ဒေါက်တာဘွဲ့အတုဖြင့် ဂျင်းထည့်ကြသူများ
လက်ရှိ အစိုးရဖွဲ့စည်းခါစက ပြည်ထောင်စုဝန်ကြီးနှစ်ဦး၏ ဒေါက်တာဘွဲ့နှင့် ပတ်သက်၍ နိုင်ငံရေးနှင့် ပညာရေးစိတ်ပါဝင်စားသူများကြား ပွဲဆူခဲ့သည်။ အဆိုပါပုဂ္ဂိုလ်နှစ်ဦး ဘွဲ့ယူထားသော နိုင်ငံတကာ တက္ကသိုလ်နှစ်ခုဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာက အသိအမှတ်မပြု ဘဲ တက္ကသိုလ်အတုဖြစ်နေသော ကြောင့်ပင်။ ထိုနောက်ပိုင်းတွင် တော့ မြန်မာ့လူ့အဖွဲ့အစည်းအ တွင်း ပြည်ပတက္ကသိုလ်များမှ ရယူထားသော ဒေါက်တာဟု တက္ကသိုလ်အတုမှ ဒေါက်တာဘွဲ့အတုဖြင့် ဟိတ်ဟန်ထုတ်နေသူများအကြောင်း ပိုမိုပွင့်လင်းစွာ ဝေဖန်လာသည်။
ဒေါက်တာဘွဲ့အတုဖြင့် ဟိတ်ဟန်ထုတ်နေသူ၊ အထင်ကြီး အောင် လိမ်နေသူများသည် နယ်ပယ်အချို့တွင် ယခင်ကတည်းက ရှိခဲ့သည်။ သို့သော် လူမှုမီဒီယာ ဖွံ့ဖြိုးမှု အားကောင်းလာကာ သတင်းအချက်အလက်စီးဆင်းမှု မြန်သော ယနေ့ကာလတွင်မူ မှန်၊ မမှန်စိစစ်ရန် ပိုမိုလွယ်ကူလာပြီ ဖြစ်သည်။ အထင်ရှားဆုံးနမူနာ တစ်ခုမှာ မြန်မာနိုင်ငံရှိ အစဉ်အ လာအကြီးဆုံးတက္ကသိုလ်တစ်ခု ဖြစ်သော ရန်ကုန်နည်းပညာတက္က သိုလ်(YTU)တွင် ဒေါက်တာဘွဲ့ အတုဖြင့် ဧည့်ပါမောက္ခအဖြစ် လေးနှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ သော ဒေါက်တာတင်ထွန်း၏ ပညာအရည်အချင်းအစစ်အမှန် သည် ဆယ်တန်းပင် မအောင် ထားခြင်းဖြစ်သည်။
ဆယ်တန်းပင်မအောင် သော်လည်း ဦးတင်ထွန်းက ၁၉၈၁ တွင် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မြို့ပြဘာသာရပ်ဖြင့် BE ဘွဲ့ရပြီးနောက် M.Sc, Ph.D (Project Management) NTU ဘွဲ့ရရှိထားသည်ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် မော်လမြိုင်မြို့ အထက(၅)တွင် နဝမတန်းတက်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့၌ ဒသမတန်းလာရောက်ဖြေ ဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ၁၉၈၁ မှ စကာ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ် ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများ က အတည်ပြုပေးခဲ့ကြသည်။
ထို့အပြင် ၎င်းသည် ပြည် တွင်းဆောက်လုပ်ရေးလုပ်ငန်း များအပြင် နိုင်ငံရပ်ခြားသို့ပါ သွား ရောက်၍ ဆောက်လုပ်ရေးလုပ် ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ် ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ် ငန်းအတွေ့အကြုံရှိသူဖြစ်သည်။
ရန်ကုန်နည်းပညာတက္က သိုလ်တွင် ၂၀၁၂ အတွင်း ပြုလုပ်သည့် ဟောပြောပွဲတစ်ခုသို့ လာ ရောက်ခဲ့ပြီးနောက် ဧည့်ပါမောက္ခ အဖြစ် လျှောက်ထားရာ ၎င်း၏ ကိုယ်ရေးရာဇဝင်ကိုသာ ကြည့်၍ ဧည့်ပါမောက္ခအဖြစ် ခန့်ခဲ့ပြီး နောက် အားလုံးအလိမ်ခံခဲ့ရခြင်း ဖြစ်သည်။
မကြာသေးသည့် လပိုင်းအ တွင်းကပင် ပညာရေးဝန်ဆောင် မှုလုပ်ငန်းလုပ်ကိုင်နေသည့် သင် တန်းဆရာတစ်ဦး၏ ပါရဂူဘွဲ့ သည် ပြည်ပတက္ကသိုလ်အတုတစ် ခုမှ ရယူထားသည်ဟု လူမှုကွန် ရက်တွင် ဝေဖန်သံကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာ သည်။ ကာယကံရှင်က ၎င်း၏ဘွဲ့နှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားချက်မရှိသော်လည်း ၎င်းပါရဂူဘွဲ့ရသည့် တက္ကသိုလ်သည် သက်ဆိုင်ရာ နိုင်ငံအစိုးရက အသိအမှတ်မပြုဟု တရားဝင် ကြေညာထားသည့် Not Accredited Private School တစ်ခုဖြစ်နေ သည်ကို Google ခေါက်ကြည့်ရုံဖြင့် သိနိုင်သည်။ ထိုကျောင်းသည် အသိအမှတ်ပြုခံထားရသည့် တက္ကသိုလ်မဟုတ်ကြောင်းကို မသိ၍ တက်ခဲ့သည်လား၊ သိ လျက်နှင့် တက်ခဲ့သည်လားဟူ သည်ကို ကာယကံရှင်သာ သိနိုင် မည်ဖြစ်သည်။ သို့ သော် ကာယကံရှင်က ပြည်တွင်းတွင် အောင်မြင်နေသည့် ပုဂ္ဂလိကကျောင်းတစ်ခု ကို ကိုယ်ပိုင်ဖွင့်လှစ်ထားပြီး ယင်းကျောင်းတွင် တက်နေသည့် သင်တန်းသားဦးရေသည် ရာဂဏန်း နီးပါးရှိနေသည်။
ထိုဖြစ်ရပ်နှင့် မရှေးမနှောင်း မှာပင် မြန်မာနိုင်ငံရှိ အစိုးရဝန် ထမ်းများကို သင်တန်းပေးနေ သည့် ဇီးပင်ကြီးနှင့် ဖောင်ကြီး ဝန်ထမ်းတက္ကသိုလ်နှစ်ခုသည် သက်ဆိုင်ရာအစိုးရများက အသိ အမှတ်မပြုထားသည့် အမေရိကန်ပြည်ထောင်စုမှ Akamai Univer-sity နှင့် မလေးရှားအခြေစိုက် EDS Business School တို့နှင့် ချိတ်ဆက်ကာ ဝန်ထမ်းများကို သင်တန်းပေးနေကြောင်း သော သောညံခဲ့ပြန်သည်။ ပြည်ထောင် စုရာထူးဝန်အဖွဲ့၏ဝက်ဘ်ဆိုက် စာမျက်နှာတွင်မူ Akamai Uni-versity နှင့် EDS Business School တို့သည် ဗြိတိန်နိုင်ငံ အခြေစိုက် ASIC ပညာရေးအဖွဲ့ ၏အသိအမှတ်ပြုလက်မှတ်များ ရထားကြောင်း ဖော်ပြထားခဲ့ သည်။ ASIC ကို ဗြိတိန်အစိုးရက ပညာရေးအရည်အသွေး ဆန်းစစ်သည့်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုမထားပေ။ သို့သော်မြန်မာနိုင်ငံရှိ ဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် တစ်နိုင်ငံလုံးရှိ အစိုးရဝန်ထမ်းအရာရှိများကို ထိုတက္ကသိုလ်အတုနှစ်ခုက သင်တန်းပို့ချနေသည်။
ဝေဖန်မှုများထွက်ပေါ်လာ ပြီးနောက် အဆိုပါတက္ကသိုလ်နှစ် ခုနှင့် ပူးပေါင်းမှုကို ဇန်နဝါရီ ၄ ရက်ကတည်းက ရပ်ဆိုင်းခဲ့သည် ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့် သမ္မတအိမ် တော် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပြည်တွင်းပညာရေးစနစ်၏ အရည်အသွေးနိမ့်ကျမှု၊ စနစ်အ ပြောင်းအလဲအမျိုးမျိုး၏စမ်းသပ် ခံရမှုကို ခါးစည်းခံခဲ့ရသော ပြည် သူလူထုအနေဖြင့် ပြည်ပပညာ ရေးဆိုလျှင် အယုံလွယ်ခြင်းက အစိုးရတက္ကသိုလ်များ၊ ပြည်တွင်း ပုဂ္ဂလိကပညာရေးလုပ်ငန်းများ သို့ တရားမဝင် ပြင်ပပညာရေးအ ဖွဲ့အစည်းများ၊ တက္ကသိုလ်အတု များ ချဉ်းကပ်ဝင်လာနိုင်စေသည့် အားနည်းချက်တစ်ခု ဖြစ်နေ သည်။ ဘွဲ့အတုဖြင့် လိမ်လည်သူ များကလည်း ထိုအချက်ကို အသုံး ချနေကြခြင်းဖြစ်၏။
သက်ဆိုင်ရာနိုင်ငံအစိုးရက တရားဝင်ခွင့်ပြုမထားသည့် ပြည် ပတက္ကသိုလ်၊ ပညာရေးအဖွဲ့အ စည်းများသည် ဆယ်စုနှစ် နှစ်ခု ခန့်အတွင်း မြန်မာ့ပညာရေးဈေး ကွက်တွင် အမြောက်အမြားရှိနေ ပြီး မည်မျှရှိနေသည်ကို အစိုးရ ကိုယ်တိုင်ပင်မသိခြင်းက စိုးရိမ် ဖွယ်ရာဖြစ်သည်ဟု ပညာရေး ကျွမ်းကျင်သူများက သုံးသပ် သည်။
‘‘အရည်အသွေးမမီတဲ့တက္က သိုလ်တွေ၊ ပုဂ္ဂလိကကဏ္ဍထဲမှာ အများကြီးဝင်နေတယ်။ ဒီပလိုမာ နာမည်တပ်ထားပြီး ဒီပလိုမာအ ဆင့်မမီတာမျိုးတွေပေါ့။ အစိုးရ ကိုယ်တိုင်တောင် မသိဘူး။ အဲဒါ ပြဿနာတက်တာ။ ဘယ် ကျောင်းက ဘယ်ဟာတွေပြဋ္ဌာန်း လို့ ဘယ်လောက်ဖွင့်နေပြီလဲ ဆိုတာ ဘယ်မှာမှ စာရင်းဇယား မရှိဘူး။ ဖွင့်ချင်တဲ့သူက ဖွင့်ချင် တိုင်း ဖွင့်လို့ရနေတာ’’ဟု ပညာ ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင် နေသည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ် သည့် Crown Education မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော် ဆန်းက ပြောသည်။
‘‘မိဘတွေမပြောနဲ့။ ဒီနေ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက ဦးဝင်းသိမ်းတို့တောင် အလိမ်ခံရ တာပဲမို့လား။ နိုင်ငံနဲ့ချီတောင် အလိမ်ခံရသေးတာပဲ။ ပြည်ပဆို တိုင်းလည်း လက်မတွဲလို့လည်း မရဘူး။ ပြည်ပဆိုတိုင်းလည်း ယုံ ကြည်လက်ခံလို့တော့ မရဘူး။ ကိုယ့်သားသမီးထားမယ့်ကျောင်း ကို ကိုယ့်ဟာကိုယ် စိစစ်ကြရ မယ်၊ ရေဆုံးရေဖျားထိ လိုက်ကြ မှရမယ်’’ဟု မန္တလေးတိုင်းဒေသ ကြီး အောင်မြေသာစံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာလှမိုးက ဆိုသည်။
ကုမ္ပဏီအဖြစ် လုပ်ငန်းမှတ် ပုံတင်ကာ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရနေ ခြင်းများကြောင့် အရည်အသွေး မမီသည့် နိုင်ငံတကာကျောင်းအ မည်ခံ ပုဂ္ဂလိကကျောင်းများ ပြည် တွင်းတွင် ရှိနေပြီး ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုရှိနေသည် ဟု ဒေါက်တာလှမိုးက ထောက်ပြ သည်။
‘‘တချို့တက္ကသိုလ်တွေက တကယ်တမ်းကျတော့ ဟိုနိုင်ငံ မှာ ရှိတဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ဒီကနေပြီးတော့ ရှင်းရှင်းပြောလို့ ရှိရင် ကျူရှင်သင်တန်းပေးတဲ့ သဘောပါပဲ။ အဲဒါကို သူတို့ကြော်ငြာလိုက်တဲ့ ပုံလေးတွေက နည်း နည်းပါးပါးပေါ့။ နိုင်ငံတကာက ဘယ်တက္ကသိုလ်တွေနဲ့ Joint လုပ်ထားတယ်၊ အကောင်းဆုံး သင်ယူမှုအခွင့်အလမ်းရှိမယ်၊ ဘာမယ်ပေါ့ ကြော်ငြာနေတယ်။ မိဘတွေအနေနဲ့ ယုံမှားသံသယ ပေါ့။ သားသမီးကို ဖြစ်စေချင် တော့လည်း ဒီပို့ရင် ကောင်းမယ် လို့ ထင်လိုက်ကြတာကိုး’’ဟု ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ဒေါက်တာ မောင်သင်းက သုံးသပ်သည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း က စကာ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက နိုင်ငံတကာကျောင်းများ၊ ပုဂ္ဂလိ က ကောလိပ်များ၊ သင်တန်း ကျောင်းများ၊ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ အား ကောင်းလာသည်။ ထိုပညာရေး ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနတွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီအဖြစ် မှတ်ပုံတင်ကာ ဖွင့် လှစ်ခွင့်ပြုခဲ့သည်။ ကုမ္ပဏီမှတ်ပုံ တင်ကိုသာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန က ထုတ်ပေးခြင်းဖြစ်၍ ထိုပညာ ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို ၎င်းတို့ဌာန အနေဖြင့် စိစစ်နိုင်ခြင်းမရှိဟု ထို ဌာနညွှန်ကြားရေးမှူးချုပ်က ဆို သည်။
‘‘ဘယ်နိုင်ငံမှာမဆို ပညာ ရေးနဲ့ပတ်သက်တာတစ်ခု ဖွင့် မယ်ဆို ပညာရေးနဲ့ပတ်သက်တဲ့ စိစစ်သုံးသပ်ပေးတဲ့အဖွဲ့ Accre- ditation Body (အရည်အသွေး အာမခံမှုအကဲဖြတ်အဖွဲ့အစည်း) တွေ ရှိတယ်လေ။ အဲဒီအဖွဲ့ရဲ့ ခွင့်ပြုချက်၊ ထောက်ခံချက်ပါမှ သာလျှင် ခွင့်ပြုရမယ့်ကိစ္စ။ အခုမှ ပညာရေးဝန်ကြီးဌာနက လက်မခံ လို့ ပိတ်ရမယ်ဆိုတော့လည်း တို့နိုင်ငံသားတွေပဲ နစ်နာမှာ။ ပြော ရရင်တော့ ဆုပ်လည်းစူး၊ စား လည်းရူးအခြေအနေပဲ’’ ဟု ဒေါက်တာလှမိုးက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် အောက်၌ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီကို ၂၀၁၇ ဇန်နဝါရီက ဖွဲ့စည်းထားခဲ့ သည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ယခင်ဆေးသိပ္ပံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာမောင်မောင်ဝင့် က ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက အတွင်းရေးမှူးအဖြစ် ပါဝင်သည်။ ဝန်ကြီးဌာနများရှိ တက္ကသိုလ်များမှ ကျွမ်းကျင်ပညာ ရှင်များ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင် စီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ်တို့မှ ကျွမ်းကျင်ပညာရှင် များက အဖွဲ့ဝင်များအဖြစ် ပါဝင် သည်။ သို့သော် ထိုကော်မတီအ နေဖြင့် ပုဂ္ဂလိကပညာရေးဝန် ဆောင်မှုလုပ်ငန်းများအား စိစစ်နေသည်ကို မတွေ့ရသေးဟု အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ထွေးက ထောက်ပြ သည်။
‘‘တတ်နိုင်သမျှက ကုမ္ပဏီ မှတ်ပုံတင်နဲ့ သွားနေကြတာ။ ပညာရေးဆိုတာကြီး မရှိဘူး။ ကုမ္ပဏီမှတ်ပုံတင်ကြတယ်။ ဝန် ဆောင်မှုပုံစံတွေ လုပ်ကြတယ်။ အဲဒါရှိနေပေမယ့် အရည်အသွေး ထိန်းချုပ်မှုက သက်သက်သွားရ မှာ။ National Quality Assurance and Accreditation Agency (အမျိုးသားပညာရေးအဆင့်အ တန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ)က အရေး တကြီးအလုပ်လုပ်ဖို့ လိုနေတယ်’’ ဟု Crown Education မှ ဦးအောင်ကျော်ဆန်းကလည်း မှတ်ချက်ပြုသည်။
ပုဂ္ဂလိကကျောင်းဥပဒေပြဋ္ဌာန်းရန်လို
အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဘက်ကမူ ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှုလုပ်ငန်း များကို အသိအမှတ်ပြုခြင်းနှင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စရပ် များကို စိစစ်ရေး ပုဂ္ဂလိကကျောင်း ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဟု ကော်မရှင်၏တတိယခြောက်လ ပတ်အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်တွင် ရှင်းလင်းစဉ် ပြောကြားခဲ့သည်။
‘‘မကြာခင် ပုဂ္ဂလိကတက္က သိုလ်များဥပဒေထွက်လာမှာ။ သိပ်မကြာတော့ပါဘူး။ အဲဒီအ ချိန်ကျ သူ့ဟာသူ In Line ဖြစ်သွားမှာပါ။ မိဘတွေကတော့ စိုးရိမ် တာပေါ့။ ဖြစ်နိုင်ရင်တော့ နည်းနည်းလေး ဆန္ဒမစောနဲ့လို့ ပြော ချင်ပါတယ်။ အဆင်ပြေဆုံးဖြစ် အောင် လုပ်နေပါတယ်’’ဟု အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ဆိုသည်။
၂၀၁၇ သြဂုတ်တွင် ထွက်ရှိ ထားသည့် ပုဂ္ဂလိကကျောင်းဥပ ဒေမူကြမ်းအရ ပညာရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ပုဂ္ဂလိက ကျောင်းများကို မှတ်ပုံတင်ထုတ်ပေးမည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်သည်။
ထိုဥပဒေမူကြမ်းအရ အမျိုး သားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲ ဖြတ်ကော်မတီသည် ပုဂ္ဂလိက ကျောင်းများ၏ အရည်အသွေး အာမခံရေးကိစ္စရပ်များကို အကဲ ဖြတ်မည်ဖြစ်သည်။
‘‘အင်္ဂလန်၊ အမေရိကန်တို့ မှာဆိုရင် ဒီ Accreditation Body တွေ ရှိတာပေါ့နော်။ ဒီအဖွဲ့အ စည်းက အစိုးရက ဖွဲ့တာမှတင်မ ဟုတ်ပါဘူး။ Independent (အစိုးရအဖွဲ့အစည်းမဟုတ်ဘဲ အစိုးရ အသိအမှတ်ပြုသီးခြားအဖွဲ့အ စည်းကို ဆိုလိုသည်)ပေါ့နော်။ မြန်မာနိုင်ငံမှာကျတော့ အဲဒီလို မျိုး Accreditation လုပ်တဲ့ အဖွဲ့ အစည်းက အစိုးရကလည်း မရှိ ဘူး။ Independently လည်း မရှိ သေးဘူးပေါ့နော်။ အဲဒါတွေ ရှိလာဖို့တော့ လိုနေတယ်’’ ဟု Myanmar Metropolitan College ကျောင်းအုပ်ကြီးနှင့် ကောလိပ် ဒါရိုက်တာ ဒေါ်ခင်နှင်းစိုးက ဆို သည်။
ပြည်ပပညာရေးအဖွဲ့အစည်းများ အာမခံချက်ရှိ၊ မရှိ ဆန်းစစ်ရန်လို
ပြည်တွင်းပုဂ္ဂလိကပညာ ရေးဝန်ဆောင်မှုလုပ်ငန်းများအ နေဖြင့် ပြည်ပပညာရေးအဖွဲ့အ စည်းများနှင့် ချိတ်ဆက်ရာတွင် သက်ဆိုင်ရာနိုင်ငံက အသိအမှတ် ပြုထားသည့် Accreditation Body ၏အာမခံမှု၊ ကမ္ဘာ့တက္က သိုလ်စံသတ်မှတ်နှုန်းအဆင့် စ သည့်အချက်များကို ဆန်းစစ်ရ လေ့ရှိသည်ဟု ဦးအောင်ကျော်ဆန်းက ရှင်းပြသည်။ သို့သော် တက္ကသိုလ်အတု၊ ပညာရေးအဖွဲ့ အစည်းအတုမှန်း သိသည့်တိုင် ချိတ်ဆက် လုပ်ကိုင်ကြမှုများလည်း ရှိနေသည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှုလုပ်ငန်း များကို အရည်အသွေးအကဲဖြတ် ကာ အာမခံပေးမည့် အဖွဲ့အစည်း မရှိခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ချိတ်ဆက်လုပ်ကိုင် မည့် ပြည်ပအဖွဲ့အစည်းသည် တရားဝင်မှုရှိ၊ မရှိ ကိုယ်တိုင် စနစ်တကျ ဆန်းစစ်ရန် တာဝန်ရှိသည် ဟု ဒေါ်ခင်နှင်းစိုးက အကြံပြု သည်။
ပြည်တွင်းတွင် ဖွင့်လှစ်ထားပြီးသည့် ပုဂ္ဂလိကပညာရေးဝန် ဆောင်မှုများ၏အရည်အသွေးကို မစိစစ်နိုင်သေးသော်လည်း ပုဂ္ဂ လိကပညာရေးဝန်ဆောင်မှုလုပ် ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများကို ပိုမိုလုပ်ကိုင်နိုင်ရန် ပြည်ပလုပ်ငန်းရှင်များကို ပြည် တွင်းနှင့်ဖက်စပ်မဟုတ်ဘဲ အ ပြည့်အဝလုပ်ကိုင်ခွင့်ပြုကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်က ၂၀၁၈ ဧပြီတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေ ညာချက်ထွက်ပေါ်ပြီးနောက် ပြည်ပနိုင်ငံအများစုက မြန်မာနိုင်ငံ ပညာရေးနယ်ပယ်တွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားကြပြီး လက် ရှိပြည်တွင်း၌ ကုမ္ပဏီမှတ်ပုံတင် ဖြင့် ဖွင့်လှစ်နေသည့် ပုဂ္ဂလိက ကောလိပ်အချို့ပင် ပြည်ပလုပ် ငန်းရှင်များနှင့် ဖက်စပ်ပညာရေး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွင် ခွင့်ပြုချက်များလျှောက်ထား မှုရှိသည်။
ထိုသို့ ပညာရေးဝန်ဆောင်မှု လုပ်ငန်းအဖြစ် လျှောက်ထားမှု များကို ပညာရေးဝန်ကြီးဌာနကအမျိုး သားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲ ဖြတ်ကော်မတီနှင့် ပါမောက္ခချုပ် များကော်မတီတို့၏သဘောထား မှတ်ချက်များရယူစိစစ်ပေးခြင်းနှင့် အကြံပြုခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးနေသည်ဟု ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန စာရင်း အရ ၂၀၁၈ ဧပြီမှ ၂၀၁၉ ဇန်နဝါ ရီအထိ ပညာရေးဝန်ဆောင်မှုလုပ် ငန်းအဖြစ် လျှောက်ထားသည့် ပုဂ္ဂလိကအဖွဲ့အစည်း ၁၁ ခုရှိနေ ပြီဖြစ်သည်။
သို့သော် ထိုလုပ်ငန်းများ သည် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်ခွင့်ပြုခြင်း မဟုတ်ဘဲ လုပ်ငန်းများကို အတည်ပြုပေး ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ပူးပေါင်းဆောင် ရွက်ခြင်းသာဖြစ်ပြီး ပုဂ္ဂလိက ကျောင်းဥပဒေထွက်ပေါ်လာမှ သာ ပုဂ္ဂလိကပညာရေးဝန်ဆောင် မှုလုပ်ငန်းအားလုံးကို ပညာရေး ဝန်ကြီးဌာနက တိုက်ရိုက်ကိုင် တွယ်နိုင်မည်ဟု ဒေါက်တာမျိုး သိမ်းကြီးက ဆိုသည်။
‘‘သေချာတာကတော့ ပုဂ္ဂ လိကကျောင်းဥပဒေထွက်မှ အ ဆင်ပြေမှာ။ ဥပဒေမြန်မြန်ထွက် ဖို့ အားလုံးက ဝိုင်းတွန်းကြရမှာ။ ဒီဥပဒေပေါ်လာရင် ဒီဥပဒေနဲ့ အညီ ပြန်စိစစ်ပြီး ဆက်ဖွင့်ခွင့် ပေးသင့်ရင် ပေးပေါ့။ ပိတ်သင့် တဲ့ဟာ တစ်ခါတည်းပိတ်ပေါ့’’ဟု ဒေါက်တာလှမိုးက ဆိုသည်။
အမျိုးသားပညာရေးဥပဒေ ၏နောက်ဆက်တွဲဥပဒေအဖြစ် အခြေခံပညာရေးဥပဒေ၊ အဆင့် မြင့်ပညာရေးဥပဒေ၊ နည်းပညာ နှင့် သက်မွေးပညာရေးဥပဒေ၊ ပုဂ္ဂလိကကျောင်းဥပဒေတို့ကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲ နေပြီး လက်ရှိတွင် အခြေခံပညာ ရေးဥပဒေသည် အတည်ပြုရန် လွှတ်တော်သို့ ရောက်ရှိနေပြီဖြစ် သည်။
‘‘ဝန်ကြီးဌာနက ဟိုဘက်အ စိုးရသက်တမ်းမှာကတည်းက ဒီ ဥပဒေတွေက ပြီးသလောက်ရှိပြီ။ ဒီဘက်ကို တင်ဖို့လုပ်တာ။ ဒီ ဘက်ကျတော့ အဲဒါတွေအားလုံး က ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ညီအောင် လက်ရှိအစိုးရရဲ့ ရွေး ကောက်ပွဲ ကြေညာစာတမ်းနဲ့ လိုက်လျောညီထွေရှိအောင် ပြန် လည်ပြုပြင်တယ်။ မပြီးဘူးလား ဆိုတော့ မဟုတ်ဘူး။ တော်တော် များများတော့ ပြီးနေပြီ။ ကျွန်တော် တို့ဆီ မရောက်လာသေးတာ’’ဟု မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင် သင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကျောင်းများ၊ အင်္ဂလိပ်ဘာသာ စကားသင်တန်း၊ နည်းပညာနှင့် သက်မွေးဝမ်းကျောင်းသင်တန်း များသည် ချက်ချင်းအလုပ်ဖြစ်နိုင် သော စီးပွားရေးအခွင့်အလမ်းများ ဖြစ်ကြောင်း ဗြိတိန်ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုဌာန (UKTI)က သုံးသပ်ထားသည်။ Oxford Business Group ၏ ၂၀၁၈ အတွင်း ထုတ်ပြန်သည့် အစီရင် ခံစာတစ်စောင်တွင် မြန်မာနိုင်ငံ ၏ပညာရေးကဏ္ဍသည် ရင်းနှီး မြှုပ်နှံမှုအလားအလာအကောင်း ဆုံးဖြစ်သည်ဟု အမေရိကန်အစိုး ရက သတ်မှတ်ထားကြောင်း ဖော် ပြထားသည်။
မြန်မာနိုင်ငံတွင် ယခင်က ခွင့်မပြုခဲ့သော ပြည်ပမှ ပညာရေး လုပ်ငန်းများ ပြည်တွင်းနှင့် ဖက်စပ် မဟုတ်ဘဲ အပြည့်အဝဝင်ရောက် ကျောင်းထောင်ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် ပြည်တွင်းပညာရေး ဈေးကွက်အတွင်း ပြည်ပပုဂ္ဂလိက ပညာရေးလုပ်ငန်းများ အပြိုင်အ ဆိုင်ဝင်ရောက်ရန် တာစူနေသည်။
လက်ရှိ ဖွင့်လှစ်ထားပြီး လုပ်ငန်းများကိုပင် မစိစစ်နိုင်သည့်အ နေအထားတွင် အရည်အသွေး မပြည့်မီသည့် ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံ ဝင်ရောက်လာမည့်အရေးသည် စိုးရိမ်ဖွယ်ရာဖြစ်သည်။
‘‘ပညာရေးဆိုတာက ဝန် ဆောင်မှုလုပ်ငန်းတစ်မျိုးပဲ။ ပြည် တွင်းက လုပ်လုပ်၊ ပြည်ပက လုပ် လုပ် နိုင်ငံသားတွေကို ထိုက်တန် သော ပိုက်ဆံပေးရင် ထိုက်တန် သော ဝန်ဆောင်မှုပြန်ရဖို့ လိုပါ တယ်။ ဝန်ဆောင်မှုလုပ်ငန်းဖြစ် တဲ့အတွက်ကြောင့် ပြည်သူတွေ ပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ လျော်ညီ သော ဝန်ဆောင်မှုရဖို့နဲ့ ဒီက မွေး ထုတ်ပေးလိုက်တဲ့ နိုင်ငံသားတိုင်း က ပညာရေးအရည်အသွေးမြင့် မားဖို့ အဓိကပဲ’’ဟု ဒေါက်တာလှ မိုးက ဆိုပါသည်။
ဒီချုပ်အစိုးရဖွဲ့စက ဒေါက် တာဘွဲ့အတုကြောင့် ဝေဖန်ခံရ သော ဝန်ကြီးနှစ်ဦးသည် တက္က သိုလ်အတုများတွင် ရယူမိခဲ့ ကြောင်း ၎င်းတို့ကိုယ်တိုင်ဝန်ခံ ထားခြင်းကြောင့် မရည်ရွယ်ဘဲ ဘွဲ့အတုမိခြင်းဖြစ်နိုင်သည်ဟု အပြုသဘော ရှုမြင်နိုင်သော် လည်း သိလျက်နှင့် ဘွဲ့အတုယူ ထားပြီး ထိုဘွဲ့အတုဖြင့် ကိုယ်ကျိုးစီးပွားရှာသူများကိုမူ ထိထိရောက်ရောက် အရေးယူကြပ်မတ်သင့် သည်ဟု ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ ကထိကဒေါက်တာ ဇော်မျိုးလှိုင်က မှတ်ချက်ပြုသည်။
No comments:
Post a Comment