Popular Posts!

Wednesday, February 13, 2019

တရုပ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံ






တိန့်ရှောင်ဖိန့်ဟာ ၁၉၇၆ မော်စီတုန်း ကွယ်လွန်ချိန်မှာ ရာထူးကြီးမားမရှိပါဘူး။ မော်စီတုန်းရဲ့ ဇနီးနဲ့ လေးဦးဂိုဏ်း က လွှမ်းမိုးပေမဲ့ မော်စီတုန်းက ဟွကိုဖုန်းကို ပါတီဥက္ကဌအဖြစ် တာဝန်ပေးခဲ့ပြီး ကွယ်လွန်ခဲ့ပါတယ်။ မော်စီတုန်း ကွယ်လွန်ပြီး လအနည်းငယ်အတွင် အုပ်စုနှစ်ခု အာဏာပြိုင်ဆိုင်ပွဲမှာ လေးဦးဂိုဏ်း ရှုံးနှိမ့် ဖမ်းဆီးခံလိုက်ရပါတယ်။ တိန့်ရှောင်ဖိန်း အုပ်စုနဲ့ ဟွကိုဖုန်း အုပ်စု ဆက်လက်အာဏာပြိုင်ဆိုင်ရာမှာ တိန့်ရှောင်ဖိန့် ၁၉၇၈ မှာ အနိုင်ရရှိပြီး၊ တရုပ်ပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အရှိန်အဟုတ်မြှင့် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရှုံးနိုမ့်သွားတဲ့ ဟွကိုဖုန်းကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်အဖြစ် ဆက်လက်ခန့်ထားခြင်းဖြင့် ရှုံးသူများကို ထောင်ချ၊ ချောင်ထိုးမှုစနစ်ကို ချေဖျက်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန့်ကို အရင်းရှင်ဝါဒ ပြန်အသက်သွင်းလိုသူအဖြစ် ကွန်မြူနစ်ပါတီမှာ ရာထူးကြီးများက ဖယ်ရှားထားပေမဲ့၊ မထုတ်ပယ်ခဲ့ပါဘူး။  မော်စီတုန်းက အကာကွယ်ပေးထားခြင်းကြောင့် ဖြစ်ပါတယ်။ တရားမျှတစွာ နိုင်ငံရေးအာဏာ ယှဉ်ပြိုင်မှုစနစ်ကို ကွန်မြူနစ်ပါတီတွင်း မရှိသေးပါဘူး။ ခေါင်းဆောင် ပြုတ်ရင် လက်အောက်ငယ်သားအားလုံး ပြုတ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီ နိုင်ငံရေးစနစ်ကိုလဲ တိန့်ရှောင်ဖိန့်က ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ အခုအခါ အုပ်စုတစ်ခုက ၁၀နှစ်ခေါင်းဆောင်တဲ့ တရုပ်နိုင်ငံရေးစနစ်ကို ကျင့်သုံးနေကြပါတယ်။ 
.
ပထမအဆင့် 1978–84 
တိန့်ရှောင်ဖိန့် ခေါင်းဆောင်ပြီး ပထမဆုံး လယ်ယာကဏ္ဍကို စတင်ပါတယ်။ နှစ်ပေါင်းများစွာ ကွန်မြူနစ်ပါတီရဲ့ မှားယွင်းခဲ့တဲ့ လယ်ယာကဏ္ဍပါ။ ၁၉၇၀ နောက်ပိုင်းမှာ အစားသောက်ဖြန့်ဖြူးမှုနဲ့ အစားအစာထုတ်လုပ်ခြင်းမှာ တော်တော်ဆိုးဝါးလာတဲ့အတွက် အစိုးရအရာရှိကြီးများကို တရုပ်ပြည် ၁၉၅၉ အငတ်ဘေးအတိုင်း ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီ အငတ်ဘေးမှာ လူပေါင်း ၁၀သန်းကျော် သေဆုံးခဲ့ရပါတယ်။ တိန့်ရှောင်ဖိန့်က စုပေါင်းလယ်ယာစနစ်ကို ဖျက်သိမ်းခြင်းနဲ့ မိမိအိမ်ထောင် မိမိတာဝန်ယူတဲ့ စနစ်ကို ပြောင်းလဲစေပါတယ်။ စုပေါင်းလယ်ယာမြေများကို လယ်သမားများပိုင် လယ်ကွက်ငယ်ကလေးများအဖြစ် ခွဲဝေပေးပြီး၊ ပြောင်းလဲစေပါတယ်။ လယ်သမားများက လယ်မြေများကို ရရှိပြီး အစိုးရထံ သီးနှံအချိုးကျ ရောင်းချ ပေးသွင်းစေတဲ့ နည်းကို အသုံးပြုပါတယ်။ လယ်ယာကုန်ထုတ်လုပ်ငန်းက ၁၉၇၅ မှာ ၁၉၈၅ ၁၀နှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍပြောင်းလဲခြင်းကနေ လယ်ယာကဏ္ဍ ၂၅% တိုးတက်လာပါတယ်။ တိန့်ရှောင်ဖိန့်က အောက်ခြေအဆင့်ကနေ အထက်ကိုတင်ပြတဲ့စနစ် အသုံးပြုပြီး၊ ရုရှားနိုင်ငံက ဂိုဘာချက်ခေါင်းဆောင်တဲ့ ပွင့်လင်းကြ Perestroika ဆိုတဲ့ စနစ်ကလည်း တရုပ်ပြည်ခေါင်းဆောင်များအတွက် အဓိကကျတဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။ အခြေခံကျတဲ့ အောင်မြင်မှုနဲ့ စတင်ခဲ့ပါတယ်။ 
.
ပြုပြင်ပြောင်းလဲမှုများဟာ မြို့ပြစက်မှုလုပ်ငန်းများကိုလဲ ကုန်ထုတ်လုပ်မှု တိုးတက်လာစေပါတယ်။ ကုန်ဈေးနှုန်း၂မျိုး စနစ်ကို ကျင့်သုံးစေပါတယ်။ အဲဒီအချိန်က တရုပ်ပြည်မှာ ပြည်သူပိုင်စက်ရုံချည်းပဲ ဖြစ်ပါတယ်။ ၁၉၇၉ နောက်ပိုင်းမှာ ပြည်သူပိုင် စက်ရုံများက သူတို့ထုတ်လုပ်ကုန်များရဲ့ သတ်မှတ်ရာနှုန်း ကိုတာတစ်ကို ပြင်ပပေါက်ဈေးနဲ့ ရောင်းချခွင့် ပေးထားပါတယ်။ အဲဒီ နည်းနဲ့ မော်စီတုန်းလက်ထက်က ဖြစ်လေ့ရှိတဲ့ ..တရုပ်ပြည်တွင်း ကုန်ပစ္စည်း ပြက်လပ်မှုများကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာ နိုင်ငံပိုင် စက်ရုံများကို တစ်ဦးချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ကန်ထရိုက်စနစ်နဲ့ အုပ်ချုပ်ကိုင်တွယ်စေခဲ့ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းများကိုလည်း တရားဝင်ခွင့်ပြု လုပ်ခွင့် ဖွင့်ပေးလာပါတယ်။ ပုဂ္ဂလိက ကဏ္ဍပိုင်ဆိုင် ထုတ်လုပ်မှုများကို တဖြေးဖြေး တိုးမြင့်လာစေပြီး၊ ကုန်ဈေးနှုန်းများကို အစိုးရက ကန့်သတ်မှုနည်းပါးလာပါတယ်။ ၀န်ဆောင်မှု ပုဂ္ဂလိကလုပ်ငန်းများလည်း ကျယ်ဝန်းလာပါတယ်။ 
.
နိုင်ငံခြား ရင်းနှီးမြှတ်နှံမှုများကိုလည်း ဖွင့်ပေးလိုက်ပါတယ်။ ပထမဆုံး စက်မှုဇုံများ SEZ Special Economic Zones များစွာကို ဖော်ထုတ်ပါတယ်။ အဲဒီ ဇုံများမှာ တရုပ်ကွန်မြူနစ်စနစ်ရဲ့ ဗြူရိုကရက်တစ် ဗဟိုထိန်းချုပ်မှုများ လွတ်ကင်းအောင် လုပ်ပေးပါတယ်။ အစိုးရ အရာရှိများ၊ ဌာနများ တိုက်ရိုက်ဝင်မစွတ်နိုင်အောင် ကန့်သတ်ပေးလိုက်ပါတယ်။ ဌာနဆိုင်ရာများ ပါဝင်မှုက စီးပွားရေးလုပ်ငန်းများကို နှောင့်နှေး ထိခိုက်စေတာကြောင့် စက်မှုဇုံများမှာ တရုပ်ပြည်ဥပဒေများနဲ့ ကင်းလွတ်စေပါတယ်။ သီးခြား စက်မှုဇုံ ဥပဒေများနဲ့ တည်ထောင်ပေးပါတယ်။ စက်မှုဇုံ (၃)ခု ပေါ်ပေါက်လာပြီး တရုပ်ပြည်ရဲ့ ရှေ့ဆောင်စီးပွားတိုးတက်မှုရဲ့ ရှေ့ဆောင် စက်မှုဇုံများ ဖြစ်လာပါတယ်။ (မြန်မာပြည်လဲ ၁၉၉၂ နောက်ပိုင်း တရုပ်စတိုင် စက်မှုဇုံ ၅၂ခု တည်ဆောက်ခဲ့ပေမဲ့ သီလ၀ါစက်မှုဇုံတခုပဲ အခြေအနေကောင်းပါတယ်။ 
.
.
ဒုတိယအဆင့် 1984–93
တိန့်ရှောင်ဖိန့်ရဲ့ ပေါ်လစီများက ပထမအဆင့်ထက် များစွာပြောင်းလဲသွားပါတယ်။ ပုဂ္ဂလိက ကဏ္ဍကိုအစိုးရထိန်းချုပ်ခြင်း နဲ့ အစိုးရက ၀င်ရောက်စွတ်ဖက်ခြင်းများ ဆက်လက်နည်းပါးစေပါတယ်။ သိပ်ကြီးတဲ့ နိုင်ငံပိုင် စီးပွားလုပ်ငန်းများကို ပုဂ္ဂလိက အသေးစား၊ အလတ်စားများအဖြစ် ခွဲဝေပြဌာန်း လုပ်ကိုင်စေပါတယ်။ အစိုးရပိုင် လုပ်ငန်းများကို ဗဟိုဦးစီးမှု လျှော့ချပြီး နိုင်ငံပိုင်စက်ရုံလုပ်ငန်းများ မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်စေခြင်းနဲ့ စမ်းသပ်လုပ်ကိုင်ရင်း တိုးတက်လာစေပါတယ်။ မြို့နယ်နဲ့ ကျေးရွာအဆင့် မှာတော့ လယ်ယာကုန်ထုတ်လုပ်ငန်းများ ပုဂ္ဂလိကကို လုံးဝပြောင်းလဲ လုပ်ကိုင်စေနိုင်ပါတယ်။ ကျေးလက်ဒေသများမှာ အစိုးရဌာနဆိုင်ရာများကပိုင်ပေမဲ့ ပုဂ္ဂလိကအုပ်ချုပ်မှု ဖြစ်သွားကြပါတယ်။ သက်ကြီးအုပ်စုတစ်ခု တည်ဆောင်ပေးခြင်းအားဖြင့် .. ကျေးလက်လယ်ယာလုပ်ငန်းများမှာ အစိုးရဌာနဆိုင်ရာ အုပ်စုများက အမြတ်ထုတ်ယူနေခြင်းများကို လုံးဝရပ်တန့်စေခဲ့ပါတယ်။ သို့သော်လည်း တပြည်လုံးမှာ အဂတိ၊ လာပ်ပေးလာပ်ယူမှုများစွာ တိုးပွားလာပြီး၊ ကုန်ဈေးနှုန်းများ တက်လာခြင်း၊ ငွေကြေးဖောင်းပွမှု အဆမတန် တိုးပွားလာပါတယ်။ ဆင်းရဲချမ်းသာ အလွန်ကွာခြားလာပြီး ဂီနီအညွန်းမှတ် Gini Index  ၆၀ကျော်အထိ တက်လာပါတယ်။ တရုပ်တစ်နိုင်ငံလုံး မကြေနပ်မှုများစွာဖြစ်လာပြီး.  တိုင်နမင်အရေးအခင်း Tianamen Square Protest ၁၉၈၉ မှာပေါ်ပေါက်လာပြီး တိန့်ရှောင်ဖိန့်အစိုးရက နှိမ်နင်းပြီး၊ ပြုပြင်ပြောင်းလဲသူများစွာ ဖယ်ရှားခံရပါတယ်။ တိန့်ရှောင်ဖိန့် စီးပွားရေးပေါ်လစီ နောက်ပြန်ဆွဲလုနီးပါး ကြုံတွေ့ခဲ့ရပါတယ်။ တိန့်ရှောင်ဖိန့် ပြန်လည်ထိန်းကျောင်း၊ ဦးဆောင်နိုင်ပြီး ၁၉၉၂ ခုနှစ်မှာ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို ဆက်လက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မော်စီတုန်း ပိတ်ပင်ခဲ့တဲ့ ရှန်ဟိုင်းစတော့ ဈေးကွက်ကို အနှစ်၄၀အကြာမှာ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ တရုပ်ပြည် Tiannamen Protest အရေးအခင်းကြီးကို အကြမ်းဖက်နှိမ်နင်းဖို့ ဦးဆောင်ခဲ့တဲ့ လီပင်း Li Peng ဆိုတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ 
.
.
တရုပ်နိုင်ငံ လျှပ်စစ်ဓါတ်အား
 နောက်ပိုင်း ကွန်ကရက်ဥက္ကဌ ၁၀နှစ်လုပ်ကိုင်စဉ် တရုပ်ပြည်ကြီးရဲ့ လျှပ်စစ်လုပ်ငန်း ၇၂%ကို သူ့မိသားစုပုံစံ  State Power Corp က အုပ်စီးခဲ့ပါတယ်။ Li Power Company လို့လဲ ခေါ်ကြပါတယ်။  လီပင်း ဟာ မြို့ပြအင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး နာမည်ကျော်ရေအားလျှပ်စစ် Three Geoges’ Dam (22,500 MW, hight 594ft) ကိုဦးဆောင် တည်ဆောက်ခဲ့ပါတယ်။ ယန်စီမြစ်ကြီးကို ပိတ်ပြီး ရေအားလျှပ်စစ်တာတမံ ၉ခု တည်ဆောက်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ် တရုပ်နိုင်ငံကွန်ကရက်ဥက္ကဌ တာဝန်က အနားယူသွားပြီးမှာ တရုပ်အစိုးရက State Power Corp ကို ကုမဏီကြီး (၅)ခု ခွဲထုတ်ပြီး၊ လက်ဝါးကြီးအုပ်လျှပ်စစ်လုပ်ငန်းကြီး ရပ်ဆိုင်းသွားခဲ့ပါတယ်။ တရုပ်ပြည်လျှပ်စစ်လုပ်ငန်းများကို ပုဂ္ဂလိကပုံစံ လုပ်ကိုင်မှုက တရုပ်စီးပွားရေးစနစ် တိုးတက်မှုမှာ အဓိကနေရာက ပါဝင်နေပါတယ်။ တရုပ်နိုင်ငံ လျှပ်စစ်ဓါတ်အားကို အများပိုင်(ပုဂ္ဂလိကပိုင်) တိုးတက်လာပုံကို သီးသန့် ရေးသားထားပါတယ်။ တင်ပြပါဦးမယ်။ 
ကိုးကား။  https://en.wikipedia.org/wiki/Three_Gorges_Dam
.
၁၉၈၈ခုနှစ် ရှစ်လေးလုံး တတိုင်းပြည်လုံး အုံကြွမှုကို စစ်အစိုးရက နှိမ်နင်းပြီး မြန်မာနိုင်ငံ ဆိုရှယ်လစ်စနစ် (အားလုံးပြည်သူပိုင်စနစ်) ကနေ ပုဂ္ဂလိကပိုင်စနစ်ကို တရုပ်စတိုင် ပြောင်းလဲခဲ့ပါတယ်။ စီးပွားပြောင်းလဲမှုများစွာ တိုးတက်လာပြီး၊ ၁၉၉၇ အရှေ့တောင်အာရှ စီးပွားရေးပြိုလဲချိန် မြန်မာစစ်အစိုးရက တံခါးပိတ်ဝါဒ ပြန်ကျင့်သုံးခြင်းအားဖြင့် အနက်ဆုံးသော စီးပွားကပ်ကို မြန်မာပြည်ရောက်ရှိသွားခဲ့ပါတယ်။ စစ်ခေါင်းဆောင်များ ၁၉၈၈ အရေးခင်းလို ပြည်သူအုံကြွမှု ဖြစ်လာမှာ စိုးရိမ်ကြပါတယ်။ ၂၀၀၇ သံဃာအရေးအခင်း မပြီးမှာတော့ စစ်ခေါင်းဆောင် ဦးသန်းရွှေ အာဏာလွှဲပြောင်းဖို့ စနစ်တကျ လုပ်ဆောင်ပြီး ရွေးကောက်ပွဲများလုပ်ဆောင် ပြိုင်ဆိုင်စေခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြုပြင်ပြောင်းလဲရေးက စစ်အာဏာရှင် ဦးသန်းရွှေ အာဏာလွှဲပေးတဲ့ ၂၀၁၁ ခုနှစ်ကပဲ စတင်ခဲ့ပြီး၊ ယခု ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်အယ်ဒီ ပါတီကို စစ်အုပ်စုနဲ့ တွဲဖက် နိုင်ငံကိုအုပ်ချုပ်စေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုက တရုပ်ပြည်စတိုင် ဖြစ်နေတာကို တွေ့ရမယ် ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များ နဲ့ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ပေါ်ထွန်းလာတာကို ယခု ဒေါ်အောင်ဆန်းစုကြည် အစိုးရက အမွေခံပြီး ပြုပြင်ပြောင်းလဲနေပါတယ်။ ၁၉၈၉ ခုနှစ် တရုပ်ပြည် အရေးအခင်းက မြန်မာပြည် ၂၀၀၇ သံဃာအရေးအခင်းနဲ့ တူတယ်လို့ ပြောနိုင်ပါတယ်။ 
.
.
တတိယအဆင့် 1993–2005
ဒီအချိန်မှာတော့ တရုပ်ပြည် ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင် တိန့်ရှောင်ဖိန့် အနားယူသွားပြီ ဖြစ်ပါတယ်။ ၁၉၇၈ ကနေ ၁၉၉၂ အထိ ၁၄နှစ် အကောင်အထည်ဖေါ်မှု လက်ပြောင်းလွှဲ နိုင်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန့် အလွန် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပါတယ်။ အရှိန်အဟုန် ကောင်းနေပြီဖြစ်လို့ တိန့်ရှောင်ဖိန့် ၁၉၉၈ မှာ ကွယ်လွန်သွားပေမဲ့ သူရွေးချယ်ခဲ့တဲ့ ခေါင်းဆောင်များက (eg. Jiang Zemin and Zhu Rongji ) တရုပ်ပြည်စီးပွားရေးကို အဟုန်ထိုး တိုးတက်သွားစေတဲ့ အချိန်ကာလဖြစ်ပါတယ်။ 
.
တရုပ်နိုင်ငံ စီးပွားရေးဟာ ဒုတိယအဆင့်မှာ တဟုန်ထိုး တိုးတက်ပြောင်းလဲလာပေမဲ့ နိုင်ငံပိုင်လုပ်ငန်းများမှာ တိုးတက်မှုနှေးကွေးမှု အခက်ခဲကြီး ဖြစ်ရပါတယ်။ နိုင်ငံတော်ပိုင်ဆိုင်မှု များစွာ၊ ကြီးမားစွာ ဆုံးရှုံးခဲ့ရပါတယ်။ နိုင်ငံပိုင်စီးပွားလုပ်ငန်းများဟာ အရှုံးပြတာများနေပြီး ငွေယိုပေါက်ကြီးများ ဖြစ်နေပါတယ်။ ငွေကြေးဖောင်းပွမှုဟာ အလွန်မြင့်မားပြီး ၁၉၈၅ ခုနှစ် ငွေဖောင်းပွမှုဟာ အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရပါတယ်။ ကုန်ဈေးနှုန်း အဆမတန် တက်လာပြီး၊ အဂတိလိုက်စားမှု၊ လာပ်ပေးလာပ်ယူမှု ထူပြောခဲ့ပါတယ်။ ၁၉၈၈ မှာ ကြီးစွာ ငွေဖောင်းပွမှုဖြစ်ခဲ့ပြီး ၁၉၉၂ခုနှစ်အထိ ကြာရှည်ခဲ့ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လူအပြောင်းအလဲများ လုပ်ဆောင်ပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကို အရှိန်အဟုန် မြှင့်တင်ပါတော့တယ်။ နိုင်ငံရဲ့ ဂျီဒီပီ အမျိုးသား ထုတ်ကုန်မှာ ပုဂ္ဂလိကပိုင် ရာခိုင်နှုန်း သိသိသာသာ ပါဝင်လာပါတယ်။ ၁၉၉၇၊ ၁၉၉၈ ခုနှစ်များမှာ အလွန်ကြီးမားတဲ့ ပြည်သူပိုင်ကနေ ပုဂ္ဂလိကပိုင် ပြောင်းလဲခြင်း ၊ အများပိုင်ကုမဏီအဖြစ် ပြောင်းလဲခြင်း၊ ရှယ်ရာများ ပြည်သူလူထုထံ ရောင်းချခြင်းများစွာ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၁-၂၀၀၄ ကာလများမှာ အစိုးရပိုင် အကြီးစားလုပ်ငန်းကြီး အနည်းငယ်ပဲ  (ဥပမာ..ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်း) ချန်ထားပြီး ပုဂ္ဂလိကအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ပုဂ္ဂလိက ပိုင်အခန်းကဏ္ဍက နိုင်ငံပိုင်ထက် ပိုမိုများပြားပြီး ဈေးကွက်စီးပွားရေးစနစ် အောင်မြင်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ပုဂ္ဂလိကပိုင် (အများပိုင်) ကဏ္ဍက ၅၂% အထိ ရှိလာပါတယ်။ တရုပ်နိုင်ငံတပ်မတော်ကြီးကို စီးပွားလုပ်ငန်းများ စွန့်လွှတ်ပြီး၊ ကာကွယ်ရေးလုပ်ငန်းများသာ လုပ်ဆောင်စေပါတယ်။ အခွန်အခများ၊ ကုန်သွယ်မှုအတားအဆီးများ၊ ဥပဒေနည်းဥပဒေပြဌာန်းခြင်းများ နဲ့အတူ ကမ္ဘာကုန်သွယ်ရေးအဖွဲ့ World Trade Organization အဖွဲ့ဝင်ဖြစ်လာပါတယ်။ အလုပ်အနားပေးခံရတဲ့အတွက် အစိုးရ၀န်ထမ်းများစွာရဲ့ မကြေနပ်မှုများစွာ ထပ်မံဖြစ်ပေါ်စေခဲ့ပါတယ်။ ငွေဖေါင်းပွမှု ကျဆင်းသွားပါတယ်။ ၂၀၀၅ ခုနှစ်မှာ အာရှစီးပွားရေးမှာ ဂျပန်ကို ကျော်တက်ပြီး အာရှ ပထမဖြစ်လာပါတယ်။ ဂျီဒီပီမှာတော့ ကမ္ဘာမှာ အမေရိကန်ပြီးရင် ဒုတိယဖြစ်နေပါတယ်။ 
.
.
နောက်ဆုံးစတ္တုထအဆင့် 2005 – Present (2018) ..ဆက်လက်ဖော်ပြပါမည်။ 

တရုပ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံ (၁): https://goo.gl/ye61Wo


တရုပ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံ (၂)



တရုပ်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦး အဂတိလိုက်စားမှု အရေးယူခံရပြီး မိမိကိုယ်ကို သတ်သေတဲ့ သတင်း ၂၀၁၇ မှာ တော်တော်တုန်လှုပ်သွားရပါတယ်။ Chinese General Commits Suicide as Xi’s Corruption Crackdown. ဒီသတင်းအားဖြင့် တရုပ်နိုင်ငံမှာ စစ်ဗိုလ်ချုပ်များ တော်တော်အာဏာရှိကြောင်း မြင်နိုင်ပါတယ်။ ဒါကြောင့် တရုပ်နိုင်ငံ စစ်ကော်မရှင်ဥက္ကဌ ရာထူးကို တရုပ်ခေါင်းဆောင်များက ချုပ်ကိုင်ထားပေမဲ့၊ တရုပ်စစ်ဗိုလ်ချုပ်များရဲ့ သြဇာအာဏာကြီးမားပါတယ်။ အာဏာဟာ သေနပ်ပြောင်းဝမှာ ရှိတယ်ဆိုတဲ့ မော်စီတုန်း စကားက ခေတ်အဆက်ဆက် မှန်ကန်နေဦးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံရေးမှာ ၂၅% ပါဝင်နေခြင်းက မထူးဆန်းပါဘူး။ အင်ဒိုနီးရှား၊ ထိုင်း နိုင်ငံများရဲ့ လွှတ်တော်တွေမှာ မြန်မာနိုင်ငံလို စစ်တပ်ကိုယ်စားလှယ် မပါပေမဲ့ သူတို့နိုင်ငံများမှာလဲ စစ်တပ်ရဲ့ သြဇာအာဏာ အလွန်ကြီးမားပါတယ်။ ဒါကြောင့် တရုပ်ပြည် စီးပွားရေးမှာ တရုပ်စစ်တပ်က ကဏ္ဍတစ်ခုက ပါဝင်သလို မြန်မာစစ်တပ်ကလည်း တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ကဏ္ဍတရပ်က ပါဝင်နေမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဂျီဒီပီ ရဲ့ ၂.၅% ရှိနေပါတယ်။ တရုပ်နိုင်ငံကတော့ စစ်အသုံးစရိတ်က ဂျီဒီပီရဲ့ ၁.၅% ပဲဆိုပေမဲ့ ကမ္ဘာမှာ အမေရိကန်၊ ရုရှားပြီးရင် တတိယအကြီးဆုံး စစ်အသုံးစရိတ်ဖြစ်နေပါတယ်။ စီးပွားအင်အား နဲ့ နိုင်ငံသြဇာကြီးအောင် လုပ်တဲ့ ခေတ်ကာလ ဖြစ်သော်လည်း ကမ္ဘာပေါ်မှာ စစ်လက်နက်က နံပါတ်(၁) စီးပွားရေးလုပ်ငန်းကြီးပဲ ဖြစ်နေပါတယ်။  ဒါကြောင့် တရုပ်နိုင်ငံ စီးပွားရေးမှာလဲ စစ်လက်နက်ထုတ်လုပ်ရေး၊ ၀ယ်ယူတည်ဆောက်ရေးတွေက အလွန်ကြီးမားတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။  

နောက်ဆုံးစတ္တုထအဆင့် 2005 – Present (2018)
၂၀၀၅ ခုနှစ်မှာ အုပ်ချုပ်ရေးစနစ်က တိန့်ရှောင်ဖိန့် စီးပွားရေးပေါ်လစီကို နောက်ပြန်ဆွဲသလို ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးကဏ္ဍကို ပိုမိုအားစိုက် ငွေကြေးအသုံးပြုလာပါတယ်။ ငွေကြေးစနစ် လျော့ရဲလာပါတယ်။ ဒါကြောင့် အမေရိကန် စီးပွားရေးနဲ့ ငွေကြေးအကြပ်အတည်း ၂၀၀၈ ခုနှစ်ကလိုပဲ အိမ်ခြံမြေဈေး ၃ဆလောက် ဖောင်းပွလာမှု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံခြား ဧရာမ ကုမဏီကြီးများကို ပြိုင်ဆိုင်ဖို့ တရုပ်ကုမဏီကြီးများကို National Champion များအဖြစ် မြှင့်တင် မြေတောင်မြှောက်ပေးရပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ တရုပ်ကွန်မြူနစ်ပါတီက တရုပ် အစိုးရနဲ့ ပုဂ္ဂလိကပိုင် ကုမဏီကြီးများ စုစုပေါင်း ၂၈၈ခု ကို ထိန်းချုပ်လာပါတယ်။ ဟောင်ကောင် ကုမဏီများလည်း  တရုပ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်ခံရပါတယ်။ ကမ္ဘာ့ စီးပွားရေး အခက်အခဲများမှာ တရုပ်ကုမဏီများ တရုပ်အစိုးရရဲ့ စီးပွားရေးပေါ်လစီနဲ့ အတူလိုက်နာနိုင်အောင် .. ကူညီပံ့ပိုးပါတယ်။ တရုပ်နိုင်ငံအစိုးရဟာ တရုပ်ကုမဏီများကို နိုင်ငံရေးအားဖြင့်လဲ ကာကွယ်စောင့်ရှောက်ပါတယ်။
.
.
တရုပ်စီးပွားရေးအောင်မြင်မှုအကြောင်းရင်းများ
လူတွေ အလုပ်လုပ်လာလေလေ တိုင်းပြည်စီးပွားတိုးတက်လေလေ ဖြစ်ပါတယ်။ လူတွေ အလုပ်လုပ်ချင်လာအောင် လမ်းတံတား၊ လျှပ်စစ်၊ လေယာဉ်၊ သင်္ဘော၊ ကား စတဲ့လုပ်ငန်းများ တိုးတက်အောင် အစိုးရက တည်ဆောက်ပေးရပါတယ်။ အလုပ်လုပ်လေလေ ပိုက်ဆံရလေလေ ဖြစ်တော့ လူ့သဘာဝအရ လူနေမှုအဆင့်အတန်း ပိုကောင်းဖို့ အလုပ်ပိုလုပ်လာရတယ်၊ ပညာပိုတတ်အောင် သင်ရတယ်။ ကြိုးစားရပါတယ်။ တရုပ်နိုင်ငံက ကွန်မြူနစ်စနစ်ဆိုးကြိုးနဲ့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံဘ၀ကနေ အချိန်တိုအတွင်း စီးပွားရေး ကမ္ဘာထိတ်တန်းနိုင်ငံဖြစ်လာရခြင်းအတွက် စီးပွားပညာရှင်များက အောက်ပါသီအိုရီများကို မှတ်တမ်းတင်ကြပါတယ်။ 

* ပထမသီအိုရီကတော့ ဗဟိုဦးစီးစနစ်ကို ဖျက်သိမ်းပြီး နည်းလမ်းမျိုးစုံကို ဒေသအာဏာပိုင်များက စမ်းသပ်ကျင့်သုံးခွင့်ပေးပြီ၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပေးခြင်းဆိုတဲ့ သီအိုရီဖြစ်ပါတယ်။ တိန့်ရှောင်ဖိန့်က အဓိက ခေါင်းဆောင်ဖြစ်နေပါတယ်။ 

* ဒုတိယသီအိုရီက အစိုးရခေါင်းဆောင်များ မိမိဒေသ၊ မိမိလုပ်ငန်းမှာ စီးပွားတိုးတက်လာရင် ရာထူးမြန်မြန်တက်တဲ့ ရာထူးတိုးစနစ်ကြောင့် လို့ဆိုပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်များက မိမိဒေသအတွက် ရင်းနှီးမြှတ်နှံသူများ လာရောက်ရေးကို အလွန်ဆာငတ်ကြပါတယ်။ စီးပွားရေးဥပဒေ၊ နည်းဥပဒေ၊ ကြိုးနီစနစ်များ၊ အတားအဆီးများကို လျှော့ပေါ့ပေးကြပါတယ်။ စီးပွားတက်အောင်လုပ်ပြရင် ရာထူးတိုးပေးတဲ့ စနစ်ကြောင့်လို့ ဆိုပါတယ်။ 

* တတိယ သီအိုရီကတော့ ခေါင်းဆောင်တိန့်ရှောင်ဖိန့် ပြုစုပျိုးထောင်၊ ရွေးချယ်တဲ့ ပြုပြင်ပြောင်းလဲရေးသမာများ ကြောင့်လို့ဆိုပါတယ်။ အနာဂါတ်ခေါင်းဆောင် ပြုစုပျိုးထောင်ရေးစီမံကိန်း ကြောင့်လို့ဆိုရင် အဓိကလူက အဲဒီစနစ်ကို စတင်ပေးတဲ့ တိန်ရှောင်ဖိန့်ပဲ ဖြစ်ပါတယ်။ 

* နောက်ထပ် သီအိုရီ တစ်ခုကလည်း ကွန်ဖြူးရှင်အယူဝါဒ ကို ပြန်လည်ကျင့်သုံးခြင်းကြောင့် လို့ဆိုပါတယ်။ အင်္ဂလိပ်နဲ့ဂျပန်များ တရုပ်ပြည်ကို ၀င်ရောက်လာပြီး ကွန်ဖြူးရှယ် အယူဝါဒ အနှစ်၂၅၀၀ ကြီးစိုးခဲ့တဲ့ တရုပ်အုပ်ချုပ်ရေးစနစ် ပျက်စီးသွားခဲ့ပါတယ်။ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်များလက်ထက်မှာလဲ ကွန်ဖြူးရှပ်ဝါဒီများကို နှိပ်ကွပ်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန့် လက်ထက်မှာ ပြန်လည်သင်ကြားပို့ချစေခဲ့ပါတယ်။ 

* ပြည်ပပို့ကုန် တိုးမြှင့်ရေး မဟာဗြူဟာကို ဂျပန်နိုင်ငံက ၁၉၆၀-၁၉၇၀ ခုနှစ်များက အောင်မြင်စွာကျင့်သုံးနိုင်သလို လုပ်ဆောင်နိုင်လို့၊ ကျား၎ကောင် ဆိုတဲ့ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ တို့ကိုအတုယူနိုင်လို့ ဆိုတဲ့ သီအိုရီလည်း ရှိပါတယ်။  
.
.
လက်ရှိ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့
 ပြည်သူလူထို အလုပ်အကိုင်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းများမှာ နိုင်ငံခြား ရင်းနှီးမြှတ်နှံကြဖို့ အရေးတကြီးလိုအပ်နေပါတယ်။ Ease of Doing Business မှာ အလွန်ရှုပ်ထွေး ခက်ခဲနေတော့ နိုင်ငံခြားကုမဏီများ မလာနိုင်သေးပါဘူး။ အထူးသဖြင့် ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းများစွာ မြန်မာနိုင်ငံ ၀င်ရောက်လာဖို့ စောင့်နေပါတယ်။ မြန်မာလည်ယာထုတ်ကုန်များလဲ စိုက်သမျှ၊ မွေးသမျှ တရုပ်နိုင်ငံကြီးက ၀ယ်ယူဖို့ အသင့်ရှိနေပါတယ်။  စစ်အာဏာရှင်စနစ်က လက်ဝါးကြီးအုပ် လက်မဲကြီးများရဲ့ ကုမဏီများကပဲ ဥပဒေမဲ့ မတရားအနိုင်ယူထားဆဲ ဖြစ်ပါတယ်။ 
.
မြန်မာနိုင်ငံမှာ ခေါင်းဆောင်တွေကို အားမရတာနဲ့ တပ်မတော်က ၂၅% ထိန်းချုပ်ထားတာနဲ့ အားမရဖြစ်မိကြပါတယ်။ နိုင်ငံတော်အဆင့်၊ ပြည်နယ်တိုင်းအဆင့် နဲ့ မြို့နယ်အဆင့်၊ နောက်ဆုံး ကျေးလက်ရက်ကွက် အဆင့်တောင်မှ အားမရဖြစ်ရတယ်။ လူတွေရဲ့ စရိုက်တွေက စစ်အာဏာရှင်စရိုက်များ ဖြစ်နေပါတယ်။ အုပ်ချုပ်ရေး ထွေအုပ် နဲ့.. ရဲတပ်ဖွဲ့နဲ့ဆေးရုံ၊ လယ်စိုက်ရှင်း၊ လ.၀.က၊ က.ည.န၊ အခွန်ဌာန၊ စည်ပင် စတဲ့ အစိုးရဌာနတွေက ပိုခက်ခဲနေသလို ဖြစ်ရပါတယ်။ အရင်လက ရပ်ကွက်အုပ်ချုပ်ရေး ရွေးပွဲလုပ်ကြတယ်။ အိမ်ထောင်စု ၁၀% လောက်ပဲ လာမဲပေးပြီး ပြိုင်တဲ့လူ(၄)ဦးကတော့ ၉တန်းအောင် (၃)ယောက်၊ ၇တန်းအောင် တစ်ယောက် .. ဆိုတော့ လူပေါင်း ၂သောင်းရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရသူက ပညာတတ်တွေ မလုပ်ချင်ဘူး ဆိုတာ ထင်ရှားနေပါတယ်။ ဘာကြောင့် ပညာတတ်တွေ၊ အရည်ချင်းရှိသူတွေ ရပ်ကွက်အုပ်ချုပ်ရေးမှုး မလုပ်ချင်ရသလဲ ဆိုတော့ ... လစာက ၇သောင်းကျပ်.. အရပ်ထဲမှာ မူးရမ်း၊ ဆိုးသွမ်း၊ ရန်ဖြစ်မှုတွေ .. ခိုးဆိုးလုယက်ပြသနာတွေချည်း ကိုင်တွယ်နေရတော့ ..ဘယ်သူမှ မလုပ်ချင်တာ မထူးဆန်းပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှုးကို ကန်တော့ ပိုက်ဆံပေးကြတဲ့ အသိသက်သေလက်မှတ်ထိုးပေးတဲ့ အိမ်ခြံမြေ ရောင်းဝယ်မှုတွေ ဆိုတာ ရှိပေမဲ့ .. လူဆိုးထိန်း လုပ်ရတာများပါတယ်။ ပညာတတ်တွေကတော့ တတ်နိုင်ရင်  နိုင်ငံခြားထွက်အလုပ်လုပ်ဖို့.. ကုမဏီကောင်းမှာအလုပ်ရဖို့.. ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ .. တွေပဲ  အဓိကထားနေကြတဲ့ ရပ်ထဲ၊ ရွာထဲက အခြေအနေပါ။ မတရားမှုတွေ့ရင် လူမှုကွန်ယက်ထဲမှာပဲ တင်ကြပါတယ်။ တိုင်ဖို့ကတော့ ဥပဒေမစိုးမိုးလို့ အလုပ်ရှုပ်လို့ အလွန်မတတ်သာမှ တိုင်တန်းကြပါတယ်။
.
မြန်မာနိုင်ငံအစိုးရက ၂၀၁၅ နောက်ပိုင်းမှာ တရုပ်ပြည် ၁၉၈၉ ပြောင်းလဲမှုစတိုင် လုပ်ဖို့အထူးလုပ်ဆောင်နေပါတယ်။ ဗဟိုဘဏ်နဲ့ငွေကြေးစနစ်၊ စက်မှုဇုံ (သီလ၀ါ)၊ စတော့ရှယ်ယာဈေးကွက်များ၊ သွင်းကုန်ထုတ်ကုန်နဲ့ ရင်းနှီးမြှတ်နှံမှု ဥပဒေများ၊ ကုမဏီများဥပဒေများ၊ နည်းဥပဒေများလည်း တရားမျှတဖို့ ပြုပြင် ပြဌာန်းထားပြီ ဖြစ်ပါတယ်။ 
.
.
မြန်မာစီးပွားရေး ၂၀၂၀ နောက်ပိုင်း (အကောင်းမြင်ခြင်း)
တရုပ်စတိုင်လဲ လုပ်သေးတယ်၊ တရုပ်ပြည်လို အဂတိကို သေဒဏ်အထိ အရေးယူမှုတွေလဲ မရှိသေးတော့ ပြည်သူများနဲ့မီဒီယာများက အားမလိုအားမရ ဖြစ်ကြပါတယ်။ အဂတိနည်းပါးမှ တိုင်းပြည်စီးပွား တိုးတက်မှာမို့ တရုပ်ပြည်၊ စင်ကာပူ၊ တောင်ကိုးရီးယား နိုင်ငံတွေမှာ ပွင့်လင်းမြင်သာစွာ အဂတိနည်းပါးအောင် ကြိုးစားပါတယ်။ မြန်မာနိုင်ငံမှာတော့ အဂတိ အကျင့်ပျက်ဝန်ထမ်းများ နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။ သို့သော်လည်း အစိုးရသစ်ရဲ့ ၀န်ထမ်းလေ့ကျင့်ရေး ပေါ်လစီ၊ အဂတိတိုက်ဖျက်ရေး အစီစဉ်သစ်များအရ ယခင်က အဂတိနာမည်ကျော်များစွာ ရပ်တံ့သွားဖို့၊ ဆက်မလုပ်တော့ဖို့ ညင်သာစွာ သတိပေးထားပါတယ်။  ဆက်လုပ် အကျင့်ပျက်နေရင်တော့ အလုပ်ထုတ်ပယ်ခြင်း၊ ပင်စင်ပေးခြင်း စတဲ့..အရေးယူမှုများဖြစ်လာဖို့ (ပြေးမလွတ်နိုင်) သေချာသလောက် ဖြစ်နေပါတယ်။ တပ်မတော် အရာရှိကြီးများရဲ့ ပူးပေါင်းကူညီမှုလည်း ရရှိလာနေပြီ ဖြစ်ပါတယ်။ တိုင်းဦးစီးမှုးများ၊ ညွန်မှုး၊ ညွန်ချုပ်များရဲ့ ရှေ့ရေးပူစရာမလိုတဲ့ လစာ၊ စရိတ်၊ ပင်စင် စနစ်တစ်ခု အကောင်ထည်ပေါ်လာဖို့ ရှိပါတယ်။ ဒါဆို လာပ်စားစရာ မလိုတော့၊ မလုပ်ကြရင် အောင်မြင်လာမှာပါ။  
.
ဒေါ်အောင်ဆန်းစုကြည် အခုချိန်ထိ အခက်ခဲများစွာရှိနေသော်လဲ၊ လူထုကြားမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်များကြားမှာ တည်ငြိမ်နေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလဲ ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂိုလ်ရေးအရှိန်အ၀ါနဲ့ အင်အယ်ဒီပါတီ အနိုင်ရပြီး၊ အနည်းဆုံး ညွန့်ပေါင်းအစိုးရကို ဒေါ်အောင်ဆန်းစုကြည်ပဲ ခေါင်းဆောင်ရဖို့ များပါတယ်။ အကယ်၍ ခိုင်ခန့်တည်ငြိမ်တဲ့ အုပ်ချုပ်ရေး ၊ ရာထူးဆက်ခံရေးပေါ်လစီများ အသက်ဝင်လာရင်တော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ လွန်ကာလမှာ အစိုးရရဲ့ အရေးပါတဲ့ ရာထူး ယူစရာမလိုတော့ပါ။ ဒါပေမဲ့ တိန်ရှောင်ဖိန့်လို ခေါင်းဆောင်သစ် ပြုစုမွေးမြူရေး နဲ့ အနာဂါတ်ခေါင်းဆောင်အသစ်များ ထွက်ပေါ်လာဖို့ ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။ 
.
တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တပ်မတော်တို့ စစ်မတိုက်ပဲ၊ အပစ်ခတ်ရပ်စဲထားရပါမယ်။  
.
စီးပွားရေး စနစ်ကောင်းဖို့ဆိုတာ ပုဂ္ဂလိက ပုံမှန်စီးပွားလုပ်ငန်းများမှာ အစိုးရက ပါဝင်စွတ်ဖက်ခြင်း လုံးဝ (လုံးဝ) မရှိအောင် လုပ်ပေးဖို့ တရုပ်နိုင်ငံစီးပွားတိုးတက်ပုံကို နမူနာယူနေပါတယ်။ တရုပ်စတိုင် ဆိုပေမဲ့ မြန်မာစတိုင်က လွှမ်းမိုးမယ်ဖြစ်ပါတယ်။ အဓိကတော့ စာရိတ္တကောင်းရုံမကပဲ၊ အုပ်ချုပ်ရေး ကြွမ်းကျင်တဲ့ ၀န်ကြီး၊ ၀န်ကြီးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အရာရှိကြီးများစွာ ဖော်ထုတ် နေရာပေးခြင်း လုပ်ရပ်များ . အမြန်ဆုံးအောင်မြင်လာဖို့ မျှော်လင့်နေပါတယ်။ 
.
.
တရုပ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံ (၃)
အဂတိတိုက်ဖျက်ရေး နဲ့ စစ်အုပ်စုအရေးပါပုံများ ဆက်လက်တင်ပြပါမယ်။ 
.တရုပ်လျှပ်စစ် တိုးတက်နှုန်း ဂရပ်. . GDP တိုးတက်နှုန်းထက် အများကြီးမြင့်အောက် တရုပ်အစိုးရက ကြိုးစားပါတယ်။ ပုဂလိကပိုင်ဖြစ်အောင် လုပ်ပြီး အပြိုင်ဆိုင် လုပ်ကိုင်စေပါတယ်။ တရုပ်မဟာဓါတ်အားလိုင်းကုမဏီကြီး State Grid Corporate of China ကမ္ဘာဒုတိယအကြီးဆုံးကုမ္ပဏီကြီး ဖြစ်နေပါပြီ။



တရုပ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံ (၂): https://goo.gl/kBx59r



(အဂတိ) တရုပ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံနှင့် မြန်မာ (၃)



၁။ လက်ရှိ မြန်မာအဂတိတိုက်ဖျက်ရေး
ဦးပြုံးချို ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး အဂတိဖမ်းဆီးခံရခြင်းနှင့် အဂတိတိုက်ဖျက်ရေးဝက်ဆိုဒ်  ဇူလိုင်-၂၀၁၇ သတင်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ၀န်ထမ်းကောင်း မဟာဗြူဟာများ ထွက်ပေါ်လာပါတယ်။ အရေးယူတဲ့ လာပ်စားသူတွေ အမြောက်အများ  တင်ထားတာကို ငါ့မြို့နယ်၊ ငါ့ဆွေမျိုးပါသလား လူပေါင်းသိန်းနဲ့ချီ အရေးယူကုန်ပြီ ဆိုပြီး ကြည့်ကြတယ်။ ၆လအကြာ အခုတော့ စာရင်းတွေ ရှာမတွေ့တော့ပြန်ဘူး။ သမ္မတဦးသိန်းစိန် ခေတ်တုန်းကလည်း အစိုးရအရာရှိကြီးတွေ အမည်ဖော်ပြအရေးယူ ခဲ့ပါတယ်။ အခုတော့ အဲဒီအမည်တွေ ရှာမရတော့ပါဘူး။ အဂတိနဲ့ပြုတ်သွားတဲ့ ၀န်ကြီး စစ်ဗိုလ်ချုပ်တစ်ယောက်ဆို ရွေးကောက်ပွဲဝင်နွဲခွင့် ရပါတယ်။ ရှုံးသွားလို့ တော်သေးတယ်။ တောင်ကိုးရီးယား နဲ့ တရုပ်နိုင်ငံမှာတော့ လာပ်စားအရေးယူခံရသူများ လူတကာကြည့်လို့ရအောင် ထိပ်တန်းရာထူး အရာရှိကြီးတွေလဲ ၀က်ဆိုဒ်မှာ လူတကာအလွယ်တကူ မြင်နိုင်ပါတယ်။ တရုပ်ပြည်မှာတော့ ကွန်ဖြူးရှပ် ပြည်သူ့နီတိ ၀န်ထမ်းကျင့်ဝတ်သင်တန်းများ ၀န်ထမ်းတိုင်း သင်ကြားပို့ချပေးပြီး၊ အဂတိလိုက်စားမှုကို မူးရစ်ဆေးလို.. သေဒဏ်အထိ အပြစ်ပေးပြီး အဂတိရော့နည်းစေပါတယ်။  မြန်မာနိုင်ငံတော့ မေတ္တာ၊သစ္စာ နဲ့ ကိုယ့်အသိနဲ့ကိုယ် ရပ်ဆိုင်း ကျဆင်းသွားစေချင်ပေမဲ့ ..ပေါ်လစီဖြစ်နေပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) နဲ့ နေပြည်တော် မှာ သင်ကြားနေပါတယ်။ 
.
နိုင်ငံတခု တိုးတက်ကြီးပွားဖို့ ဆိုတာ ဆင်းရဲချမ်းသာကွာခြားမှု နည်းပါးပြီး၊ အလယ်လတ်လူတန်းစား များပြားစေရပါတယ်။ ဒီလိုနည်းနဲ့ တစ်ဦးချင်းဝင်ငွေ ပိုမိုတိုးတက်စေပါတယ်။ ပညာတတ်ပေါများစေပြီး ဆင်းရဲမွဲတေလူတန်းစား နည်းပါးစေပါတယ်။ ဆင်းရဲတဲ့ နိုင်ငံများက အဂတိလိုက်စားမှုများပါတယ်။ တနည်းအားဖြင့် နိုင်ငံသားတစ်ဦးချင်း GDP per capital ၀င်ငွေများရင် အဂတိလိုက်စားမှုနည်းပါတယ်။
..
ဒါကြောင့် အဂတိတိုက်ဖြက်ရေးလုပ်ငန်းကို အစိုးရတိုင်းက အထူးကြိုးစားလုပ်ဆောင်ရပါတယ်။ ကွန်မြူနစ်တရုပ်နိုင်ငံ တိန့်ရှောင်ဖိန့် ၁၉၇၈ မတိုင်မှီကာလ အာဏာအလွဲသုံးသူများပြားတဲ့အတွက် အခုခေတ် မြောက်ကိုးရီးယားနိုင်ငံလို အဂတိလိုက်စားမှု အမြင့်မားဆုံး CPI Corruption Index နိုင်ငံ ဘိတ်ဆုံး၊ ကမ္ဘာ့ အဆင်းရဲဆုံး  ဖြစ်ခဲ့ပါတယ်။ သက္ကရာဇ်၂၀၀၀မှာ အဆင့်တော်တော်တက်လာပြီး အခု အဆင့်၇၉ ထိတက်လာပါတယ်။ မြန်မာကတော့ ၂၀၁၁ မှာ အဆင့်၁၇၀ ကနေ အခု ၂၀၁၆မှာ အဆင့်၁၃၆ အထိ တက်လာပါတယ်။ အမေရိကန်နိုင်ငံ အဆင့်၁၈ ကတော့ အဂတိကင်းရှင်းရေးမှာ စံပြဖြစ်နေဆဲပါ။. (ကိုးကား ၁)
.
.
၂။ တိန့်ရှောင်ဖိန့် စီးပွားရေးမူဝါဒမှာ 
ပထမပိုင်း တိုင်းပြည် ဂျီဒီပီ တိုးတက်ဖို့ ပုဂ္ဂလိက ကဏ္ဍကို လုပ်ပိုင်ခွင့်များစွာ ပေးအပ်ခဲ့ရာမှာ၊ ယခု ၁၀နှစ်အကြာ  မြန်မာပြည်မှာ ယခု ဖြစ်ပျက်နေသလို တမဟုတ်ချင်း ကြွယ်ဝချမ်းသာသွားသူ (ခရိုနီ) များစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဂတိတိုက်ဖျက်ရေးကို အထူးအဖွဲ့များနဲ့ ကျေးလက်ဒေသအထိ အဆင့်ဆင့်လုပ်ဆောင်ရင်း ဖမ်းဆီးထိမ်းသိမ်း အပြစ်ပေးခြင်းများစွာ လုပ်ပါတယ်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့ ခေါင်းဆောင်အပြောင်းလဲ ဖြစ်တိုင်း အဂတိတိုက်ဖျက်ရေး အရှိန်မြှင့်လေ့ရှိပါတယ်။ ၁၉၈၂၊ ၁၉၈၆၊ ၁၉၈၉ များမှာ အဂတိအမှုပေါင်း ၇၇၄၀၀ စစ်ဆေး အပြစ်ပေးခဲ့ပါတယ်။ ၁၉၉၇ မှာတော့ ရော့နည်းသွားပြီး အမှု ၃၂၀၀၀ ကျော်အထိ ကျဆင်းလာပါတယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးက ၂၀၀၇ ခုနှစ်မှာ ၀န်ထမ်း၁သောင်းကျော် ထောင်ဒဏ်ချမှတ်ပေးပြီး၊ သာမန်ဒဏ်ပေးခြင်း ၂သောင်းကျော် ရှိပါတယ်။ နှစ်ရှည် ထောင်တသက်တကျွန်း ၅ထောင်ကျော် နဲ့ သေဒဏ်အပြစ်ပေးခံရသူ ၂၄၀ဦး ရှိပါတယ်။ 
.
ဥပမာ  မြန်မာပြည်က..မြစ်ဆုံလျှပ်စစ်စီမံကိန်း၊ ရွှေဓါတ်ငွေ့နဲ့ရေနံပိုက်လိုင်း၊ လက်ပတောင်းကြေးနီ၊ တကောင်းနီကယ် စတဲ့စီမံကိန်းများကို တရုပ်အမျိုးသားစီမံကိန်းတစ်ခုလို သဘောထားပြီး၊ လုပ်တဲ့ တရုပ်ကုမဏီများကို အထူးပံ့ပိုးပေးပါတယ်။  မြန်မာအစိုးရ စစ်အာဏာရှင်များကို လာပ်ပေးပြီး စီးပွားရေးနဲ့အနိုင်ကျင့်ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံ တရုပ်ပြည်တွင်းမှာတော့ လာပ်ပေးလာပ်ယူမှုကို သေဒဏ်အထိ အထူးစောင့်ကြည့် ထိန်းချုပ်ပါတယ်။ သို့သော်လည်း တရုပ်ပြည်မှာ အဂတိလိုက်စားမှုများကို ထိန်းချုပ်ဖို့ခက်ခဲနေဆဲပါ။ သေဒဏ် အပြစ်ပေးသော်လည်း အာဏာပိုင်များက အခွင့်ရရင် ရသလို အဂတိလိုက်စား မတရားကြွယ်ဝခြင်းများ ရှိနေဆဲဖြစ်ပါတယ်။ အံ့သြစရာတစ်ခုကတော့ တရုပ်ပြည်မှာ ထိပ်ပိုင်းအရာရှိကြီးတွေက မတရားရယူတဲ့ငွေတွေကို တရုပ်နိုင်ငံတွင်းမှာပဲ အများပိုင်ကုမဏီအဖြစ် ပြန်လည်ရင်းနှီးမြှတ်နှံပါတယ်။ တချိန်မှာ အဲဒီထိတ်တန်း အရာရှိကြီး အဂတိမှုနဲ့ ဖယ်ရှားခံရချိန် ပိုင်ဆိုင်မှုတွေ နိုင်ငံပိုင်သိမ်းယူပါတယ်။ ပိုင်ဆိုင်မှု ပြည်ပထုတ်ဖို့ အချိန်မရလိုက်ပဲ အစိုးရသိမ်းယူပြီး. . တရုပ်အစိုးရဟာ ချမ်းသာသထက်ချမ်းသာလာပြီး ငွေပို ရွှေပို ဘဏ္ဍာငွေ အမြောက်အများ ကြွယ်ဝနေပါတယ်။ 
.
.
၃။ Xi Jinping ဇီဂျင်ပင်း နှင့်၂၀၁၂ နောက်ပိုင်း
ခေါင်းဆောင်ဖြစ်လာပြီးနောက်မှာ ..အရင်အစိုးရလက်ထက်က အဂတိလိုက်စားမှုများကို ပြင်းထန်စွာ ဖော်ထုတ်၊ ပြစ်ဒဏ်ပေးခဲ့ပါတယ်။ ယခင်အကြိမ်များနည်းတူ တနှစ်၊ နှစ်နှစ်အကြာမှာ  ရပ်နားသွားမယ်မျှော်လင့်ပေမဲ့  ယခု ၂၀၁၈ အထိ ဆက်တိုက် အဂတိတိုက်ဖျက်နေဆဲ ဖြစ်ပါတယ်။ ပြည်ပထွက်ပြေးတိမ်းရှောင်သူ အချို့မှာ အင်တာပိုသဘောတူညီချက်နဲ့ တရုပ်ပြည်ကို ပြန်ပို့စေပြီး အရေးယူ၊ အပြစ်ပေးနေပါတယ်။ နိုင်ငံရေး အယူအဆမတူသူ အချို့လည်း အဂတိတိုက်ဖျက်ရေး နဲ့ ဖယ်ရှားခံရမှု ရှိမှာပါ။ ၂၀၁၂ အဂတိတိုက်ဖျက်ရေးစတင်ကတည်းက ၂၀၁၆ အချိန်ထိ  ထိပ်တန်းအစိုးရအရာရှိကြီး ၁၂၀ကျော် အရေးယူဖမ်းဆီးခဲ့ရာမှာ စစ်ဖက်ဆိုင်ရာထိပ်တန်း ဗိုလ်ချုပ်ကြီး ၁၂ယောက်ပါရှိပါတယ်။ အစိုးရပိုင် လုပ်ငန်းကြီးများက စီနီယာအရာရှိများစွာလဲ အရေးယူခံရပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှုး ၅ဦးပါဝင်ပါတယ်။ လူ၁သိန်းကျော် ရာထူးအဆင့်အမျိုးမျိုးကို အဂတိတိုက်ဖျက်ရေးအတွက် ခေါ်ယူစစ်ဆေး အပြစ်ပေးခဲ့ပါတယ်။ ဇီဂျင်ပင်း ရဲ့ နိုင်ငံရေး သန့်စင်ရေးလုပ်ငန်းဖြစ်ပါတယ်။ တရုပ်အစိုးရ ဗဟိုစည်းကမ်းထိန်းသိမ်း စစ်ဆေးရေးကော်မရှင် Central Commission for Discipline Inspection ရဲ့ ၀က်ဆိုဒ်များမှာ အရေးယူခံရသူများကို ပြည်သူလူထုကို ဖော်ထုတ်တင်ပြထားပါတယ်။ 
.
မြန်မာနိုင်ငံမှာတော့ အဂတိလိုက်စားမှု ဥပဒေနဲ့ နည်းဥပဒေ အခိုင်အမာရှိသော်လည်း အရေးယူမှု နည်းပါးလှပါတယ်။ အစိုးရရဲ့ အဂတိတိုက်ဖျက်ရေး ၀က်ဆိုဒ်မှာ အရေးယူမှုအနည်းငယ်ကို တွေ့နိုင်ပါတယ်။ 
Anti-Corruption Commission Website: http://www.accm.gov.mm (မြန်မာ)
.
.
.
၎။ တရုပ်နိုင်ငံ အဂတိလိုက်စားမှု အမျိုးအစား
* ပထမပိုင်းမှာ ဒေသအာဏာပိုင်များက ကျေးလက်ချေးငွေများ၊ စီမံကိန်းများမှာ လယ်ယာသိမ်း၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လောင်စာဆီ စတဲ့ လုပ်ပိုင်ခွင့်များမှာ အုပ်ချုပ်ရေးဝန်ထမ်းများ ပါဝင် အဂတိလိုက်စားကြပါတယ်။ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ဖွံ့ဖြိုရေး ချေးငွေများကို (ဥပမာ SME, Agriculture..etc) ဘဏ်များကတဆင့် အတိုးနှုန်းချိုသာစွာရယူပြီး ဖွံ့ဖြိုးရေးလုပ်ငန်းမှာအသုံးမပြုပဲ အလွဲသုံးခြင်းများ ဖြစ်ပါတယ်။ အကျင့်ပျက်ဝန်ထမ်းများရဲ့ ကဏ္ဍစုံမှာ ပြည်သူလူထုနဲ့ လုပ်ငန်းရှင်များထံက လာပ်ငွေရယူတဲ့ အဂတိများ ပါဝင်ပါတယ်။ 
.
*  စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာချိန် ၁၉၉၀ နောက်ပိုင်းမှာ စက်မှုလုပ်ငန်းများအတွက် အာဏာပိုင်များက မြေအကျယ်ကြီး ရယူကြပါတယ်။  ပိုတဲ့မြေများကို မြေငှားခဈေးနှုန်းချိုသာစွာနဲ့ ကုမဏီများကို ငှားရမ်းပေးပြီး ကွန်ဒို၊ ရှော့ပင်စင်တာ၊ ဟိုတယ်များ ဆောက်လုပ်တဲ့ နှစ်ရှည် အဂတိစာချုပ်များဖြစ်ပါတယ်။ ဒေသဆိုင်ရာ လိုင်စင်၊ ပါမစ်များ ပွင့်လင်းမှုမရှိပဲ ချပေးခြင်းများပါဝင်ပါတယ်။ 
.
*  နောက်ဆုံးအဂတိ အမျိုးအစားကတော့  နိုင်ငံဘဏ္ဍာအကြီးကျယ် ဆုံးရှုံးပါတယ်။ နိုင်ငံခြားကုမဏီကြီးများ၊ ပြည်တွင်း ဧရာမကုမဏီကြီးများက အခြေခံအဆောက်အဦ လို့ခေါ်တဲ့ အင်ဖရာစထရပ်ချာ Infrastructure လမ်းတံတား၊ အဝေးပြေးလမ်း၊ ရထားလမ်း၊ လေယာဉ်ကွင်း၊ ဆိပ်ကမ်း၊ မြို့ပြ၊ မြို့သစ်စီမံကိန်းများ၊ လျှပ်စစ်ဓါတ်အားစီမံကိန်းကြီးများ စတဲ့ အလွန်တန်ဖိုးကြီးစီမံကိန်းများမှာ အဂတိလိုက်စားခြင်း ဖြစ်ပါတယ်။ ဒေါ်လာ သန်းပေါင်းရာနဲ့ချီရုံ မကပဲ ၊ ဒေါ်လာဘီလျံနဲ့ချီတဲ့ စီမံကိန်းကြီးများကို အစိုးရက ပုဂလိကလွှဲပေးစာချုပ်များနဲ့ လွှဲပြောင်းပေးနည်း ဖြစ်ပါတယ်။ အလွန်များပြားလှတဲ့ အဂတိငွေများကို ထိပ်တန်းအာဏာပိုင်များက ရယူကြတဲ့ အမှုများဖြစ်ပါတယ်။ 
.
ဥပမာ တစ်ခုကတော့ ၂၀၁၅ ခုနှစ်မှာ အမြန်ရထားလမ်းစီမံကိန်းကြီးကို ဒေါ်လာ ၅၂၃ဘီလျံ အသုံးပြုပြီးချိန်မှာ ရထားပို့ဆောင်ရေးဝန်ကြီးက ကန်ဒေါ်လာ ၁၂၂သန်း လက်ခံယူခြင်း (Liu Zhijun, BBC 2011), ဒုအင်ဂျင်နီယာချုပ်ရဲ့ နိုင်ငံခြားဘဏ်အကောင့်မှာ ဒေါ်လာ ၂.၈ဘီလျံ ထည့်သွင်းပေးတာ ပေါ်ပေါက်သွားခြင်း .. စတဲ့ ဧရာမ အဂတိအမှုကြီးများ ဖြစ်ပါတယ်။ 
.
* အဂတိလိုက်စားမှု အမျိုးမျိုး ရှိပါတယ်။ မြန်မာနိုင်ငံအဖို့ တရုပ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် ပုံစံစတိုင်ချင်းလဲ တူမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ကတော့ .. မျက်နှာနာရခြင်း၊ အားနာရခြင်း စတဲ့ လာပ်ငွေမရပေမဲ့ လက်မှတ်ထိုးပေး.. ခွင့်ပြုပေးရခြင်းများကလည်း ..တပြားမှမရတဲ့ အဂတိ Corruption ဖြစ်ပါတယ်။ 
.
.
၅။ မြန်မာ့စီးပွားရေး တရုပ်စတိုင်ပြုပြင်ပြောင်းလဲမှုနှင့် စစ်တပ်
၂၀၁၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်အယ်ဒီအစိုးရက စီးပွားရေးအခြေအနေက ၁၉၈၉ တရုပ်ပြည်အခြေအနေ ဖြစ်နေပါတယ်။ တရုပ်စစ်တပ်ရဲ့ စီးပွားရေးပါဝင်စွတ်ဖက်မှုက ရှိနေဆဲဖြစ်ပြီး ၂၀၀၄ ခုနှစ်ကျမှ  တရုပ်စစ်တပ်က စီးပွားရေးနဲ့နိုင်ငံရေးကို စွန့်လွှတ်သွားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ယခုအချိန်ထိ စစ်တပ်က ပါဝင်စွတ်ဖက်မှုကို စိတ်ပျက်နေစရာ မရှိပါဘူး။ တရုပ်ပြည၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့ ပြုပြင်ပြောင်းလဲမှုများမှာ စစ်တပ်ပါဝင်မှုက ရှိနေမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံး ယခုအချိန်အထိ တရုပ်ပြည်မှာလဲ စစ်တပ်ခေါင်းဆောင်များကို နေရာပေးနေရဆဲ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၀၁၇ မှာ တရုပ်စစ်ဗိုလ်ချုပ်ကြီး General Zhang Yang, 66 အဂတိလိုက်စားမှု အရေးယူခံရစဉ် မိမိကိုယ်ကို သတ်သေသွားပါတယ်။ ဒါက တရုပ်နိုင်ငံမှာ စစ်ဗိုလ်ချုပ်ကြီးများလဲ အရေးပါနေဆဲ ဖြစ်ကြောင်း သက်သေဖြစ်ပါတယ်။ တရုပ်အစိုးရ ၀က်ဆိုဒ်မှာလဲ တရုပ်စစ်တပ်က ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးများစွာ အရေးယူ၊ အပြစ်ပေးစာရင်းများ လူထုကြည့်နိုင်အောင် တင်ပြထားပါတယ်။ မြန်မာနိုင်ငံ ကတော့ အရေးယူခံရသူများကို အားနာလို့လားမသိ အားရစရာမရှိသေးပါ။ 
.
.

၆။ မြန်မာဝန်ထမ်းများ အဂတိတိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်များ

* အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် လွှတ်တော်မှာ အဆို၊ မေးခွန်း၊ လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ဖို့ ပွင့်လင်းမြင်သာစွာ အစိုးရအဖွဲ့ကို တိုက်တွန်းနေပါတယ်။
.
* ၂၀၁၆ ဇူလိုင်လမှာ အဂတိတိုက်ဖြတ်ရေးဥပဒေကို အသက်၇၅နှစ်အထိ အသက်တိုးမြှင့်သတ်မှတ်ပြီး ၀န်ကြီးဟောင်း ဦးအောင်ကြည်၊ ရဲချုပ်ဟောင်း ဦးဇော်ဝင်း စတဲ့ ကော်မရှင်ဥက္ကဌ အသစ် ကလဲ အကောင်ကြီးကြီးတွေ ဖမ်းဆီး အရေးယူနိုင်စွမ်း မရှိသေးပါဘူး။ စင်ကာပူမှာ CBIP နဲ့သဏ္ဍန်တူတဲ့ မြန်မာနိုင်ငံမှာလဲ စသုံးလုံး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အကြီးအကဲ အသစ် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော် ..စတဲ့ လူသစ်များ၊ ရဲချုပ်၊ ဒုရဲချုပ်အသစ်များ နဲ့ပြည်တဲရေးဝန်ကြီး ဌာန အကြီးတန်းအရာရှိများကို လဲလှယ်ပါတယ်။ အမြင့်ဆုံး တရားလွှတ်တော်ချုပ်အဖွဲ့ကိုလဲ လူသစ်များနဲ့ ဖြည့်ဆည်းပါတယ်။ အဂတိဥပဒေမှာ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး ရာထူးလစာနဲ့မမျှ အလွန်ကြွယ်ဝနေခြင်းကိုလဲ ဖမ်းဆီးမေးမြန်းနိုင်ပါတယ်။ 
.
* နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ထုတ်ပြန်စဉ် ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း၊ အဆင့်မြင့်ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများအား ထုတ်ဖော်ကြေညာရန်၊ နည်းပညာအသစ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပံ့ပိုးဆောင်ရွက်ခြင်းသည် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းအား နည်းပါးစေသည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း ပြက်သားစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။.
.
.
၇။ မြန်မာနိုင်ငံအတွက်၊ သုံးသပ်ချက် (အကောင်းမြင်)
အထက်ပါ အရေးယူမှု၊ ဥပဒေပြုမှု၊ တရားသူကြီး ရာထူးသစ်ခန့်မှုများဟာ မြန်မာ့တပ်မတော် (လက်ရှိ) ခေါင်းဆောင်များသဘောတူညီမှုကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် ရင်ကြားစေစပ်နိုင်တဲ့အတွက် အကျင့်ပျက်ဝန်ထမ်း နဲ့ အကျင့်ပျက်တပ်မတော်အရာရှိဟောင်းအချို့ကို ဖမ်းဆီး အရေးယူနိုင်ခြင်းဖြစ်ပါတယ်။ တပ်မတော် ဆက်လက် ပူးပေါင်းကူညီခြင်းနဲ့ အောင်မြင် တိုးတက်လာမယ် ဖြစ်ပါတယ်။ တရားစီရင်ရေးစနစ် အားနည်းလို့ အဖမ်းမခံပဲ ထွက်ပြေးခြင်းများလာပါတယ်။ အဂတိနဲ့  နည်းများနဲ့ ဖြေရှင်းနေကြဆဲ ဖြစ်ပါတယ်။ 
.
ဖော်ဖော်ဝါရီ ၂၀၁၈ သတင်းထုတ်ပြန်ချက်တစ်ခုကတော့ e-government စနစ် မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခေါင်းဆောင်မယ်လို့ ဆိုပါတယ်။ အလွန်ကောင်းတဲ့ အဂတိ လာပ်ပေးလာပ်ယူ ပပျောက်ရေး စီမံကိန်းဖြစ်ပါတယ်။ အင်တာနက်ခေတ်မှာ လူနဲ့ ဆောင်ရွက်ခြင်း Manual system ဇွတ်ကျင့်သုံးနေခြင်းက အဂတိများစွာ ဖြစ်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လာပ်ပေးလာပ်ယူမှုကို အင်မတန်မလိုလားကြောင်း၊ ဘဏ်မှာတန်းမစီပဲ လာပ်ပေးခြင်းကို စိတ်ဆိုးကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို နက်ရှိုင်းစွာ ရောက်နေပေမဲ့ ပြည်သူလူထုက မနှစ်သက်လို့ အားမရှော့ ကြောင်း၊ လာပ်မပေးဖို့ တောင့်ခံထားစေလိုကြောင်း ပြောခဲ့ပါတယ် (စင်ကာပူ ၂၀၁၃)။ ဒီလိုခေါင်းဆောင်မျိုး မြန်မာအစိုးရကို ခေါင်းဆောင်နေပြီဖြစ်လို့ ပထမဆုံး ပညာရေးဌာနမှာ ကျောင်းသားမိဘများ လုံးဝငွေမပေး၊ ငွေလက်မခံ၊ မအောင်မနေရစနစ် နိုင်ငံတကာအတိုင်း ကူးပြောင်းနေပြီ ဖြစ်ပါတယ်။ Corruption Index ကလည်း သမ္မတဦးသိန်းစိန်ခေတ် ပထမနှစ်မှာပဲ တိုးတက်ခဲ့ပြီး၊ နောက် ၄နှစ်မှာ ၇မှတ် တက်သာ တက်လှမ်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၁နှစ်သက်တမ်းမှာ ၆မှတ် တက်လာပြီး၊ ရမှတ် ၂၈၊ ကမ္ဘာ့  အဆင့်၁၃၆ ဖြစ်လာပါတယ်။ ဒီအချက်အလက်ကို ကြည့်ပြီး အဂတိနည်းပါးလာမဲ့ အခြေခံအဆောက်အဦ (လူဟောင်းများ လဲလှယ်ခြင်းနဲ့ ၀န်ထမ်းများမလုပ်ရဲခြင်း) တဖြေးဖြေးအရှိန်ရလာပါတယ်။ စီးပွားရေး နဲ့ ရင်းနှီးမြှတ်နှံမှု နှေးကွေးပေမဲ့ တိုးတက်တဲ့ အခြေအနေရှိပါတယ်။ 
.
မြန်မာတပ်မတော် ၂၅% ဆက်လက်ပါဝင်နေခြင်းက ဘာမှလုပ်လို့မရသေးပါဘူး။  အနာဂါတ် စံပြ အင်စတီကြူးရှင်း အဖြစ် တပ်မတော်ခေါင်းဆောင်တွေ ဖြစ်လာရင်၊  အစိုးရအဖွဲ့လဲ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရဖြစ်လာမှာပါ။ ငွေကြေးကိစ္စမှာ အစိုးရနဲ့ဌာနဆိုင်ရာများ ပွင့်လင်းမြင်သာလာကြပါတယ်။ 
.
အဂတိနည်းပါးလာဖို့ အလွန်ကျယ်ပြန့်တဲ့ အခက်ခဲကြီးဖြစ်ပြီး၊ အဂတိနည်းပါးမှာ စီးပွားတိုးတက်ပါမယ်။ စီးပွားတိုးတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တပ်မတော်တို့ စစ်မတိုက်ပဲ၊ အပစ်ခတ်ရပ်စဲထားရပါမယ်။ င်ြမ်းချမ်းရေးက ရှည်ကြာပါဥိးမယ်။ ဒေါ်လာသန်းပေါင်းများစွာ စီမံကိန်းကြီးများမှာ ပြည်တွင်းပြည်ပ ကုမဏီကြီးများ ပရိုဂျက်ရအောင် ဘယ်လိုလုပ်နေသလဲ မိမိမသိနိုင်ပါ။ ဒါပေမဲ့ မြို့နယ်လမ်းတံတာ၊ ကျောင်းဆောက်၊ ကျေးလက်ချေးငွေ၊ SME ချေးငွေ၊ လုပ်ငန်းလိုင်စင် စတဲ့ စီးပွားရေးများမှာတော့ ပေးကမ်းနေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းပြသနာများ ရဲတပ်ဖွဲ့၊ စည်ပင်၊ အခွန် စတဲ့ဒေသ ၀န်ထမ်းများရဲ့ အဂတိလိုက်စားမှုများကတော့ ရော့ပါးလာပါတယ်။ ထုံးစံအတိုင်း ပြည်သူလူထုကတော့ လာပ်ပေးရတာများလို့ မကြေမနပ်ဖြစ်နေဆဲပါ ခင်ဗျား။ 
.
.
(လျှပ်စစ်ကဏ္ဍ) တရုပ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့်မြန်မာ (၄)  ကျောက်မီးသွေး ၇၉% အသုံးပြုနေသော တရု့ပ်နိုင်ငံလျှပ်စစ်နှင့် Three Geoges' ရေအားလျှပ်စစ် (၂၂၅၀၀ မဂ္ဂါဝပ်) အကြောင်း.. တင်ပြပါဦးမည်။ 
.

(အဂတိ) တရုပ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံနှင့် မြန်မာ (၃) : https://goo.gl/mTLTcL
...............................................
Credit.M Zaw Aung

ကိုးကား
၁။ CPI Corruption Index , International Transperancy Website
https://en.wikipedia.org/wiki/Corruption_Perceptions_Index

၂။ ဦးပြုံးချို ပြည်နယ်အုပ်ချုပ်ရေးမှုးနှင့် အဂတိအရေးယူမှု စာရင်း
http://engrmyanmar.blogspot.com/2017/07/blog-post_29.html

၃။ ၂၀၁၂ နောက်ပိုင်း ပြစ်ဒဏ်ပေးခံရသော ထိပ်တန်းအရာရှိ ၁၂၀ကျော်နှင့် စစ်ဗိုလ်ချုပ်ကြီးများ စာရင်း ..
https://en.wikipedia.org/wiki/Officials_implicated_by_the_anti-corruption_campaign_in_China_(2012%E2%80%932017)

၎။ ၂၀၁၂ ဇီဂျင်ပင်း ခေါင်းဆောင်ဖြစ်ပြီး အဂတိတိုက်ဖျက်ရေးလုပ်ငန်းများ၊ 
https://en.wikipedia.org/wiki/Anti-corruption_campaign_under_Xi_Jinping

၅။ တရုပ်ပြည် ပြုပြင်ပြောင်းလဲမှု အဂတိတိုက်ဖျက်ရေး ၊ 
https://en.wikipedia.org/wiki/Corruption_in_China



No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!