Popular Posts!

Monday, January 21, 2019

စင်္ကာပူက ဘဏ်တွေမှာ ငွေအပ်နှံမှုအတွက် အာမခံ (DIS)

စင်္ကာပူက ဘဏ်တွေမှာ ငွေအပ်နှံမှုအတွက် အာမခံ (DIS)






ဘဏ်မှာ Saving နဲ့ Current Account ဖွင့်ထားသူများ သိသင့်တဲ့ အချက်တွေပါ။

စင်္ကာပူက ဘဏ်တွေနဲ့ ငွေကြေးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတွေမှာ ငွေအပ်နှံထားပြီး အကယ်၍များ ဘဏ်တွေနဲ့ ကုမ္ပဏီတွေ ဒေဝါလီခံတာမျိုး၊ ပိတ်သိမ်းတာမျိုးကြုံရင် မိမိတို့ အပ်နှံထားတဲ့ ငွေများအတွက် ဘယ်လိုများအကာအကွယ်ပေးသလဲဆိုတာ သိကြပါသလား။ 

မြန်မာနိုင်ငံမှာလို KBZ ပိတ်မယ်လို့ သတင်းကြားပြီး လူတွေ တန်းစီပြီး အပ်ထားတဲ့ ငွေပြန်ထုတ်ကြသလို လုပ်ဖို့ အချိန်မီမယ် မထင်ဘူး။ ဒါဆို မိမိတိုရဲ့ Saving Account နဲ့ Current Account တွေမှာ ထည့်ထားတဲ့ ပိုက်ဆံတွေအတွက် စိတ်ချရပါ့မလားလို့ မေးစရာဖြစ်လာပါတယ်။

စင်္ကာပူက ဘဏ်တွေနဲ့ ကုမ္ပဏီတွေမှာ အခုလို ငွေအပ်နှံမှုမျိုးအတွက် အာမခံ ဘယ်လိုများပေးထားသလဲဆိုတာကို စင်္ကာပူနိုင်ငံသား အချို့တောင် မသိကြဘူး။ ဒါကလည်း ဆက်စပ်မှုရှိမှသာ မေးလေ့ရှိတာမို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆို စင်္ကာပူက မြန်မာတွေရော သိဖို့မလိုဘူးလား။ ပိုက်ဆံ အပ်နှံတဲ့ ပမာဏများရင်တော့ သိသင့်ပါတယ်။

ဘဏ်တွေနဲ့ ကုမ္ပဏီတွေမှာ ငွေအပ်နှံမှုဆိုင်ရာ အာမခံကော်ပိုရေးရှင်း Singapore Deposit Insurance Corporation နဲ့ ပတ်သက်ပြီး စင်္ကာပူက ငွေအပ်နှံသူများကို ဘယ်လို ဘယ်ပုံ အာမခံပေးထားတယ်ဆိုတာ အခုဆက်ပြီး ရှင်းပြပါ့မယ်။

စင်္ကာပူနိုင်ငံ အစိုးရဟာ သူ့တိုင်းပြည်အတွက် ငွေကြေးခိုင်မာတဲ့စနစ်ကို စနစ်တကျ ထူထောင်နိုင်ဖို့အတွက် အစိုးရပြဌာန်းတဲ့ ဥပဒေများနှင့်အတူ ဥပဒေလိုက်နာ ကျင့်သုံးရေးမှာလည်း အထူးကြပ်မတ်ဆောင်ရွက်ပါတယ်။ နိုင်ငံ အတွင်းက ဘဏ်များနဲ့ ငွေကြေးဆိုင်ရာကုမ္ပဏီများကို တိုက်ရိုက် ကြီးကြပ်စောင့်ကြည့်ဖို့အတွက် Monetary Authority of Singapore (MAS) စင်္ကာပူငွေကြေးဆိုင်ရာအာဏာပိုင်ကို ဖွဲ့စည်းပြီး ငွေကြေးနဲ့ ဘဏ်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေတာပါ။

ဒါပေမယ့် MAS ဟာ ဘဏ်များနဲ့ ကုမ္ပဏီများအတွက် ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေအတွက် တာဝန်ခံခြင်းမရှိပါဘူး။ သက်ဆိုင်ရာ ဘဏ်တွေနဲ့ ကုမ္ပဏီများကသာ ၎င်းတို့ လုပ်ငန်းများအတွက် တာဝန်ယူ၊ တာဝန်ခံရတာမျိုးပါ။ ဒါကြောင့် MAS ဘက်မှ အဆိုပါလုပ်ငန်းများမှာ ဘဏ်တွေနဲ့ ကုမ္ပဏီများ အာမခံနိုင်ရေးအတွက် နောက်ထပ်ကြီးကြပ်နိုင်ဖို့အတွက် Singapore Deposit Insurance Corporation (SDIC) စင်္ကာပူငွေအပ်နှံခြင်းဆိုင်ရာအာမခံကော်ပိုရေးရှင်းကို ဖွဲ့စည်းပြီး စီမံဆောင်ရွက်စေပါတယ်။

ဒီနေရာမှာ SDIC ဟာ နိုင်ငံအတွင်းက ဘဏ်တွေနဲ့ ငွေကြေးကုမ္ပဏီတွေမျာ လူတွေ ငွေအပ်နှံတဲ့အခါမှာ တာဝန်ရှိယူရှိစေရန်အတွက် DIS လို့ခေါ်တဲ့ Deposit Insurance Scheme အပ်နှံငွေအာမခံကြေး အစီအမံကို ဘဏ်များနှင့် ကုမ္ပဏီများလိုက်နာဆောင်ရွက်စေပါတယ်။ လူပြိန်းနားလည်အောင်ရေးရရင်တော့ လူတွေ အပ်ထားငွေများ၊ စုထားငွေတွေ ဘဏ်ဖျက်သိမ်းလို့ ဆုံးရှုံးရတာမျိုးအတွက် အကာအကွယ်ပေးနိုင်ဖို့ပါ။

ဒါပေမယ့် အပ်နှံတဲ့ ပုံစံပေါ်မူတည်ပြီးသာ (DIS) အာမခံရှိပါတယ်။ ဘယ်လို ပုံစံမျိုးတွေကို အာမခံပေးတယ်ဆိုတာ အောက်မှာ ဖော်ပြထားပါတယ်။

(၁) စုဆောင်းငွေ အပ်နှံတဲ့ Saving Account
(၂) ပုံသေ စုဆောင်းငွေ အပ်နှံတဲ့ Fixed Deposit Account
(၃) စာရင်းရှင်အပ်နှံတဲ့ Current Account
(၄) CPF သုံးပြီး ရင်းနှီးမြှုပ်နှံအတွက်အသုံးပြုတဲ့ ငွေကြေးအပ်နှံမှု
(၅) CPF အငြိမ်းစား ငွေပမာဏကို အသုံးပြုပြီး ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုတဲ့ အပ်နှံမှု
(၆) အငြိမ်းစား အပိုဆောင်းငွေကို အသုံးပြုတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပ်နှံမှုနှင့်
(၇) အစ္စလမ်ဘာသာဝင်များ အသုံးပြုတဲ့ ငွေကြေးအပ်နှံမှု လုပ်ငန်းများထဲမှ အစိုးရခွင့်ပြုထားသည့် ငွေအပ်နှံမှုများ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ငွေကြေးအပ်နှံမှုများအတွက် အာမခံထားရန်အတွက် မှတ်ပုံတင်စာရင်းသွင်းခြင်းကို ဘဏ်များနှင့် ငွေကြေးလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်ပေးရပါတယ်။ 

စင်္ကာပူရဲ့ ငွေကြေးအပ်နှံမှုဆိုင်အာမခံ (DIS) နဲ့ အကျုံးမဝင်တဲ့ အပ်နှံမှု ပုံစံတွေလည်းရှိပါတယ်။ ဒါတွေကတော့

(၁) နိုင်ငံခြားငွေ အပ်နှံမှု
(၂) Structure Deposit 
(၃) ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစုရှယ်ရာများ၊ ရင်းနှီးမြှုပ်နှံငွေများ နှင့် လုံခြုံရေးဆိုင်ရာ အပ်နှံမှုများ ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ အာမခံဘယ်လောက်အတိုင်းအတာ ရှိသလဲဆိုတာပါ။ အကယ်၍များ မိမိတို့ ငွေအပ်နှံထားတဲ့ ဘဏ်များနဲ့ ကုမ္ပဏီများ ဖျက်သိမ်းခဲ့ပြီဆိုပါက အပ်နှံသည်ငွေများ ပြန်မထုတ်ပေးနိုင်ခဲ့ရင် အာမခံမှာ ပြန်လည်ရရှိမဲ့ ပမာဏဟာ စင်္ကာပူဒေါ်လာ ၅သောင်း လို့ သိရပါတယ်။ ဒီတော့ မိမိတို့ အပ်နှံထားတဲ့ငွေဟာ ၅သောင်းထက် ပိုများနေရင်တော့ အာမခံဘက်က အကုန်စိုက်မပေးပါဘူး။ 

အကယ်၍ မိမိဟာ ဘဏ်တစ်ခုတည်းမှာ Account တစ်ခုထက် ပိုပြီးဖွင့်ထားရင်လည်း အာမခံဘက်က Account အားလုံးအတွက် ပြန်ရမယ်ငွေဟာလည်း ၅ သောင်းထက်မပိုပါဘူး။ ဒါကြောင့် အပ်နှံငွေ ၅ သောင်းထက်ပိုသူများအတွက် အာမခံဘက်က ကျန်တဲ့ ငွေပမာဏကို တာဝန်မယူပါ။

ဖွင့်ထားတဲ့ အပ်နှံမှုဟာ Joint Account ဖြစ်နေခဲ့ရင်လည်း Account နာမည်ထားရှိသူများအားလုံးဟာ အာမခံငွေ ၅ သောင်းကို အချိုးကျခွဲဝေယူရမှာ ဖြစ်ပါတယ်။

သတင်းကောင်းကတော့ လက်ရှိ DIS ပမာဏ ၅သောင်းကို လာမဲ့ ၂၀၁၉ ဧပြီလ ၁ ရက်နေ့မှ စပြီး စင်္ကာပူဒေါ်လာ ၇သောင်းခွဲထိ တိုးမယ်လို့သိရပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဒါကတော့ စင်္ကာပူက ဘဏ်အားလုံးနဲ့ ငွေကြေးကုမ္ပဏီအားလုံးဟာ (DIS) အပ်နှံငွေအာမခံအစီအမံနဲ့ အကျုံးဝင်လားဆိုပါတယ်။ အဖြေကတော့ အားလုံး အကျုံးမဝင်ပါဘူး။ လက်ရှိကာလထိ SDIC စာရင်းထဲမှာ အကျုံးဝင်တဲ့ ဘဏ်များနဲ့ ကုမ္ပဏီတွေကို အောက်မှာ ဖော်ပြထားပါတယ်။

၁) AUSTRALIA AND NEW ZEALAND BANKING GROUP LIMITED
၂) BANGKOK BANK PUBLIC COMPANY LIMITED
၃) BANK OF AMERICA, NATIONAL ASSOCIATION
၎ BANK OF CHINA LIMITED
၅) BANK OF INDIA
၆) BANK OF SINGAPORE LIMITED
၇) BNP PARIBAS
၈) CIMB BANK BERHAD
၉) CITIBANK NA
၁၀) CITIBANK SINGAPORE LIMITED
၁၁) CREDIT AGRICOLE CORPORATE & INVESTMENT BANK
၁၂) DBS BANK LTD
၁၃) HL BANK
၁၄) HONG LEONG FINANCE LIMITED
၁၅) HSBC BANK (SINGAPORE) LIMITED
၁၆) ICICI BANK LIMITED
၁၇) INDIAN BANK
၁၈) INDIAN OVERSEAS BANK
၁၉) INDUSTRIAL AND COMMERCIAL BANK OF CHINA LIMITED
၂၀) JPMORGAN CHASE BANK, NA
၂၁) MALAYAN BANKING BHD
၂၂) MAYBANK SINGAPORE LIMITED
၂၃) MIZUHO BANK, LTD
၂၄) MUFG BANK, LTD
၂၅) OVERSEA-CHINESE BANKING CORPN LTD
၂၆) PT BANK NEGARA INDONESIA (PERSERO) TBK
၂၇) RHB BANK BERHAD
၂၈) SING INVESTMENTS & FINANCE LIMITED
၂၉) SINGAPURA FINANCE LTD
၃၀) STANDARD CHARTERED BANK
၃၁) STANDARD CHARTERED BANK (SINGAPORE) LIMITED
၃၂) STATE BANK OF INDIA
၃၃) SUMITOMO MITSUI BANKING CORPORATION
၃၄) THE BANK OF EAST ASIA LTD
၃၅) THE HONGKONG AND SHANGHAI BANKING CORPORATION LIMITED
၃၆) UCO BANK
၃၇)  UNITED OVERSEAS BANK LTD

မြန်မာနိုင်ငံက လာဖွင့်ထားတဲ့ ဘဏ်တွေတော့ စာရင်းထဲမှာ မတွေ့မိပါ။

ဒါကြောင့် အထက်ဖော်ပြပါ ဘဏ်များနဲ့ ငွေကြေးကုမ္ပဏီတွေ စာရင်းမှာမပါတဲ့ ဘဏ်တွေနဲ့ ကုမ္ပဏီတွေမှာ အပ်နှံထားတဲ့ ငွေတွေအတွက်တော့ အာမခံမရနိုင်ဘူးပေါ့။

အပ်နှံထားတဲ့ငွေတွေကို အာမခံကနေ ဘယ်လို ဘယ်အချိန်ထုတ်ပေးတယ်ဆိုတာ ဆက်ရှင်းပြပါ့မယ်။ အကြောင်းတစ်ခု ခုကြောင့် ဘဏ်နဲ့ ကုမ္ပဏီ ဖျက်သိမ်းတဲ့အခါမှာ MAS မှ အခုလို အာမခံငွေထုတ်ပေးရေးအတွက် စီစဉ်တာပါ။ စီစဉ်ရတဲ့ အကြောင်းကလည်း အပ်နှံငွေတွေ ပြန်မအမ်းနိုင်တဲ့ အခါမှသာ စီစဉ်ပါတယ်။ ဒီလို စီစဉ်နိုင်ဖို့အတွက် တရားရုံးမှ အမိန့်ကြေညာစာ ထုတ်ပေးရပါတယ်။ အကယ်၍ ဘဏ်နဲ့ ကုမ္ပဏီဟာ DIS စာရင်းဝင်ဖြစ်နေရင်တော့ MAS မှ SDIC ကို ငွေအပ်နှံသူများအတွက် ပြန်အမ်းဖို့ ညွှန်ကြားပါလိမ့်မယ်။ 

အထက်ပါဆောင်ရွက်မှုများကို စင်္ကာပူရဲ့ တည်ဆဲ ဥပဒေများဖြစ်တဲ့ Deposit Insurance Act အပါအဝင် Deposit Insurance and Policy Owners' Protection Schemes Act နှင့်အတူ အခြား နည်းဥပဒေများအတိုင်း လုပ်ဆောင်ပါလိမ့်မယ်။

မိမိတို့အပ်နှံထားတဲ့ ငွေပမာဏဟာ ၅သောင်းထက် ပိုလို့ အာမခံငွေရပြီးသည့်တိုင်အောင် လက်ကျန်ငွေရရန်ရှိနေသေးပါက သက်ဆိုင်ရာဘဏ်ကို ဆက်ပြီး တောင်းခံခွင့်ရှိပါတယ်။ ဒါကတော့ တရားမမှုနဲ့ ရင်ဆိုင်ရမယ်လို့ ယူဆပါသည်။ အာမခံရပြီးသားငွေများ မပါဝင်ဘဲ ကျန်ရှိနေတဲ့ ငွေပမာဏကိုသာ တောင်းခံခွင့်ရှိတာပါ။

ဒါကတော့ စင်္ကာပူနိုင်ငံရဲ့ လက်ရှိ ငွေကြေးအပ်နှံမှုများအတွက် အစိုးရဘက်မှ တည်ဆဲ ဥပဒေများအရ ဘဏ်များနှင့် ကုမ္ပဏီများကို တာဝန်ယူခိုင်းခြင်းနှင့် အာမခံပေးထားတဲ့ အကြောင်းအရာပါ။ အခုလောက်ဆို စာဖတ်သူတို့ စင်္ကာပူမှာ ဘဏ်စာရင်းဖွင့်မယ်ဆိုရင် မိမိတို့အပ်နှံငွေအတွက် ဘယ်လို အာမခံချက်ရှိတယ်ဆိုတာ သိလောက်ပါပြီ။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!