Popular Posts!

Tuesday, February 5, 2019

အာလူးပူရီ လုပ်စားရအောင်

ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေအတွက် ကွက်တိပဲပေါ့.. 

အိန္ဒိယရုပ်ရှင်ကားတွေကြည့်တဲ့အခါ မင်းသား၊ မင်းသမီးတွေ စားလေ့ရှိတဲ့ အစားအသောက်တစ်ခုကို သတိထားမိလားယောင်းရေ။ ကြွပ်ကြွပ်လေးကြော်ထားတဲ့ မုန့်ဝိုင်းလေးထဲကို အချဉ်ရေတွေ၊ အာလူး၊ ကုလားပဲတွေ ထည့်စားရတဲ့ မုန့်လေးလေ။



အဲ့ဒီမုန့်လေးကို အိန္ဒိယလို ပါနီးပူရီ(Pani Puri) လို့ ခေါ်ပါတယ်။ ဒီမုန့်လေးကို စားကြည့်ချင်တဲ့ ယောင်းတွေအတွက် လုပ်နည်းလေးပြောပြပေးမယ်နော်။



အရင်ဆုံး အချဉ်ရည် အရင်ပြင်ကြရအောင်လေ။ အလွယ်ဆုံးနည်းကို ပြောပြရမယ်ဆိုရင် မန်ကျည်းသီး နည်းနည်းကိုရေစိမ်၊ အနှစ်တွေမပါအောင် ရေစစ်၊ မန်ကျည်းရည် ရလာပြီဆိုရင် အရမ်းမချဉ်အောင် ရေအနည်းငယ်ထည့်၊ သကြား၊ ဆား ထည့်ပြီး မွှေလိုက်ရင် အချဉ်ရည်ရပါပြီ။

နောက်ထပ်လုပ်ရမှာက ပူစီနံ၊ နံနံပင်၊ ငရုပ်သီးစိမ်း အနည်းငယ်ကို ကြိတ်စက် (Blender) နဲ့ကြိတ်ပြီး မန်ကျည်းရည်ထဲ ထည့်လိုက်တဲ့အခါ အိန္ဒိယတွေစားတဲ့ အချဉ်စိမ်းစိမ်းလေး ရပါပြီ။ ဒီ အချဉ်ရည် နှစ်မျိုးစလုံးကို တစ်ခါ တည်းရောလည်းရ၊ ကြိုက်တဲ့ တစ်မျိုးပဲလုပ်လည်းရ၊ နှစ်မျိုးစလုံးသပ်သပ်စီလုပ်လည်း ရတယ်နော်။ အက်ဒ်မင်ကတော့ တစ်ခါတည်း ရောလိုက်ပါတယ်။

အချဉ်ရရင် အာလူး နဲ့ ပဲ ပြင်ကြရအောင်… အာလူး နဲ့ ကုလားပဲလုံးကို ကျက်အောင်ပြုတ်ပါ။ (သပ်သပ်စီပြုတ်နော်) ကျက်ပြီဆိုရင် အာလူးကို အတုံးသေးသေးလေးတွေတုံး ပန်းကန်တစ်လုံးထဲထည့်၊ ကုလားပဲပြုတ်ထားတာကို ရေညှစ် အခွံဖယ်ပြီးထည့်။ ဆား၊ ငရုပ်သီးဟင်းခတ်မှုန့်၊ မဆလာ တို့ ထည့်ပြီး သမအောင်မွှေပါ။ ကြိုက်တတ်ရင် ကြက်သွန်နီကို အတုံးသေးသေးလေးတွေ တုံးပြီးထည့်ပါ။


ဒါတွေအဆင်သင့်ဖြစ်ပြီဆိုရင် မုန့်ကြော်ဖို့ပြင်မယ်လေ။ ရွှေကြည်မှုန့် (ရွှေချီလို့လည်း ခေါ်) ပေါင်းအိုးဆန်ချင်ခွက်နဲ့ တစ်ခွက်၊ ဂျုံမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ ဆားအနည်းငယ် ထည့်ပါ။ ရေကို လိုအပ်မယ်ထင်သလောက်ထည့်ပြီး ဂျုံလုံးရအောင် သေချာနယ်ပါ။ အမှုန့်နဲ့ ရေနဲ့ သမအောင် အပြန်ပြန်အလှန်လှန် ငါးမိနစ်လောက်နယ်ပြီးပြီဆိုရင် အဝတ်ပါးလေးနဲ့ ခဏအုပ်ထားပြီး ဆယ်မိနစ်လောက်နှပ်ထားပါ။

ရပြီဆိုရင် အလုံးသေးသေးလေးတွေလုံး၊ ရပြီဆိုရင် စဉ်းနှီးတုံးကို ဆီနဲနဲဆွတ် မုန့်လုံးလေးတွေကို တစ်ခုချင်းစီ ဒလိမ့်တုံးကိုလည်း ဆီနည်းနည်းသုတ်ပြီး မုန့်ပြားပြားလေးတွေ ရအောင် လှိမ့်ပါ။ (တချို့ကတော့ ဂျုံလုံးကို တစ်ခါတည်း အပြားကြီးရအောင် လှိမ့်ပြီးမှ အဝိုင်းလေးတွေရအောင် ဖြတ်ယူပါတယ်။) အဆင်ပြေတဲ့နည်းကို သုံးနော်။

မုန့်ပြားလေးတွေရပြီဆိုရင် ဆီပူပူမှာထည့်ကြော်ပါ။ မုန့်လေးတွေ ဖောင်းဖောင်းလေး ဖြစ်လာပြီး ရွှေညိုရောင်သန်းလာသည်အထိ ကြော်ပါ။



အားလုံးအဆင်သင့်ပဲဆိုရင် စားမယ်နော်။ မုန့်လုံးလေးကို ဒီလိုဖောက်။







နောက်ပြီး ကြက်သွန်နီကို မထူမပါးအတုံးလေးတွေတုံး၊ ပူစီနံအရွက်လေးတွေကို ရေဆေးပြီး ထည့်စားလို့လည်းရသလို၊ စာကလေးခွေကြော်လေးတွေ ထည့်စားလို့လည်းရပါတယ်နော်။ ဒီလို အစာလေးတွေသွပ်ပြီးပြီဆို ပါးစပ်ထဲ တစ်ခုလုံး ထည့်ပြီးစားလိုက်ပါတော့။ ပဲများပြီး စားလို့မရတာတော့ သူ့အားနည်းချက်ပေါ့လေ 😛

ဒါကတော့ အိန္ဒိယအစားအစာတစ်မျိုးဖြစ်တဲ့ ပါနီးပူရီ လုပ်နည်းလေးပါပဲ။ ချဉ်ချဉ်စပ်စပ်မုန့်လေးဆိုတော့ ယောင်းတို့ အကြိုက်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။ လုပ်စားပြီး အဆင်ပြေ၊မပြေ ပြန်ပြောပေးကြဦးနော်…

Sugar Cane (For Her Myanmar):https://forhermyanmar.com/food/how-to-make-pani-puri/














No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!