ဒီစနစ်ကိုပြင်ဆင်ပေးနိုင်တာကတော့ ဒီစနစ် DP System ထုတ်လုပ်ရောင်းချတဲ့ GE General Electric လို့ခေါ်တဲ့ အမေရိ ကန်ကုမ္ပဏီ ဧရာမကြီးဖြစ်ပါတယ်။ သူတို့က စပယ်ယာပတ်စ် အပိုပစ္စည်းနဲ့ အင်ဂျင်နီယာ လွှတ်ပေးမယ်။ Spare Parts & Service Engineer။ စကားမစပ်ပြောရရင် ဒီလို အဆင့်မြင့်ပညာရပ် ထုတ်လုပ်ရောင်းချတဲ့ ဂျီအီးဆိုတဲ့ အမေရိကန် ကုမ္ပဏီကြီးက ပစ္စည်းလေးတခုကိုဝယ်ရင် လက်တဝါးလောက်ရှိတဲ့ပစ္စည်းကို ဒေါ်လာ သောင်းဂဏန်းပေးရပါတယ်။ သင်္ဘော ဘယ်ညာတိမ်စောင်းမှုထိန်းတဲ့ MRU Magnetic Motion Unit ဆိုရင် ကာကွယ်ရေး၊ စစ်တပ်သုံးနည်းပညာအဖြစ် သတ်မှတ်ထားလို့ ဝယ်မယ်ဆိုပြီး၊ ပိုက်ဆံရှိတိုင်း ဝယ်ခွင့်မရပါဘူး။ အမေရိကန်အစိုးရဆီကို နိုင်ငံခြားတင်ပို့ခွင့်လိုင်စင်၊ ပါမစ် လျှောက်ရပါတယ်။ စစ်ရေးမှာမသုံးပဲ စီးပွားရေး၊ ကမ်းလွှန်ရေနံလုပ်ငန်းမှာသုံးတာပါလို့ လျှောက်လွှာတင်ရတယ်။ တလကနေ သုံးလအထိ အမေရိကန်အစိုးရက စိစစ်ပါတယ်။ ဒါကြောင့် လိုင်စင်၊ ပါမစ်ဆိုတာ မြန်မာနိုင်ငံမှာပဲ ရှိတာမဟုတ်၊ နိုင်ငံတိုင်းမှာရှိပါတယ်။ ဒါပေမဲ့ အစိုးရစစ်တပ်ဆိုင်ရာ လိုင်စင်ပါမစ်၊ နိုင်ငံတော်လုံခြံရေးအတွက် ဖြစ်ပါတယ်။
ပစ္စည်းပို့ပေးခြင်း၊ အမေရိကန်နိုင်ငံမှ အင်ဂိုလာကမ်းလွန်ရေနံတွင်းဆီသို့ ပစ္စည်း သင်္ဘောပေါ်ရောက်အောင်ပို့ပေးခြင်း၊ ရောက်တာသေချာမှ အင်ဂျင်နီယာလိုက်သွားခြင်း လုပ်ငန်းတွေ လုပ်ရပါတယ်။
အခက်အခဲကြီးတခုကတော့ အင်ဂိုလာနိုင်ငံရဲ့ အဂတိလိုက်စားမှုကြီးတွေ ဖြစ်ပါတယ်။ ၂၀၁၁ မတိုင်မီ မြန်မာစစ်အာဏာရှင် ခေတ်နဲ့ တပုံစံထဲ ဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီက ပို့လိုက်တယ်။ ပစ္စည်းတန်ဖိုးက ဒေါ်လာတသိန်းတောင် တန်တယ် ဆိုတာ ပို့လိုက်တဲ့ပစ္စည်း၊ စာရွက်စာတမ်းတွေမှာ အမှန်အတိုင်းရေးထားလို့ .. ပိုက်ဆံတောင်းမဲ့လူတွေ တန်းစီစောင့်နေပါ တယ်။ စီမံခန့်ခွဲရသူက စင်ကာပူနိုင်ငံကဖြစ်ပါတယ်။ ပစ္စည်းပို့တာက အမေရိကန်နိုင်ငံက၊ ပစ္စည်းလက်ခံတာက အဂတိ လိုက်စားမှုမှာ CPI Corruption Index ဘုရင်အဖြစ် သရဖူဆောင်းတဲ့ အင်ဂိုလာနိုင်ငံဆိုတော့၊ အင်ဂိုလာနိုင်ငံကလူတွေကို တယ်လီဖုန်း၊ အီးမေးနဲ့ဆက်သွယ်ပြီး ပစ္စည်းရရှိရေးကို ကြိုးစားရပါတယ်။
နောက်ဆုံးတော့ ဒေါ်လာတသောင်းတန် လက်တဝါးလောက်ရှိတဲ့ပစ္စည်းထုတ်လေးကို အေးဂျင်စီက အခွန်ဌာနက ထုတ်ယူ ဖို့ စုစုပေါင်း ဒေါ်လာ ၂၀၀၀ ကျော် တောင်းပါတယ်။ ဟာ.. ဘာလို့ဒါလောက်တောင်းရတာလဲဆိုတော့ အေးဂျင့်က တွက်ပြ ပေးပါတယ်။ ဘယ်သူ့ကို ဆယ်ဒေါ်လာ၊ နှစ်ဆယ်ဒေါ်လာ… လူပေါင်း ၂၀ လောက်ကို ပေးရတယ်။ လိုက်ပေးတဲ့ ဌာနဆိုင်ရာ တွေ အများကြီး၊ နောက်ဆုံး လုံခြုံရေး၊ စစ်သား၊ ရဲသားတွေအထိ ..အကောက်ခွန် ဂိုထောင်မှူးအထိ ပေးရမယ် လို့ အီးမေးလ်နဲ့ ကုန်ကျစရိတ်တွေ တင်ပြပါတယ်။ ပစ္စည်းထုတ်မဲ့ရက်ကလည်း သောင်္ကြာနေ့၊ နောက်နေ့ဆို ရုံးပိတ်သွားပြီ၊ ခက်ခဲသွားပြီပေါ့။
စင်ကာပူက ကိုဇော်ပြောင်တို့အဖွဲ့ကတော့ နောက်နေ့ စနေ၊ တနင်္ဂနွေပိတ်သွားရင် ပစ္စည်း သင်္ဘောပေါ်ရောက်ဖို့ ၃ ရက် ထပ်ကြာသွားမယ် စိုးရိမ်ကြတယ်။ နောက်ဆုံး အင်ဂိုလာစံတော်ချိန် ည ၈ နာရီမှာ အေးဂျင့်ဆီပို့ပေးလိုက်တဲ့ ပိုက်ဆံ ဒေါ် လာ၂၀၀၀ သူတို့လက်ထဲရောက်သွားပါတယ်။ ထုံးစံအတိုင်း ဟွန်ဒီ ဆရာကြီး Western Union ကိုသုံးပြီး ငွေပို့ပေးရပါတယ်။ ငွေ အေးဂျင့်လက်ထဲရောက်သွားတာနဲ့ အင်ဂိုလာနိုင်ငံ အစိုးရ အကောက်ခွန်၊ ဂိုထောင်များက ဝန်ထမ်းတွေ ည ၉ နာရီမှာ လူ၂၀ လောက်ရောက်လာပြီး ပစ္စည်းကိုထုတ်ပေးပါတယ်။ ဒီလိုစနစ်မျိုး ပိုက်ဆံပေးရင် ဝန်ထမ်းတွေက ညသန်းကောင်လည်း လာအလုပ်လုပ်ပေးတဲ့ ဝန်ထမ်းမျိုးတွေ မြန်မာပြည်မှာလည်း ရှိနေပါတယ်။
စောင့်ဆိုင်းခ တရက် ဒေါ်လာ ၁၆၀၀၊ ဒီပြဿနာ နောက်မှရှင်းမယ်။ လောလောဆယ် ပစ္စည်းသင်္ဘောပေါ် တပတ်အတွင်း ရောက်သွားအောင်လုပ်ရပါမယ်။ အင်ဂိုလာအေးဂျင့်ကိုပဲ လေသံချိုချို စိတ်တွေလျှော့ထားပြီး တောင်းသလောက် ဈေးဆစ် လို့လည်း မရ၊ ပေးရပါတော့တယ်။ ဒါမျိုး အထူးအရေးကြီးကိစ္စဖြစ်လာတော့ တောင်းတဲ့လူတွေကလည်း သဘောကျတယ်။ ပေးရတဲ့လူကလည်း ဘာမှမတတ်နိုင်တော့ ပေးရပါတော့တယ်။
နောက်ဆုံး ပစ္စည်း သင်္ဘောပေါ်ရောက်သွားပြီဆိုမှ အင်ဂျင်နီယာ လေယာဉ်နဲ့လိုက်သွားပါတယ်။ ထုံးစံအတိုင်း လေယဉ် ခရီးများ နယူယောက်၊ လန်ဒန်၊ ကိတ်ပတောင်း၊ ပွန်တီနိုရီမြို့များကို အဆင့်ဆင့် နာရီပေါင်း ၃၀ လောက် ပျံသန်း၊ ရပ်နား ခြင်းတွေနဲ့ အင်ဂိုလာနိုင်ငံကို ရောက်သွားပါတော့တယ်။
အင်ဂိုလာနိုင်ငံက ၂၀၁၅ မှာ အီဘိုလာရောဂါကြောင့် လူတွေမသွားချင်သလို၊ အလွန်အဂတိလိုက်စားလို့ လေဆိပ်အဝင်မှာ သိပ်ကိစ္စမရှိပေမယ့် ပြန်အထွက်မှာ အလွန်ပြဿနာများပါတယ်။ လေဆိပ် လူဝင်ကြီးကြပ်မှု၊ အကောက်ခွန်တွေရဲ့ တောင်း ရမ်း ပေးကမ်းမှုတွေ တဦးကို ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာ စသဖြင့် ပေးလိုက်မှ အဆင်ပြေတယ်။ မဟုတ်ရင် ကြံဖန်ရစ်နေလို့ ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာတန် အမေရိကန်ဒေါ်လာတွေ များများထည့်သွားရတဲ့နိုင်ငံဖြစ်ပါတယ်။
ပိုဆိုးတာက အရင်တုန်းက ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာပြည်လို ပြည်တွင်းတိုင်းရင်းသားတွေ တိုက်ခိုက်ကြလွန်းလို့၊ တနယ်မှာ ဘုရင်ခံတပါး အုပ်ချုပ်နေကြပါတယ်။ စုစုပေါင်း လူမျိုးစု ၂၀၀၀ ကျော်ရှိပြီး၊ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး ဗမာလူမျိုးကအုပ်ချုပ်ပေမယ့် အင်ဂိုလာမှာတော့ အင်အားအကြီးဆုံးလူမျိုးစုဆိုတာမရှိဘူး။ တော်တော် ခက်ခဲတဲ့ အုပ်ချုပ်ရေးကို ပြင်သစ်အုပ်ချုပ်စဉ်ကအိုကေပေမယ့် အခုတော့ ကမ္ဘာ့အဂတိအကြီးမားဆုံး နိုင်ငံဖြစ်နေပါတယ်။ ကမ်းလွန်ရေနံ ခပ်မြတ်မြတ်ကလေးရတဲ့လုပ်ငန်းဆိုတော့ အညှီရှိရာ ယင်အုံသလို တောင်းရမ်းမှုတွေ အရမ်းများပါတယ်။ ပြင်သစ်စကားပြောမှ တနိုင်ငံလုံး နားလည်တယ်။ အင်္ဂလိပ်စကားပြောတဲ့ စာရေးသူတို့ မြန်မာ၊ စင်ကာပူ၊ အမေရိကန်၊ အင်္ဂလန်၊ တောင်အာဖရိကနိုင်ငံသား စီးပွားရေးအုပ်စုတွေအတွက် မဟာအခက်ခဲကြီးပါ။ အေးဂျင့်လက်ထဲပဲ ပုံအပ်ထားလိုက် ပါတယ်။ အေးဂျင့်ကတော့ ဘာသာစကားမျိုးစုံပြောတတ်တော့ စကားပြောကောင်း ငွေရွှင်တဲ့အေးဂျင့်ဖြစ်ပါတယ်။
နောက်ဆုံး အင်ဂျင်နီယာ သင်္ဘောပေါ် ရောက်သွားပြီး အလုပ်လုပ်လိုက်တာ တရက်ထဲနဲ့ ပြီးသွားပါတယ်။ အဲဒီရက်ပိုင်းမှာ ဆော့ဝဲ Software အင်ဂျင်နီယာဆီ ထည့်မပေးလိုက်လို့၊ ပါမသွားလို့ ဂြိုလ်တုဆက်သွယ်ရေးနဲ့ ဆော့ဝဲလ်ပို့ပေးရပုံလည်း အလွန်စိတ်ပျက်စရာကောင်းပါတယ်။ အင်ဂျင်နီယာက လူချည်းပဲသွားတာပါ။ သူ့ဟန်းဖုန်းနဲ့ လက်ပ်တော့၊ လက်ဆွဲအိတ်နဲ့ပဲ၊ အလုပ်အတွက် Drawings၊ စာရွက်စာတမ်းတွေလည်း သူသင်္ဘောပေါ်ရောက်မှ ဂြိုလ်တုအင်တာနက်နဲ့ သင်္ဘောဆီပို့ပေး၊ သင်္ဘောမှာ ပရင်တာနဲ့ Print လုပ်ပေးရပါတယ်။ ပြီးတော့ ပြီးသွားပါပြီ။
နောက်နေ့ အင်ဂျင်နီယာ အိမ်ပြန်ခရီးစဉ် စီစဉ်ရပြန်ပါတယ်။ လေယဉ်လက်မှတ်ကို နေ့ကို ပြောင်းရွှေ့ရတယ်။ ပြောင်းရွှေ့ခ ဒေါ်လာ ၅၀ ပေးရပါတယ်။ ဒါပေမဲ့ အင်ဂိုလာနိုင်ငံက လေယဉ်လက်မှတ်မရသေးလို့ ဟိုတယ်မှာ ထပ်ပြီးစောင့်နေရပါ သေးတယ်။ အင်ဂျင်နီယာကတော့ အင်ဂိုလာနိုင်ငံ၊ ပွန်တီနိုရယ်မြို့တော်က ပြင်သစ်စကားပြော လူမည်းအမျိုးသား၊ အမျိုး သမီးတွေနဲ့ တရုန်းရုန်း ပျော်ပါးနိုင်ပါပြီ။ နောက်နှစ်ရက်ဆို အင်ဂျင်နီယာရဲ့ ဇာတိမြို့၊ အမေရိကန် နယူးယောက်ကို ပြန် ရောက်တော့မှာဆိုတော့ ပျော်နိုင်ပါပြီ။ စင်ကာပူက စီမံခန့်ခွဲတဲ့ ကိုဇော်ပြောင်တို့အုပ်စုလည်း သက်ပြင်းချလိုက်နိုင်ပါတော့ တယ်။
မှတ်ချက်။ ။ အင်ဂိုလာနှင့်မြန်မာ နှစ်နိုင်ငံကို ကမ္ဘာ့အဂတိအများဆုံးစာရင်းတွင် http://www.transparency.org/cpi2014/results အောက်ဆုံးဘိတ်တွင် ကပ်လျက် တွေ့နိုင်ပါသည်။ မြန်မာ (အဆင့်-၁၅၆) က အင်ဂိုလာ (အဆင့်-၁၆၁) ထက် ပိုသာပါသည်။
၁။ ဒိန်းမတ်၂။ နယူးဇီလန်၇။ စင်ကာပူ၁၂။ ဂျာမဏီ၁၅။ ဂျပန်၁၇။ အမေရိကန်.....၁၅၆ မြန်မာ (၂၀၁၁ တွင် အဆင့်-၁၇၀ မှ ၂၀၁၃ တွင်အဆင့်-၁၅၆ ဖြစ်လာသည်).၁၆၁ အင်ဂိုလာ၁၇၄ ဆိုမာလီယာ (အဂတိအလိုက်စားဆုံးနိုင်ငံ)
No comments:
Post a Comment