ပြင်သစ်လူမျိုးတွေရဲ့ နှလုံးသားကိုလှုပ်ခတ်စေသူ ကချင်လူငယ်တစ်ဦး
မြစ်ကြီနားမြို့က ဆင်းရဲသားလေး တစ်ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ PHILIPPINES LOS BANOS တက္ကသိုလ်က ချီးမြှင့်တဲ့ ပညာရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကို ရယူနိုင်ခဲ့တယ်။ ဆင်းရဲလွန်းတဲ့ ကောင်လေး တစ်ယောက်ဟာ မိသားစု စားဝတ်နေရေး အဆင်မပြေခဲ့သော်လည်း ကျောင်းထွက်ဖို့ မစဉ်းစားဘဲ စာကိုသာ ကြိုးစားသင်ယူခဲ့တယ်။ ကျောင်းပိတ်ရက်တွေမှာ အိမ်ဆေးလိုက်သုတ်တယ်။ ကျပန်းအလုပ်များ လိုက်လုပ်ရင်း ကျောင်းတက်စရိတ် ရှာခဲ့ရတယ်။ ငယ်စဉ်ကလေးဘဝ ကတည်းထဲက နိုင်ငံခြားမှာ ပညာသင်ချင်ခဲ့တယ်။ ပညာတတ်တစ်ယောက် ဖြစ်ချင်တဲ့စိတ်ဟာ အရမ်းပြင်းပြခဲ့တယ်။ ဆင်းရဲသား တစ်ယောက် မဟာဘွဲ့ရတဲ့အထိ ကြိုးစားခဲ့ရပုံများကို ပြင်သစ်စာရေးဆရာက ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့တယ်။ ဒီစာအုပ်ဟာ အခုချိန်မှာ ပြင်သစ်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို လှုံ့ဆ်ာမှုတွေ ပေးနေတဲ့ စာအုပ်တစ်အုပ်ဖြစ် ပြင်သစ်နိုင်ငံမှာ လူကြိုက်များနေပါတယ်။
ပြင်သစ်နိုင်ငံသွားမယ့် ဆရာအား ရန်ကုန်လေဆိပ်ကို လိုက်ပို့ခွင့်ရတယ်။ တက္ကစီပေါ်ရောက်တော့ ဆရာက သူ့ဘဝ အကြောင်းရေးထားတဲ့ စာအုပ်နဲ့ ပါတ်သက်ပြီး ပြင်သစ်စာဖတ်ပရိတ်သတ်ကို သွားတွေ့တာဖြစ်ကြောင်း ပြောပြတယ်။ စာရေးသူကလည်း အရမ်းစိတ်ဝင်စားပြီး စာအုပ်မှာရေးထားတဲ့ ဆရာ့ရဲ့ ဘဝအကြောင်းကို မေးလိုက်တယ်။ ဆရာက ဒီအကြောင်းတွေကို ပြန်ပြောရတာ တစ်ခါတစ်ခါ ပြောပြီးရင် အားပြန်ယူရတယ်တဲ့။ ကိုင်ထားတဲ့ ရေဗူးထဲက ရေကို မော့သောက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရုလိုက်တယ်။ အရမ်းသိချင်ပုံပ်ါနေတဲ့ စာရေးသူရဲ့ မျက်နှာကို ကြည့်မိတာကြောင့်လား၊ လေဆိပ်ထိ ၂ နာရီကြာလောက် တက္ကစီစီးရမှာကြောင့်လာတော့ မသိဘူး။ ဆရာက သူ့ဘဝအကြောင်းကို စိတ်ရှည်ရှည်နဲ့ ပြောပြတယ်။
နားထောင်းရင်းနဲ့ လမ်းတစ်ဝက်ရောက်တော့ စာရေးသူရဲ့ ရင်ထဲမှာ ဆို့နစ်သွားပြီး မျက်ရည်များ စီးကျမလာအောင် မနည်းထိန်းလိုက်ရတယ်။ လေဆိပ်ရောက်တော့ လူငယ်တွေ သိနိုင်အောင် ဖေစ့်ဘုတ်ပေါ်ရေးတင်ဖို့ ခွင့်တောင်းလိုက်တယ်။ ဆရာက ပြုံးပြုံးလေးနဲ့ "ရပါတယ်" လို့ပြောလာတယ်။ ဝမ်းသာစွာနဲ့ စာရေးသူကလည်း လိုအပ်တဲ့ အချက်အလက်တွေမေးပြီး ရေးဖို့ ချက်ချင်းပြင်လိုက်တယ်။ လူငယ်တိုင်းမှာ လိုချင်တာ၊ ဖြစ်ချင်တာကို ရအောင်လုပ်နိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ ဆင်းရဲသားတစ်ယောက် ပညာတတ်ဖြစ်ဖို့ အခက်အခဲမျိုးစုံကို လက်မြှောက်အရှုံးမပေးဘဲ မိမိလိုချင်တာ၊ ဖြစ်ချင်တာကို ရအောင်ယူနိုင်တဲ့အထိ ကြိုးစားခဲ့ပုံဟာ အတုယူ ချီးကျူးစရာ ကောင်းလွန်းတာမို့ လူငယ်တွေ ခွန်အား ယူနိုင်အောင် ရေးပေးလိုက်ပါတယ်။
သူ့ဘဝအကြောင်းကို ပြင်သစ်ဘာသာနဲ့ ပြင်သစ်နာမည်ကြီး စာရေးဆရာက ရေးဖို့ အကြောင်းဖန်လာတာက ၂၀၁၇ ခုနှစ် တုန်းကဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကို အလုပ်နဲ့ ရောက်လာတဲ့ ပြင်သစ်နိုင်ငံသူက ဆင်းရဲသား တစ်ယောက်ရဲ့ ပညာရေး အပေါ်ထားတဲ့ စိတ်ဓာတ်တွေ၊ ကြိုးစားခဲ့မှုတွေဟာ သူမကို အံဩစေခဲ့ပြီး ခွန်အားများစွာ ရရှိခဲ့ရတယ်။ သူမက ပြင်သစ်နိုင်ငံရဲ့ စာရေးဆရာဖြစ်တဲ့ Fanny Cheyrou ကို ဆက်သွယ်ပြီး ပြောပြခဲ့တယ်။ စာရေးဆရာကလည်း သိတာနဲ့ အရမ်းစိတ်ဝင်စားခဲ့ပြီး မြစ်ကြီးနားမြို့ကို နှစ်ကြိမ်တိုင်တိုင် ရောက်လာခဲ့တယ်။ သူဟာ နာမည်ကြီး ဖြစ်ရပ်မှန်များကို ဂျာနယ်များတွင် ရေးသားလေ့ရှိပြီး မြစ်ကြီးနားမြို့က ဆင်းရဲသားရဲ့ ပညာရေးအပေါ် ထားတဲ့စိတ်ဓာတ်နဲ့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်မှန်ကို သိပြီးတဲ့နှောက်မှာတော့ သူ့ကိုပိုပြီး စိတ်ဝင်စားမှုတွေ ပေးခဲ့တဲ့အတွက် စာအုပ်တစ်အုပ်ဖြစ်လာအောင် ရေးမယ်လို့ ဆုံးဖြတ်ပြီးတော့ စာအုပ်ထုတ်ဝေတဲ့ ကုမ္ပဏီနဲ့ တိုင်ပင်ပြီး ရေးဖြစ်ခဲ့တာပါ။ ဒီစာအုပ်ဟာ သူ့ဘဝအတွက် ပထမဦးဆုံးရေးတဲ့ စာအုပ်ပါ။ ၂၀၁၇ ခုနှစ်၊ မတ်လမှ စတင်ရေးသားပြီး ၂၀၁၈ ဇွန်လတွင် အပြီးသတ်ခဲ့ပါတယ်။
ဒီစာအုပ်ရဲ့ နာမည်ကိုတော့ စာရေးဆရာက "Freedom is learning" (လွတ်လပ်ခြင်းဟာ သင်ယူမှုဖြစ်တယ်) လို့ မှည့်တွင်ထားပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာက သူ့ကို Strong Man ဖြစ်တယ်လို့ တင်စားထားပါတယ်။ သူ့နာမည်ကတော့ ဂေါ့လူနော်ဂျာ (Gawlu Naw Ja) ပါ။ လူကောင်သေးပေမယ့် ရည်မှန်းချက်ကတော့ တောင်ကြီးတစ်ခုလို ကြီးတယ်။ သူကတော့ အခုချိန် ပြင်သစ်နိုင်ငံကို ရောက်နေပြီး စာဖတ်ပရိတ်များနဲ့ ၃ ပါတ်ကြာ တွေ့စုံနေပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစတင်ပြီး ပြင်သစ်တစ်နိုင်ငံလုံး ဖြန့်ချီနေပါပြီ။ ထုတ်ဝေတဲ့ ကုမ္ပဏီကတော့ Bayard Edition ပါ။ Bayard Edition မှ ထုတ်ဝေတဲ့ စာအုပ်များကို ရုပ်ရှင်ဇာတ်ကားများဖြစ် ပြန်လည်ရိုက်လေ့ရှိပြီး အအောင်မြင်ဆုံး ဇာတ်ကားကတော့ "Pozzo di Borgo" ရဲ့ ဘဝဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ "Intouchables" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ဥရောပတစ်ခွင် လူကြိုက်များပြီး အောင်မြင်ခဲ့ပါတယ်။
ဂေါ့လူနောဂျာကို ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြေမှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေက ဆင်းရဲလို့ ချို့ချို့တဲ့တဲ့နဲ့ နေကြ စားကြရတယ်။ အဖေက မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံရှာထွက်ခဲ့တာ ၁၃ နှစ်လုံးလုံး အိမ်နဲ့အဆက်အသွယ်မရခဲ့ဘူး။ အစ်ကို တစ်ယောက်၊ ညီသုံးယောက်နဲ့ ညီမတစ်ယာက်ရှိတယ်။ အစ်ကိုဖြစ်သူက မူးယစ်ဆေးဝါး စွဲနေတယ်။ အမေဟာ ခြေထောက်မှာ ဒဏ်ရာရှိတာကြောင့် အလုပ်ကြမ်းလုပ်လို့မရဘူး။ မိသားစုရဲ့ စားဝတ်နေရေးအတွက် အမေနဲ့ သူက ခက်ခက်ခဲခဲ ရုန်းကန်ပြီး ဖြေရှင်းရတယ်။ အဲဒီအချိန် သူက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ အမေဟာ ပညာမတတ်ပေမယ့် သူ့သား သမီးတွေရဲ့ ဘဝရှေ့ရေး ကောင်းစားဖို့ အမြော်အမြင်ကြီးကြီးနဲ့ ပညာရေးကို အားပေးခဲ့တယ်။
အမေက မနက် ၅ နာရီထပြီး မနက်ဈေးမှာ ကုန်စိမ်း သွားရောင်းရတယ်။ ရတဲ့ပိုက်ဆံကို ခြစ်ကုပ်စုပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းရတယ်။ သူက ညီ၊ ညီမတွေစားဖို့ ထမင်း ထချက်ရတယ်။ ထမင်းချက်ရင်း ညီတွေကို ထိန်းရင်းနဲ့ စာကျက်ခဲ့ရတယ်။ သူတို့ မိသားစုဟာ ဆန်တစ်မျိုးထဲ မချက်စားနိုင်လို့ ပြောင်းဖူးနဲ့ ရောချက်တဲ့ ထမင်းကို စားရတယ်။ ချဉ်ပေါင် ဟင်းရည်နဲ့ ငပိထောင်းကိုသာ မှီဝဲပြီး တစ်ရာသီလုံးလုံး ကျော်ဖြတ်ရတယ်။ သူဟာ အဲဒီလို ဆင်းရဲပင်ပန်းမှုကို ဘဝပေးသင်ခန်းစာတစ်ခုလို့ မှတ်ယူလိုက်တယ်။ ပညာမတတ်ရင် ဒီလိုပဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ကိုင်စားရပါလား ဆိုတဲ့ အသိကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကောင်းကြီး သိလိုက်တယ်။ သူနဲ့ ရွယ်သူကလေးတွေ ကျောင်းဆင်းလို့ ကစားနေချိန် သူကတော့ အလုပ်လုပ်နေရတယ်။ သူ့မှာ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝဆိုတာ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူ့ရဲ့ ကလေးဘဝဟာ ကုန်ဆုံးသွားခဲ့ရတယ်။ နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်ရလွန်းလို့ ဆင်းရဲတဲ့ဘဝကနေ လွတ်မြောက်နေချင်ခဲ့တယ်။ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ ပညာတတ်ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ပြီး စာကို အပြင်းအထန် ကြိုးစားနေခဲ့တာပါ။
မူလတန်းထိ ယုဇနရပ်ကွက် အ.မ.က (၁၄) မှာတက်ခဲ့ပြီး အလယ်တန်း၊ အထက်တန်းကိုတော့ အ.ထ.က (၃) မှာ တက်ခဲ့တယ်။ မိနစ် ၂၀ လောက် ခြေလျင်လျှောက်ရတဲ့ ကျောင်းကို ဖိနပ်မစီးဘဲ ကျောင်းသွားရတယ်။ မိုးရွာတဲ့နေ့တွေဆိုရင် ထီးမပါ မိုးတောထဲ ပြေးလွှားသွားရတယ်။ ဘယ်လောက်ဘဲ ခက်ခဲနေပါစေ ကျောင်းမပျက်ခဲ့ဘူး။ ကျောင်းထွက်ဖို့ဆိုတာ ယောင်လို့တောင် မတွေးခဲ့ပါဘူးတဲ့။ နေ့လယ်စာ မစားခဲ့ရဘူး။ သူငယ်တန်းကနေ ၁၀ တန်းထိ ကျူးရှင်ဆိုတာ မနေခဲ့ဖူးဘူး။ ငယ်ငယ်လေး ကတည်းက အတန်းထဲမှာကောက်တဲ့ ကြေးတွေကို မထည့်နိုင်ခဲ့လို့ အမြဲမျက်နှာငယ်ခဲ့ရတယ်။ ၁၀ တန်း နှစ်ရောက်တော့ အခန်းထဲမှာ ကောက်တဲ့ ကျပ် ၅၀၊ ၁၀၀ ကို မထည့်နိုင်ခဲ့ဘူး။ ဒါကို အတန်းပိုင်ဆရာမက အခန်းတိုင်းက ၁၀ တန်းကျောင်းသားတွေ နှစ်ဝက် စာမေးပွဲဖြေနေတဲ့ ဟောခန်းထဲကို ရောက်လာပြီး ကျောင်းစဖွင့် ကတည်းက အခုထိ မထည့်လာတဲ့ ပိုက်ဆံတွေလာပေးဖို့ အားလုံးကြားအောင် အော်ပြောတယ်။ ဒီနေ့မပါလာရင် နောက်နေ့လာထည့်ပါ။ မထည့်ရင် စာမေးပွဲဖြေဆိုကဒ် မထုတ်ပေးဘူးလို့ ပြောလိုက်တယ်။ သူထည့်ရမယ့် ပိုက်ဆံအားလုံးဟာ ၄၅၀၀ ကျပ် ထိရောက်သွားပါတယ်။ ကျောင်းပိတ်ရက်တွေမှာ အလုပ်လုပ်လို့ရတဲ့ လုပ်အားခက ကျပ် ၅၀၀ ဘဲရတာပါ။ သူမထည့်နိုင်တဲ့ အကြောင်းကတော့ သူထည့်လိုက်ရင် သူ့ညီ၊ ညီမတွေ မထည့်နိုင်တော့ဘူး။ သူ့ညီ၊ ညီမတွေ မျက်နှာမငယ်အောင် သူက အနစ်နာခံခဲ့တာပါ။ ဖျားနာရင် ဆေးဖိုးဝါးခကလည်း လိုသေးတယ်လေ။
စာမေးပွဲဖြေဆိုကဒ် မထုတ်ပေးရင် ၁၀ တန်းစာမေးကို ဖြေလို့မရတော့ပါဘူး။ ဒါဟာ သူ့ကျောင်းသားဘဝရဲ့ အကြီးအကျယ်ဆုံး စိတ်ဆင်းရဲ ဒုက္ခနဲ့ ကြုံတွေ့လိုက်ခြင်းပါ။ သူတို့ခဗျာ ရှိတာလေးနဲ့ ခြစ်ကုတ် သုံးနေရှာတာလေ။ အခုဖြေနေတာတွေ ရပ်ပြီး အပြင်ကို ထွက်သွားရင် ကောင်းမလား။ ဆရာမကို ပြန်အော်လိုက်ရင် ကောင်းမလား။ အဲဒါဆိုရင် သူငယ်တန်း ကတည်းက ကြိုးစားခဲ့တာတွေဟာ အလာကား အချည်းနှီး ဖြစ်မှာပေါ့လို့ ပြန်စဉ်းစားမိတယ်။ ဒါပေမဲ့ သူ့ပါးစပ်က ဝမ်းနည်းလွန်းတဲ့ အသံနဲ့ တိုးတိုးလေး ထွက်သွားတာက "ဆရာမ ကျနော် တကယ်မရှိလို့ မထည့်နိုင်တာပါ" တဲ့ ။ ဆရာမက ကြားမယ်မထင်ပါဘူး။ စာမေးပွဲခန်းစောင့်တာဝန်ကျတဲ့ ဆရာမ ဒေါ်လုမိုင်က သူ့ကို ကျပ် ၁၀,၀၀၀ ပေးပြီး သူ့အတန်းပိုင် ဆရာမ တောင်းတဲ့ အကြွေး သွားဆပ်ခိုင်းလိုက်တယ်။ ဒီလို သူ့ဘဝကို နားလည်ပေးတဲ့ ဆရာမတစ်ယောက်နဲ့ တွေ့လိုက်ရတဲ့ နော်ဂျာတစ်ယောက် ဘာဖြစ်သွားတယ်ထင်လဲ။ ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျလာပြီး ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ အရမ်းပျော်သွားတယ်။ အတန်းပိုင် ဆရာမဆီ ပြေးသွားပြီး သူ မထည့်လာတဲ့ အကြွေးတွေကို ဆပ်ပြီး စာမေးပွဲ ဖြေဆိုကဒ် ထုတ်ယူလိုက်တယ်။
၂၀၀၄ ခုနှစ်မှာ အထက်တန်းစာမေးပွဲ ၁၀ တန်းကို ကျူးရှင်မတက်၊ အဆောင်မနေ ကျောင်းကိုသာ မှန်မှန်တက်ရင်း၊ မိသားစုရဲ့ ပြဿနာကို ဖြေရှင်းရင်းနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တယ်။
အိမ်ကနေ ၄ မိုင် ဝေးတဲ့ တက္ကသိုလ်ကျောင်းကို ခြေလျင်ဖြင့် လမ်းလျှောက်ပြီး တက်ခဲ့ရတယ်။ တစ်ခါတလေ သူငယ်ချင်းတွေရဲ့ ဆိုင်ကယ်နောက်ကို လမ်းကြုံလိုက်စီးခွင့်ရတယ်။ မနက်ပိုင်း ကျောင်းတက်ပြီး ညနေပိုင်း အချိန်ပိုင်း အလုပ်ကို လုပ်အားခ နည်းနည်းလေးနဲ့ လုပ်ရတယ်။ ရတဲ့ဟာကို ဈေးစစ်မနေပဲ လုပ်ရတာပါ။ ညမှာတော့ ညီ၊ ညီမတွေကို စာပြပြီး သူ့ရဲ့ ကျောင်းစာကို လုပ်ရတယ်။ ဒုတိယနှစ် ရောက်တော့ အဝေးသင် ပြောင်းပြီး လူမှု့အဖွဲ့အစည်းထဲ ဝင်လုပ်တယ်။ သူလုပ်ခဲ့တဲ့ လူမှု့အဖွဲ့အစည်းက CHAD ( Community Health And Development) ပါ။ တောင်ပေါ်ဒေသ ဝေးလံခေါင်းပါးတဲ့ နေရာတွေမှာ နေတဲ့သူတွေကို ကျန်းမာရေးအမြင်ဖွင့် သင်တန်းပေးတာတွေ သွားရောက် ဆေးကုသတာတွေ ပြုလုပ်ပေးတဲ့အဖွဲ့ပါ။
တက္ကသိုလ်ကို အဝေးသင်တက်ပြီး လူမှု့အဖွဲ့မှာလုပ်ရင်းနဲ့ ၂၀၀၈ ခုနှစ်မှာ မြစ်ကြီးနားတက္ကသိုလ်မှ ရူပဗေဒသိပ္ပံဘွဲ့ကို ရခဲ့တယ်။
ငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာ ပညာသင်ချင်နေတဲ့ ဆင်းရဲသားလေး တစ်ယောက် ကံကြမ္မာ အလှည့်အပြောင်း ဖြစ်လာခဲ့တယ်။ သူ အလုပ်လုပ်တဲ့ အဖွဲ့အစည်းရဲ အကြီးအကဲက သူ့ရဲ့ ပညာရေးအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကို သဘောကျပြီး ဖိလစ်ပိုင်နိုင်ငံကို ပညာသင်သွားဖို့ အခွင့်အရေး ပေးလိုက်တယ်။ ဆင်းရဲသားလေး တစ်ယောက် အတွက်တော့ ဒီအခွင့်အရေးဟာ မဟာအခွင့်အလမ်းပါ။ ကန္တာရမှာ ရေငတ်ပြီး လမ်းလျှောက်နေသူ တစ်ယောက် ရေဗူးတွေ့လိုက်ရသလိုပါပဲ။ ဒါပေမဲ့ ကျောင်းသွားတက်ဖို့ ၆ လ အလိုမှာ သိလိုက်ရတာပါ။ အင်္ဂလိပ်စာ အဆင်သင့် မဖြစ်သေးပေမယ့် ဒီအခွင့်အရေးကို လက်လွတ်မခံခဲ့ဘူး။ ရန်ကုန်မှာ နေပြီး ၆ လအတွင်း အင်္ဂလိပ်စာကို နေ့မအိပ်၊ ညမအိပ်လေ့လာတယ်။ အရမ်းပင်ပန်းတယ်။ ၆ လ ပြည့်တဲ့အချိန် သူ့ရဲ့ အင်္ဂလိပ်စာဟာ သူတက်မယ့်ကျောင်းက လက်ခံတဲ့ အဆင့်ကို ရောက်သွားတယ်။ Practice makes perfect. ပါ။ "ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။"
အခက်အခဲ မျိုးစုံထဲက ကြီးပြင်းလာခဲ့ရတဲ့ သူ့အတွက် အဆန်း မဟုတ်ပေမယ့် သူများနိုင်ငံ မှာဆိုတော့ သူ့အတွက် ပထမတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ အစပိုင်းတော့ ကျောင်းစာတွေ မလိုက်နိုင်ဘူး။ ဒါကတော့ ပြည်ပကို စာသွားလုပ်ကြတဲ့ မြန်မာကျောင်းသားတိုင်း ကြုံရတဲ့ ပြဿနပါ။ ဒါပေမဲ့ သူများတွေထက် နှစ်ဆ လိုက်ပြီး ကြိုးစားရတယ်။ တဖြည်းဖြည်းနဲ့ စာလုပ်တာ အဆင်ပြေလာတယ်။ ပထမနှစ်မှာတော့ အခက်အခဲမရှိ အောင်မြင်ခဲ့ပေမယ့် ဒုတိယနှစ်ရောက်တော့ ၃ လ လုံးလုံး ပညာသင် ထောက်ပံ့ကြေးမရတော့ဘူး။ ထောက်ပံ့ကြေး ပေးသူတွေက သူတို့ရဲ့အခက်အခဲကြောင့် ကျောင်းသားတွေကိုပေးနေတဲ့ ထောက်ပံ့ကြေးကို ရပ်လိုက်တယ်။ နော်ဂျာလဲ ထောက်ပံ့ကြေး မရတော့ဘူး။ သူဟာ စာကို ရုန်းကန်ကြိုးစားနေရချိန် စားဝတ်နေရေးအတွက်ပါ ဆက်ပြီး ရုန်းကန်ခဲ့ရတယ်။ ၃ လ ခက်ခက်ခဲခဲ ရုန်းကန်ပြီးမှာတော့ အဖွဲ့အစည်းတစ်ခုက ပြန်ထောက်ပံ့ပေးပေမယ့် ထောက်ပံ့ကြေးက အပြည့်မရဘူး။ ဒါကြောင့် ထောက်ပံ့ကြေးအလုံ အလောက် မရတဲ့ကြားက အခက်အခဲ မျိုးစုံနဲ့ ကျောင်းပြီးအောင် သင်ယူခဲ့ရတာပါ။ ဘယ်လောက်ထိ ကြိုးစားရမယ်ဆိုတာ စဉ်းစားကြည့်ပါတော့။
၂၀၁၃ ခုနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံ PHILIPPINES LOS BANOS တက္ကသိုလ်က ချီးမြှင့်တဲ့ Mpaf( Master of public affair Major in education management) ပညာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကို ရယူနိုင်ခဲ့တယ်။ ဘွဲ့ယူတဲ့နေ့ သူ့ရဲ့ရင်ထဲမှာ ခံစားလိုက်ရတာကတော့ ဘုရားဟာ မနိုင်တဲ့ ဝန်ကိုမထမ်းခိုင်းဘူးဆိုတာကို သူကောင်းကောင်းသိလိုက်ရတယ်။
သူဟာ မဟာဘွဲ့ရပြီးတော့ မြစ်ကြီးနားကို ပြန်လာခဲ့ပြီး သူလုပ်ခဲ့တဲ့ CHAD အဖွဲ့မှာ ၂ နှစ် ပြန်ကူညီ လုပ်ခဲ့တယ်။ အဲဒီအဖွဲ့စည်းမှာ လုပ်ရင်းနဲ့ အင်္ဂလိပ်စာကို စိတ်ဝင်စားတဲ့ လူငယ်တွေကို အင်္ဂလိပ်စာအခမဲ့ သင်ကြားပေးတယ်။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီလိုအခမဲ့ သင်ပေးတဲ့ သင်တန်းမှာ တက်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာကို တစ်သက်လုံး ကြောက်လာခဲ့သူ အဲဒီအချိန်က စပြီးချစ်တတ်လာခဲ့ရတာပါ။ စာရေးသူတို့ကို အင်္ဂလိပ်စာ သင်ပေးတဲ့အချိန် သူအမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းက သူ့ဘဝမှာ စားစရာမရှိရင်တောင် စာသင်နေရရင် ပျော်တယ်တဲ့။ အခုချိန်မှာတော့ သူဟာ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်မှာ Brilliant English Language Stundent Center ဆိုတဲ့ အင်္ဂလိပ်သင်တန်းကျောင်းကို ဖွင့်ထားပါတယ်။ ကျောင်းသားတွေ၊ လူငယ်တွေကို လူငယ်သင်တန်း၊ ဘော်ဒါဆောင်များမှာ ပညာရေးနဲ့ ပါတ်သက်ပြီး စိတ်ဓာတ်မြှင့်တင် ဟောပြောလေ့ ရှိပါတယ်။
လူငယ်တွေ ရည်မှန်းချက် ပန်းတိုင်ထားပါ။ မိမိဘဝနဲ့ ရည်မှန်းချက် ပန်းတိုင်ကြားက အခက်အခဲတွေကို အာရုံစိုက် ဖြေရှင်းရင် မိမိတို့လိုချင်တာ၊ ရချင်တာကိုရမှာပါ။
Ref:Roger Lahkrang Hkun Maw (kachin Land):https://www.facebook.com/1396417240534682/posts/1525000844342987/
No comments:
Post a Comment