Popular Posts!

Sunday, February 3, 2019

ပွဲထိုင် "ထောပတ်ထမင်း" နှင့် ကြက်သားဟင်းဆိုင်ချက်နည်း အဆင့်ဆင့် 🍚

ကိုယ်တိုင်ချက်စားခြင်လို့ အမှတ်စုဆောင်းထာရင်း ကြိုက်လွန်းလို့Namdar's Kichen မှတဆင့်ကူးယူဖော်ပြလိုက်တာပါ


ပွဲထိုင် "ထောပတ်ထမင်း" ချက်နည်း အဆင့်ဆင့် 🍚
     
"ထောပတ်ထမင်းချက်နည်းလေး တင်ပေးပါဦး..မနန္ဒာရေ"လို့ တောင်းဆိုမှုများလာတာနဲ့ နန္ဒာတို့ ငယ်ငယ်တည်းကနေ မေမေ အိမ်မှာချက်ကျွေးလာခဲ့တဲ့ ထောပတ်ထမင်းချက်နည်း အဆင့်ဆင့်ကို သေချာလေး ဒီမှာ ပြန်တင်ပေးမယ်လို့ စိတ်ကူးမိပါတယ်။ မေမေ့ထောပတ်ထမင်းက ထောပတ်ရနံ့ တအားသင်းပြီး စားလိုက်တဲ့အခါမှာလည်း လုံးဝမအီဘူးရယ်။ အဲ့တာနဲ့ မေမေ့ဆီက လုပ်နည်း သေချာပြန်သင်ပြီး ကိုယ်တိုင်စမ်းချက်ကြည့်ခဲ့တယ်။ ထည့်ရတဲ့ ပါဝင်ပစ္စည်းတွေကလည်း ရှာဝယ်ရမခက်တာရယ်၊ လုပ်နည်းကလည်း လွယ်ကူပြီး အိမ်မှာရှိတဲ့ ထမင်းပေါင်းအိုးနဲ့တင် အဆင်ပြေပြေ ချက်နိုင်ခဲ့ပါတယ်. 

🌟ရောင်းတန်းမဟုတ်ဘဲ အိမ်မှာ ကိုယ်တိုင်လုပ်စားတာဖြစ်တဲ့အတွက်ကြောင့် ဆန်ကောင်းကောင်း သုံးတယ်၊ ထည့်ရမဲ့ သီဟိုဠ်စေ့၊ ပဲစိမ်းလုံး နဲ့ စပျစ်ခြောက်တွေကိုကအစ ဖောဖောသီသီထည့်ချက်ထားတဲ့အတွက် အရသာကပြောစရာမလိုအောင်ပါပဲ...တစ်ပန်းကန်ဆို ဆိုသလောက် စားရတာ အရမ်းအရသာရှိပါတယ်။ အိမ်မှာလုပ်တာဆိုပေမဲ့လေ...နန္ဒာခုပြောပြတဲ့ချက်နည်းက အရမ်းကို အသေးစိတ်ပြီး ရှင်းလင်းမှာဖြစ်လို့ ကိုယ့်အိမ်မှာ အလှူအတန်းရှိလို ချက်ချင်တဲ့အခါမျိုးတွေဖြစ်ဖြစ်၊ စီးပွားဖြစ်ရောင်းချလိုသူတွေအတွက်ပါ အဆင်ပြေမယ်လို့ထင်ပါတယ်ရှင်။ 
     
💁🏻‍♀️ကဲ..အားလုံးအတွက် စေတနာရှေ့ထားပြီး မျှဝေတဲ့ ပွဲထိုင် "ထောပတ်ထမင်း" ချက်နည်းလေးကို ပုံတစ်ပုံချင်းစီနဲ့ တစ်ဆင့်ချင်းကြည့်လိုက်ကြရအောင်နော်..




ထောပတ်ထမင်းဆိုပြီး ထောပတ်ဆီတွေရွှဲနစ်နေမယ်လို့ ထင်ရင်မှားသွားမယ်နော်။ ဒီဇိုင်းကာလာအနေအထားက ခပ်ခြောက်ခြောက် အိအိလေးနဲ့ ထောပတ်နံ့လေးက သင်းနေရောပဲ။ လုံးဝလည်းမအီသလို...ရောထည့်ချက်ထားတဲ့ စပျစ်ခြောက်၊ သီဟိုဠ်စေ့ နဲ့ ပဲစိမ်းလုံးလေးတွေကလည်း ထောပတ်ထမင်းတွေကြား ဟာမိုနီညီညီ ပံ့ပိုးပေးပြန်ကော။  မီ ဇာတ်ကားထဲက မောင်ကိုလေး အတိုင်းပြောကြေးဆို.."ကိုင်း..ဒီထောပတ်ထမင်းကို ကိုယ်တွေမှမကြွေရင် ဘယ်သူက ကြွေဦးမလဲဗျာ" ပေါ့ :P

ချက်နည်းလေးကို နောက်မှာ အဆင့်ဆင့်ပြပေးထားတာမို့ ကြွေချင်ရင် ဆက်ဖတ်ကြည့်ကြနော် :P




ထောပတ်ထမင်းချက်မယ်ဆို ထောပတ်ဆီတွေကို ထမင်းအိုးထဲ ဒီတိုင်းထည့်ချက်လိုက်ရတာမျိုးမဟုတ်ပဲ ထောပတ်ကို အရင်မွှေးအောင် အပြင်မှာ ဒယ်အိုးနဲ့သပ်သပ် ဆီ အရင်သတ်ပေးရပါတယ်။ အဲ့တော့ ထောပတ်ဆီသတ်ရာမှာ မွှေးအောင်ထည့်ဖို့ လိုအပ်တာတွေက 

- ထောပတ်ဆီ
- သစ်ကြားပိုးခေါက်
- မညက်တညက်ထောင်းထားတဲ့ ကြက်သွန်ဖြူ
- ဖာလာစေ့ အနည်းငယ် နဲ့
- ကရဝေးရွက်တို့ပဲ ဖြစ်ပါတယ်။

(သူတို့က ဘယ်လို ထုတ်ပိုးမှုတွေနဲ့ ဝယ်လို့ရနိုင်လဲ သိချင်သူတွေအတွက် Comment ထဲမှာ နန္ဒာသုံးတဲ့ ဘူးပုံတွေနဲ့ သေချာပြန်တင်ပေးထားပါတယ်နော်)





ဒါက ထောပတ်ထမင်းကျက်ပြီဆိုမှ နောက်ဆုံးမှာ ထည့်ချက်ရမဲ့ 

- ပဲစိမ်းလုံး ( Readymade သံဘူးနဲ့လာပါတယ်။ Comment မှာ ပုံပြပေးထားပါတယ်)

- စပျစ်သီးခြောက် ( Supermarket တွေမှာရော...ကုန်ဈေးတန်းတွေမှာကော အလေးချိန်နဲ့ ဝယ်လို့ရပါတယ်။ ရွေးဝယ်လို့ရတယ်ဆို အရောင်နုတာလေးတွေ ရွေးဝယ်..ထောပတ်ထမင်းထဲ ပိုလှတာပေါ့ :D ) နန္ဒာကတော့ စပျစ်သီးခြောက် အနုအရင့် ရောသုံးထားပါတယ်။

- သီဟိုဠ်စေ့ ( အခွံမပါ..လှော်ပြီးသား အသင့်စား သီဟိုဠ်စေ့မျိုးကို သုံးပါ)



ဒါကတော့ ထောပတ်ထမင်းအရသာရှိဖို့အတွက် ထည့်ဖို့လိုတဲ့

- သကြား ( ဆန် နို့ဆီဘူး တစ်ဘူးဆို သကြား ထမင်းစားဇွန်း ၁ ဇွန်းနှုန်းလောက် ထည့်ပေးနော်...ပေါင်းအိုး ဆန်ချိန်ခွက်ဆိုရင်တော့ ၁ခွက်ကို ထမင်းစားဇွန်း ၁ ဝက်နှုန်းလောက်ဆို အနေတော်ပဲ။ သကြားတအားနည်းရင်လည်း ထောပတ်ထမင်းက စားရတာ ပေါ့ရွှတ်ရွှတ်နဲ့ တစ်ခုခုလိုနေသလိုဖြစ်တတ်လို့ပါ)

- ဆား အနည်းငယ် ( သူလည်းမပါမဖြစ်)

- ငြုပ်ကောင်းစေ့ (အမှုန့်မသုံးပဲ...ခုလို အစေ့လေးတွေပဲ အလုံးလိုက်ထည့်ချက်ပါမယ်နော်)


ဒါက ထောပတ်ထမင်းချက်မဲ့ ဆန်ပါ။ တစ်ချို့တွေက ထောပတ်ထမင်းကို Jasmine Rice တွေဘာတွေနဲ့ ချက်တတ်ကြပေမဲ့ နန္ဒာကတော့ ဒီနိုင်ငံမှာ အားလုံး အလွယ်တကူရှာဝယ်လို့ လွယ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးဆန်ကိုပဲ သုံးပြီး ချက်ထားပါတယ်။

ဒီဆန်အိတ်လေးက သိင်္ဂီဆန်စက်က အစ်မက PR Gift အနေနဲ့ လက်ဆောင်လာပေးထားတာရှိနေတော့ ဆန်လေးလည်း ကောင်းမကောင်း စမ်းမယ်ဆိုပြီး ဒီ ထောပတ်ထမင်းချက်ရာမှာ ထည့်သုံးဖြစ်သွားတာပါ။ ဆန်အိတ်ထုတ်ပိုးမှုလေးက ချစ်စရာလေးရယ်။ ခုဆို Supermarket တော်တော်များများမှာ ရောင်းနေတာလည်း တွေ့နေပါပြီ။ သူတို့ Page: https://www.facebook.com/theingirice/ ကနေလည်း မှာလို့ရပါတယ်တဲ့။



ဆန်ကို ထုတ်သုံးကြည့်တော့ ပထမဦးဆုံး သတိထားမိတာက ဆန်လုံးတော်တော်လှပါတယ်။ နန္ဒာကတော့ အိမ်က လူတွေအကုန်စားလို့လောက်အောင် ဒီလို ပေါင်းအိုး ဆန်ချိန်ခွက်နဲ့ ၇ ခွက် ထည့်လိုက်ပါတယ်။ နို့ဆီဘူးနဲ့ဆို လေးလုံးစာလောက်ရှိမယ်ထင်တယ်။
ဆန်ကို သေချာဆေးပါမယ်။

ရေထည့်တဲ့အခါ ကိုယ့်အိမ်က စားနေကြဆန်ချက်တဲ့ ပုံမှန်ရေချိန်အတိုင်းထည့်လို့ပါတယ်။ ဒါမဲ့ နန္ဒာချက်တဲ့ ခုချိန် (ဒီဇင်ဘာ) လောက်က ဆန်ဟောင်းနေပြီဆိုတော့ ရေ ၁မှတ်လောက် ပိုထည့်တယ် နန္ဒာက။ ဆန်သစ်ပေါ်မှ ချက်မဲ့လူတွေကကျ ရေတစ်မှတ်လောက် လျှော့ထည့်ရပါမယ်။ ဒါက ထောပတ်ထမင်းကြောင့် မဟုတ်ပဲ ဆန်ရဲ့ သဘောသဘာဝကိုက အဟောင်းအသစ်ကူးချိန် အဲ့လို ရေချိန်ကို ကစားပေးရလို့ ကြုံတုန်းဗဟုသုအဖြစ် ပြောပြပေးတာပါ။

ကဲ..အဲ့တော့ နန္ဒာချက်မဲ့ ထမင်းပေါင်းအိုးထဲက White Rice အမှတ်မှာ ကိုယ့်ဆန် ၇ ခွက်ကို ရေ ၈ မှတ်လောက် ချိန်ထည့်ပေးလိုက်ပါတယ်။

အိုကေ ဒါဆို ကိုယ်တွေ ပုံမှန်ထမင်းချက်သလို ဆန်နဲ့ရေက Ready ပါ။ အဲ့ထဲကိုထည့်ဖို့ ထောပတ်ဆီနဲ့ အရသာတွေပဲ ကျန်ပါတော့တယ်။



ထမင်းထဲထည့်ဖို့ ထောပတ်ဆီမွှေးအောင် စချက်ပေးပါမယ်။ ဒယ်အိုးကို အပူပေးပြီး ပူလာတာနဲ့ ထောပတ်ဆီ လိုသလောက် ထည့်ပေးပါ။ ထောပတ်နံ့ပိုထွက်တာ ကြိုက်သူက ခပ်များများနဲ့ သိပ်မကြိုက်ရင်က နည်းနည်းလျှော့ထည့်ပါ။ ဒါမဲ့ ဆန် နို့ဆီဘူး ၁ လုံးကို ထောပတ်ဆီ ထမင်းစားဇွန်း ၁ ဇွန်းခွဲနှုန်းလောက်ထည့်ချက်ရင် အတော်ပါပဲ။


ထောပတ်ဆီတွေပူပြီး ခုလို ဆီအရောင်လေးကြည်သွားပြီဆို မညက်တညက်ထောင်းထားတဲ့ ကြက်သွန်ဖြူလေးတွေ ထည့်ဆီသတ်ပေးပါ။


ကြက်သွန်ဖြူတွေကို အရမ်းကြွပ်တဲ့ထိမထားဘဲ..အနံ့မွှေးလာပြီဆိုတာနဲ့ သစ်ကြားပိုခေါက်၊ ကရဝေးရွက်၊ ဖာလာစေ့တို့ကို ထည့်ပြီး စက္ကန့် ၃၀လောက် ဆီသတ်ပေးလိုက်ပါ။

ဒါဆို ထမင်းပေါင်းအိုးထဲ ထည့်ဖို့ ထောပတ်ဆီမွှေး Ready ဖြစ်ပါပြီ။


ခုနက ရေပုံမှန်ချိန်ပြီး Ready လုပ်ထားတဲ့ ဆန်အိုးထဲကို ဆီသတ်ထားတဲ့ ထောပတ်ဆီမွှေးထည့်လိုက်ပါမယ်။


ပြီးရင် အရသာဝင်ဖို့အတွက် သကြား၊ ဆား နဲ့ မွှေးဖို့ ငရုတ်ကောင်းလုံးလေးတွေ အနည်းငယ်ကိုပါ ထည့်ပေးပါမယ်။


ပြီးရင် ဆန်တွေနဲ့ ထောပတ်ဆီတွေ အရသာတွေ သမသွားအောင် ထမင်းအိုးမွှေတဲ့ဇွန်းနဲ့ ခုလို ရောမွှေပေးလိုက်ပါ။


ပြီးရင် ပုံမှန်ထမင်းချက်တဲ့အတိုင်း ခလုတ်ချိန်ပြီး ချက်ထားလိုက်ရုံပါပဲ။


ထမင်းအိုးလုံးဝမကျက်ခင် ၅ မိနစ်လောက် အလိုမှ ပေါင်းအိုးကို ဖွင့်ပြီး ဇွန်းနဲ့အပေါ်အောက် ထမင်းကို ဖွပေးပြီး စပျစ်သီးခြောက် နဲ့ သီဟိုဠ်စေ့ အပေါ်ကနေ ထည့်ပေးပါမယ်။



 ပဲစိမ်းလုံးလေးတွေကိုလည်း အဲ့ချိန်မှ ထည့်ပေးပါမယ်။


ပြီးရင် အောက်ဆုံးက ထမင်းနည်းနည်းယူပြီး အဆာပလာတွေ အပေါ်မှာ ခုလို တစ်လွှာဖြန့်ခင်းပြီး အုပ်လိုက်ပါ။


ပြီးရင် ထမင်းပေါင်းအိုးအဖုံးပြန်ပိတ်ပြီး ၁၅ မိနစ်လောက် သူ့အငွေ့လေးနဲ့သူ နှပ်ထားလိုက်ပြီးရင်......



ထမင်းအိုးလေးကို ပြန်ဖွင့်လိုက်တဲ့ အခါမှာ ထောပတ်ထမင်းတွေက အတိုင်းအထက်အလွန်မွှေးကြိုင်နေမှာဖြစ်ပြီး အဆာပလာတွေကို တစ်အိုးလုံး အနှံ့ရောက်သွားအောင် ခပ်ဖွဖွ လှန်လှောမွှေပေးလိုက်ရင် ဟောာာဒီလို အနံ့အရသာပြည့်စုံတဲ့ ထောပတ်ထမင်းလေးတစ်အိုးရပြီးဖြစ်ပါတယ်ရှင်။

အဲ့ချိန်မှာ သိင်္ဂီရွေဘိုဆန် ကွာလတီကောင်းတာပါ ပိုသတိထားမိသွားတယ်။ ထမင်းတွေက လုံးဝမစေးမကပ်ပဲ ထမင်းလုံးလေးတွေက အဲ့လို ကော့ပျံနေတာပဲရော။


ပြီးရင် ထမင်းအိုးထဲကနေ ထုတ်ပြီး ဟောဒီလိုလေး ပုံစံသွင်းပြီး ထမင်းပန်းကန်ပေါ်ပြင်ပေးလိုက်မယ်။


ပြီးရင် ငါးပိကြော်၊ ကြက်သားဟင်း၊ ခရမ်းချဉ်သီးအချဉ် (သို့) သခွားသီးအချဉ်လေးတွေ နဲ့ တွဲဖက်စားလိုက်မယ်ဆို တစ်ပန်းကန် ကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်တော့ပါဘူး :D

ထောပတ်ထမင်းနဲ့ တွဲစားဖို့ အနှစ်ပိုင်ပိုင်၊ ရနုံ့ကြိုင်ကြိုင် ကြက်သားဟင်းချက်နည်းသိချင်ရင် ဒီ Link: https://web.facebook.com/nandarskitchen/posts/172772226760879 ထဲကနေ ဝင်ပြီး ဖတ်ကြည့်နိုင်ပါတယ်ရှင်။

အိမ်မှာ အလှူတစ်ပွဲအထမြောက်ဖို့ထိအောင် ထောပတ်ထမင်းချက်နည်းရော...ကြက်သားဟင်းချက်နည်းပါ ပြည့်ပြည့်စုံစုံ ခုလိုပြောပြခွင့်ရလို့ ကျေနပ်မိပါတယ်။ Nandar's Kitchen ကို ခုချိန်ထိ အားပေးလာကြသူအားလုံးလည်း ကျေနပ်နှစ်သက်လိမ့်မယ်လို့ ထင်မိပါတယ်ရှင့် ;)

Ref:#NandarsKitchen FB:https://www.facebook.com/117107125660723/posts/269979363706831/




အနှစ်ပိုင်ပြီး ရနံ့ကြိုင်တဲ့ "ကြက်သားဟင်းဆိုင်ချက်" တစ်ပွဲကို လူတိုင်း အိမ်မှာ ပီပီပြင်ပြင် ချက်စားလို့ရပါတယ်...

ထမင်းဆိုင်တွေသွားလို့ မဆလာနံ့သင်းထုံပြီး ဟင်းအနှစ်က ထမင်းနဲ့နယ်စားလို့ အရမ်းကောင်းတဲ့ ကြက်သားဟင်းမျိုးစားဖြစ်ရင် "သူတို့ချက်တာ ကောင်းလိုက်တာ...ဘယ်လိုများချက်ကြတာပါလိမ့်" လို့ တွေးဖူးကြတယ်ဟုတ်? တကယ်တော့ နည်းသိရင် လွယ်ပါတယ်ကွယ်...စိတ်မပူနဲ့...အဲ့လို ကြက်သားဟင်း ခပ်ပိုင်ပိုင် တစ်ခွက်ကို အိမ်မှာတင် ဘယ်လိုချက်စားလို့ရတယ် ဆိုတာ ပြောပြဖို့ Nandar's Kitchen ရှိတယ်လေ...

အဲ့တော့ ဒီနေ့.. နန္ဒာတို့ အိမ်မှာ ထောပတ်ထမင်း၊ အုန်းထမင်းတွေ ချက်တဲ့အခါ တွဲစားဖို့ ချက်နေကြ အနှစ်ခပ်ပိုင်ပိုင်နဲ့ ကြက်သားဟင်းချက်နည်းကို တင်ပေးလိုက်ပါတယ်။  ထုံးစံအတိုင်း ဆရာစားမချန် ပြောချင်လွန်းလို့ ချက်နည်းကိုလည်း တစ်ပုံချင်းစီ နဲ့ တစ်ဆင့်ချင်း ပြောပြပေးထားပါတယ်နော်။ သေချာဖတ်ကြည့်ပြီး အားလုံး အိမ်မှာ လိုက်လုပ်စားကြည့်နိုင်ပါပြီ!!!



ဒီတိုင်းကြည့်ရင် ဒံပေါက်ဆိုင်တွေ၊ အလှူအိမ်တွေက ကြက်သားဟင်းအတိုင်းပဲ ဟုတ်? တကယ်တော့ အိမ်ချက်စစ်စစ်ပါ။

ပိုပြီးထူးခြားတာက ဒီ ကြက်သားဟင်းချက်ရာမှာ သုံးထားတဲ့ ငြုပ်သီးမှုန့် နဲ့ နနွင်းမှုန့်တွေက Three Stars က ထုတ်တဲ့ မှိုမပါ၊ ဆိုးဆေး လုံးဝမပါတဲ့ Organic ငြုပ်သီးမှုန့် နဲ့ နနွင်းမှုန့်တွေပဲ ဖြစ်ပါတယ်။

အဲ့တော့ ငြုပ်သီးမှုန့် မသန့်လို့ ဖြစ်မဲ့ ကျန်းမာရေးပြသာနာတွေ အတွက်လည်း စိတ်ချရ...စားလို့လည်းကောင်းး ;) 

ကဲ...ချက်နည်းလေးတွေ တစ်ပုံချင်း စကြည့်လိုက်ကြရအောင်..


စတာနဲ့ လာပါပြီ...ဟောဒီမှာ သူဇာတ်လိုက်!!!

ဟုတ်ပါတယ်။ ဒီကြက်သားဟင်း အနှစ်ပိုင်ပြီးမွှေးရတဲ့ သော့ချက်တစ်ခုက ကြက်သွန်ကြော်နဲ့ချက်လို့ပါ။ သာမာန်ကြက်သားဟင်းတွေ ချက်သလို ကြက်သွန်စိမ်းကို ဆီသတ်ပြီး တန်းမချက်ပါဘူး။

ဒီအဆင့်မှာ နနွင်းမှုန့်က မပါမဖြစ်နော်။ သူပါမှ ကြက်သွန်ကြော်က အနံ့ပိုမွှေးပြီး အရောင်လှမှာ။ နန္ဒာက Three Stars က ဆိုးဆေးလုံးဝမပါတဲ့ Organic နနွင်းမှုန့်ကို သုံးထားလို့ ဒီလို ခပ်ရောင်ရောင်လေးပဲ ၀ါနေတာ တွေ့ရတာပါ။  နနွင်းမှုန့်ပါတာ သတိမထားမိကြမှာ စိုးလို့။

ခုလို ဆီပူထဲမှာ နနွင်းမှုန့်လေး နည်းနည်းအရောင်ပါရုံထည့်...ပြီးတော့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီတွေကို အရင် ထည့်ကြော်ရပါမယ်။


ဒီအဆင့် နည်းနည်းအရေးကြီးပါတယ်။

မီးအနေတော်နဲ့ ဟိုဘက်ဒီဘက် မွှေကြော်ရင်း ဒီလောက် ကာလာအနေအထားရောက်တာနဲ့ ကြက်သွန်ကြော်ကို ဆယ်ယူရပါမယ်။ တစ်အား ရွေအိုရောင် သန်းတဲ့အထိ ဆီပူထဲမှာ မထားရပါဘူး။ ဒီအနေလောက်ဆယ်မှ ဆီစစ်ထားတုန်း သူ့အငွေ့လေးနဲ့သူ ဆက်အပူဓာတ်ရပြီး...


တစ်ဖြည်းဖြည်း နဲ့ ခုလို ရွှေအိုရောင်ကာလာတက်လာပြီး ကြွပ်လာပါလိမ့်မယ်။

အဲ့လိုမဟုတ်ပဲ ဒီပုံထဲက ကာလာဖြစ်မှ ဆီအိုးထဲက စဆယ်မယ်ဆို...ဆီစစ်နေတုန်း အပူငွေ့က သူ့ကို ထပ်ကျက်စေတော့ အေးလည်းအေးကော ညိုမဲပြီး ခါးသွားနိုင်ပါတယ်ရှင်။ ဒါဆို ဟင်းထဲထည့်ချက်တဲ့အခါ ဟင်းအရသာပါ ပျက်သွားနိုင်ပါတယ်။

ဟုတ်ကဲ့...ဒီဇာတ်လိုက်ကျော်က စမီး ကြက်သားဟင်းအတွက် အဲ့လောက်ကို အရေးကြီးလို့ ခုလို ပုံ ၃ပုံတိတိ နဲ့ ကနဦးနိဒါန်းချီလိုက်ရခြင်းဖြစ်ပါတယ် :P

ကြက်သားလေး နှပ်ဖို့ စပြင်မယ်နော်..


ကြက်သားကို မချက်ခင် အရင်နှပ်မှာပါ။ ကြိုက်တဲ့ ကြက်သားကို သုံးနိုင်ပါတယ်။ နန္ဒာကတော့ ဗမာကြက်ပေါင်တွေကို သုံးပြီး ချက်ပြသွားမှာ ဖြစ်ပါတယ်..အရသာပိုရှိတယ် ထင်လို့ပါ။ သူ့ကို နှပ်ဖို့ ဘာတွေလိုလဲဆို -

ဘယ်ဘက်ကတစ်ခြမ်းက -

- မဆလာ
- Three Stars ငြုပ်သီးအကြမ်းမှုန့် (အာ့မျိုးမဟုတ်ပဲ ငြုပ်ဖတ် တစ်အားကြီးပြီးကြမ်းတာပဲရှိရင် မထည့်ပါနဲ့)
- Three Stars နနွင်းမှုန့် 
- Three Stars ငြုပ်အနုမှုန့် (အများအခေါ် အရောင်တင်မှုန့်) တွေ ဖြစ်ပါတယ်။

ကြက်သားရဲ့ ညာဘက်ခြမ်းကတော့ -

- ခုနက ကြက်သွန်ကြော်ထားတဲ့ ဆီ
- ကြက်သွန်ကြော်
- ကရဝေးရွက် နဲ့ သစ်ကြားပိုးခေါက်
- ညက်နေအောင် ထောင်းထားတဲ့ ဇီယာစေ့များ (ဇီယာမမြင်ဖူးသူ Beginners များအတွက် Comment မှာ ပုံတွဲတင်ပေးထား)
- ညက်နေအောင် ထောင်းထားတဲ့ ဂျင်း ၊ ကြက်သွန်ဖြူ
- ဆား နဲ့ ဟင်းခတ်မှုန့်

ဒီလောက်ဆို..အသားနှပ်လို့ရပါပြီ။ (ကရဝေးရွက်၊ သစ်ကြားပိုခေက် နဲ့ ဇီယာစေ့ရှာထည့်ဖို့ အဆင်မပြေသူတွေကတော့ မဆလာကိုပဲ နည်းနည်းပိုသုံးပေးပါ။ တကယ်တော့ သူတို့တွေအားလုံးကို စူပါမားကတ်တော်တော်များများ နဲ့ ကုန်စုံဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်။ ပေါပါတယ်။)

ကြက်သားတွေကို ခုလို အားရပါးရနယ်လို့ရမဲ့ ပန်းကန်လုံးကြီးကြီး (သို့) ဇလုံခပ်ကြီးကြီးထဲ အရင်ပြောင်းထည့်လိုက်ပါ။

ပြီးရင် ကရဝေးရွက် နဲ့ သစ်ကြားပိုခေါက်က လွဲရင် ရှေ့မှာပြောခဲ့တဲ့ ပါဝင်ပစ္စည်းတွေအားလုံး ထည့်လိုက်ပါ။

ကြက်သားတွေ နဲ့ အမွှေးကြိုင်အရသာတွေ သမသွားအောင် နှံ့နှံ့စပ်စပ် သေချာနယ်ပေးပါ။

အရသာနှံ့ပြီဆို အဖုံးလေးအုပ်ပြီး အနည်းဆုံး ၁ နာရီ မှ ၂ နာရီခန့််အထိ နှပ်ထားပေးရပါမယ်။

ကြက်သားနှပ်ထားတာလေးတွေကလည်း အရသာဝင်လောက်ပြီဆို...ခုနက ကြက်သွန်ကြော်တုန်းက သုံးတဲ့ဆီကိုပဲ အပူပြန်ပေးပြီး ကရဝေးရွက် နဲ့ သစ်ကြားပိုးခေါက်လေး အရင်ဆုံးထည့်ဆီသတ်ပါမယ်။ ပျဉ်းတော်သိမ်ရွက်လေးပါ ရှိလို့ ထည့်ဆီသတ်မယ်ဆိုရင်တော့ အလွန့်အလွန်ကောင်းး :D

အာ့တွေကို တစ်မိနစ်လောက် ဆီသတ်ပြီးတာနဲ့ ဆီနံ့လေးက တော်တော်မွှေးတက်လာပါလိမ့်မယ်။ ဆိုင်က ကြက်သားဟင်းတွေ မွှေးတယ်မွှေးတယ်ဆိုတာ အဲ့အကွက်တွေပါလို့လေ :P

ပြီးရင် ခုနက အရသာနယ်ပြီး နှပ်ထားတဲ့ ကြက်သားတွေကို ထည့်လိုက်ပါမယ်။ ဒီမှာ တစ်ချက်သတိထားမိလားသိဘူး။ 

ငြုပ်သီးမှုန့်တွေ နနွင်းမှုန့်တွေ နဲ့ ထည့်နယ်နှပ်ထားတာတောင် ကြက်သားအရောင်က ရဲတွတ်မသွားဘူးတွေ့လား။ သူ့ဟာသူ ခပ်ရောင်ရောင်လေးပဲ ကာလာက။ အဲ့တာ နန္ဒာသုံးထားတဲ့ Three Stars  ငြုပ်သီးမှုန့်တွေ နနွင်းမှုန့်တွေက ဆိုးဆေးလုံးဝ မပါတာတွေကြောင့်မို့ပါ။

ထည့်လိုက်တဲ့ ကြက်သားတွေက ခုလို အရေခွံလေးတွေ အသားလေးတွေ တင်းလာတဲ့ အချိန်ထိ ဆက်ဆီသတ်ပေးရပါမယ်။

ကြက်သားလေးက အပြင်သားလေးတင်းပြီး အနှစ်လေးတွေကလည်း စမွှေးလာပြီဆို ရေထည့်ပါမယ်။

ရေထည့်တဲ့အခါလည်း ခုလို ကြက်သားမြုပ်ရုံပဲ ထည့်ပါမယ်။ အဲ့အဆင့်မှာ အပေါ့အငန်မြည်းပြီး လိုသလို အရသာထပ်မံဖြည့်စွက်နိုင်ပါတယ်။ 

နန္ဒာကတော့ ဟင်းအရောင်လေး နည်းနည်းပိုတက်ပြီး မွှေးစေချင်လို့ အစကသုံးတဲ့ Organic ငြုပ်သီးမှုန့်လေး နဲ့ မဆလာလေးကို နည်းနည်း ထပ်ဖြူးထည့်လိုက်ပါတယ်။

ပြီးရင် အဖုံးလေး လုံအောင်အုပ်ထားလိုက်ပါ။ မီးကို အနေတော်ပဲထားပြီး ကြက်သားကို ကျက်အောင် ချက်ပေးရပါမယ်။

ကိုယ်သုံးတဲ့ကြက်သား အမာအပျော့ပေါ် မူတည်ပြီး ရေလိုရင်လိုသလို ထပ်ထပ်ထည့်ပြီး ချက်ပေးနိုင်ပါတယ်။

နန္ဒာကတော့ ၂ ရေလောက် ထပ်ထည့်ပြီး ဒီလို နောက်ဆုံးရေ မခမ်းတခမ်းလေးမှာ အဖုံးလေးဖွင့်ထားပြီး အပေါ်အောက် သမအောင် လှန်ပြီး ဆက်ချက်ထားလိုက်တယ်။

ဒီအဆင့်မှာ ကြက်သားနံ့ နဲ့ အနှစ်ထဲက အနံ့တွေ မွှေးတာမွှေးတာဆိုတာလေ..မပြောပြတတ်ဘူးရယ်။

ဟုတ်..စိတ်ကို ခိုင်ခိုင်ထားပြီး ရေခမ်းအောင် ဆက်ချက်ပါတယ်။ ကြက်သားအနေအထားက ကိုယ်လိုတဲ့ အနေအထားလည်းရောက်ပြီ...ရေလည်းခမ်းပြီး ခုလို ဆီပြန်လာပြီဆို မီးပိတ်ပြီး...

ခုလို စားပွဲပန်းကန်လေးထဲ ပြောင်းထည့်ကာ အနှစ်တွေ စပယ်ရှယ်ပိုင်ပြီး မဆလာနံ့တွေ ကြိုင်လှိုင်နေတဲ့ ကြက်သားဟင်းလေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ရှင် :D (အမယ်လေး..ဒီထိဖတ်လာရတာ အားလုံး ဗိုက်တွေဆာရောပေါ့..အားတော့နာမိပါရဲ့ :P)

တကယ်တော့ အဲ့ချက်နည်းတိုင်း အပြင်မှာလိုက်ချက်နိုင်မယ်ဆို အရသာက အလှူပွဲတွေအော်ဒါလိုက်လို့ရအောင်အထိ အဆင်ပြေပါတယ်။ ဟင်းထဲမှာ ထည့်တဲ့ ငြုပ်သီးမှုန့် နနွင်းမှုန့် တွေကို မှိုတွေ၊ဆိုးဆေးတွေ ပါမှာကြောက်ရင်လည်း နန္ဒာသုံးသွားတဲ့ စိတ်ချရတဲ့ Three Stars က ထုတ်တဲ့ Organic ငြုပ်သီးမှုန့် နဲ့ နနွင်းမှုန့်တွေကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ 

သူ့ ပစ္စည်းတွေအကြောင်းတောင် နန္ဒာ Review ရေးထားဖူးသေးတယ်။ သိချင်ရင် အဲ့ Link ထဲ ၀င်ရောက်လေ့လာနိုင်ပါတယ်ရှင့်။ https://web.facebook.com/nandarskitchen/posts/171835063521262

အဲ့တော့ နန္ဒာပြောခဲ့တဲ့ ဒီချက်နည်းလေးအတိုင်း ကြက်သားဟင်းတစ်ခွက်ကို ခပ်ပိုင်ပိုင်လေးချက်ပြီး အိမ်ကလူတွေကို လက်စွမ်းပြလိုက်ပါ။ အမှတ်တွေပိုရစေရမယ်..မယုံရင်ကြည့်နေလိုက် :P


ကဲ..ကိုယ်တွေကတော့ အဲ့နေ့က အိမ်မှာ အုန်းထမင်းပါ တွဲချက်ပြီး တစ်နေကုန်ဆွဲတာ ဟောဒီလိုတွေချည်း ၄ ပန်းကန်ပြောင်သွားတယ်လေ :D ကျေနပ်တယ် ^_^




Ref:#NandarsKitchen FB #MasalaChickenCurry :https://www.facebook.com/117107125660723/posts/172772226760879/


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!