Popular Posts!

Tuesday, January 22, 2019

လျှပ်စစ် ပေါ်လစီ နဲ့ လျှပ်စစ်အရင်းအမြစ်များအကြောင်း!

လျှပ်စစ် ပေါ်လစီ နဲ့ လျှပ်စစ်အရင်းအမြစ်များအကြောင်း!

 MRTV အင်တာဗျူး ၊ ယခင် ညွန်ချုပ်နှင့် လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး ...

 ဒီအကြောင်း နားထောင်ပြီးပါပြီ..အခုရေးမယ်.. BE Civil က လျှပ်စစ် ဒုဝန်ကြီး. လုပ်ခဲ့သူ ဖြစ်ပါတယ်. .အဂတိတွေ Low QC တွေ ပြောမဲ့လူ မဟုတ်လောက်ဘူး.ထင်ပါတယ်။ ဒါပေမဲ့ . 3 phase.power = root3 x V x I cos(thida) မသိတဲ့ မိုးကျတွေထက်တော့ မယှဉ်သာအောင် သာမှာ သေချာပါတယိ. . 1982 Civil လို့ ပြောကြတယ်. ဆည်မြောင်းဌာနကနေ Dam ဆောက်ရင်း ရေအားလျှပ်စစ် ဝင်လုပ်ရင်း ဒုဝန်ကြီး ဖြစ်လာတယ်.. တရုပ်အားပေး မဖြစ်ပါစေနဲ့..
.
ကိုကို (စက်မှုတက္ကသိုလ်) နဲ့ ဦးမော်သာထွေး အင်တာဗျူး က စိတ်ဝင်စား စရာကောင်းပါတယ်။ ပထမပိုင်းမှာ လူတွေ အတွက် အသိပညာ အများကြီး ပေးသွားပါတယ်။ နိုင်ငံရေး တော့ မပါဘူး။ နည်းပညာအကြောင်းပဲ မေး ဖြေ လုပ်ကြပါတယ်။ 
.
အကျဉ်းချုပ် ရေးရရင်

* စွမ်းအင် အရင်းအမြစ် မှာ ပေါ်လစီ ကောင်းဖို့၊ အကောင်ထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ ပေါ်လစီ ချမှတ်ရာမှာ အဓိက ထားရမှာက စွမ်းအင်လုံခြုံရေး Energy Security ဖြစ်ပါတယ်။ စွမ်းအင် ပေါ်လစီ အခြေခံအချက် ၃ခု ကတော့ .. 
.... ၁။ Physical Energy လက်ရှိ စွမ်းအင်အရင်းအမြစ်များ
.... ၂။ Price စွမ်းအင်ဈေးနှုန်း (အတက်အကျမရှိရန်၊ ငြိမ်ရန်)
.... ၃။ Geo Political ဘူမိ (ပထ၀ီနိုင်ငံရေး) တို့ဖြစ်ပါတယ်။ ဘယ်အရင်းအမြစ်ကို အခြေခံပြီး စွမ်းအင် ထုတ်လုပ်၊ တင်ပို့ သုံးစွဲမလဲ ပေါ်လစီ ချရပါမယ်။ 
(မှတ်ချက်။ ။ ပေါ်လစီ ခဏခဏ ချနေကြတယ်လို့ မြင့်ပါတယ်)။ 
.
လျှပ်စစ်စွမ်းအင် ပေါ်လစီ်
ဒီတစ်ခုကိုပဲ အာရုံစိုက် ကြည့်မယ်ဆိုရင် တော့ ၄ချက်ရှိပါတယ်။ 
.... ၁။ Price ဈေးနှုန်းကို နံပါတ်(၁) ထားရပါမယ်။ 
.... ၂။ Quality လျှပ်စစ် အရည်အသွေး
.... ၃။ Physical လျှပ်စစ်အရင်းအမြစ်
... ၄။ Geo Political သဘာဝပတ်ဝန်းကျင် တို့ဖြစ်ပါတယ်။ 
လျှပ်စစ်မှာ ဈေးနှုန်းကို အဓိက နံပါတ်(၁) ထားရတဲ့ အကြောင်းကတော့ လျှပ်စစ် ဓါတ်အားခ ဈေးနှုန်းကြီးနေရင် ရင်းနှီးမြှတ်နှံမှုတွေ လာကြမှာမဟုတ်ပါဘူး။ 
.
လျှပ်စစ် အရည်အသွေး(Quality) မေးခွန်းရဲ့ အဖြေက
.... ၁။ လျှပ်စစ်မီး ခဏ ခဏ် ပျက်နေရင် 
.... ၂။ လျှပ်စစ် ဗို့အား မတည်ငြိမ်ရင်
.... ၃။ လျှပ်စစ် ဖရီကွင်စီ Frequency မတည်ငြိမ်ရင် .. ဒါတွေက ကွာလတီ တွေ ဖြစ်ပါတယ်။ ကွာလတီ အတွက် တာဝန်ရှိသူက နိုင် ငံတော် ဖြစ်နေပါတယ်။အခု အခြေအနေက ပြည်သူကို နိုင်ငံတော်က ဂရုမစိုက်သလို ဖြစ်နေပါတယ်။ 
.
.
မြန်မာနိုင်ငံရဲ့ ကုသိုလ်ကံကောင်းမှု
လျှပ်စစ် အရင်းအမြစ်များမှာ ဈေးအသက်သာဆုံးက ရေအား လျှပ်စစ် ဖြစ်ပါတယ်။ တခြား အရင်းအမြစ်များ ဖြစ်တဲ့ ညူကလီယာ (မတတ်နိုင်ပါ)၊ နေရောင်ခြည်၊ လေအား၊ ရေနံ၊ ဓါတ်ငွေ့ (LNG), စသဖြင့် အရင်းအမြစ်တွေ ရှိပါတယ်။ အဲဒီ အရင်းအမြစ် အားလုံးမှာ ရေအား လျှပ်စစ်က အကောင်းဆုံး၊ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံဟာ ကုသိုလ်ကံကောင်းတယ် ပြောရမယ်။ အရှေ့တောင် အာရှမှာ ရေချို အရင်းအမြစ် အကောင်းဆုံး ဖြစ်ပါတယ်။ ရေအရင်းအမြစ် အားလုံးမှာ ၁၇.၅% က ရေချိုတွေ ပိုင်ဆိုင်ထားပါတယ်။ ဒုတိယ ကတော့ လာအိုနိုင်ငံ ၊ တတိယကတော့ မလေးရှား ဘော်နီယိုကျွန်း တို့ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂါတ် နဲ့ လက်ရှိ အကောင်းဆုံး လျှပ်စစ် ဓါတ်အား အရင်းအမြစ်က ရေအားလျှပ်စစ် ဖြစ်ပါတယ်။ 
.
မြန်မာနိုင်ငံမှာ သုတေသန ပြုချက်များအရ ရေအားလျှပ်စစ် မဂါဝပ် ၁သိန်း အထိ ရနိုင်ပြီး၊ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ် မဂါဝပ် ၄သောင်းခွဲ လောက် ရှိပါတယ်။ (လက်ရှိ စုစုပေါင်း 
.
.
ယခု ခေတ် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း
ညူကလီယာ စွမ်းအားက ယူရေနီယံ တွင်းထွက် ကို အသုံးပြုပါတယ်။ ရေနံကိုတော့ ဈေးနှုန်း မကိုက်တဲ့အတွက် မသုံးတော့ပါဘူး။ အရေးပေါ်မှပဲ သုံးကြပါတယ်။ အများဆုံး အသုံးပြုတာကတော့ ဓါတ်ငွေ၊ ကျောက်မီးသွေး၊ ရေအား လျှပ်စစ် တွေ ဖြစ်ပါတယ်။ နေရောင်ခြည် နဲ့ လေအား လျှပ်စစ်တွေကတော့ Base Load မကောင်းလို့ အမြောက်အများ မသုံးကြပါဘူး။ 
.
.
လျှပ်စစ် ဘေ့စ်လုတ် 
(Electricity Base Load & Capacity Factor)
လုပ်ငန်းများ၊ စက်ရုံများ၊ လူနေအိမ်များ မှာ လျှပ်စစ် အသုံးစွဲ အနည်းအများက အချိန်ကာလ ပေါ်မူတည်ပါတယ်။ Peak Load ဆိုတဲ့ အသုံးအများဆုံး အချိန်က စက်ရုံများ စတင်တဲ့ မနက်ပိုင်း ဖြစ်ပါတယ်။ နေ့ခင်း လုပ်ငန်းခွင်များ လည်ပတ်ချိန်မှာ အများဆုံး လျှပ်စစ် အသုံးပြုကြပြီး၊ ညပိုင်း စက်မှုလုပ်ငန်းများ ရပ်နားချိန် အိမ်သုံး၊ လမ်းမီးလောက်ပဲ သုံးတော့ အနည်းဆုံး အသုံးပြုချိန် ဖြစ်ပါတယ်။ ဒီလို လျှပ်စစ် အသုံးစွဲ အတက်အကျ များတဲ့ အခါ ဘေ့စ်လုတ် Base Load ဆိုတဲ့ လျှပ်စစ်ဓါတ်အားစက်တွေ ပိုပြီး လည်ပတ်ပေးရတယ်။ ရေအား လျှပ်စစ် တာဘိုင်ကြီးများဟာ ဘေ့စ်လုတ် အကောင်းဆုံး ဖြစ်ပါတယ်။ 
.
ဘေ့စ်လုတ် Base Load ကောင်းတဲ့ ရေအား လျှပ်စစ်က Capacity Factor 0.5 (၅၀ ရာနှုန်း) ရှိပါတယ်။ တပ်ဆင်ထားတဲ့ လျှပ်စစ် စွမ်းအား မဂါဝပ်ပေါင်း ၁၀၀ ရှိတယ်ဆိုရင် ၅၀ မဂါဝပ် အောက် မကျအောင် လည်ပတ်ပေးနိုင်ပါတယ်။ ထုတ်လုပ်တဲ့ လျှပ်စစ် မမာဏရဲ့ ၅၀% ထိ ရေအားလျှပ်စစ်က ထိန်းထားနိုင်ပါတယ်။ 
.
ရေအား လျှပ်စစ်လောက် ဘေ့စ်လုတ် မကောင်းပေမဲ့၊ အစားထိုးနိုင်တာ ကတော့ ဂတ်စ် Gas Power ဖြစ်ပါတယ်။ LNG လဲ ဂတ်စ် ဆိုတော့ အတူတူပါပဲ။ နေရောင်ခြည် ကတော့ မြန်မာနိုင်ငံမှာ ပေါများ ပူပြင်းပေမဲ့ Capacity Factor က ၂၀% လောက်ပဲ ရမယ်။ လေအား (လေရဟတ်) ကတော့ Capacity Factor ၂၀% - ၃၀% ပိုရပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ နေရောင်ခြည်၊ လေအား လျှပ်စစ် ကို အရံသဘောပဲ ထားကြပါတယ်။ ၆% လောက်ပဲ ၊Renewal Energy ကို နည်းနည်းပဲ ထားကြပါတယ်။ 
.
ဒီရေ နဲ့ အခြားလျှပ်စစိ အရင်းအမြစ်များက ဈေးကြီးတာနဲ့ အခြားအကြောင်းများကြောင့် သိပ်မသုံးကြပါဘူး။ 
(ကျောက်မီးသွေး လျှပ်စစ် အကြောင်း မပြောသေးပါဘူး)
.
.
နိဂုံး (ကောက်နုတ်ချက်)
၁။ လျှပ်စစ် ကွာလတီ (အရည်အသွေး) ကောင်းခြင်းကို ရေအား လျှပ်စစ်မှ ရရှိကြောင်း အဓိက ထားပြီး ပြောဆိုသွားပါတယ်။ ဦးမော်သာထွေး က မြို့ပြအင်ဂျင်နီယာ ဖြစ်ပြီးးဆည်မြောင်း၊ ရေကာတာများ တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ ယခင်အစိုးရ လက်ထက် လျှပ်စစ်ဝန်ကြီးဌာန မှာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေအားလျှပ်စစ် အရင်းအမြစ်များစွာ သုတေသန လုပ်ခဲ့တဲ့ ကာလ ဖြစ်ပါတယ်။ .
.
၂။ လက်ရှိ ၂၀၁၇ ဒီဇင်ဘာလ ဒုဝန်ကြီး လွှတ်တော်မှာ တင်ပြချက်အရ မြန်မာနိုင်ငံမှာ လျှပ်စစ် ထုတ်လုပ်မှု ၂၀၁၆-၂၀၁၇  ကီလိုဝပ်သန်းပေါင်း 17866 Million KWhr (မဂါဝပ် ၃၅၀၀ခန့်) ဖြစ်ပြီး၊ ရေအားလျှပ်စစ်က ၆၀% အသုံးပြုနေပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာ ဓါတ်ငွေ စက်ရုံများစွာ ပုဂလိက ၁၀၀% (or) JV ဖက်စပ် တည်ဆောက်လာပါတယ်။ ၂၀၁၈ နှစ်ဦးပိုင်းမှာ 5000 mW LNG စီမံကိန်းကြီးတွေ ကြေငြာခဲ့ပါတယ်။ 
.
၃။ အခုလို အစိုးရ၀န်ထမ်းဟောင်း ဒုဝန်ကြီးဟောင်းက အင်တာဗျူး ပြောပြတာ တော်တော် ကျေးဇူးတင်ရပါမယ်။ ဦးသိန်းစိန် လက်ထက် ၀န်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးက စစ်မှုထမ်းဟောင်းများ ဖြစ်နေလို့ လက်ရှိစီမံကိန်းများနဲ့ ဆက်နွယ်နေတဲ့အတွက် ဦးသိန်းစိန်ခေတ် အရာရှိကြီးများ အင်တာဗျူး (သို့မဟုတ်) အကြံပြုချက်တွေ ဆက်လက် ထွက်ပေါ်လာမယ် မျှော်လင့်ပါတယ်။ 
.
၎။ အင်တာဗျူးက ဈေးကြီးတဲ့ LNG လျှပ်စစ်အကြောင်း မပြောပါဘူး။ အင်အယ်ဒီ လျှပ်စစ် ပေါ်လစီမှာ ဦးမော်သာထွေး ပြောတဲ့ နံပါတ်(၄) Geo Political ကို ဦးစားပေးပြီး ရေအား၊ ကျောက်မီးသွေ ဓါတ်အားတွေ မလုပ်နိုင်သေးပါဘူး။ LNG လျှပ်စစ် ကို တရုပ်နိုင်ငံမှာ ဈေးကြီးလို့ မသုံးကြပါဘူး။ ဂျပန်နိုင်ငံမှာ အမြောက်အများ တယူနစ် ၄၀၀ကျပ် အထက် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံက တယူနစ် ၄၀၀ကျပ် နဲ့ ထုတ်လုပ်ပြီး တယူနစ် ၁၅၀ နဲ့ အရှုံးခံပြီး ရင်းနှီးမြှတ်နှံမှုများကို ဆွဲဆောင်မဲ့ သဘောပါ။ လျှပ်စစ် လာအိုနဲ့ တရုပ်နိုင်ငံက ၀ယ်ယူတာလဲ မလုပ်သေးပါဘူး။ 
.
၅။ နောက် ပိုင်း အပိုင်း (၂) အပိုင်း (၃)  MRTV အင်တာဗျူးများမှာ လျှပ်စစ် ၀န်ကြီးဌာန လက်ရှိ အကောင်ထည်ဖော်နေတဲ့ စီမံကိန်းကြီးများ ၊ အကောင်ထည်ဖော်မဲ့ စီမံကိန်းကြီးများ အပေါ် သုံးသပ်ချက်များလဲ ကြားလိုပါတယ်။ ဖတ်လိုပါတယ်။ ရေအား လျှပ်စစ် အဓိက ထားပြီး အင်တာဗျူး ပြောဆို တဲ့အတွက် လက်ရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ဘယ်လို ဆက်လက် အကောင်ထည်ဖော် ကြမလဲ၊ မတရား ချုပ်ဆိုထားတဲ့ စာချုပ်များကို ဘယ်လို ပြန်လည်ညှိနှိုင်း အသစ်ပြန်လည် ချုပ်ဆိုကြမလဲ ဆိုတာ လဲ ကြားလိုပါတယ်။ 
.
ဇော်အောင်
၁၉. ဇွန်. ၂၀၁၈
.

Ref:
* Hlaing Oo's Facebook ယခင် ဦးသန်းရွှေလက်ထက် ညွန်ချုပ်နှင့် လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး MRTV interview Part.1
..https://www.facebook.com/hlaingoo1/videos/1946486785425955
* ပြည်မြန်မာ လျှပ်စစ်ထိန်ထိန်သာဖို့အရေး - မိုးမခ စာအုပ်
…https://goo.gl/Bye18m



ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း) နှင့် MRTV တွေ့ဆုံခြင်း၊ 

လျှပ်စစ် အရင်းအမြစ်တွေကို ဘယ်လိုအသုံးချမယ်၊ လျှပ်စစ်ကို ဘယ်လိုသုံးစွဲမယ်၊ လျှပ်စစ်မူဝါဒတွေ၊ လျှပ်စစ် ရင်းနှီးမြှတ်နှံမှု အကျိုးအမြတ်၊ ဘယ်လိုရရှိမယ် များကို ရှင်းပြပါတယ်။ 

နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်မှု ဥပဒေအားလုံး ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်မှာ မူတည်နေသလို၊ စွမ်းအင်ကဏ္ဍ ပတ်သတ်ရင်လဲ စွမ်းအင် နိုင်ငံတိုင်းမှာ ဒီ ပေါ်လစီ (၃) ခုပေါ် မူတည်နေပါတယ်။ လျှပ်စစ် ကဏ္ဍမှာလဲ (၄)ချက် ပေါ်လစီပေါ် မူတည်ပါတယ်။ ပြန်ရေးပါမယ်။ 
.
စွမ်းအင်ပေါ်လစီ ၃ခု ကတော့ .. 
.... ၁။ Physical Energy လက်ရှိ စွမ်းအင်အရင်းအမြစ်များ
.... ၂။ Price စွမ်းအင်ဈေးနှုန်း (အတက်အကျမရှိရန်၊ ငြိမ်ရန်)
.... ၃။ Geo Political ဘူမိ (ပထ၀ီနိုင်ငံရေး) တို့ဖြစ်ပါတယ်။ ဘယ်အရင်းအမြစ်ကို အခြေခံပြီး စွမ်းအင် ထုတ်လုပ်၊ တင်ပို့ သုံးစွဲမလဲ ပေါ်လစီ ချရပါမယ်။ 
.
လျှပ်စစ်စွမ်းအင် ပေါ်လစီ် (၄)ချက်ကတော့
ဒီတစ်ခုကိုပဲ အာရုံစိုက် ကြည့်မယ်ဆိုရင် တော့ ၄ချက်ရှိပါတယ်။ 
.... ၁။ Price ဈေးနှုန်းကို နံပါတ်(၁) ထားရပါမယ်။ 
.... ၂။ Quality လျှပ်စစ် အရည်အသွေး
.... ၃။ Physical လျှပ်စစ်အရင်းအမြစ်
... ၄။ Geo Political သဘာဝပတ်ဝန်းကျင် တို့ဖြစ်ပါတယ်။ 
.
သဘာဝ ပတ်ဝန်းကျင် ကိစ္စကိုတော့ ရင်းနှီးမြှတ်နှံသူတွေ ထည့်မတွက်ပါဘူး။ ဒါက သက်ဆိုင်ရာ အစိုးရနဲ့ ဆိုင်ပါတယ်။ 
.
မြန်မာနိုင်ငံရဲ့ စွမ်းအင်ပေါ်လစီ ပြသနာက တယူနစ်ဈေးနှုန်း Price Policy မရှိသေးတာပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှတ်နှံတဲ့ ကုမဏီ က လျှပ်စစ် ထုတ်လုပ်ပြီး အစိုးရက ၀ယ်မဲ့ တယူနစ်ဈေးနှုန်း ကို တိကျပြတ်သားတဲ့ ဈေးနှုန်း ပေါ်လစီ မရှိသေးတဲ့အတွက် ရင်းနှီးမြှတ်နှံသူတွေ က သိပ်မလာကြပါ။ တခြား အိမ်နီးခြင်း နိုင်ငံများ ဖြစ်တဲ့ ဗီယက်နမ်၊ တရုပ်၊ လာအို ကိုပဲ သွားလုပ်ကြတယ်။ 
.
နိုင်ငံတွေမှာ တယူနစ်ဈေးနှုန်းကို အခြေခံလူတန်းစားကို တယူနစ် 7.1 cents (၁၀၀ကျပ်) ရောင်းပေးပါတယ် (US$1.00 = Kyat 1400, June-2018)။ ၂၅ယူနစ် ထက်ပိုသုံးရင် 11 cents စသဖြင့် ပိုသုံးရင် သုံးသလို ဈေးမြှင့်လာပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ 5 cent to 8 cents, တရုပ်နိုင်ငံမှာ 6 cents to 7 cents အခြေခံ လူတန်းစားကို လျှော့  ပြီး ရောင်းချပါတယ်။ ရင်းနှီးမြှတ်နှံတဲ့ ကုန်ထုတ်လုပ်ငန်းများထံ သိပ်ဈေးမကြီးတဲ့ ဈေးနှုန်း ပေါ်လစီ ချမှတ်ရပါတယ်။ 
.
ဗီယက်နမ်၊ ထိုင်း နိုင်ငံများမှာ ကုန်ထုတ်လုပ်ငန်းများအတွက် လျှပ်စစ် ဈေးမကြီးဖို့  အရင်းအမြစ်များဖြစ်တဲ့ ရေအား၊ ကျောက်မီးသွေး စသဖြင့် အစွမ်းကုန် သုံးနေပြီး ညူကလီယာအထိ သွားနေကြပါပြီ။ ပြည်ပက အရင်းအမြစ်တွေ ကိုလည်း တင်သွင်းပြီး လျပ်စစ်ထုတ်လုပ် နေကြရပါတယ်။ 
.
.
ကျောက်မီးသွေး အရင်းအမြစိ
လျှပ်စစ် ပေါ်လစီနဲ့ ပတ်သက်ပြီး အရင်းအမြစ် အသုံးချပုံ များက ဆင်းရဲ၊ ချမ်းသာ နိုင်ငံမရွေး၊ အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေး နဲ့ ပတ်သက်ရင် အမေရိကန်က နိုင်ငံ လျှပ်စစ်ရဲ့ ၃၁% ကို ကျောက်မီးသွေးလျှပ်စစ် အသုံးပြုနေတယ်။ နိုင်ငံတကာ ကျောက်မီးသွေး လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းပေါင်း ကို ကြည့်ရင်
* အမေရိကန် ၁၁၀၀၀ ယူနစ်
* မြန်မာ ၂၅၀ ယူနစ်
* လာအို ၅၁၀
* တရုပ် ၄၀၀၀
* ထိုင်း - ၃၀၀၀
* မလေးရှား - ၄၀၀၀  .. စသဖြင့် ကျောက်မီးသွေးလျှပ်စစ် ကို မှီခို နေရပါတယ်။ မြန်မာနိုင်ငံက ကျောက်မီးသွေး အသုံးချမှု အနည်းဆုံး နိုင်ငံ ဖြစ်ပါတယ်။ 
.
ဓါတ်ငွေ့ အရင်းအမြစ်
အမေရိကန်နိုင်ငံမှာ ဓါတ်ငွေအမြောက်အများ အရင်းမြစ် ရှိပါတယ်။ ဓါတ်ငွေ ဈေးနှုန်းက နေရာ ဒေသအပေါ် မူတည်ပြီး ဈေးနှုန်းမတူပါဘူး အမေရိကန်နိုင်ငံမှာ ရှဲလ် ဆိုတဲ့ ကျောက်မြေများက ဓါတ်ငွေ့ထုတ်နိုင်တဲ့ အတွက် အလွန်ဈေးချိုပါတယ်။ LNG ကို ဈေးသက်သာစွာ ထုတ်လုပ် နိုင်လာပါတယ်။ ဒါကြောင့် ဓါတ်ငွေ ဈေးနှုန်းက အမေရိကန်မှာ 3 cents အထိ ဈေးပြုတ်ကျ သွားပါတယ်။ မြန်မာနိုင်ငံ က ထုတ်တဲ့ ဓါတ်ငွေ့ကို တရုပ်က 8 cents to 9 cents ဈေးနဲ့ ၀ယ်ပါတယ်။ ထိုင်းနိုင်ငံက 10 cents ဈေးနှုန်းနဲ့ ၀ယ်ပါတယ်။ ဓါတ်ငွေ့ကိုလဲ များစွာ မမှီခိုလိုကြပါဘူး။ 
.
ရေအား အရင်းအမြစ်
အမေရိကန် နိုင်ငံ လျှပ်စစ်ကဏ္ဍ နဲ့ ပေါ်လစီကို ကြည့်မယ်ဆိုရင် ဓါတ်ငွေ့ကို ၃၄% ၊  ကျောက်မီးသွေး ၃၁% နိုင်ငံရဲ့ ပါဝါဂရစ် Power Grid ထဲ ထည့်ထားပြီး၊ ညူကလီယာ စွမ်းအင်ကို တွဲမောင်းနှင်ထားပါတယ်။ သူ့နိုင်ငံတွင်း ထွက်တဲ့ သဘာဝ တွင်းထွက် အရင်းအမြစ်များကို အသေအချာ ထိန်းသိမ်းထားပါတယ်။ မိမိ နိုင်ငံရဲ့ လျှပ်စစ်အရင်းအမြစ် သာမက တခြားအရင်းအမြစ်များ (လူသားအရင်းအမြစ်) အထိ ထိမ်းသိမ်း အသုံးချနိုင်တဲ့ အတွက် ကမ္ဘာပေါ် အချမ်းသာဆုံး နိုင်ငံ ဖြစ်နေတာ မဆန်းပါဘူး။ 
.
အခုဆို တရုပ် တိုးတက်လာတော့ တရုပ်ကို အမေရိကန် အတော်ဖြုန် နေပြီ ဖြစ်ပါတယ်။ စီးပွားရေး ပေါ်လစီများမှာ တရုပ်နဲ့ ကုန်သွယ်မှု ပြသနာများ ဖြစ်လာပါပြီ။ အမေရိကန်နိုင်ငံ က ပြည်တွင်းထွက် ကုန်ပစ္စည်းများ အစား အမေရိကန်ကွာလတီ မီဗအာင် တရုပ်က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ၀ယ်သုံးရာက အမေရိကန် စီးပွားထိခိုက်လာတယ်။ (စကားချပ်။ အခု ၂၀၁၈ အမေရိကန် ကုန်သွယ်မှု ပေါ်လစီများ ပြောင်းလဲလို့ အမေရိကန်ဒေါ်လာဈေး တက်လာပါတယ်)။ 
.
တရုပ်နိုင်ငံက ရင်းနှီးမြှတ်နှံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို တယူနစ် 5 cents to 6 cents နဲ့ ရောင်းချ ပေးနိုင်ပြီး၊ မဂါဝပ် ၃သိန်းကျော် ပြည်တွင်း ထုတ်လုပ်နေပါတယ်။ ကျောက်မီးသွေးကို ၆၃% အထိ အသုံးပြုနေပြီး၊  
.
ဂျာမဏီးနိုင်ငံ .. ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ကျယ်လောင်စွာ ပြောနေတဲ့ ဂျာမဏီ မှာတောင် ကျောက်မီးသွေးကို ၄၁% အသုံးပြုနေရပါတယ်။ 

ဒိန်းမတ်နိုင်ငံ ချမ်းသာတယ်။ လေစွမ်းအင် အကြီးစား လေရဟတ်များ ထုတ်လုပ်ပြီး၊ ကမ္ဘာ့ နိုင်ငံများကို ရောင်းချဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူလဲ ကျောက်မီးသွေး ၃၀%၊ Renewable ဆိုတဲ့ လေ၊နေရောင်ခြည် ၆၀% အသုံးပြုနေပါတယ်။ ဓါတ်ငွေ့ လျှပ်စစ်က ၂% ပဲ အသုံးပြုပါတယ်။ ဒါပေမဲ့ ပြသနာက ဒိန်းမတ်နိုင်ငံမှာ လျှပ်စစ် တယူနစ် ဈေးနှုန်းက 32 cents (မြန်မာငွေ ၄၅၀ကျပ် ) ဈေးအရမ်းကြီးနေတယ်။
.
နိုင်ငံများ နှိုင်းယှဉ်ပြခြင်းက လျှပ်စစ် အရင်းအမြစ် များကို ဘယ်လို အသုံးချနေသလဲ ဆိုတာကို ရှင်းပြခြင်း ဖြစ်ပါတယ်။ 
.
.
မြန်မာနိုင်ငံ လျှပ်စစ် တာဝန်ရှိသူများအတွက်ပုဂ္ဂလိက IPP Independent Power Production, တယူနစ်ဈေးနှုန်း PPA Power Purchase Agreement တွေအကြောင်း ၊ မြန်မာဝန်ကြီးဌာနများ ဒီလုပ်ငန်းအတွက် အားနည်းချက်များ ရှိတာကို ဆွေးနွေးပါတယ်။ 
.
မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ) ခေတ်မှာတော့ အားလုံး နိုင်ငံပိုင် ဖြစ်ပါတယ်။ သူ့ခေတ် သူ့အခါ ကလည်း ဟုတ်ပါတယ်။ အရင်းရှင်တွေက မတရား အနိုင်ကျင့်လာတော့ ကွန်မြူနစ် စနစ် ပေါ်လာပြီး ရုရှား၊ တရုပ် စတဲ့ ကွန်မြူနစ်နိုင်ငံများစွာ အရင်းရှင်စနစ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အရင်းရှင်စနစ်က ဒီမိုကရေစီ လူထုအခွင့်ရေး များကို ပြန်လည်ကြည့်လာချိန် ကွန်မြူနစ် စနစ်ကြီးကလည်း ယိုယွင်းပျက်စီးလာတော့ စနစ်တွေ ပြောင်းရပါတယ်။ ခေတ်ပြောင်းသွားတယ်။ ဥရောပနိုင်ငံတွေက စောစော ပြောင်းလဲတယ်။ လျှပ်စစ် ကဏ္ဍကို အစိုးရကပဲ Regulate ညှိနှိုင်းတဲ့ စနစ်ကို ပြောင်းသွားပါတယ်။ 
.
.
လျှပ်စစ် ကဏ္ဍမှာ (၃)ပိုင်း ရှိပါတယ်။
၁။ ဖြန့်ချိရေး (မြို့ရွာ အိမ်၊ အလုပ်ရုံများအထိ သွယ်တန်းခြင်း)
၂။ ပို့လွှတ်ခြင်း (ပါဝါဂရစ် ဆိုတဲ့ မဟာဓါတ်အားလိုင်း)
၃။ ထုတ်လုပ်ခြင်း (အရင်းအမြစ်များ သုံးပြီး လျှပ်စစ်ဓါတ်အားစက်ရုံများ) .. ဖြစ်ကြပါတယ်။ 
.
တရုပ်နိုင်ငံမှာ မော်စီတုန်း ကွယ်လွန်ပြီး နောက်တက်လာတဲ့ ဟွကိုဖုန်း ပြီးတော့၊ တိန်ရှောက်ပိန် အာဏာရရှိလာတယ်။ တရုပ်နိုင်ငံရဲ့ သမ၀ါယမ စုပေါင်းလုပ်ဆောင်မှု အားနည်းချက်ကို ပြင်ဆင်ပြီး ပုဂ္ဂလိက အားပေးစနစ်၊ အထူး စီးပွားဇုံများ စတင်ခဲ့ပါတယ်။ တရုပ်နိုင်ငံ က ကံကောင်းပါတယ်။ ၁၉၉၀ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံများ ပြိုလဲသွားချိန်မှာ တရုပ်နိုင်ငံက ပေါ်လစီ ကောင်းတွေ ရှိပြီးဖြစ်တော့ ပြိုလဲ မသွားပါဘူး။ ပြုပြင်ပြောင်းလဲရေး ကော်မတီတစ်ကို ဖွဲ့ပြီး လုပ်ဆောင်ပါတယ်။ မြန်မာနိုင်ငံလို DG, MD စနစ် မဟုတ်တော့ပဲ စီးပွားရေးဆန်ဆန် President, Governor တွေ ဖြစ်သွားပြီး၊ ငွေကြေး တိုးတက်မှု (အရှုံးအမြတ်) အခြေခံ၊ အပြိုင်ဆိုင် လုပ်ဆောင်စေပါတယ်။
.
ဗီယက်နမ်နိုင်ငံမှာလဲ အဓိက မဟာဓါတ်အားလိုင်းကြီး ၄ခု ရှိပြီး၊ အဲဒီ ၄ခု စလုံးကို ၁၀၀% အစိုးရပိုင် လုပ်ငန်းအဖြစ် ခွဲခန့် စီမံစေပါတယ်။ 
.
ထိုင်းနိုင်ငံမှာလဲ အစိုးရ ထိမ်းကြောင်းတဲ့ လျှပ်စစ် Governor စနစ်ပဲ ကျင့်သုံးပါတယ်။ 
.
အဲဒီ လျှပ်စစ် တာဝန်ခံများ ရှိတဲ့ အတွက် တခုခု ဖြစ်ရင် အစိုးရ (၀န်ကြီးဌာန) ကို ပြေးဆောင့် သလို အစိုးရပြသနာ မဖြစ် တော့ပါ။ အစိုးရဦးစီးတဲ့ စီးပွားရေး ကုမဏီများကိုပဲ လျှပ်စစ် ပြသနာများကို ဖြေရှင်းစေပါတယ်။ အစိုးရက Regulate ညှိနှိုင်းရေးကို ပဲ ပြုလုပ်ပေးပါတယ်။ 
.
တကယ်တော့ ယခုခေတ်ကာလမှာ လျှပ်စစ်သည် နိုင်ငံရေး၊ လျှပ်စစ်သည် စီးပွားရေး၊ လျှပ်စစ်သည် လူမှုရေး ဖြစ်နေပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီး ရင်းနှီးမြှတ်နှံမှုတွေ ဆွဲဆောင် ရာမှာ လျှပ်စစ် ဈေးနှုန်း ချိုသာဖို့ အဓိက ကျပါတယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်ငန်း ကုမဏီများက မိမိထုတ်ကုန်ပစ္စည်း ကမ္ဘာနဲ့ယှဉ်ပြိုင် ရောင်းချရတဲ့အခါ လျှပ်စစ် ဈေးနှုန်းချိုသာမှု အရေးအကြီးဆုံး ဖြစ်ပါတယ်။ . ဒါကြောင့် လျှပ်စစ် ကဏ္ဍ တခုလုံးကို ခြုံပြီး System Control လုပ်ဖို့ အစိုးရ Regulation Body တစ်ခု ဖွဲ့ပြီး လုပ်ဆောင်နေကြပါတယ်။ 
.
.
နိုင်ငံ အများစုမှာ လျှပ်စစ် ကဏ္ဍ (၃)ခုကို စီးပွားရေးကဏ္ဍ အဖြစ် လုပ်ဆောင်ပါတယ်။ 
.
၁။ ဖြန့်ချိရေး ကိုတော့ သက်ဆိုင်ရာ ဒေသများက အစိုးရက End User အသုံးပြုသူများထံ ရောင်းချ ကြပါတယ်။ 
.
၂။ ပို့လွှတ်ခြင်း (ပါဝါဂရစ် ကိုတော့ 100% own by government စီးပွားရေး ကုမဏီက လုပ်ဆောင်ပါတယ်)။ ဒီကဏ္ဍက ဥပဒေအမျိုးမျိုးရှိကြတဲ့ ပြည်နယ်အများပြား ဖြတ်သန်းသွားရလို့ ပုဂလိက လုပ်ဖို့ မလွယ်ပါဘူး။ အစိုးရပဲ လုပ်ကိုင်ရပါတယ်။ 
.
၃။ ထုတ်လုပ်ခြင်း (လျှပ်စစ်ဓါတ်အားစက်ရုံများ) .ကိုတော့ ပုဂလိက ရင်းနှီးမြှတ်နှံပြီး ပါဝါဂရစ်များထံ ရောင်းချကြပါတယ်။ .
.
.
.
ပုဂ္ဂလိက လျှပ်စစ် ရင်းနှီးမြှတ်နှံမှု
အစိုးရမှာ ပိုက်ဆံ မရှိဘူး၊ ဘယ်လို လျှပ်စစ် ကဏ္ဍကို ရင်းနှီးမြှတ်နှံဖို့  ပြည်တွင်း၊ ပြည်ပ ကုမဏီများကို ဘယ်လို ဖိတ်ခေါ်ရမလဲ ဆိုတဲ့ အကြောင်းကို ရှင်းပြပါတယ်။ 
.
မဟာဓါတ်အားလိုင်း တွေကိုတော့ အာဏာပိုင် အစိုးရကပဲ လုပ်ကိုင်၊ ရင်းနှီးရပါမယ်။ ချေးငွေ ရအောင် ရှာပြီး ရင်းနှီးရပါမယ်။ P.P.P လို ပုဂ္ဂလိက ရင်းနှီးမြှတ်နှံဖို့ ခက်ခဲပါတယ်။ 
.
ဖြန့်ဖြူးရေးမှာတော့ အခု အစိုးရ စီးပွားရေးအဖွဲ့ဖြစ်တဲ့ ရန်ကုန် YESB နဲ့ မန္တလေး MESB တို့က လုပ်ဆောင်နေပါတယ်။ ပြည်နယ်တိုင်း တွေမှာတော့ အစိုးရလုပ်ငန်း (ယခင် EPC) ကပဲ လုပ်ဆောင်နေပါတယ်။ အဲဒီ အဖွဲ့တွေ မရှုံးအောင် နောက်က အစိုးရက ပံ့ပိုးပေးနေရပါတယ်။ မြန်မာ အခြေခံ ပြည်သူတွေက ဆင်းရဲတော့ အာစီယံ နိုင်ငံများ ပေါက်ဈေး တယူနစ် ၁၀၀ကျပ် ဈေးမပေးနိုင်တော့ လောလော ဆယ် အရှုံးခံပြီး အခြေခံ လူတန်းစားတွေကို ဖြန့်ဖြူးပေးနေရပါတယ်။ 
.
.
နောက်ဆုံး MRTV မေးခွန်း
ဦးမော်သာထွေး အဓိက ထားပြီး ရှင်းပြလိုတဲ့ အချက်က တော့ Generation Mix ဆိုတဲ့ လျှပ်စစ် မူဝါဒ (၄)ချက် ဖြစ်ပါတယ်။ 
.
လျှပ်စစ် ဈေးနှုန်း ပိုင်းဆိုရင်၊ ဖြန့်ဖြူးရာမှာ အခြေခံ လူတန်းစားတွေကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရေး (အရှုံးခံ ဖြန့်ဖြူးရေး) ကတော့ နိုင်ငံတိုင်းရဲ့ တယူနစ်ဈေးနှုန်း ပေါ်လစီပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပထမ ယူနစ် ၅၀ ကို တဈေး၊ နောက်ပိုသုံးလေလေ ဈေးမြှင့်လာတယ်။ ဟိုတယ်၊ ရုံး၊ စီးပွားရေး ၀န်ဆောင်မှုတွေကို ဈေးအမြင့်ဆုံး တောင်းပြီး၊ ကုန်ထုတ်လုပ်ငန်းတွေအတွက်တော့ ဈေးလျှော့ ပေးရပြန်ပါတယ်။ ဒါက ဈေးနှုန်း ပေါ်လစီ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှတ်နှံမဲ့ ကုမဏီကြီးများ မြန်မာနိုင်ငံကို ရောက်လာဖို့ လျှပ်စစ် ဈေးနှုန်းချိုသာတဲ့ နည်းလမ်း နဲ့ ဆွဲဆောင်ရပါမယ်။ ရင်းနှီးမြှတ်နှံမှု ဆိုတာ ချမ်းသာတဲ့ နိုင်ငံများကို ပဲ အများဆုံး လာကြပါတယ်။ ထိုင်းနိုင်ငံ လျှပ်စစ် ရင်းနှီးမြှတ်နှံမှုက တနှစ်ကို ဒေါ်လာ ၁၀ဘီလျံ လာနေချိန် မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် အဲဒီလို ရင်းနှီးမြှတ်နှံမှုတွေ မလာနိုင်သေးပါဘယ်။ 
.
.
မြန်မာအစိုးရ ပြင်ဆင်နေတဲ့၊ (ပြင်ဆင်ရမဲ့) အခြခံ အချက်များကတော့
* လက်ရှိ စီမံခန့်ခွဲမှု စနစ်ကို ပြင်ဆင်ရပါမယ်
* စီးပွားရေး ဆန်ဆန်း လုပ်ရပါမယ်။ 
* နိုင်ငံပိုင် 100% own by government ကုမဏီ ကိုလဲ စီးပွားဆန်ဆန် လုပ်နိုင်ရပါမယ်။ 
.
ခြုံငုံ လုပ်ဆောင်ဖို့ ဆိုရင် ၀န်ကြီးဌာန များပြားစွာနဲ့ ဆက်နွယ်နေတဲ့အတွက် အဲဒီချိတ်ဆက်မှုကို အမြန်လုပ်နိုင်ဖို့ ၀န်ကြီးဌာန အထက်မှာ Regulation Body တခု ဖွဲ့ပြီး လုပ်ဆောင်ရပါမယ်။ ၀န်ကြီးဌာန တွေကို ချောဆီ ထိုးပေးရပါမယ်။ 
.
MRTV အင်တာဗျူး ကိုကို (စက်မှုတက္ကသိုလ်) က ဟိုဘက်ကမ်းက မီးထိန်ထိန် ကဗျာကို ရွတ်ပြီး အဆုံးသတ်ပါတယ်။ 
. . .. End of Part 2. . . . ..
.
.
မိမိသုံးသပ်ချက်များ
အပိုင်း(၁) ကတော့ ပေါ်လစီများအကြောင်း ၊ အပိုင်း(၂)ကတော့ ပေါ်လစီများကို ဘယ်လိုအကောင်ထည်ဖော်ရမဲ့ အကြောင်း ပတ်ဝန်းကျင်နိုင်ငံများနဲ့ နှိုင်းယှဉ် ရှင်းပြသွားပါတယ်။ 
.
အရင်သုံးသပ်ချက်အတိုင်း လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ ဈေးကြီးတဲ့ LNG လျှပ်စစ်အကြောင်း မပြောပါဘူး။ ပြိးတော့ မူတွေ ပြောင်းလဲ ဖို့ ပြောပါတယ်။ မူတွေ ပြောင်းလဲဖို့ ဆိုတာ အဓိကလုပ်ဆောင်တဲ့ လူတွေ ပြောင်းလဲမှ ရမယ် ဆိုတာ ခေါင်းဆောင် အားလုံး သိထားပြီး ဖြစ်ပါတယ်။ လူပြောင်းလဲ ခြင်းမှာ လူစားလဲစရာ မလိုတဲ့သူ (သင်လို့ရတဲ့သူ) နဲ့ လူစားလဲစရာ လိုသူ (သင်လို့ မရတော့တဲ့လူ) နှစ်မျိုးရှိပါတယ်။ 
.
မြန်မာနိုင်ငံ လျှပ်စစ် ကဏ္ဍ စီမံကိန်းများလုပ်ဆောင်နေတဲ့ လက်ဝါးအုပ်ထားတဲ့ ကုမဏီကြီးများ အုပ်စုကို စနစ်တကျ ကိုင်တွယ်ပြီး၊ လက်ဝါးမအုပ်နိုင်တဲ့ ပေါ်လစီ ချမှတ်နိုင်ရပါမယ်။ 
.
ပေါ်လစီ ဘယ်လောက် ကောင်းပါစေ၊ ဆောင်ရွက် အကောင်ထည် ဖော်တဲ့လူ မကောင်းရင်၊ တရုပ်၊ ဗီယက်နမ် လို မပြုပြင်နိုင်ပဲ၊ လက်ရှိ အာစီယံနိုင်ငံ ဖိလစ်ပိုင်လို ဆင်းရဲချမ်းသာ အရမ်းကွာဟ သွားပြီး၊ နိုင်ငံ အကြီးအကဲ သမ္မတ ကိုယ်တိုင်က မူးရစ်ဆေးဝါး ဂိုဏ်များကို အသေပစ်သတ် တဲ့ ဥပဒေ ထုတ်ရတဲ့ နိုင်ငံလို ဖြစ်သွား နိုင်ပါတယ်။ 
.
ရေရှည် စီမံကိန်း ရင်းနှီးဖို့.အမြက်ရဖို့ နှစ်ပေါင်များစွာ စောင့်ရမယ် ဆိုပါတယ်။ ကျနော်ကတော့ အဲလိုမမြင်ပါ။ ဘဏ်တိုးနှုန်း ကာမိရင်. Public List IPO လုပ်နိုင်ရင်. . IPP, PPP Production ဆိုတာ ချက်ချင်းတောင် အမြတ်ထွက်အောင် လုပ်နိုင်ပါတယ်။ အခု အစိုးရကို လျှပ်စစ် ရောင်းစားနေတဲ့ ကုမဏီတွေ ချက်ချင်း အမြတ်ထွက်တာ မြင်ရပါတယ်။ ဒါကြောင့် စီးပွား ဆန်ဆန် လုပ်ကိုင်တတ်ဖို့ နဲ့ အခြေခံ လူတန်းစားအတွက် အလုပ်ကိုင်ကောင်းများစွာ ရစေမဲ့ ကုန်ထုတ်လုပ်ငန်းများ ပိုမိုရောက်ရှိလာဖို့၊ အထူးသဖြင့် လက်ဝါးအုပ် တင်ဒါ၊ မပွင့်မလင်း တင်ဒါများ ကို ပွင့်လင်းလာအောင်၊၊ ကုမဏီများရဲ့ ပစ္စည်း၊ လူ နဲ့ နည်းပညာများမှာ အရည်အသွေး ထိန်းသိမ်းရေး Regulation Body ဖွဲ့စည်းရုံမက၊ စစ်ဆေး ထိမ်းသိမ်းဖို့ ပုဂလိက အဖွဲ့အစည်းများ အားပေး ဖွဲ့စည်းပေးဖို့ လိုပါတယ်။ 
.
အင်တာဗျူးသူ ကိုကို(စက်မှုတက္ကသိုလ်) နဲ့ ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း၊ ပညာရှင်) ကဲ့သို့ မီဒိယာမှာ ဖော်ထုတ် တင်ပြ နေကြတာ အားရစရာ ကောင်းပါတယ်။  စာတမ်းတင်သွင်း၊ အကြံပေးကြဖို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ စီမံဘဏ္ဍာ ငွေကြေးပညာရှင်များ လည်း လျှပ်စစ် ကဏ္ဍ တိုးတက်မှု မြန်ဆန်ရေးအတွက် အထူး လိုအပ်ပါတယ်။ 

ဇော်အောင် (မုံရွာ)
၃၀. ၆. ၂၀၁၈
.
.
ကိုးကား
ဗီဒီယို (နားဆင်းရန်)  
https://m.facebook.com/story.php?story_fbid=1963480187059948&id=100001939578418

MRTV အင်တာဗျူး အပိုင်း(၁) (ဖတ်ရန်)
https://www.facebook.com/myanmarjobstudent/posts/10155835416283472

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!