Popular Posts!

Wednesday, February 13, 2019

တချိန်က မြန်မာ့ မီးရထား

၁၉၆၂ ဦးနေဝင်းအာဏာသိမ်းမှု့ မတိုင်မီက #Burma_Railways လို့ခေါ်တဲ့ မြန်မာမီးရထားက ၁၉၆၀-၆၁ အတွက်  ရရှိငွေ ကျပ်သန်းပေါင်း ၁၂၅၁.၅ နဲ့ အသုံးငွေ ၁၀၈၀.၄ လို့ဆိုတယ်။ ဒီတော့ ၁၇၁သန်း မြတ်ခဲ့တယ် လို့ဆိုတယ်။  ရွှေဘုံသာလမ်းက ကြော်ငြာတစ်ခုအရ အဲဒီအချိန် ၁၉၆၁ခုနှစ် မတ်လ၂၁ရက်နေ့က ရွေဈေးက  ရွှေတစ်ကျပ်သားကို ၂၆၇ကျပ်ဆိုတော့ တွက်ကြည့်လိုက်ရင်အဲဒီနှစ်က  မြန်မာ့မီးရထားရဲ့ အမြတ်ငွေဟာ ရွှေ ၆၄၀၄၄၉  ကျပ်သား သို့ မဟုတ် ပိဿာ ၆၄၀၀ ကျော် မြတ်ခဲ့တယ်။ အခုခေတ် ရွှေတစ်ကျပ်သားကို ၈သိန်းကျော်ဆိုတော့ တစ်ပိဿာကို ကျပ် သိန်း၈၀၀ ကျော် ဆိုတော့ မြောက့်ကြည့်လိုက်ရင် အမြတ်ငွေ နဲ့ လှည့်ပတ်ငွေ ပမာဏကို တွက်ကြည့်လို့ရတယ်။ သူလုပ်ငန်း ပမာဏကို မှန်းလို့ရမယ် အများစု အသုံးပြုနိုင်စွမ်းကို သိသာထင်ရှားစေမယ်။  ဦးနေဝင်းမတိုင်မီခေတ်က ကိုယ့်နိုင်ငံရဲ့ လည်ပတ်မှု့ ပမာဏကို တွက်ကြည့်လို့ရတယ်။




တကယ်တော့ အင်္ဂလိပ်က မြန်မာပြည်ကို တစ်ဝက်သိမ်းပြီးကတည်းက ရန်ကုန်ပြည်ကစလို့ ရထားလမ်းတွေဖောက် ခဲ့တယ်။ အာရှမှာ အစာကြီးဘဲ။  တစ်နိုင်ငံလုံးသိမ်းပြီးချိန်မှာ ဖောက်ဖို့ခက်ခဲတဲ့ ရှမ်းပြည်လားရှိုးထိကို ဖောက်ခဲ့တယ်။ သွားရ ခက်ခဲတဲ့ ဂုတ်ထိပ်တံတား ကိုရအောင်လုပ်ထားတာ အမေရိကန် ကုမဏီတွေထိအပ်ပြီးဖောက်တာ ကြည့်မယ်ဆိုရင် အဲဒီခေတ်က နည်းပညာစိန်ခေါ်စရာဖြစ်တဲ့ ငွေကုန်ကြေးကျများတဲ့ ရှမ်းပြည်ကို ရအောင် ဘာကြောင့်ဖောက်သလဲဆိုတာ သိမြင်နိုင်မယ်။  မြစ်ကြီးနားဖက် ကချင်ပြည်နယ်ဆိုရင် နှစ်ပေါင်းရာချီပြီး ဒီရထားလမ်းကို ဘဲ အားပြုခဲ့ရတယ်။ အခုအချိန်ထိ အားကိုးစရာ ကားလမ်း နဲ့ အခြားရွှေးစရာသိပ်မရှိဘူး။ တကယ်တော့ အရင်ခေတ်က မြစ်ကြီးနားရထားတွေက အခုခေတ်လို့ မဟုတ်ဘူး အရမ်းဇိမ်ကျခဲ့တယ်။  တကယ်တော့ အဲဒီခေတ်ပြိုင်အချိန်လောက်မှာဘဲ အမေရိကန်မှာ တစ်နိုင်ငံလုံး ရထားလမ်းတွေ ဖောက်ကြတဲ့ ရထား သူဋ္ဌေး၊ မြေ သူဋ္ဌေး၊ သံမဏိ သူဋ္ဌေးစတဲ့  တကယ့်သူဋ္ဌေးကြီးတွေ အကြောင်းတောင် ပြန် သတိရမိတယ်။ အမေရိကန်လည်း ဒီလိုတက်သွားတယ်။ အင်္ဂလိပ်ဟာ အာဖရိကကိုတောင် အရှေ့ဖက်ကမ်းကနေ ထိပ်ကနေ အောက်ဖက်ထိ ဖောက်ဖို့ ကြိုးစားခဲ့တယ်။ 
 
ကျွန်တော်တို့ ငယ်တုန်းကအထိ ရထားက ဘဲ စာပို့တယ် ကုန်သယ်ကြတယ်။ စာပို့ရထားဆိုတာ ဘူတာစဉ်ရပ်တယ်။ ရထားလမ်းက နိုင်ငံအဝှမ်း ချိတ်ထားပြီး တက္ကသိုလ်ကျောင်းဖွင့်ချိန် ပိတ်ချိန် ကျောင်းသားတွေ ရထားတွေနဲ့ဘဲ လာကြပြန်ကြတယ်။ ဒါကြောင့်မို့ထင်တယ် အရင်ခေတ်က ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနဆိုပြီး ဆက်သွယ်ရေး အဓိကဖြစ်တဲ့ စာတိုက်နဲ့ ကြေးနန်းကို ရထားနဲ့တွဲတယ်။ လေယာဉ်တွေ သင်္ဘောတွေ နဲ့ တွဲတယ်။ 
နောက်ပိုင်းတော့ ဝန်ကြီးရာထူး တွေ က ဈေးကောင်းရတော့ ထပ်ပွားကြရာက ပို့ဆက် က မီးရထားက ခွဲထွက်သွားတယ်။ ကညန ဆိုတဲ့ မော်တော်ယဉ်ကို လည်း သူတို့ အမွေရပြီး ကိုင်တယ် ဆက်သွယ်ရေးက သတ်သတ် ဖြစ် ရာက အခုပြန်ပေါင်းတယ်။ အရင်ခေတ်မှာ ဝန်ကြီး ဌာန ၁၀ခုလောက်က နေ ၄၀ လောက် ထိပွားလာဘူးတယ်။ 
အခု မူလကလိုပြန်ပေါင်းတော့ ဆက်သွယ်ရေးက မီးရထားနဲ့ပေါင်းချိန် စာတိုက်တွေက အရင်လို လုပ်နိုင်စွမ်း မရှိတော့ဘူး ၊ အရင်က လမ်းထောင့်တိုင်းစာတိုက်ပုံးတွေနဲ့ အမြန်ရောက်တယ်။  ကြေးနန်းရုံးတွေ ရေဒီယိုစခန်းတွေက အရင်လောက် အသက်မဝင်တော့ဘူး၊ ဝန်ကြီးဌာနအတွက် အစားဝင်လာတဲ့ ဖုန်းတွေ အင်တာနက်တွေကို မူဝါဒဘဲကိုင်ပြီး ပုဂ္ဂလိကတွေဖြစ်သွားတော့ အရင်လို့ မီရထား network ကို ဆက်သွယ်ရေး စာတိုက် သုံးတာမျိုး မဟုတ်တဲ့ခေတ်ရောက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့  မီးရထားနဲ့ က မဆိုင်သလိုဖြစ်လာတယ်။ 

ဝန်ကြီးဌာနတွေက မူဝါဒကို ကိုင်သူတွေဖြစ်လာပြီး ဆက်သွယ်ရေး လုပ်ငန်းက ပြည်ပက ၂ ခုပြည်တွင်းက ၂ ခုကို ထိမ်းကြောင်းတဲ့ ပေါ်လစီချတဲ့ သူဖြစ်လာတယ်။ မီးရထားကတော့ အခု ရှုံးပြီး ရပ်သလို ဖြစ်နေပြီး အစိုးရက ထမ်းထားရသလို ဖြစ်နေတယ်။ လမ်းတွေလည်း အရင်ခေတ်ကလို မထိမ်းသိမ်းနိုင်တော့ဘူး။  သူတို့ဖက်က အမြတ်ပြနိုင်နေတာကလည်း မီးရထား က ပိုင်တဲ့မြေတွေဟာ မြန်မာနိုင်ငံက မြို့တိုင်းရွာ တိုင်းနယ် တိုင်းမှာ ရှိနေတော့ အဲဒီကနေ ရနေတဲ့ ကြော်ငြာခတွေ ဘေဘုတ်ကြီးတွေ က ရတာ သူမြေထဲမှာ အဆောက်အဦတွေဆောက်ပြီး BOT နဲ့ ပေးထားတာတွေ ငှားထားတာတွေက ရတာတွေကြောင့် ဝင်သလိုဖြစ်နေတယ် လို့ပြောလို့ရတယ်။ 
တကယ်တော့ opportunity cost တဲ့တွက်မယ်ဆိုရင် အများကြီးရတာနဲနေတယ်။ 

မန္တလေးဆိုရင် ၃၅ အေလမ်းလို့ခေါ်တဲ့ မြစ်ဆိပ်ကနေ ဘူတာကို ဆီတွေသယ်တဲ့ လမ်း မှာ လမ်းဘေးမှာ ရထားသံလမ်းရှိလို့ သံလမ်းလို့ အရင်ကခေါ်ကြတယ် ။
သင်္ဘောနဲ့သယ်လာတဲ့ ဆီတွေကို မြစ်အောက်ကနေ ပိုက်နဲ့ လှောင်ကန်တွေထဲပို့ပြီး ရထားနဲ့ တစ်ပြည်လုံးကို ပို့ခဲ့ကြပုံဘဲ။ 
အခုတော့ ရထားလမ်းသာမက ရထားလမ်းဘေးက ဝန်ထမ်း နေအိမ်တွေနဲ့ BOT(Build Operate Transfer) ဆိုတဲ့ နှစ် ၂၀ တို့ ၃၀ တို့ နဲ့ ပေးတဲ့ နေရာတွေကုန်နေပြီ။ BOT တွေဟာ ၁၉၈၈ အရေးအခင်းပြီးကနေ ဆိုပြည်တော့ပေမဲ့ ရထားက ပြန်ရမဲ့ပုံမပေါ်ဘူး မည်သို့လုပ်လိုက်သည်မသိနဲ့ မရှိတော့သလိုဖြစ်နေတယ်။ 
လူစွမ်းကောင်း ကြီးတွေလက်ထဲ အချိုအချောင်နဲ့ပါသွားကြတယ် သူတို့ ပိုင်သွားကြတယ်။
 တစ်ခါ မန္တလေးမြို့ရဲ့ အရေးပါတဲ့ ၇၈ လမ်းမကြီး ရှေ့က ရတနာပုံဈေး ဝန်းကျင်က နေရာတွေ ပြောရရင် ၃၅လမ်းနဲ့ ကျုံးဘေးကြားက ၇၈ လမ်းက နေ ၇၇ လောက်ထိ အားလုံးက မီးရထားပိုင်တွေလို့ ငယ်ငယ်တုန်းက သိထားခဲ့ပေမဲ့ အခုတော့ စည်ပင်က ထားတော့ အခြား BOT ဆိုတာတွေကို ဂရမ်ဖောက်ပြီး ပေးလိုက်ပုံလိုဘဲ ပိုင်ကုန်ကြတယ်။ ၇၈လမ်းပေါ်က လမ်းအနောက်ဖက်က ဟာတွေလည်း ဘယ်လိုဖြစ်ကြမယ်တော့မသိဘူး။ အခုတိုင်ဘဲ   မြို့ ရှေ့ခြမ်းနောက်ခြမ်းကို ကာထားတဲ့ မီးရထား ပိုင်နေရာကြီး မန္တလေးမြို့ကို ကားပိတ်စေတဲ့ အဓိက နေရာဖြစ်နေလေရဲ့။
 မြို့လည်မှာဘူတာရှိတာကောင်းပေမဲ့ ရထားတွဲလှည့် ရွှေပြင်တွေဟာ ထားရတာမတန်ဘူး။ သူသုံးထားတာက  ကျုံးဘေးကနေ စပြီး ၃၅လမ်းထိ ၁၀ပြလောက်ယူထားတဲ့ အပြင် ရထားလမ်းရှိတော့ ကားလမ်းပိတ်တာနဲ့ ကုန်းကျော်က ၂ ခုဘဲ ရှိတော့ သူကြောင့် ကား ကြပ်စေတယ် ပြောရရင် မြို့ဟောင်းဘူတာလည်း မြို့လည်ရောက်နေပြီ။ တကယ် ရထားတွေနဲ့ တနိုင်ငံလုံး ကုန်တွေလူတွေသွားလားဆိုတော့ သိပ်မများလှဘူး။ ဘူတာရုံ ဆောက်ပြီးသား ကြီးတောင် နှစ်ပေါင်းများစွာဘာမှမသုံးဘဲ ထားရာက အခုမှ ဟိုတယ်ကို ငှားထားတယ်။ 

 ရန်ကုန်မှာလည်း ရှိမယ်လို့ထင်တယ် တစ်လောက DVB က လားပြသွားတဲ့ ဝန်ထမ်းအိမ်ယာ တွေထဲက လူတွေ နေကြထိုင်ကြတာတွေ ကြည့်လိုက်မိသေးတယ်။ တကယ်တော့ ငယ်ငယ်က မီးရထား အင်ဂျင်နီယာကြီးတွေဆိုတာ တကယ့် စမတ်ကျတဲ့ သူကြီးတွေ သုံးနိုင်တယ် သားသမီးပညာရေးအားပေးတယ် ခန့်ခန်ငြားငြားနေကြထိုင်ကြတာတွေ သတိရမိတယ်။ 
အားကျမိခဲ့တဲ့ Ba Myint တို့ အဖေကြီးတွေ ခေတ် သတိရမိတယ်။ 
တကယ်တော့ မြန်မာနိုင်ငံနဲ့ အဝှမ်းမှာ ရထားလမ်းတွေ ရှိနေပြီး ရထားတန်အောင် မသွားနိုင်တာ မိုင်ပေါင်းအများကြီးဘဲ။ 
လမ်းရှိပြီး  တစ်ရက်တစ်စီးတောင်မဖြတ်တဲ့ ဒေသတွေလည်းအတော်များမယ်လို့ ထင်တယ်။ နိုင်ငံတကာမှာတော့ ကီလို ၃၀၀ အထက် ကုန်သယ်တာကို ရထားသုံးတယ်လို့ကြားဘူးတယ်။ 
တကယ်တော့ ရထားက ရှုံးတယ်ဆိုပေမဲ့ မီးရထားဝန်ကြီးဌာနကိုင်တဲ့ သူတွေက ကညနကို ကိုင်ထားပြီး အရင်ခေတ်က ကားပါမစ်တွေ ခေါင်ခိုက်နေပြီး မတန်တဆဈေးတွေနဲ့ သွားနေတဲ့ Without တွေကို စီးစေတဲ့ ခိုးကားတွေ ကားဟောင်းတွေကို စက်မှု့ဇုံကားလုပ်ပြီး အမြတ်သိန်းရာထောင်ချီရစေတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ ပတ်သက်နဲ့ ကိုင်တွယ်တဲ့ ဝန်ကြီးဌာနဖြစ်နေတော့ သိပ်မဆင်းရဲနိုင်ဘူးလို့တော့ထင်တာဘဲ။ 

တကယ်တော့ ဆိုရှယ်လစ်ခေတ်မှာ ခ၇ီးသွားအများစုက ရထားဘဲ စီးခဲ့ကြရတာပါ။ ရထားခတွေ နဲလို့ ပြုတ်တာကတော့ ငွေကြေးဖောင်းပွမှု့နှုံးများပြီး ဈေးတက်တာကြမ်းချိန်မှာ မတက်ရဲလို့ဖြစ်တယ်ဆိုပေမဲ့ တက်သင်မတက်သင့် ဆုံးဖြတ်ချက်ချသူ၇ဲ့ အမျှော်အမြင်က အပျက်မခံသင့်တာခံသွားသလို ဖြစ်သွားတယ်လို့ ထင်ပါတယ်။ 
၁၉၉၅ နောက်ပိုင်းမှာ ဒေါ်လာဈေးက ၁၀၀ ကျော်က နေ ၁၂၀၀လောက်ထိ တက်သွားတာတွေလည်းပါတာပေါ့။ 
လက်ရှိမှာတော့ မထိမ်းသိမ်းနိုင်လို သော်လည်းကောင်း ဆည်တွေ ရေမြုတ်တာတွေ အခြားအကြောင်းတွေနဲ့ ပျက်သွားတဲ့ လမ်းပိုင်းကြောင့် တစ်နာရီကို ၂၅မိုင်လောက်ဘဲ သွားနိုင်နေတာက ဆွဲဆောင်မှု့မရှိ သလိုဖြစ်နေတယ်။ 
တကယ်တော့ နိုင်ငံတကာမှာ ပျမ်းမျှ၁၂၅ မိုင်လောက်သွားနိုင်ပြီး အချို့နိုင်ငံတွေက အတော်မြန်ကြတာလည်း ရှိပါတယ်။  တကယ်တော့ ရန်ကုန် မန္တလေးမှာ ဓာတ်ရထားတွေဆွဲတဲ့ခေတ်က ဆိုရင် နယူးယောက်လန်ဒန်နဲ့ အကွာကြီးမဟုတ်ခဲ့ပါဘူး။ ရန်ကုန်မြိုပတ်လမ်း ရှိနေသလို ဈေးချို့ ဘုရားကြီး မှာ နာရီစဉ် နန်းတွင်းမှာ ရထားလမ်းတွေ အရင်က ရှိခဲ့ကြပါတယ်။ အခုတော့ ရန်ကုန်မြို့ပတ်ရထားလမ်းက သူပိုင်တဲ့ လမ်းနဲ့ဘေးက ကျူးခံရတဲ့မြေတွေ ရဲ့ အချက်အလက်တောင် ရှိလားမရှိလား မသေချာလောက်အောင် နေကြတဲ့သူတွေလည်းတွေ့နေရသလို၊ ရထားက ပြေးနေပေမဲ့ တစ်နာရီ တစ်မျိုး တစ်စီးနဲ့ ဆိုတော့ ကားကြပ်နေတာတောင် အားမကိုးနိုင်သေးပါဘူး။ မြို့ထဲပေမဲ့ လျှပ်စစ်မသုံးနိုင်ဘဲ ဒီဇယ်နဲ့ဆွဲနေရလို့ ရှုံးနေတယ်လို့လည်း ကြားနေရတယ်။ ကိုယ်နိုင်ငံက ဓာတ်ငွေ့တွေရောင်းပြီး ဒီဇယ်ကို ၁နှစ် ၂ ဘီလျံဘိုးလောက်သွင်း ရအောင် ကားတွေလည်း ကျပ်နေတယ်။ 

တရုတ်လမ်းလည်း ၁၂ဘီးကားတွေ ကားလမ်းပိတ်အောင် ကုန်တွေသို့းအောင် ကျပ်နေတယ် ကိုယ်ဖက်က ပို့တဲ့ ဝယ်တဲ့ ပစ္စည်းပမာဏက တစ်ဖက် နိုင်ငံရဲ့ တောင်ပေါ်ခေါင်ခေါင် ဒေသရောက်တာတောင် ပစ္စည်းတွေကျပ်မနေဘဲ ရထားတွေ ဟိုင်းဝေးကြီးတွေနဲ့ ရှင်းသွားတယ်။ တကယ်တော့ ရထားနဲ့သယ်ယူပိုဆောင်တာဟာ ကုန်ကားကြီးတွေ သုံးတာထက် စွမ်းအင် ၁၁ ဆ လောက်သက်သာစေတယ်လို့ ဆိုတယ်။ ရေကြောင်းသုံးနိုင်ရင်ပို့လျော့သေးတယ်။ 
တကယ့်ဧရာဝတီလို့ တိုင်းပြည်အလယ်မြစ်ကြီး ရှိပြီး မြို့ကြီးတွေ တန်းစီရှိနေတာ၊ အခြား သံလွင် ချင်းတွင်း က အစ များစွာ ရှိနေသေးတာလည်း ကိုယ်နိုင်ငံအားသာချက်ဆိုပေမဲ့ ရေလမ်းကိုလည်း သေချာကောင်းကောင်း မသုံးနိုင်ဘူး။ မြစ်တွေကောတာ ရွေတူးတာ ဘာညာကြောင့် ကောတာတွေ လားသေချာမသိပေမဲ့ အရင် အင်္ဂလိပ်ခေတ် ဦးနာအောက်နဲ့ပြိုင်ခဲ့တဲ့ ဧရာဝတီဖလော်တီယာ မီးသင်္ဘောကုမဏီက အရင်က မီးသင်္ဘော ၅၀၀ ကျော်ပြေးခဲ့ဘူးတယ်လို့ ကြားဘူးလိုက်သေးတယ်။  အခု မဆန့်နိုင်တော့တာသေချာတယ်။

 WiKi မှာ တင်ပြထားတဲ့ Energy efficiency in transportation အရဆိုရင် ကုန်ကား နဲ့က တစ်တန် တစ်မိုင်ကို 3357 BTU ၊ ရထားနဲ့က 289 BTU ၊ ရေကြောင်းနဲ့က 217 BTU  နဲ့ လေကြောင်းက 9600 BTU လို့ဆိုတယ်။ ဆိုလိုတာက ကားသုံးတာ က စွမ်းအင်သုံးစွဲမှု့များတယ် အတော်ကိုကွာတယ်။ 
အလားတူ ခရီးသွားတစ်ဦးချင်းနဲ့တွက်တာ အရ မြို့တစ်မြို့ကတစ်မြို့သွားရင် လူတစ်ယောက် တစ်မိုင်အတွက် စွမ်းအင်ကုန်တာတွေက ရထားဆိုရင် 2435 BTU ဘစ်စကားဆိုရင် 4242 BTU တက္ကစီဆိုရင် 15645 BTU ကုန်တယ်လို့ဆိုတယ်။ 
ဒါ့အပြင် ရထားတွေက လျှပ်စစ်နဲ့ မြို့တွင်းသွားကြရင် မြို့ ရဲ့ လေထုသန့်ရှင်းမှု့ သာတာ နဲ့ စွမ်းအင်ကုန်တာလည်း သက်သာနိုင်သေးတယ်။  တကယ်တော့ တိုင်းပြည် စီးပွားတက်ဖို့ ကုန်သွယ်မှု့ စားရိတ်တွေ ကျဖို့ သာမက ဒေသတွေဖွံဖြိုးဖို့ အတွက်ဆိုရင်လည်း စက်ရုံအလုပ်ရုံတွေ တွက် ကုန်ကြမ်း ကုန်ချောသွားဖို့ အလုပ်သမားတွေ သွားဖို့ တွေအတွက် အုပ်စုလိုက် မြန်မြန် များများ သက်သက်သာသာသွားနိုင်ဖို့ လိုနေပါတယ်။ ဒီအတွက် မီးရထား တွေပြန်အသက်ဝင်လာဖို့ Public Transport တွေ သုံးကြဖို့ တွေဟာ မြို့ကြီးတွေ ကိုလည်း ချောင်လည်သွားစေမယ်လို့ မြင်မိပါတယ်။

 လက်ရှိမှာ မုံရွာက ပဲကို အာဖရိကပို့ရင် မုံရွာက ရန်ကုန်ဆိပ်ကမ်းစားရိတ်က ဆိပ်ကမ်းကနေ အာဖရိက စားရိတ်ထက်များနေတာမျိုး အိန္ဒိယ နဲ့ကပ်နေတဲ့ မုံရွာမကွေးဖက်က ပဲတွေက အိန္ဒိယကို စင်္ကာပူခံသွားကြရပြီး သယ်ဆောင်စားရိတ်က ကနေဒါကနေ အိန္ဒိယကို တိုက်ရိုက် Deep seaport တွေက ပိုတာထက် ပိုများနေတာတွေ ကြုံနေရပါတယ်။ Logistic မှာ အရေးအကြီးဆုံးဖြစ်တဲ့ ကုန်နဲ့ လူ သယ်ဆောင်မှု့ စားရိတ်ကြီးနေတာဟာ စီးပွားရေးပြိုင်ဆိုင်မှု့ မှာ အရေးပါနေတာကြောင့် မီးရထားတွေ ပြနှ်ရင်သန်လာဖို့ သင်္ဘောတွေ ပြန်သုံးလာနိုင်ဖို့ မြို့တွင်းမှာ အများသုံး သယ်သူပို့ဆောင်စနစ်ကောင်းကောင်းတွေ ဖြစ်လာဖို့ အတွက် အရေးပေါ် အထူးကိစ္စသတ်မှတ်ပြီး လုပ်ဆောင်ကြသင့်တယ်လို့ ထင်မြင်မိပါတယ်။ 

ကမ္ဘာ့ဘဏ်က ကမ္ဘာတစ်ဝန်းတိုင်းတာတဲ့ LPI (Logistic Performance Index) မှာ မြန်မာက ၂၀၁၆ ခုနှစ်မှာ အဆင့် ၁၁၃ ရှိပြီး၊ ရမှတ်က LPI score 2.46 ရှိပါတယ်။  အဲဒါက ဘာတွေ တိုင်းလည်းဆိုရင် 
1.Efficiency of clearance process ဆိုတဲ့ အကောက်ခွန်အပါပဝင် ဂိတ်စခန်းတွေရဲ့ အနေအထား 
2.Quality of trade and transport related infrastructure ဆိုတဲ့ အခြေခံအဆောက်အဦ ဆိုင်ရာ သတင်းနည်းပညာဆိုင်ရာတွေ
3.Ease of arranging competitively priced shipments ဆိုတဲ့ ဈေးကွက်ကို ဈေးနှုံးယှဉ်နိုင်ပြီး ကုန်ပစ္စည်းရောက်အောင် ဖန်တီးနိုင်စွမ်း
4.Competence and quality of logistics services ဆိုတဲ့ သယ်ယူပို့ဆောင် ရောက်ရှိစေချင်းပါပါသူတွေရဲ့ အရည်အသွေး အဆင့်အတန်း
5.Ability to track and trace consignments ဆိုတဲ့ ကုန်ပစ္စည်းကို နောက်ယော်ခံ နိုင်တဲ့စနစ်
6.Timeliness of shipments in reaching destination within the scheduled or expected delivery time ဆိုတဲ့ အချိန်နဲ့ တစ်ပြေးညီ ပို့ပေးနိုင်စွမ်း ရောက်ချိန် ကြာချိန် တွက်ချက် နိုင်စွမ်း စတာတွေနဲ့ တိုင်းတာကြတယ်လို့ဆိုပါတယ်။ 




တကယ်တော့ တိုင်းပြည်စီးပွားရေးမှာ ပြည်သူတွေဟာ သူတို့ ထုတ်တာ လုပ်တာတွေ ပြည်ပဈေးကွက်ပို့ဖို့ ကုန်ကြမ်းရရှိဖို့ သူတို့ သုံးစွဲတာတွေ စားရိတ်သပ်သာစွာ စာသုံး နိုင်ဖို့ အသုံးပြုနိုင်ဖို့ က သယ်ယူပို့ဆောင်ရေးက အရေးကြီးပါတယ်။ ဒီစားရိတ်တွေ ကြာချိန်တွေကဘဲ ကိုယ့်နိုင်ငံ တစ်နံတလျားမှာ ရှိနေကြတဲ့ သူတွေရဲ့ ထုတ်လုပ်မှု့ စားရိတ်တွေ နဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု့ တွေ မှီတည်နေကြလို့ပါ။ ဒီအတွက် နိုင်ငံတစ်ဝှမ်းလုံးမှာ အရာရာစားရိတ်သက်သာစေနိုင်ဖို့ က သာသာစွာ ကုန်စည်စီးဆင်းနိုင်ဖို့ နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ကုန်ဈေးနှုံး က သူအပေါ်တည်နေတဲ့ အတွက် ဒီစားရိတ်တွေဟာ စားသုံးသူတွေ သုံးရတဲ့စားရိတ်ဖြစ်လို့ အလုပ်သမားခတွေ နဲ့ အခြား စားရိတ်တွေ အကုန်က ဒီအပေါ်မှာ တည်နေပါသေးတယ်။ 

တကယ်တော့ လမ်းပန်းဆက်သွယ်ရေးဆိုတဲ့ အတိုင်း logistic အပြင် သယ်ယူပို့ဆောင်ရေးတွေ ထားသိုတာတွေ ပြောင်းရွှေ့စားရိတ်တွေ အပြင် ဆက်သွယ်ရေးဖြစ်တဲ့ internet တွေ network တွေ တယ်လီဖုန်းစနစ်တွေ ပါ လိုတယ်လို့ ထင်မိပါတယ်။ အခု ဂျပန်မှာဆိုရင် Amazone မှာ တစ်လ $40 လောက်တဲ့ Member ဝင်ထားသူတွေကို online က  ကြိုက်တဲ့ပစ္စည်း မှာ အိမ်အရောက် အခမဲ့ပို့ပေးတာကို ၂နာရီအတွင်းရောက် ဖို့အာမခံ တယ်လို့ဆိုပါတယ်။ 
ကိုယ်တွေဆီမှာလည်း တစ်ခတ်က စာတိုက်က ပို့တဲ့ စနစ်တွေ VPPတွေ ရှိခဲ့ဘူးပါတယ်။ ဆိုရှယ်လစ်ခေတ်ထိ မပျက်သေးပါဘူး။ သို့ သော် အခု အတော်ပျောက် နေပါပြီ။ ကိုယ်တွေက ခက်နေကြပေမဲ့ ကမ္ဘာကျော် eCommerce ဖြစ်တဲ့ အာလီဘာဘာက online က မှာပြီး မြန်မာပြည်ကို ပို့နေနိုင်ပါပြီ။ တောက အများစု  internet ပေါ်တက်လာကြပါပြီ တစ်ချိန်မှာ တိုင်ပြည်ရဲ့ logistic ဟာ အရေးပြန်ပါလာတဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်မယ်လို့ တွက်မိသလို မီးရထားတွေ တိုင်းပြည်အဝှမ်းမှာ နိုင်ငံတကာ အမြန်နှုံး နိုင်ငံတကာ ကုန်သယ်ခ နဲ့ နိုင်ငံတကာ လိုစိတ်ချရတဲ့ အဆင့် အများစု အရင်ခေတ်တွေကလို ခရီပြန်သွားနိုင်တဲ့ ခေတ် ကို ရောက်မယ်လို့ မျှော်လင့်မိပါတယ်။ 
အခုလည်း ဆက်သွယ်ရေး ပို့ဆောင်ရေး ရထား စတဲ့ ဝန်ကြီးဌာနတွေအပေါင်းမှာ လက်ရှိအစိုးရသစ်ဟာ မီးရထား  ကျွမ်းကျင်သူကို ဝန်ကြီးတာဝန်ပေးခဲ့တာကြောင့် မီးရထားတွေ တစ်ခေတ်ပြန်ထလာမယ်လို့ ယုံကြည်ချင်နေမိပါတယ်။ အိက်မက် ဆက်မက် နေမိပါတယ်။ ထင်သလိုတွေ ဖြစ်လာပါစေလို့ လည်းဆုတောင်းမိပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ အပိုင်းပေမဲ့ သတိပြုမိတွေးမိတာလေးတွေကို မိတ်ဆွေတွေအတွက် တွေးနိုင်ဖို့ ဝေမျှမိပါတယ်။ 
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!