Popular Posts!

Tuesday, February 5, 2019

စင်္ကာပူ ဆောက်လုပ်ရေး အာဏာပိုင်

စင်္ကာပူ ဆောက်လုပ်ရေး အာဏာပိုင်



စင်္ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနဟူ၍ သီးခြား မရှိပါ။ ဆောက်လုပ်ရေးနှင့်ပါတ်သက်လျှင် Building and Construction Authority ( BCA ) က အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်ပါသည်။ BCA သည် Statutory Board ဟု ခေါ်သော အစိုးရ ဘုတ်အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို တာဝန်ခံရပါသည်။

BCA ၏ ဖွဲ့စည်းပုံမှာ ဥက္ကဌ ၁ ဦး ၊ ဒုတိယဥက္ကဌ ၁ ဦး နှင့် ဘုတ်အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပါသည်။ ၎င်း တို့အထဲမှ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ BCA ၏ အမှုဆောင်အရာရှိချုပ်က လုပ်ငန်းဆောင်တာ အဝဝကို အဓိက ဦးဆောင်ပါသည်။

BCA ၏ အဓိကတာဝန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်ပါတ်သက် လုပ်ဆောင်ကြသူများ၊ အဖွဲ့အစည်းများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲ၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းများနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ကြစေရန် လမ်းညွှန်ကြပ်မတ်ရသော အဖွဲ့အစည်း ဖြစ်ပါသည်။

ဆောက်လုပ်ရေးဆိုရာဝယ် အဆောက်အဦ၊ လမ်း/တံတား တည်ဆောက်မှုကိုသာ ကန့်သတ်ရည်ညွှန်းခြင်း မဟုတ်ပါ။ မည်သည့် တည်ဆောက်ရေး Structure မဆို အကြုံးဝင်ပါသည်။ ယာဉ်ရပ်နားရာ၊ မြေအောက်ရထားလမ်း၊ သင်္ဘောဆိပ်ခံ၊ လေယာဉ်ကွင်း စသည့် တည်ဆောက်မှု နမူနာများမှာလည်း BCA နှင့် ကင်းလွတ်၍ မရချေ။

ဆောက်လုပ်ရေးနှင့်ပါဝင်ပါတ်သက် လုပ်ဆောင်ကြသူများတွင် အဓိက အပိုင်း ( ၃ ) ပိုင်း ရှိပါသည်။

( က ) လုပ်ငန်းဖေါ်ဆောင်သူ ( Developer )

၎င်းမှာ ငွေကြေးစိုက်ထုတ်၍ အလုပ်အပ်နှံသော အလုပ်ရှင် ဖြစ်သည်။ လူပုဂ္ဂိုလ် တဦးတယောက်သော်လည်းကောင်း၊ ပုဂ္ဂလိက အဖွဲ့အစည်း/ကုမ္ပဏီသော်လည်းကောင်း၊ ဝန်ကြီးဌာန/အစိုးရအဖွဲ့အစည်းသော်လည်းကောင်း ဖြစ်ပါသည်။

( ခ ) တည်ဆောက်သူ ( Builder )

၎င်းမှာ လက်တွေ့တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကန်ထရိုက်တာ/ကုမ္ပဏီ ဖြစ်ပါသည်။

( ဂ ) အရည်အချင်းပြည့်ပုဂ္ဂိုလ် ( Qualified Person )

၎င်းမှာ လုပ်ငန်းဖေါ်ဆောင်သူအတွက် တည်ဆောက်ရေးဒီဇိုင်း ရေးဆွဲရပြီး မိမိဒီဇိုင်းအပေါ် တာဝန်ခံရသူ ဖြစ်ပါသည်။ တနည်းအားဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်/အဖွဲ့အစည်း ( Consultant ) ဖြစ်ပါသည်။

ဤနေရာတွင် စာဖတ်သူ မြင်သာလွယ်ကူစေရန်အတွက်-
( က ) အလုပ်ရှင်
( ခ )   ကန်ထရိုက်တာ
( ဂ )   အတိုင်ပင်ခံ ဟု ဆိုပါမည်။

ကန်ထရိုက်တာများသည် Builder Licensing Scheme ( BLS ) အရ BCA ထံတွင် လုပ်ငန်းလိုင်စင် မှတ်ပုံတင်ရပါသည်။ မှတ်ပုံတင်မထားသော တစုံတယောက်၊ အဖွဲ့အစည်း တခုခုက တည်ဆောက်ရေးလုပ်ငန်း လုပ်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိရလျှင် စင်္ကာပူဒေါ်လာ ၂၀,၀၀၀ ထက် မပိုသော ဒဏ်ငွေဖြစ်စေ သို့မဟုတ် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် ဖေါ်ပြပါ နှစ်မျိုးလုံးဖြစ်စေ အရေးယူခံရပါမည်။

ကန်ထရိုက်တာများသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရယူရသလို အလုပ်ရရှိဖို့ တင်ဒါယှဉ်ပြိုင်ရန်အတွက်လည်း ကန်ထရိုက်တာ အဆင့်သတ်မှတ်မှု မှတ်ပုံတင်ရပါသည်။ ၎င်းမှာ Contractor Registration System ( CRS ) ဖြစ်ပါသည်။

အနှစ်ချုပ်မှာ ဆောက်လုပ်ရေးကန်ထရိုက်တာ ကုမ္ပဏီ တစ်ခုသည် လုပ်ကိုင်ခွင့်လိုင်စင် ( BLS ) နှင့် အဆင့်သတ်မှတ်မှုမှတ်ပုံတင် ( CRS ) နှစ်မျိုးလုံး ရှိရပါမည်။

တင်ဒါ ယှဉ်ပြိုင်မှုအတွက် BCA ၏ အဆင့်သတ်မှတ်မှုမှာ ကုမ္ပဏီများကို အကြီး ( A )၊ အလတ် ( B ) နှင့် အသေး ( C ) ဟု ပိုင်းပြီး စုစုပေါင်း အဆင့် ( ၇ ) ဆင့် ခွဲခြားထားပါသည်။

A1  တင်ဒါငွေကြေးပမာဏ အကန့်အသတ် မရှိ။
A2  တင်ဒါငွေကြေးပမာဏ ဒေါ်လာ ၈၅ သန်း အထိ။
B1  တင်ဒါငွေကြေးပမာဏ ဒေါ်လာ ၄၀ သန်း အထိ။
B2  တင်ဒါငွေကြေးပမာဏ ဒေါ်လာ ၁၃ သန်း အထိ။
C1  တင်ဒါငွေကြေးပမာဏ ဒေါ်လာ ၄ သန်း အထိ။
C2  တင်ဒါငွေကြေးပမာဏ ဒေါ်လာ ၁.၃ သန်း အထိ။
C3  တင်ဒါငွေကြေးပမာဏ ဒေါ်လာ ၀.၆၅ သန်း အထိ။

ဤအဆင့်သတ်မှတ်ချက်ပါ တင်ဒါငွေကြေးပမာဏကို BCA က တစ်နှစ်လျှင် တစ်ကြိမ် ထုတ်ပြန်ပါသည်။
BCA သည် ဆောက်လုပ်ရေးကန်ထရိုက်တာများ၏ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်နိုင်သောအဆင့် ( A1 မှ C3 အထိ ) သတ်မှတ်ပေးသော်လည်း တင်ဒါခေါ်ယူမှုတွင် ပါဝင်ပါတ်သက်ခြင်း မရှိချေ။

တင်ဒါခေါ်ယူသည့်အလုပ်မှာ အလုပ်ရှင်ကိုယ်တိုင်၏တာဝန်သာဖြစ်ပြီး ၎င်းအလုပ်ရှင်က တင်ဒါခေါ်ယူသည့်အခါ တင်ဒါအဆင့်ပါ တပါတည်း သတ်မှတ်ပေးပါသည်။ ထိုအခါ ကန်ထရိုက်တာများက အလွယ်တကူ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ မိမိကုမ္ပဏီရှိနေသော တင်ဒါအဆင့်သတ်မှတ်ချက်ထက် မြင့်နေသည့် တင်ဒါများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါ။ မိမိကုမ္ပဏီ တင်ဒါအဆင့်သတ်မှတ်ချက် နောက်တဆင့် မြှင့်တင်လိုပါက BCA ထံ လျှောက်ထားနိုင်ပြီး ကုမ္ပဏီ၏ ငွေကြေးလည်ပါတ်မှု၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ အရည်အသွေးနှင့်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာရလာဒ်ကောင်း၊ ကုမ္ပဏီပုံရိပ် နှင့် အခြားသတ်မှတ်ချက်များအပေါ် မူတည်ပါသည်။

အတိုင်ပင်ခံမှာမူ အလုပ်ရှင် နှင့် ကန်ထရိုက်တာ အကြား ပေါင်းကူးပေးရသော၊ အလုပ်ရှင်ကိုယ်စား ကန်ထရိုက်တာအပေါ် လုပ်ငန်းများ ကြီးကြပ်စစ်ဆေးပေးရသော တတိယလူ ( Third Party ) ဖြစ်ပါသည်။ အဓိက ကြီးကြပ်စစ်ဆေးရမှုမှာ လုပ်ငန်းအရည်အသွေး၊ စံချိန်စံညွှန်း၊ အချိန်မီပြီးစီးမှုတို့ ဖြစ်ပါသည်။

ကန်ထရိုက်တာ၏ လုပ်ငန်းကို ကြီးကြပ်စစ်ဆေးရသည့် အတိုင်ပင်ခံဖက်မှ Site Supervisors များမှာ Resident Engineer ( RE ) နှင့် Resident Technical Officer ( RTO ) များ ဖြစ်ကြပါသည်။

BCA ၏ သတ်မှတ်ချက်မှာ ကန်ထရိုက်ပမာဏ ဒေါ်လာ ၇.၅ သန်း အထိ ရှိသော လုပ်ငန်းတခုခုတွင် QP သို့မဟုတ် RE သို့မဟုတ် RTO တဦးဦးက လိုအပ်သည့်အချိန် ကြီးကြပ်စစ်ဆေးရပါမည်။

ကန်ထရိုက်ပမာဏ ကြီးမားသော လုပ်ငန်းများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင် ကြီးကြပ်စစ်ဆေးရမည့် RE နှင့် RTO အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒေါ်လာ ၇.၅ သန်း မှ ၁၅ သန်း အထိ RTO ၁ ဦး။
ဒေါ်လာ ၁၅ သန်း မှ ၃၀ သန်း အထိ RE ၁ ဦး။
ဒေါ်လာ ၃၀ သန်း မှ ၇၅ သန်း အထိ RE ၁ ဦး နှင့် RTO ၁ ဦး။
ဒေါ်လာ ၇၅ သန်း မှ ၁၅၀ သန်း အထိ RE ၁ ဦး နှင့် RTO ၂ ဦး။
ဒေါ်လာ ၁၅၀ သန်း အထက် RE ၂ ဦး နှင့် RTO ၃ ဦး။

၎င်း RE နှင့် RTO များက Professional Engineer ( PE ) လက်မှတ်ရှိရန် မဖြစ်မနေ မလိုအပ်ပါ။ သို့သော် ၎င်းတို့၏ အထက်တွင် ရှိသော Superintending Officer ( SO ) နှင့် Qualified Person ( QP ) တချို့တို့တွင် PE လက်မှတ်ရှိရန် လိုအပ်ပါသည်။

RE နှင့် RTO အရေအတွက်ကို BCA က သတ်မှတ်ပေးသော်လည်း RE/RTO လိုင်စင်ကိုမူ The Institute of Engineers, Singapore ( IES ) က ထုတ်ပေးပါသည်။ PE လက်မှတ်ကို Professional Engineers Board ( PEB ) က ထုတ်ပေးပါသည်။ IES သည် အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်ပြီး PEB မှာ အစိုးရဘုတ်အဖွဲ့ ဖြစ်ပါသည်။

ကန်ထရိုက်တာ အပိုင်းတွင် အလုပ် လုပ်ကိုင်နေကြသော အင်ဂျင်နီယာများအတွက် PE, RE, RTO လက်မှတ်များ ရှိရန် မသတ်မှတ်ထားပါ။

ဆောက်လုပ်ရေးနှင့်ပါတ်သက်သော လျှောက်ထားမှု အမျိုးမျိုးအတွက် BCA က လက်ခံစိစစ်ပြီးလျှင် လိုအပ်သော အကြောင်းကြားစာ၊ ညွှန်ကြားလွှာ၊ ခွင့်ပြုမိန့်၊ လိုင်စင်၊ အသိအမှတ်ပြုလက်မှတ် စသည်တို့ကို ထုတ်ပေးပါသည်။

ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ လုပ်ငန်းခွင်များအတွင်းသို့ BCA အရာရှိများက ရှောင်တခင်စစ်ဆေးမှု၊ ပုံမှန်စစ်ဆေးမှု၊ လုပ်ငန်းပြီးစစ်ဆေးမှုများ ပြုလုပ်ရန် ဝင်ရောက်နိုင်ပါသည်။ ဥပဒေအရ အခွင့်အာဏာ ရှိပါသည်။

စာရွက်စာတန်းလျှောက်ထားမှုပျက်ကွက်ခြင်း/မပြည့်စုံခြင်း၊ အချိန်မီလျှောက်ထားမှုမပြုခြင်း၊ သတ်မှတ်ထားသော ဒီဇိုင်း အရည်အသွေး စံချိန်စံညွှန်း မပြည့်မီခြင်း/လွဲချော်ခြင်း၊ ခွင့်ပြုချက်မရသေးပဲ ကြိုတင်ဆောက်လုပ်ခြင်း စသည်တို့အတွက် BCA က အရေးယူနိုင်ပါသည်။

ယာယီနေထိုင်ခွင့် Temporary Occupation Permit ( TOP ) နှင့် လုပ်ငန်းပြီးမြောက်မှုအသိအမှတ်ပြုလက်မှတ် Certificate of Statutory Completion ( CSC ) စသည်တို့ကိုလည်း BCA ကသာ စစ်ဆေးပြီး ထုတ်ပေးပိုင်ခွင့် ရှိပါသည်။

BCA တွင် ဌာနကြီးပေါင်း များစွာ ရှိသည့်အနက် ထင်ရှားကြီးမားသည့် လက်တံ တစ်ခုမှာ BCA Academy ( BCAA ) ဖြစ်ပါသည်။ ၎င်းမှာ ပညာရေး နှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်း ဖြစ်ပါသည်။

ဆောက်လုပ်ရေးနှင့်ဆက်စပ်ပါတ်သက်သော ပညာရပ်ဆိုင်ရာလက်မှတ်၊ ဒီပလိုမာ၊ဘွဲ့၊ မဟာဘွဲ့ စသည့် သင်တန်းများ ( Academic Courses ) အား အချိန်ပိုင်း/အချိန်ပြည့် တက်ရောက်နိုင်ရန် ဖွင့်လှစ်ထားပါသည်။ နိုင်ငံခြားသား အများစု တက်ရောက်ကြသည်မှာ အချိန်ပြည့် ၃ နှစ် တက်ရသည့် ဒီပလိုမာသင်တန်းများ ဖြစ်ပါသည်။ ( မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ BCA ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးပါက တက်ရောက်နိုင်ပါသည်။ )

ဆောက်လုပ်ရေးနှင့်ဆက်စပ်ပါတ်သက်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ( Skill Courses ) နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာသင်တန်းများ ( Safety Courses ) စသည်တို့လည်း မန်နေဂျာ၊ ကြီးကြပ်သူ၊ လုပ်သား အဆင့် အမျိုးမျိုးအတွက် ဖွင့်လှစ်ထားပါသည်။

ထို့ပြင် စင်္ကာပူနိုင်ငံဆောက်လုပ်ရေးအတွက် ကျွမ်းကျင်လုပ်သားများ ရရှိစေရန် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ စသည့် နိုင်ငံများတွင် BCA အသိအမှတ်ပြုသင်တန်းကျောင်းများ ဖွင့်လှစ်ထားပါသည်။ သက်ဆိုင်ရာနိုင်ငံများသို့ BCA အရာရှိများကိုယ်တိုင် သွားရောက်ကာ စာမေးပွဲ စစ်ဆေးပါသည်။ ထို အသိအမှတ်ပြုလက်မှတ် ရှိပြီးသော လုပ်သားများကိုသာ စင်္ကာပူနိုင်္င်ငံတွင် အလုပ် လုပ်ကိုင်ရန် လူ့စွမ်းအားဝန်ကြီးဌာနက ခွင့်ပြုပါသည်။

ဆောက်လုပ်ရေးလောက တိုးတက်ရန်အတွက် BCA သည် သင့်လျော်သောစီမံချက်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၊ သုတေသနများ၊ သင်ကြားလေ့ကျင့်ရေးများ စသည်တို့ကို အကောင်အထည် ဖေါ်ပါသည်။ 

နိဂုံးချုပ်ရလျှင် BCA ဆိုသည်မှာ လုံခြုံစိတ်ချရပြီး အရည်အသွေး စံချိန်စံညွှန်း ပြည့်မီသည့် တည်ဆောက်မှု ရလာဒ်ကောင်းများ ရရှိစေရန် ထိမ်းကျောင်းပဲ့ကိုင်ရသော အစိုးရအာဏာပိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။

လုပ်ငန်းဖေါ်ဆောင်သူအလုပ်ရှင်၊ လက်တွေ့တည်ဆောက်သူကန်ထရိုက်တာ၊ ဒီဇိုင်းတာဝန်ခံရသူ အတိုင်ပင်ခံ စသည့် သုံးဦးသုံးဖလှယ် ဟန်ချက်ညီစေရန် BCA က ဥပဒေ အခွင့်အာဏာ အသုံးပြုပြီး ထိမ်းညှိပေးသော်လည်း BCA ကိုယ်တိုင်ကမူ လက်တွေ့တည်ဆောက်မှု ဆောက်လုပ်ရေးအလုပ် မလုပ်ပါ။

[ ယခင် Facebook တွင် ရေးခဲ့ဘူးသော အပိုင်းအစအချို့ကို ဆက်စပ်၍လည်းကောင်း၊ အချက်အလက်အချို့ ထပ်မံ ဖြည့်စွက်၍လည်းကောင်း ဆောင်းပါး တစ်ပုဒ်အဖြစ် ရေးသားခဲ့ပါသည်။
၂၀၁၈ ဒီဇင်ဘာလထုတ် ကလော/အေးသာယာစက်မှုလက်မှုသိပ္ပံ ရွှေရတုမဂ္ဂဇင်းတွင် ရွေးချယ်ဖေါ်ပြခဲ့ပါသည်။ 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!