Popular Posts!

Monday, February 25, 2019

"မူ"အလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း "Little for many, much for few"

"မူ"အလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း ■





နိုင်ငံတစ်နိုင်ငံမှာ မြေဈေးတွေ အလွန်ကြီးမြင့်လာခြင်းရဲ့ အကြောင်းရင်းဟာ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်တယ်။

 ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ရင် မြေဈေးတွေ ကျဆင်းသွားမယ်လို့ အချို့သော ပြည်သူများက ပြောကြပါတယ်။ 

အဲဒီစကားဟာ မမှားပေမယ့် အပြည့်အဝမှန်ကန်မှုတော့ မရှိပါဘူး။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လူနည်းစုလက်ထဲကို မြေတွေ များများရောက်ရှိနေပြီး လူများစုလက်ထဲမှာ နည်းနည်းရှိနေခြင်းဟာ မြေဈေးမြင့်တက်ခြင်းရဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။  အဲဒါကို "Little for many, much for few" ဖြစ်စဉ်လို့ ပညာရှင်များက ဖွင့်ဆိုကြပါတယ်။ 
အဲဒီလိုဖြစ်ပေါ်ခြင်းရဲ့ ပင်မအကြောင်းတရားကို ရှာဖွေဆန်းစစ်ကြည့်ရင် အစိုးရရဲ့ မြေယာမူဝါဒနဲ့ မြေယာစီမံခန့်ခွဲမှု အားနည်းချက်များကြောင့်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ 
ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများမှာပင် အထက်ပါအားနည်းချက်များကို အကြောင်းပြုပြီး မြေဈေးကြီးမြင့်နေတာကို တွေ့မြင်နိုင်ပါတယ်။ 
ဒါကြောင့်မို့ အစိုးရတွေဟာ မြို့ပြဒေသမှာ မြေယာကို လူနည်းစုလက်ဝါးကြီးအုပ်ခြင်း (Land Grabbing)နဲ့ ဝယ်ယူဈေးကစားခြင်း (Speculation) မပြုလုပ်နိုင်ရန်အတွက် အများပြည်သူအကျိုးစီးပွားကို ဦးစားပေးတဲ့ မြေယာမူဝါဒများ ချမှတ်ပြီး ထိရောက်ကောင်းမွန်တဲ့ မြေယာအသုံးချမှုနဲ့ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးကြရခြင်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ၂၀၀၂ ခုနှစ် က ၆၉ ရာခိုင်နှုန်းသော မြေတွေဟာ စုစုပေါင်း လူဦးရေရဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာ ရောက်ရှိနေကြောင်း သိရှိရပါတယ်။ 
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းမှာ အစိုးရရဲ့ အထက်ပါလုပ်ငန်းအစီအစဉ်များကြောင့် ၁၀ ရာခိုင်နှုန်းရှိတဲ့ မြေတွေဟာ ယခင် ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိတဲ့ လူနည်းစုရဲ့ ပိုင်ဆိုင်မှုလက်အတွင်းမှ လွတ်ကင်းသွားခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ 
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေစဉ်မှာပဲ မြေဝယ်လှောင်မှုများကို နှိပ်ကွပ်ခြင်းနဲ့ မြေဈေးတည်ငြိမ်မှုရရှိစေခြင်း (Supressing Land Speculation and Stablizing Land Price)ဆိုတဲ့ လုပ်ငန်းနှစ်ရပ်ကို အစီအစဉ်များ ချမှတ်ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်းလည်း တွေ့ရှိရပါတယ်။ 
အဲဒီလို မဆောင်ရွက်နိုင်သေးဘဲ မြေယာဖြည့်ဆည်းမှု (Land Supply) ပြုလုပ်ရန် မြို့မြေတိုးချဲ့ခြင်းနှင့် မြို့သစ်တည်ဆောက်ခြင်း (Site and Services Schenes)စတဲ့ လုပ်ငန်းများကို လုပ်ဆောင်ပေးမယ်ဆိုရင် မြေရရှိရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ရမယ့်အပြင် S.O.C (Social OverheadCapital)လို့ခေါ်တဲ့ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ငွေလုံးငွေရင်းများကိုပါ အလွန်အကျွံ ကျခံဆောင်ရွက်ပေးရတဲ့အဖြစ်နဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအနေအထားမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစနစ် (P.P.P)ကို ကျင့်သုံးရင်လည်း အကျိုးစီးပွားမျှတစွာ ခွဲဝေနိုင်ဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ အကယ်၍ အဲဒီအခက်အခဲများကို ကျော်လွှားပြီး အကောင်အထည် ဖော်နိုင်ခဲ့တယ်ဆိုရင်လည်း ‘သမင်မွေးရင်း ကျားစားရင်း’ဆိုသလို မြေယာလက်ဝါးကြီးအုပ်မှုရဲ့ ဝါးမျိုမှုအောက်မှာ လူနည်းစုလက်ထဲကို မြေတွေများများရောက်ပြီး လူများစုလက်ထဲမှာ မြေနည်းနည်းသာ ကျန်တဲ့ ဖြစ်စဉ်က ပြန်လည်ခေါင်းထောင်လာဦးမှာ သေချာပါတယ်။

အဲဒီနေရာမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အတွေ့အကြုံများကို လေ့လာတွေ့ရှိခဲ့သမျှ ဆွေးနွေးဖော်ပြလိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁၉၆၀ ခုနှစ်အလွန်မှစတင်ပြီး စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။ စက်မှုဖွံ့ဖြိုးမှုနဲ့ မြို့ပြကြီးထွားမှုဖြစ်စဉ်ဟာ ဆယ်စုနှစ်ကာလအတွင်း ယှဉ်တွဲဖြစ်ပေါ်လာပြီး မြေဈေးတွေ တရိပ်ရိပ် မြင့်တက်လာပါတယ်။ အစိုးရရဲ့ ငွေကြေးဖြည့်ဆည်းမှု (Money Supply) ပမာဏမြင့်တက်လာခဲ့ပြီး အဲဒီငွေကြေးအများစုဟာ မြေယာဈေးကွက်ထဲကို စီးဝင်လာတဲ့အတွက် မြေဈေးတွေ ပိုပြီးမြင့်တက်လာပါတယ်။ ၁၉၇၈ ခုနှစ်က စပြီး အရှေ့အလယ်ပိုင်းဒေသမှာ ဆောက်လုပ်ရေးလုပ်ငန်းများ အောင်မြင်ခဲ့တဲ့အတွက် ပြည်ပမှ နိုင်ငံခြားငွေများ စီးဝင်မှုများလည်း အလွန်မြင့်မားလာပါတယ်။ အကျိုးဆက်အဖြစ် ဆိုးလ်မြို့ရဲ့ မြေဈေးဟာ ၁၃၈ ရာခိုင်နှုန်းအထိ မြင့်မားလာပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်မှာ ပြည်ပပို့ကုန်များ တိုးတက်လာခြင်းကြောင့် ကုန်သွယ်ရေးပိုငွေများစွာ ရရှိလာပြီး မြေဈေးတွေ တတိယအကြိမ် မြင့် တက်လာမှုနဲ့ တွေ့ကြုံရပြန်ပါ တယ်။ ၁၉၈၈ ခုနှစ်မှာ နိုင်ငံရဲ့ မြေ ၆၅ ဒသမ ၂ ရာခိုင်နှုန်းကို မြေပိုင်ရှင် ၅ ရာခိုင်နှုန်းကသာ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားပါတယ်။ ၁၉၇၅ ခုနှစ်မှာ အမျိုးသား မြေတန်ဖိုး စုစုပေါင်းဟာ GDP တန်ဖိုးထက် ၁ ဒသမ ၉ ဆသာ မြင့်မားရာမှာ ၁၉၉၀ ပြည့်နှစ်မှာ ၉ ဒသမ ၆ ဆ မြင့်မားလာကြောင်း တွေ့ရှိရပါတယ်။

မြေဈေးကြီးမားလာတာနဲ့အမျှ မြေယာလျော်ကြေးငွေကို ကာလပေါက်ဈေးနဲ့ ပေးရတဲ့ နှုန်းထားတွေ မြင့်တက်လာပါတယ်။ အဲဒီအခါမှာ စုစုပေါင်း ဆောက်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး အိမ်ရာများရဲ့ ရောင်းဈေးနဲ့ ငှားရမ်းခနှုန်းတွေ မြင့်မားမှုကိုပါ ကြုံတွေ့ရပြန်ပါတယ်။ အထူးသဖြင့် ဝင်ငွေနည်းပြည်သူတွေနဲ့ ဝင်ငွေအလယ်အလတ်ပြည်သူတွေရဲ့ မိသားစုဝင်ငွေနဲ့ လက်လှမ်းမီနိုင်မှု (Affordablity) အတိုင်းအတာရဲ့ အပြင်ဘက်ကို ရောက်ရှိသွားပါတယ်။ အဲဒီအခါမှာ အလုပ်သမားများရဲ့ လုပ်အားခနှုန်းတွေကို မြှင့်တင်ပေးရပြန်တဲ့အတွက် ကုန်ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာပြန်ပါတယ်။ ဒီလိုနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး (Macro Economy)ကို ထိခိုက်လာကြောင်း တွေ့ရှိရပါတယ်။ မြေယာ ဝယ်ရောင်းသူတွေဟာလည်း မြို့ပြင်မှာရှိတဲ့ လယ်မြေနဲ့ သစ်တောများကိုပါ ချဲ့ထွင်ဝယ်ယူလာကြပါတယ်။ နောက်ဆုံးတော့ မြို့မြေ၊ လယ်မြေဈေးတွေ စုပြုံတက်လာပြီး ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုမိုကြီးထွားလာပါတော့တယ်။

အဲဒီအခါမှာ အစိုးရဟာ မြေယာကဏ္ဍမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးမြှင့်တင်ရေး (Toenhance Public Interest)ဆိုတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အဲဒီမူဝါဒအရ မူလက မြေယာလွှဲ ပြောင်းရောင်းချမှုအပေါ် သမားရိုးကျ အခွန်ကောက်ခံမှုစနစ်ကို ပိုမိုထိရောက်အောင် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ကျင့်သုံးတဲ့ အစီအစဉ်ကို ‘ဂွန်ကယ်ညောင်း’ (Gong-Kae-Nyom)လို့ အမည်ပေးခဲ့တာ တွေ့ရှိရပါတယ်။ အဓိပ္ပာယ်ကတော့ ‘ပြည်သူအကျိုးပြု မူဝါဒ’ (Public Concept) ဖြစ်ပါတယ်။ ဂွန်ကယ်ညောင်းရဲ့ အဓိကရည်ရွယ်ချက်က သာမန်ပြည်သူတို့ရဲ့ အိမ်ရာမြေပိုင်ဆိုင်မှု၊ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ အသေး စားစက်မှုလုပ်ငန်းများအတွက် စက်ရုံမြေပိုင်ဆိုင်မှုများအပေါ် အခွန်ငွေနှုန်းထားကို တိုးမြှင့်မှုမပြုဘဲ မြေဈေးတက်ခြင်းကြောင့် ရရှိမယ့်အကျိုးအမြတ်ကို မျှော်ကိုးပြီး မလိုအပ်ဘဲ မြေယာတွေ အလွန်အကျွံ ပိုင်ဆိုင်ထားမှုများ (Unncessary and Excessive Land Holding) ကို အခွန်လက်နက်နဲ့ ဖြိုခွင်းရန် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

‘ဂွန်ကယ်ညောင်း’ မူဝါဒအရ ပထမဦးဆုံးခြေလှမ်းအဖြစ် လယ်ယာမြေများ လွှဲပြောင်းရောင်းချရာမှာ မြေတန်ဖိုးဖြတ်မှု လုပ်ထုံးလုပ်နည်းအသစ်များကို ချမှတ်ပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၈ နှစ်ကြာ အချိန်ယူပြီး တစ်နိုင်ငံလုံးရှိ မြေအမျိုးအစားအားလုံးရဲ့ ဧရိယာနဲ့ အမည်ပေါက်ပိုင်ရှင်များရဲ့ စာရင်းဇယားကို ပြုစုပြီး ကွန်ပျူတာနဲ့ မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါတယ်။ လူတစ်ဦးရဲ့ အမည်နဲ့ တစ်နိုင်ငံလုံးမှာ မြေမည်မျှပိုင်ဆိုင်ကြောင်း စာရင်းတွေ ပေါ်ထွက်လာတဲ့အခါ အမြောက်အမြားပိုင်ဆိုင်သူများကို ရွေးထုတ်ပြီး ‘မြေအားလုံးပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့်အခွန်’ (Comprehensive Land holding Tax)စနစ်ကို ကျင့်သုံးကောက်ခံခဲ့ပါတယ်။ မြေရှင်ကြီးများအပေါ် အခွန်ဝန်ထုပ်ဝန်ပိုး ပိလာစေရန် ရည်ရွယ်ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပြည်သူတစ်ဦးချင်းအနေနဲ့ ထမ်းဆောင်ရမယ့် မြေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အခွန်စနစ် (၃)မျိုးကိုလည်း သီးခြားပြဋ္ဌာန်းထားတာ တွေ့ရှိရပြန်ပါတယ်။

ပထမအမျိုးအစားက အိမ်ရာမြေပိုင်ဆိုင်မှုကို ကန့်သတ်ပြီး ပိုမိုတဲ့ မြေအတွက် အခွန်နှုန်း သီးခြားသတ်မှတ် ကောက်ခံခြင်းဖြစ်ပါတယ်။ အဲဒီအခွန်ကို ဆိုးလ်မြို့ အပါအဝင် မြို့ကြီး ၆ မြို့မှာပဲ ကောက်ခံတာ ဖြစ်ပါတယ်။ သတ်မှတ်တဲ့မြို့ကြီး ၆ မြို့မှာ နေထိုင်သော ပြည်သူတွေဟာ သက်ဆိုင်ရာ မြို့အတွင်း စုစုပေါင်း အိမ်ရာမြေအကျယ်အဝန်း ၆,၆၀၀ စတုရန်းပေထက် ပိုလျှင် အခွန်ဆောင်ရပါတယ်။ မြို့ရဲ့ ၂ နေရာ၊ ၃ နေရာမှာ မြေပိုင်ဆိုင်ထားရင်လည်း အားလုံးကို စုပေါင်းပြီး ၆,၆၀၀ အထိ ကင်းလွတ်ခွင့်ပြုပါတယ်။ ပိုမိုပိုင်ဆိုင်တဲ့ မြေတန်ဖိုးရဲ့ ၇ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိကို နှစ်စဉ် အခွန်ပေးသွင်းရပါတယ်။

လက်ထဲမှာ မြို့မြေတွေ အများကြီး ပိုင်ဆိုင်ထားခြင်းကို ဖြိုခွဲရန်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးတဲ့ နောက် ၂ နှစ်တိတိ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ၂ နှစ်ပြည့်ရင် အခွန်ပေးရတော့မှာကို ကြိုတင်သိရှိပြီး ရောင်းချရေးစီစဉ်နိုင်ရန် ဖြစ်ပါတယ်။ အမှန်တကယ်လည်း သတ်မှတ်တဲ့ မြို့ ၆ မြို့တွင်း မလိုအပ်ဘဲ မြေလှောင်ထားမှုတွေ လျော့ကျခဲ့တာ တွေ့ရှိရပါတယ်။

ဒုတိယအမျိုးအစားက ‘မြေ ဖွံ့ဖြိုးမှုအမြတ်အပေါ် စည်းကြပ်မှု’ (Land Development Charge)ဖြစ်ပါတယ်။ ဥပမာပြရရင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးဟာ လယ်မြေကိုဝယ်ပြီး အိမ်ရာစီမံကိန်း (သို့မဟုတ်) စက်မှုမြေ တည်ထောင်အသုံးပြုခွင့်ရတယ်။ အဲဒီစီမံကိန်းအရ ဆောက်လုပ်ပြီးတဲ့အခါမှာ မြေတွေက ဈေးတက်သွားပါတယ်။ အဲဒီမြေကို အဆောက်အအုံ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောင်းချတဲ့အခါမှာ ၎င်းရင်းနှီးထားတဲ့ စရိတ်အားလုံးနုတ်ပြီး စုစုပေါင်း ပိုမိုရရှိလာတဲ့အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အစိုးရကို ပေးသွင်းရပါတယ်။ သူဘယ်လောက်နဲ့ မြေဝယ်ထားတယ်ဆိုတဲ့ စာရင်းကို တာဝန်ရှိတဲ့ နယ်မြေအစိုးရအဖွဲ့အစည်းက မှတ်တမ်းတင်ထားရပါတယ်။ မြေကိုရင်းပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာမှ မြေဈေးတက်လာခြင်းအတွက် အစိုးရက အမြတ် ၅၀ ရာခိုင်နှုန်းရယူတာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။ ဒီ ဥပဒေက လယ်ယာမြေတွေကို အသွင်ပြောင်းအသုံးချပြီး မြေလှောင်ဈေးကစားမှုများကို ထိန်းချုပ်တဲ့ ဥပဒေလည်းဖြစ်ပါတယ်။

တတိယအမျိုးအစားကတော့ ‘မြေဈေးတိုးမြင့်လာမှုအပေါ် အခွန်တောင်းခံခြင်း’ (Land ValueIncrement Tax) ဖြစ်ပါတယ်။ ဝယ်ယူပြီးအောင်းထားတဲ့ တစ္ဆေခြံ (Ghost Plot) သို့မဟုတ် (Idle Land)များကို ရည်ရွယ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီမြေတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အမျိုးသားမြေယာဈေးနှုန်းထက် မြင့်မားလာရင် မြင့်တက်လာတဲ့ မြေတန်ဖိုးခြားနားငွေရဲ့ ၅၀ ရာခိုင်နှုန်းကို သီးခြားကောက်ခံခြင်း ဖြစ်ပါတယ်။ ဒီဥပဒေကြောင့် မြို့ပြတွေမှာ အိမ်ရာမြေကွက်လပ်တွေ လုံးဝကိုင်မထားရဲကြဘဲ ရရာဈေးနဲ့ ရောင်းထုတ်လာကြပြီး မြေဈေးကျဆင်းလာပါတယ်။ ဒါပေမယ့်​ ပြီးစလွယ်အိမ်တွေများစွာ ဆောက်လုပ်လာကြတဲ့ ဆိုးပြစ်ကိုလည်း တွေ့ရှိရပြန်ပါတယ်။ စံချိန်စံညွှန်းနဲ့အညီ ဆောက်လုပ်ရေးအတွက် စစ်ဆေးရတဲ့ အလုပ်တာဝန်တွေ ပိုမိုလာကြောင်းနဲ့ နောက်ဆက်တွဲ အမိန့်ညွှန်ကြားချက်တွေနဲ့ တားဆီးရကြောင်း သိရှိရပါတယ်။

ခြုံပြီးသုံးသပ်ကြည့်ရင် တောင်ကိုရီးယားနိုင်ငံဟာ ၁၉၉၆ ခုနှစ်အလွန်ကာလများမှ စတင်ပြီး မြို့ပြဈေးတွေနဲ့ လယ်ယာမြေဈေးတွေ ကျဆင်းလာခြင်းနဲ့ ဈေးနှုန်းတည်ငြိမ်မှုရှိခြင်း စတဲ့ အကျိုးတွေ ရရှိလာတာ တွေ့ရှိရပါတယ်။ ‘ဂွန်ကယ်ညောင်း’ မူအရ မြေအားလုံး ပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခြင်း (Comprehensive Hand-holding Tax)ဟာ တစ်နိုင်ငံလုံး ဖြန့်ကြက်ပြီး မြို့မြေ၊ လယ်မြေများ ဝယ်ယူပြီး လက်ဝါးကြီးအုပ်မှုကို ဖော်ထုတ်ဟန့်တားနိုင်ခဲ့တယ်။ လယ်လယ်ဝယ်ဝယ်တွေနဲ့ မြေရှင်းကြီးစနစ် ပုန်းလျှိုးကွယ်လျှိုး ပေါ်ထွန်းမလာနိုင်အောင် ထိရောက်စွာ တားဆီးနိုင်ခဲ့တယ်ဆိုတာကို အားကျဖွယ် မြင်တွေ့ခဲ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု အများဆုံးဖြစ်တဲ့ မြို့ကြီး ၆ မြို့မှာ အိမ်ရာမြေပိုင်ဆိုင်မှု ကန့်သတ်တဲ့ (Urban Land Cieling Act)အရ စီးပွားရေးအရ အထူးအာရုံစိုက်ရမယ့် မြို့ကြီးတွေမှာ မြေဈေးကျအောင် ဆောင်ရွက်နိုင်ခဲ့ပြန်ပါတယ်။ ဖွံ့ဖြိုးမှုအပေါ် စည်းကြပ်မှု (Land Dev: Charges)အရ လယ်တွေဝယ်ပြီး အခြားနည်းအသုံးပြုသူတွေအနေနဲ့ အမြတ်အစွန်းရယူနိုင်ပေမယ့် ဖွံ့ဖြိုးရေးကြောင့် မြေဈေးတက်လာတဲ့အပေါ်မှာ အများပြည်သူပါ အကျိုးခံစားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံး မြေကွက်လပ်တွေ ဝယ်ပြီး လှောင်ထားခြင်းကင်းအောင် (Land Price Incremental Tax)ဆိုတဲ့ အခွန်နဲ့ ဆောင်ရွက်နိုင်ခဲ့တာလည်း ထပ်မံတွေ့ရှိပြန်ပါတယ်။

စာရေးသူတို့နိုင်ငံမှာ မြို့မြေများ လက်ဝါးကြီးအုပ်ပိုင်ဆိုင်မှုအပြင် လယ်လယ်ဝယ်ဝယ်ဆိုတဲ့ လယ်ယာမြေတွေ ဧကပေါင်းများစွာ ဝယ်လှောင်ထားကြတဲ့ အလေ့အကျင့်တွေ ပျောက်ကွယ်အောင် ‘"မူ"အလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း’ကို နမူနာယူပြီး ဆောင်ရွက်နိုင်ကြရင် ကောင်းမယ်လို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ် ...။

မြင့်​မိုရ်​​ဆွေ
Source: 7Day News
Via: Thandar Theint

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!