကြောင့် ပြောရရင် ဆီး၊ ဝမ်း၊ သွေး၊ လေ ချုပ်နေခိုကမှာ ရေအေးချိုးခြင်း၊ အအေးခံခြင်းများစွာ ပြုလုပ်နေခြင်းကြောင့်လည်း သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။
အာဟာရကြောင့် ပြောရရင် ဆီး၊ ဝမ်း၊ သွေး၊ လေ-ချုပ်ငုပ်နေခိုက် အဆီ၊ အဆိမ်ံ၊ အဖန်၊ အငန်၊ ချွဲစေးစာ၊ ပိတ်ဖွဲ့စာများ၊ ဓာတ်ချုပ်စာများ စားရင် သွေးတိုး၊ သွေးတက်ရောဂါ ဖြစ်တတ်ပါတယ်။


* ဆရာခင်ဗျား သွေးတိုးရောဂါ လက္ခဏာများကိုလဲ ဆက်ပြီး ပြောပြပေးပါဦး။
* သွေးတိုး၊ သွေးတက်ရောဂါ (၃)မျိုးရှိပါတယ်။ အဲဒါတွေကတော့ အပူအကြောင်းခံ သွေးတိုးခြင်း၊ အအေးအကြောင်းခံ သွေးတိုးခြင်းနဲ့ အပူ အအေး(၂ဒ)ပါးပြိုင် သွေးတိုးခြင်းတို့ ဖြစ်ပါတယ်။


အအေးအကြောင်းခံဖြစ်တဲ့ သွေးတိုးလက္ခဏာများကတော့---
၁။ ရုပ်ဝစိုခြင်း
၂။ ရုပ်လေးလံထိုင်းမှိုင်းခြင်း
၃။ ဆီးဖြူခြင်း
၎။ ရင်ပူခြင်း ရင်လေးခြင်း
၅။ ရေမငတ်ခြင်း
၆။ ခြေဖျားနွေးခြင်း
၇။ ချွေးမထွက်ခြင်း၊ ချွေးနည်းခြင်း
၈။ အစားနည်းသော်လည်း စားကောင်းခြင်း
၉။ အိပ်ပျော်ခြင်း
၁၀။ ဝမ်းချုပ်ခြင်း
၁၁။ ခံတွင်းနံ့နံခြင်း
၁၂။ သကျည်းခုန်နှေးပြီး ငုတ်တတ်ဝပ်တတ်ခြင်း
၁၃။ လက်ကောက်ဝတ် သွေးစမ်းကြည့်ရင် သွေးလုံးကျယ်တတ်၊ မာတတ်၊ ကောက်တတ်ခြင်းများဟာ အအေးအကြောင်းခံ သွေးတိုးရောဂါ လက္ခဏာများ ဖြစ်ပါတယ်။
အဲဒီရောဂါရှင်များကို သွေးပေါင်ချိန် တိုင်းကြည့်ရင် အောက်သွေး(၉၀) မီလီမီတာ အထက်နှင့် အပေါ်သွေး (၁၄၀)မီလီမီတာအထက် ရှိတတ်ပါတယ်။


အပူအကြောင်းခံ သွေးတိုးရောဂါ လက္ခဏာများကတော့---
၁။ ရုပ် အလွန်မဝခြင်း
၂။ ရုပ်ပေါ့ပြီး မတည်ငြိမ် လှုပ်ရှားမှုရှိခြင်း
၃။ ဆီးနီ၊ ဆီးဝါပြီး ဆီးမကြာခဏ သွားတတ်ခြင်း
၎။ ခြေဖျားအေးခြင်း
၅။ ရင်ပူခြင်း၊ မောတတ်ခြင်း
၆။ ရေငတ်ခြင်း
၇။ ကိုယ်ခန္ဓာအထက်ပိုင်း ချွေးထွက်များခြင်း
၈။ စားကောင်းခြင်း
၉။ အိပ်ပျော်ခြင်း
၁၀။ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း၊ ဝမ်းခြောက်ခြင်း
၁၁။ ခံတွင်းနံ့ နံခြင်း
၁၂။ သကျည်းအခုန်မြန်ခြင်း
၁၃။ လက်ကောက်ဝတ် သွေးလုံးမာပြီး ထန်မြန်တတ်ခြင်း
အဲဒီရောဂါရှင်များကို သွေးပေါင်ချိန်ကြည့်လျှင် အောက်သွေး(၉၀) မီလီမီတာအထက်နှင့် အပေါ်သွေး(၁၄၀) မီလီမီတာအထက် ရှိတတ်ပါတယ်။


အပူအအေးပြိုင် သွေးတိုးရောဂါ လက္ခဏာများကတော့---
၁။ ရုပ်ဝတတ်ခြင်း
၂။ ကိုယ်ခန္ဓာအောက်ပိုင်း လေးပြီး ထုံကျဉ်တတ်ခြင်း
၃။ ဆီး ဖြူလိုက်-ဝါလိုက်၊ နည်းများ ပြောင်းလဲတတ်ခြင်း
၎။ ကိုယ်ခန္ဓာအောက်ပိုင်း ချွေးမထွက်ခြင်း
၅။ ကိုယ်ခန္ဓာအောက်ပိုင်း ချွေးထွက်လိုက်၊ ကိုယ်ခန္ဓာအထက်ပိုင်း ချွေးထွက်လိုက်နှင့် ချွေးထွက် မညီခြင်း
၆။ ခြေဖျား တခါတရံ အေးပြီး တခါတရံ နွေးခြင်း
၇။ ရင်တုန်တတ်ခြင်း
၈။ ခေါင်းမူးတတ်ခြင်း
၉။ ဇက်ကြော် နောက်ကြောတက်ခြင်း
၁၀။ နေ့ညမရွေး ရောဂါတိုးခြင်း
၁၁။ စိတ်တိုခြင်း၊ မောခြင်း
၁၂။ လက်ကောက်ဝတ်သွေးကြော မာထန်ကောက်ပြီး မညီမမျှ တိုးခြင်း
၁၃။ သွေးတိုးအတက်အကျ မြန်ခြင်း
စတဲ့ လက္ခဏာများဟာ အပူအအေးပြိုင် သွေးတိုးရောဂါလက္ခဏာများ ဖြစ်ပါတယ်။
*****
* ဆရာခင်ဗျား သွေးတိုးရောဂါရဲ့ ကုထုံးများကို ပြောပြပေးပါဦး။
* ကုထုံးပြောရရင် သွေးတိုးရောဂါဖြစ်ကြောင်းများကို သေသေချာချာ လေ့လာပြီး အကြောင်းအကျိုး ၂-စွယ်လုံး ငြိမ်းအောင် ကုသဖို့လိုပါတယ်။ အကြောင်းအကျိုးကို မသိဘဲ ဆေးကိုဆရာတင်ပြီး ကုရင်တော့ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ နာတာရှည်ပြီး အခြားဥပဒ္ဒဝေါရောဂါများ ဝင်လာတတ်ပါတယ်။

ကုထုံးကို ဆက်ပြီးပြောရရင်---ရောဂါရှုဟာ သွေးတိုးသွေးတက်နာရောဂါ ဖြစ်ကြောင်းများကို ထပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ အထက်မှာ ပြောခြ့တဲ့ အပိတ်(၄)ချက်မှာ (၂)ချက် (၃)ချက် မဆုံအောင် ရှောင်ကြဉ်ဖို့ လိုပါတယ်။
အဲဒီနောက် ကံ-စိတ်xဥတု-အာဟာရ အကြောင်းတရား(၄)ပါးအရ ကံဆိုတဲ့အကြောင်းတရားအရ မိဘနှစ်ပါးမှာ သွေးတိုးရောဂါရှိရင် မိမိကိုယ်တိုင် ဘုရား၊ ကျောင်း၊ ကန်၊ လမ်းများ ပြုပြင်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဇီဝိတဒါန မကြာခဏ ပြုလုပ်ပေးခြင်း၊ ရဟန်းသံဃာနဲ့ သက်ကြီးရွယ်အိုများအား ကျွေးမွေးလှူဒါန်းခြင်း စတဲ့ ကုသိုလ်ဒါနများ ပြုလုပ်ပေးရပါတယ်။


စိတ်ဆိုတဲ့ အကြောင်းတရားအရ----စိတ်အလိုမကျမှု၊ ဒေါသပြင်းထန်မှုများ ပြေပျောက်အောင် စိတ်ကို ငြိမ်သက်စွာထားပြီး အသက်ရှူလေ့ကျင့်ခန်းများ လုပ်ခြင်း၊ အာနာပါန တရားအားထုတ်ခြင်း၊ အရာရာမှာ ယောနိသော မနသိကာရ အသင့်အတင့် နှလုံးသွင်းပြီး အနတ္တဘာဝနာ ပွားခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဘာဝနာ ပွားခြင်း၊ ဗုဒ္ဓအဆုံးအမတရားများ နာကြားခြင်း ပြုလုပ်ရပါတယ်။


ဥတုဆိုတဲ့ အကြောင်းတရားအရ---
မိမိမှာ အပိတ်၊ အချုပ် ဓာတ်ခ့ရှိထားခဲ့ရင် နောက်ထပ် လေတိုက်၊ အအေးပတ်မခံမိအောင် ဂရုဏိုက်ရပါမယ်။ အခိုးပွင့်ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်းများ လုပ်ဆောင် ပေးရပါတယ်။


အာဟာရဆိုတဲ့ အကြောင်းတရားအရ---
အထက်မှာပြောခဲ့တဲ့ သွေးတိုး သွေးတက် လေတက် ဆီး၊ ဝမ်း၊ လေ၊ ချုပ်တတ်တဲ့ အစားအစာများကို ရှောင်ကြဉ်ပြီး အအေးအကြောင်းခံ သွေးတိုးရောဂါဖြစ်ခဲ့ရင် သက်ရင်းကြီးရွက်၊ ကြာဟင်းရွက်၊ မြင်းခွါရွက်၊ ဒန့်သလွန်ရွက်၊ မဲဇလီရွက်၊ ဧကရာဇ်ရွက်၊ ရှောက်ရွက်များကို များများစားသုံးစေပြီး အထူးသဖြင့် သြဇာရွက်လက်တဆုပ်ကို ငါးခူ(၁၀)သားနဲ့ ချက်စားရင် ပိုကောင်းပါတယ်။


အပူအကြောင်းခံဖြစ်တဲ့ သွေးတိုးရောဂါရှင်ကို မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ခံတက်ချဉ်၊ မဲဇလီရွက်၊ ဧ၈ရာဇ်တို့ကို စားသောက်စေပြီး သံပရာရည်၊ ရှောက်ရည်၊ နာနတ်ရည်၊ ဆီးဖျော်ရဘ်၊ ချိုချဉ်ငန်အေး အရသာဖြစ်အောင် ဖျော်ရည်တိုက်ရပါတယ်။


အအေးအကြောင်းခံ သွေးတိုးသွေးတက်ရောဂါရှင်များကို တိုင်းရင်းဆေးများနဲ့ ကုသမယ်ဆိုရင် နံနက်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၁) မုတ်ကဲဆေး၊ လက်ဖက်စားဇွန်း တဇွန်းခန့် ရေအေးနဲ့ တိုက်ရပါမယ်။
နေ့လယ်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး အမှတ်(၂၈)သက်ရင်းကလာပ်ဆေးကြီး လက်ဖက်စားဇွန်း တဇွန်းခန့် ရေနွေးနဲ့ တိုက်ရပါမယ်။
ညအချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇) သွေးဆေးနီကြီး လက်ဖက်စားဇွန်း တဇွန်းခန့် ရေနွေးနဲ့တိုက်ရပါမယ်။
ရုပ်ပိန်အားနည်းပြီး သွေးတိုးတဲ့သူကို နံနက်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇)သွေးဆေးနီကြီးကို လက်ဖက်စားဇွန်း တဇွန်းခန့် ပျားရည်နဲ့တိုက်ပြီး ညအချိန်မှာ တိုင်းရင်းဆေးခန်းသုံး အမှတ်(၁၅)သည်းခြေဆေး လက်ဖက်စားဇွန်း တဇွန်းခန့် ကင်ပွန်းချဉ်ရွက်ရည်ကို ကျိုပြီး တိုက်ရပါတယ်။ အထူးသဖြင့် သြဇာရွက် လက်တဆုပ်ကို ငါးရံ့နဲ့ ချက်ကျွေးရင် ပိုကောင်းပါတယ်။


အပူအကြောင်းခံ သွေးတိုးရောဂါရှင်များကို နံနက်အိပ်ရာထမှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၅) လေမျိုး(၈၀) ဝမ်းနုတ်ဆေး ဟင်းခတ်ဇွန်း တဇွန်းခန့်ကို ရေနွေးနဲ့ တိုက်ရပါမယ်။
နေ့လယ်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁) မက်လင်ချဉ် လျက်ဆား လက်ဖက်စားဇွန်း တဇွန်းခန့် ရှောက်ရည်၊ သံပရာရည် (သို့) ရေနွေးနဲ့ တိုက်ရပါမယ်။
ညနေချိန်မှာ တိုင်းရင်းဆေးခန်းသုံး အမှတ်(၁၅)သည်းခြေဆေး လက်ဖက်စားဇွန်း တဇွန်းခန့်ကို သံပရာရည် (သို့) ရေအေးနဲ့ တိုက်ပြီး ညအိပ်ရာဝင်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၆) အပူသတ်ဆေး လက်ဖက်စားဇွန်း တဇွန်းခန့် သံပရာရည်(သို့) ရေနွေးနဲ့ တိုက်နိုင်ပါတယ်။


သွေးတိုးသွေးတက်၊ လေတက်၊ အခိုးတက် ရောဂါရှင်များကို ဆီး၊ ဝမ်း၊ သွေး၊ လေ၊ မှန်အောင် ပြုလုပ်ပေးပြီး ချွေးအောင်း၊ ချွေးထုတ်ခြင်းများ ပြုလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားမှုများ ပြုလုပ်စေခြင်း၊ အထက်မှာပြောခဲ့တဲ့ ရောဂါအလိုက် ဆေးများတိုက်ကျွေးခြင်းဖြင့် သွေးတိုး၊ သွေးတက်၊ လေတက်၊ အခိုးတက်ရောဂါများဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
*****
* ဆရာခင်ဗျား သွေးတိုးသွေးတက်ရောဂါရှင်များအတွက် ဆေးနည်းတခု ဒါနပြုပေးပါဦး။
* သွေးတိုး။ သွေးတက်၊ ရောဂါရှင်များ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတခု ပြောပြပေးပါမယ်။
သွေးတိုးးသွေးတက်ရောဂါ သက်သာပျောက်ကင်းဆေး---
၁။ ကျောက်ဆေးဒန်း ၅-ကျပ်သား
၂။ ဥနှဲခေါက်မှုန့် ၅-ကျပ်သား
၃။ ငုခေါင်မှုန့် ၅-ကျပ်သား
၎။ ဥသျှစ်ရွက်ခြောက်မှုန့် ၁၀-ကျပ်သား
၅။ နနွင်းခါးမှုန့် ၂၀-ကျပ်သား
၆။ ပျားရည် ၁၀-ကျပ်သား
ဆေး ၆-မျိုး ဆေးအချိန် ၅၅-ကျပ်။


အထက်ပါဆေးမှုန့်များကို ပျားရည်နှင့် သမအောင်ရောစပ်ပြီး လေလုံပုလင်းနဲပထားပါ။ တကြိမ်သောက် လက်ဖက်စားဇွန်း တဇွန်းခန့် ရောဂါရင့်လျှင် နံနက်, ည တနေ့ ၂-ကြိမ်၊ ရောဂါနုလျှင် တနေ့ ၁-ကြိမ် သောက်ပါ။ သွေးတိုး၊ သွေးတက်၊ ရောဂါများ သက်သာပျောက်ကင်းစေပါတယ်။


မြောင်းမြ မောင်ယဉ်တင့်
(နက္ခတ္တ ၂၀၀၇-၄)-mawluu

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!